"အန်တီ... ဒေါက်တာဆစ်နဲ့ စကားပြောလို့ ပြီးသွားပြီလား" အရှေ့ဘက် အခန်းထဲက ထွက်လာတဲ့ လင်းမန်က ရုတ်တရက် မေးလိုက်တယ်။
လင်းဖန်ရင်းက မျက်လုံးထောင့်တွေကို အမြန်သုတ်လိုက်ပြီး ငိုတာထက်တောင် ပိုရုပ်ဆိုးတဲ့ အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်တယ်။ "အခုက အလုပ်ချိန်ဆိုတော့ သူ တော်တော် အလုပ်ရှုပ်နေတာလေ။ ငါ ဆေးခန်းထဲမှာ အကြာကြီးနေပြီး သူ လူနာကြည့်တာကို အနှောင့်အယှက် သွားပေးလို့ မကောင်းပါဘူး"
လင်းဖန်ရင်းရဲ့ မျက်နှာက ပုံမှန်မဟုတ်တာကို လင်းမန် သတိထားမိသွားပြီး စိုးရိမ်တကြီး မေးလိုက်တယ်။ "အန်တီ ငိုထားသလိုပဲ။ အိမ်မှာ တစ်ခုခုများ ဖြစ်လို့လားဟင်"
လင်းဖန်ရင်းက 'ဘာမှမဖြစ်ပါဘူး' လို့ ပြောမလို့ လုပ်တုန်း၊ လင်းမန်က ဆက်ပြောတယ်။ "အန်တီ... ရှောင်ဟွေးနဲ့ သမီးက သူငယ်ချင်းတွေဆိုတော့ အရာအားလုံးကို တိုင်ပင်ဖော် တိုင်ပင်ဖက်တွေပါ။ သမီးကို အန်တီ့သမီးအရင်း တစ်ယောက်လို သဘောထားပြီး ပွင့်ပွင့်လင်းလင်းသာ ပြောပါနော်"
ရင်ထဲမှာ လေးလံနေပြီး ရင်ဖွင့်စရာ လူမရှိဖြစ်နေတဲ့ လင်းဖန်ရင်းက လင်းမန်ရဲ့ စကားတွေကြောင့် တော်တော်လေး စိတ်ထိခိုက်သွားတယ်။ သူက အတင်းပြုံးပြီး ပြောလိုက်တယ်။ "တကယ်တော့ ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူးကွယ်။ ငါက မျက်ရည်လွယ်လွန်းလို့ပါ"
သူ့ခံစားချက်တွေကို ရေရွတ်ရင်း သူက သက်ပြင်းချလိုက်တယ်။ "သားယောက်ျားလေးတွေက အရွယ်ရောက်လာရင် အမေကို မလိုအပ်တော့ဘူးလေ။ အမေတွေ အသက်ကြီးလာပြီး ဘာမှ မကူညီနိုင်တော့တဲ့အခါကျရင် လူတိုင်းက အနှောင့်အယှက် တစ်ခုလိုပဲ မြင်ကြတော့တာပဲ"
ဒါဆို မိသားစု ပြဿနာပေါ့လေ။ လင်းမန်ရဲ့ မျက်လုံးထဲမှာ လျှပ်တစ်ပြက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူက တိုးတိုးလေး ပြောလိုက်တယ်။ "အန်တီ... ဒေါက်တာဆစ်က မိဘကို မသိတတ်တဲ့လူမျိုးလို့ သမီး မထင်ပါဘူး။ သမီးမှာလည်း အစ်ကိုကြီး တစ်ယောက်ရှိတယ်။ သူ အိမ်ထောင်မကျခင်တုန်းက သမီးတို့ မိဘတွေနဲ့ သမီးအပေါ် အရမ်းကောင်းခဲ့တာ။ အိမ်ထောင်ကျသွားတော့လည်း သူ့မိန်းမ စကားကို အမြဲနားထောင်ပြီး မိန်းမပြောတဲ့အတိုင်းပဲ လုပ်တော့တာပဲ။ တစ်ခါတလေကျတော့ သူက မိဘကို မသိတတ်ချင်လို့ မဟုတ်ဘဲ၊ သူ့မိန်းမနဲ့ ပြဿနာ မတက်ချင်လို့လေ။ တကယ်တော့ သူက မိန်းမနဲ့ မိဘကြားမှာ ညပ်နေပြီး အကြပ်ရိုက်နေတာ။ ဒါကြောင့်မို့လို့ ချွေးမဖြစ်သူက အကြောင်းအကျိုး နားလည်တတ်တဲ့သူ ဆိုရင်တော့ မိသားစုက သာယာမှာပါပဲ"
သူ့စကားတွေက လင်းဖန်ရင်းကို အတွေးနယ်ကျွံသွားစေတယ်။ သူ့သားအကြီးဆုံးက အမြဲတမ်း နည်းနည်း အေးစက်စက် နိုင်ပေမယ့်၊ အိမ်ထောင်မကျခင်တုန်းက သူ့ကို လေးစားပြီး ဘယ်တော့မှ စကားပြန်မပြောခဲ့ဘူးလေ။ အခုလိုမျိုး ရန်သူတစ်ယောက်လို သေချာပေါက် မဆက်ဆံခဲ့ဘူး။
ထုန်ယောင်နဲ့ လက်ထပ်ပြီးကတည်းက သူ ပြောင်းလဲသွားတာပဲ။ သူ့ကို ရန်သူတစ်ယောက်လို ဆက်ဆံပြီး မိဘကျေးဇူးကိုလည်း မေ့နေတယ်။ သူ သင်ယူခဲ့တဲ့ ပညာတွေ အားလုံးက အလကား ဖြစ်သွားသလိုပဲ။
လင်းဖန်ရင်းရဲ့ စိတ်ဆင်းရဲနေတဲ့ ပုံစံကို မြင်တော့ လင်းမန်က အပြစ်ကင်းတဲ့ ဟန်ပန်နဲ့ ရှင်းပြလိုက်တယ်။ "အန်တီ အထင်မလွဲပါနဲ့နော်။ သမီးက ဒေါက်တာဆစ်ရဲ့ မိန်းမ မကောင်းဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က ဒေါက်တာဆစ်က အခုလို မဟုတ်ဘူးဆိုရင် တစ်ခုခုက သူ့ကို ပြောင်းလဲသွားစေတာပဲ ဖြစ်ရမယ်လို့ သမီး တွေးမိလို့ပါ"
"ရှောင်မန်... သမီးပြောတာ တကယ် အဓိပ္ပာယ်ရှိတယ်။ ရှောင်ချန်က အရင်က ဒီလိုမဟုတ်ပါဘူး။ အိမ်ထောင်ကျပြီးမှ လုံးဝ တစ်ခြားလူ တစ်ယောက်လို ပြောင်းလဲသွားတာ။ ငါ့အပေါ် ဂရုမစိုက်တော့တာတင် မကဘူး၊ သူ့ညီမကိုလည်း လျစ်လျူရှုထားသေးတာ။ သူ့ညီမ ကျိုတိုကို ရောက်လာတာတောင် သူ လှည့်မကြည့်ဘူး"
လင်းဖန်ရင်းက လင်းမန်နဲ့ ထုန်ယောင်တို့ ကြားက ဆက်ဆံရေးကို မသိတော့၊ ဆစ်ချန်ရဲ့ အပြုအမူတွေ အားလုံးက ထုန်ယောင်ကြောင့်လို့ အပြစ်ပုံချရင်း သူ့မိသားစုအကြောင်းကို ဘာမှ သတိမထားဘဲ လွတ်လွတ်လပ်လပ် ပြောပြနေတော့တယ်။
သူ့သား ဒီလိုဖြစ်ရတာက အတိတ်က သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် မဟုတ်ဘဲ၊ ချွေးမဖြစ်သူ သွေးထိုးလို့သာ ဖြစ်ရတယ်လို့ သူ ထင်နေသလိုပဲ။ ဒီလို ဇာတ်လမ်းဆင်လိုက်တာက သူ့ရဲ့ အပြစ်ရှိစိတ်ကို သက်သာသွားစေပြီး အပြင်လူတွေရှေ့မှာ ဂုဏ်သိက္ခာပိုင်းအရ အပေါ်စီး ရသွားစေတယ်။
"အန်တီ ပြောတဲ့အတိုင်းသာဆိုရင်တော့ ဒါတွေ အားလုံးရဲ့ အဓိက တရားခံက အန်တီ့ချွေးမ ဖြစ်လောက်တယ်" လို့ လင်းမန်က ကိုယ်ချင်းစာသလိုနဲ့ သုံးသပ်ပြတယ်။
လင်းဖန်ရင်းက ပြောတယ်။ "ငါတို့ မိသားစု အခြေအနေက ရှုပ်ထွေးတယ်။ ငါ့ယောက်ျားက စောစောစီးစီး ဆုံးသွားတော့ ကလေးသုံးယောက်ကို ငါ တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရတာ။ အဲဒီ ခက်ခဲတဲ့ အချိန်တွေတုန်းက ထုန်ယောင်ရဲ့ အဖေက ငါတို့ကို ကူညီပေးခဲ့တယ်။ ရှောင်ချန်က ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့သမီးနဲ့ လက်ထပ်ခဲ့တာ။ အစကတော့ အိမ်ထောင်ရေး ကောင်းတစ်ခု ဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
သူ့သမီးနဲ့ ဆက်ဆံရေး ကောင်းတာရယ်၊ ဒီသူငယ်ချင်း အသစ်လေးကို သဘောကျတာရယ်ကြောင့် လင်းဖန်ရင်းက သူ့ယောက်ျားက ထုန်ယောင်ဟွေးကို ကယ်ခဲ့တာနဲ့ ထုန်ယောင်နဲ့ ဆစ်ချန်တို့ လက်ထပ်ခဲ့တဲ့ အကြောင်းတွေကို အကြမ်းဖျင်း ပြောပြလိုက်တယ်။
သေချာတာပေါ့၊ သူက ဆစ်ဝေမင်းနဲ့ ပတ်သက်ခဲ့တာတွေကိုတော့ တမင် ချန်လှပ်ထားခဲ့တာပေါ့။ ဒီလို ပြောပြလိုက်တော့ အပြင်လူတွေ အမြင်မှာ ထုန်ယောင် မိသားစုက ဆစ်မိသားစု အပေါ် အသက်သခင် ကျေးဇူးတင်နေသလို ဖြစ်သွားတာပေါ့။
ထုန်ယောင်နဲ့ ဆစ်ချန်တို့ ကြားမှာ ဒီလို ပတ်သက်မှုမျိုး ရှိနေမယ်လို့ လင်းမန် မထင်ထားခဲ့ဘူး။ ဒါဆို ဆစ်ချန်က ထုန်ယောင်အပေါ် ဒီလောက် ကောင်းနေရတဲ့ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းက သူ့ပညာရေးအတွက် ထောက်ပံ့ပေးခဲ့တဲ့ ထုန်ယောင်ဟွေးအပေါ် ကျေးဇူးတင်နေလို့ ဖြစ်ရမယ် မဟုတ်လား။
တကယ်တော့ ဆစ်ချန်က ထုန်ယောင်ကို လိုလိုလားလား လက်ထပ်ခဲ့တာ မဟုတ်ဘူးပေါ့။ ထုန်ယောင်အပေါ် သူ ကောင်းနေတာတွေ အများစုက အချစ်ကြောင့် မဟုတ်ဘဲ ကျေးဇူးဆပ်ချင်တဲ့ စိတ်ကြောင့်လို့ ဆိုလိုတာလား။
ဒီမမျှော်လင့်ထားတဲ့ သတင်းက လင်းမန်ကို သေချာပေါက် ပျော်ရွှင်သွားစေတယ်။
ဝမ်းသာနေတာကို ဖုံးကွယ်ရင်း လင်းမန်က ပြောလိုက်တယ်။ "အန်တီ ပြောပြတာတွေကို နားထောင်ကြည့်ရသလောက်တော့၊ ထုန်မိသားစုက အန်တီ့မိသားစုအပေါ် တကယ် ကျေးဇူးတင်နေရမှာပဲ။ အဲဒီတုန်းကသာ အန်တီ့ယောက်ျားက သူတို့ကို မကယ်ခဲ့ရင် အန်တီ အခုလို နေရမှာ မဟုတ်ဘဲ ပြည့်ပြည့်စုံစုံ နေနေရလောက်ပြီ"
လင်းဖန်ရင်းက သက်ပြင်းချလိုက်တယ်။ "ကဲပါလေ... အားလုံးက ကံကြမ္မာပါပဲ"
အပြစ်တွေကို သူများအပေါ် ပုံချလိုက်ရတာက သူ့ရင်ထဲက ဝန်ထုတ်ဝန်ပိုးတွေကို အများကြီး ပေါ့ပါးသွားစေတယ်။
လင်းမန် ခေါင်းထဲမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။ "အန်တီ... ဒေါက်တာဆစ်တို့ အိမ်ထောင်ကျတာ အတန်ကြာပြီ မဟုတ်လား။ ဒါပေမဲ့ သူတို့ ကလေးရပြီ ဆိုတဲ့ သတင်းမျိုး တစ်ခါမှ မကြားဖူးဘူးနော်"
"ငါလည်း ခဏခဏ တိုက်တွန်းပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က လုံးဝ နားမလည်ကြဘူး။ ကလေးယူဖို့ အကြောင်း စပြောလိုက်တာနဲ့ သူတို့က ငါ့ကို လျစ်လျူရှုလိုက်ကြတာပဲ။ ငါ့ချွေးမက ကျန်းမာရေး သိပ်မကောင်းဘူးလေ၊ အဲဒါကြောင့်များ သူတို့ ကလေးမရသေးတာလား မသိဘူး"
ကိစ္စတွေကို ဘယ်လို လှော်ရမလဲ ဆိုတာကို ကောင်းကောင်းသိတဲ့ လင်းမန်က လင်းဖန်ရင်းရဲ့ အနာခံဆုံး နေရာကို ထိမိစေမယ့် မေးခွန်းမျိုး မေးလိုက်တာပဲ။ အိမ်ထောင်ပြုတာနဲ့ ကလေးမွေးဖို့ဆိုတဲ့ အကြောင်းအရာက လင်းဖန်ရင်း ခေါင်းထဲမှာ အမြစ်တွယ်နေတာလေ။ ရှောင်ချန် အိမ်ထောင်ကျတာ ကြာပြီဖြစ်ပေမယ့် ကလေးမရှိသေးဘူး။ လူတွေက အတင်းပြောနေကြပြီဆိုပေမယ့်၊ ယောက္ခမ တစ်ယောက်အနေနဲ့ သူ ဘယ်လောက်ပဲ စိုးရိမ်နေပါစေ အကျိုးမရှိပါဘူး။ ရှောင်ချန် ကိုယ်တိုင်ကတောင် ဘာမှ ဂရုမစိုက်တဲ့ပုံ ပေါက်နေတာကိုး။
လင်းမန်က အံ့သြချင်ယောင်ဆောင်လိုက်တယ်။ "အန်တီ ပြောမှ သမီး တစ်ခု သတိရသွားတယ်။ သမီး အရင်က တတိယဆေးရုံမှာ အလုပ်လုပ်တုန်းက အန်တီ့ချွေးမ အဲဒီကို လာသွားတာ တွေ့ဖူးတယ်"
လင်းဖန်ရင်း နားမလည်နိုင် ဖြစ်သွားတယ်။ "ရှောင်ချန်က ဒီမှာ အလုပ်လုပ်တာကို၊ သူက ဘာလို့ အဲဒီမှာ သွားကုရတာလဲ"
မသေချာသလို ဟန်ဆောင်ရင်း လင်းမန်က ပြောလိုက်တယ်။ "အဲဒီမှာ အမျိုးသမီးတွေ ကလေးမရနိုင်တဲ့ ရောဂါကို ကုသရာမှာ အရမ်းအောင်မြင်တဲ့ အထူးကု ဆရာဝန်ကြီး တစ်ယောက် ရှိတယ်လေ"
ဒါကို ကြားတော့ လင်းဖန်ရင်း မျက်နှာ ဖြူရော်သွားတယ်။ ဒါဆို တကယ်တော့ ထုန်ယောင်မှာ ကျန်းမာရေး ပြဿနာတချို့ ရှိနေတာပေါ့။ သူ့သမီးက 'ဥမဥတဲ့ ကြက်မ' လို့ ခနဲ့တဲ့တဲ့ ခေါ်လိုက်တာကို ကြားတော့ ထုန်ယောင် ဘာလို့ အဲဒီလောက် ဒေါသထွက်သွားလဲဆိုတာ မဆန်းပါဘူး။ တကယ်ကိုပဲ သူ့ရဲ့ အထိခိုက်မခံတဲ့ နေရာကို သွားထိမိသွားတာ ဖြစ်မယ်။
ဒီအကြောင်းကို သားဖြစ်သူနဲ့ ဆွေးနွေးချင်ပေမယ့် ရထားမီအောင် သွားရမယ့် အချိန်က ကပ်နေပြီ။ ခဏလောက် တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတော့ လီစီးတီးကို ပြန်ဖို့ပဲ သူ ဆုံးဖြတ်လိုက်တယ်။
ဆစ်ဝေမင်းနဲ့ သူ့ရဲ့ တိတ်တိတ်ပုန်း ပတ်သက်မှုကို ယွမ်ချိုင်ကျိန်း သိသွားလို့ အိမ်မှာ ပြဿနာကြီး ဖြစ်လာမှာကို ကြောက်နေတဲ့အတွက်၊ သတ္တိနည်းတဲ့ လင်းဖန်ရင်းက ထုန်ယောင် ကလေးမရနိုင်တဲ့ ကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
လင်းမန်နဲ့ စကားပြောပြီးတဲ့နောက် လင်းဖန်ရင်းရဲ့ စိတ်အခြေအနေက အများကြီး ကောင်းလာတယ်။ လင်းမန်ကို နှုတ်ဆက်တဲ့အချိန်မှာ သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ရှိနေပြီး၊ နောက်တစ်ခေါက် ကျိုတိုကို လာရင် ထမင်းစားဖိတ်ပါ့မယ်လို့ ကတိပေးသွားသေးတယ်။
လင်းဖန်ရင်း မျက်နှာပေါ်က အပြုံးကို ကြည့်ပြီး ဆစ်ဝေမင်းက သူနဲ့ ဆစ်ချန်တို့ ပြန်အဆင်ပြေသွားပြီလို့ ထင်သွားတယ်။ သိချင်စိတ်နဲ့ သူက မေးလိုက်တယ်။ "မရီး... ရှောင်ချန် မရီးကို တောင်းပန်လိုက်လို့လား"
သားအကြီးဆုံးရဲ့ နာမည်ကို ကြားလိုက်တာနဲ့ လင်းဖန်ရင်းရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာထားက ပြန်ပျက်ကျသွားပြီး သူ ခေါင်းယမ်းလိုက်တယ်။
"မဟုတ်ပါဘူး၊ ရှောင်ဟွေးရဲ့ သူငယ်ချင်းနဲ့ ဆုံလို့ စကားနည်းနည်း ပြောဖြစ်သွားတာပါ။ ရှောင်ဟွေးရဲ့ သူငယ်ချင်းနဲ့သာ မဆုံရင် ယောင်ယောင်က ကလေးမရနိုင်လို့ ဆရာဝန် သွားပြထားတယ်ဆိုတာ ငါ သိမှာတောင် မဟုတ်ဘူး။ သူတို့ အိမ်ထောင်ကျတာ တစ်နှစ်ကျော်နေပြီကို တစ်ခါမှ ကိုယ်ဝန်မရှိဖူးဘူးလေ။ အစကတည်းက ထုန်ယောင်မှာ တစ်ခုခု ချို့ယွင်းနေပြီလို့ ငါ သံသယ ဝင်ခဲ့တာ၊ တကယ်ကြီး မှန်နေတာပဲ။ ငါ့ကလေး သုံးယောက်ထဲမှာ ရှောင်ချန်က ပညာအတတ်ဆုံးပဲ။ သူသာ ကလေးမရရင်၊ ငါ သေသွားရင်တောင် သူ့အဖေကို ဘယ်လို မျက်နှာပြရမလဲ"
အပိုင်း ( ၃၃၀ ) ပြီးဆုံး
***