တစ်ရက်တာ အနားယူပြီးနောက် မင်ယွဲ့နှင့် အဖွဲ့သားများသည် စိတ်အားထက်သန်စွာဖြင့် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာကြ
သည်။
ယနေ့သည် မြင်းစီးပြိုင်ပွဲ ဖြစ်သောကြောင့် ကွင်းပြင်ကျယ်ကြီး၌ ကျင်းပခြင်း ဖြစ်သည်။
စနစ်တကျ ဝတ်ဆင်ထားသော ပရော်ဖက်ရှင်နယ် မြင်းစီးဝတ်စုံများကြားတွင် ထင်းထင်းလင်းလင်း ဖြစ်နေသူမှာ ယနေ့ပြိုင်ပွဲဝင်မည့်သူပင် ဖြစ်သည်။
"ဒီနေ့ပွဲက အောင်နိုင်ဖို့ပဲ ရှိရမယ်၊ ရှုံးနိမ့်ခြင်းဆိုတာ လုံးဝ အဖြစ်မခံနိုင်ဘူး"
ဟု ကိုရီးယားအဖွဲ့ခေါင်းဆောင်ကတည်ကြည်လေးနက်စွာ မှာကြားနေသည်။
"ဟုတ်ကဲ့ပါ"
ဟု ပြိုင်ပွဲဝင်များ၏ ခိုင်မာသော အသံများက ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
ထို့နောက် လူစုခွဲကာ မိမိတို့ မြင်းများကို သွားရောက်ခေါ်ယူကြသည်။ ထိုစဉ် ကိုရီးယားအမျိုးသမီးတစ်ဦးက သူမ၏ အဖော်ကို တိုးတိုးလေး မေးမြန်းလိုက်သည်။
"အရာအားလုံး အဆင်ပြေအောင် လုပ်ထားတယ်ဆို၊ သူတို့နှစ်ယောက်က ဘာပြဿနာမှ မရှိဘဲ ဘယ်လိုဖြစ်လို့ ဝင်ပြိုင်နိုင်ရတာလဲ"
"သူတို့ မပြိုင်နိုင်လို့ ငါတို့ နိုင်သွားတယ်ဆိုရင်
လည်း သိက္ခာမရှိပါဘူး"
ဟု အမျိုးသားက ခဏမျှ တုံ့ဆိုင်းပြီးနောက် -
"တကယ်လို့... သူတို့ကိုယ်တိုင်က မစွမ်းဆောင်နိုင်တာဆိုရင်တော့ ပြောစရာ မရှိတော့ဘူးပေါ့"
ဟု ဆိုကာ တရုတ်အဖွဲ့သားများဘက်သို့ မည်းမှောင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ပြိုင်ပွဲ စတင်လိုက်သည်နှင့် မြေမှုန့်များ တလွင့်လွင့် ထသွားကာ မြင်းခွာသံများက ဟိန်းထွက်လာတော့သည်။
မြင်းစီးသမားများမှာ လေတိုက်နှုန်းကဲ့သို့ပင် အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားကြသည်။ ပရိသတ်များ၏ အားပေးသံများက ကွင်းလုံးဟိန်းနေပြီး ဆူခဲမှာလည်း သူမ၏ သူငယ်ချင်းများ အနီးသို့ ရောက်လာသည်ကို မြင်သောအခါ အားရပါးရ အော်ဟစ်အားပေးနေတော့သည်။
မင်ယွဲ့၏ စိတ်ထဲတွင်လည်း ပျော်ရွှင်မှုများ
ပြည့်နှက်နေသည်။
လူသားဟူသည် အပေါင်းအသင်းနှင့် နေထိုင်ရသော သတ္တဝါဖြစ်ရာ ယခုကဲ့သို့ စိတ်အားထက်သန်သော ပတ်ဝန်းကျင်၌ ရောက်ရှိနေချိန်တွင် သူမ၏ စိတ်ဓာတ်များလည်း နိုးကြားလာရသည်။
လက်ရှိတွင် တရုတ်အဖွဲ့က ပထမနှင့် ဒုတိယနေရာတွင် ဦးဆောင်နေပြီး ကိုရီးယားအဖွဲ့က နောက်မှ အပူတပြင်း လိုက်ပါနေကြသည်။
သို့သော် ရုတ်တရက်ပင် ဦးဆောင်နေသော မြင်းသည် ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ ရူးသွပ်သလို မူမမှန် ဖြစ်လာတော့သည်။ မြင်းစီးသမားသည် မြင်းကို ငြိမ်သက်စေရန် အစွမ်းကုန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ မြင်းသည် ပြင်းထန်စွာ ရုန်းကန်လျက် မြင်းစီးသမားကို မြေပေါ်သို့ လွှင့်ပစ်ရန် ကြိုးပမ်းနေသည်။
ဘေးနားရှိ အဖော်ဖြစ်သူက အန္တရာယ်ရှိနေသည်ကို သိသဖြင့် မိမိမြင်း၏ ဇက်ကြိုးကို တင်းတင်းဆွဲကာ သူငယ်ချင်းကို ဖမ်းယူရန် ကြိုးစားသည်။
"ခုန်ချလိုက်တော့"
ဟု သူက ချွေးပြန်နေသော်လည်း လက်ကို လှမ်းကမ်းပေးလိုက်သည်။
ထိုစဉ် ကိုရီးယားပြိုင်ပွဲဝင် နှစ်ဦးမှာမူ အန္တရာယ်ရှိသော မြင်ကွင်းကို ဂရုမစိုက်ဘဲ အရှိန်ဖြင့် ကျော်တက်သွားကြသည်။
မင်ယွဲ့သည် သူတို့၏ မျက်နှာထက်မှ ခိုးပြုံးနေသော အရိပ်အယောင်ကို မြင်လိုက်ရသည်။ ဤကိစ္စမှာ ရိုးရိုးသားသား မဟုတ်ကြောင်း သူမ ရိပ်မိလိုက်သည်။ ယခုအချိန်သည် အနိုင်အရှုံးထက် အသက်ကို ကယ်တင်ရန်မှာ ပို၍ အရေးကြီးသည်။
မြင်းကြီးမှာ နာကျင်စွာ ဟီသံပြုလျက် လေထဲသို့ မြောက်တက်နေသဖြင့် မြင်းစီးသမားမှာ ဇက်ကြိုးကို မထိန်းနိုင်တော့ဘဲ မြင်း၏ လည်ပင်းကိုသာ တင်းတင်းဖက်ထားရတော့သည်။ ဤအရှိန်နှင့် လွှင့်ပစ်ခံရပါက ပြင်းထန်သော ဒဏ်ရာရရှိမည်မှာ သေချာလှသည်။
ဆူခဲ စိုးရိမ်တကြီး ဖြစ်နေစဉ်မှာပင် ပုံရိပ်တစ်ခုသည် ပရိသတ်စင်မြင့်ပေါ်မှ ခုန်ဆင်းကာ ဖြစ်ပွားရာ နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
"အရင်ဆင်းလိုက်ပါ"
ဟု မင်ယွဲ့က သာမန်မြင်းပေါ်မှ လူငယ်ကို တစ်ချက်တည်းဖြင့် မချလိုက်သည်။ သူမသည် ချက်ချင်းပင် မြင်းပေါ်သို့ ခုန်တက်ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော မြင်းရူးနောက်သို့ အမီလိုက်တော့သည်။
"တကယ်ကို အားသန်တာပဲ"
ဟု လူငယ်က မင်ယွဲ့၏ ကျောပြင်ကို ကြည့်ကာ ရေရွတ်မိသည်။
ကိုရီးယားပြိုင်ပွဲဝင်များ ပန်းဝင်ချိန်တွင် လူတိုင်း၏ အကြည့်မှာ မင်ယွဲ့ထံ၌သာ ရှိနေသည်။
မင်ယွဲ့သည် မြင်းရူး၏ ဘေးသို့ ကပ်လိုက်ပြီး တစ်ဖက်မြင်းပေါ်သို့ လျင်မြန်စွာ ခုန်ကူးလိုက်သည်။ သူမ၏ အတွေ့အကြုံနှင့် စွမ်းအားကို အသုံးပြုကာ မြင်းကို အတင်းအကျပ် ထိန်းချုပ်လိုက်သောအခါ အရှိန်ပြင်းပြင်း ပြေးလွှားပြီးနောက် မြင်းကြီးမှာ မောဟိုက်ကာ ငြိမ်သက်သွားတော့သည်။
"တော်လိုက်တာ"
ဟု အားပေးသံများ ထွက်ပေါ်လာသည်။
ကိုရီးယားပြိုင်ပွဲဝင်ကမူ မိမိကို ချီးကျူးသည်ဟု ထင်မှတ်ကာ ဂုဏ်ယူနေသော်လည်း လက်တွေ့တွင်မူ မည်သူကမျှ သူ့ကို ဂရုမစိုက်ကြပေ။
မင်ယွဲ့ မြင်းပေါ်မှ ဆင်းလာသောအခါ တရုတ်အဖွဲ့သားများက ဝိုင်းအုံလာကြသည်။ အဖွဲ့ခေါင်းဆောင်သည်လည်း ကလေးများ ဒဏ်ရာမရသည်ကို မြင်မှ သက်ပြင်းချနိုင်တော့သည်။ ထိုစဉ် ဒိုင်လူကြီးများ ရောက်ရှိလာပြီး ကိုရီးယားက နိုင်ကြောင်း ကြေညာသည်။
တရုတ်အဖွဲ့က ရှုံးနိမ့်မှုကို ဂရုမစိုက်သော်လည်း မင်ယွဲ့ကမူ ရပ်တန့်မနေပေ။ သူမ၏ ထက်မြက်သော အမြင်အာရုံက တစ်စုံတစ်ခုကို တွေ့ရှိသွားသည်။
"ခဏလေးပါ၊ ပြိုင်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ကျွန်မမှာ မေးစရာ ရှိပါတယ်"
ကိုရီးယားအဖွဲ့သားများ ထိတ်လန့်သွားကြသည်။
မင်ယွဲ့သည် မြင်း၏ နောက်ခြေထောက်နားတွင် ဒူးထောက်လိုက်ပြီး -
"မြင်းရဲ့ ခြေဖဝါးမှာ အပ်တစ်ချောင်း စိုက်နေတယ်၊ ဒီလိုအရာမျိုးက မြင်းဆီ အလိုလို ရောက်မလာနိုင်ဘူး"
ဟု ဆိုလိုက်သည်။
ဒိုင်လူကြီးများ ကြည့်လိုက်သောအခါ အမှန်ပင် အပ်တစ်ချောင်းကို တွေ့ရသဖြင့် မျက်နှာများ ပျက်သွားကြသည်။ ဤသည်မှာ တမင်တကာ လုပ်ကြံမှု ဖြစ်သည်။
မင်ယွဲ့က ဆက်လက်၍ -
"ဒီပြိုင်ပွဲမှာ တရုတ်နဲ့ ကိုရီးယားပဲ ရှိတာမို့ ဒီကိစ္စအတွက် ကိုရီးယားကို မေးခွန်းထုတ်ဖို့ လိုအပ်
တယ်လို့ ထင်ပါတယ်"
ဟု ပြတ်သားစွာ ပြောလိုက်သည်။
ကိုရီးယားအဖွဲ့ခေါင်းဆောင်က
"ဒါဟာ ငါတို့ကို စော်ကားတာပဲ"
ဟု အော်ဟစ်သော်လည်း တရုတ်ဘက်မှ တာဝန်ရှိသူများက မင်ယွဲ့ကိုသာ ယုံကြည်စွာ ကြည့်နေကြသည်။
ကိုရီးယားပြိုင်ပွဲဝင်တစ်ဦးက
“ရှုံးလို့ အရှက်ရနေတာလား၊ ချန်ပီယံဆုကို ပေးလိုက်ရမလား"
ဟု ရိုင်းစိုင်းစွာ ပြောလာသည်။
မင်ယွဲ့က လှောင်ပြုံး ပြုံးလိုက်ရင်း -
"ဟက်... ငါတို့ ၄ ကြိမ်တောင် နိုင်ထားပြီးပြီ တစ်ကြိမ်လောက် ရှုံးတာနဲ့ အရှက်ရစရာ မလိုပါဘူး တကယ်လို့ တစ်ခါရှုံးလို့ ရှက်ရမယ်ဆိုရင် နှစ်ခါရှုံးရင်တော့ မျက်နှာပြရဲမှာ မဟုတ်တော့ဘဲ သုံးခါရှုံးရင်တော့ အရှက်တကွဲ ဖြစ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ့် အခြေအနေပဲ"
ဟု စပ်စပ်လေး တုံ့ပြန်လိုက်သည်။
"ဒီမြင်းဇယားမှာ စောင့်ကြည့်ကင်မရာတွေ ရှိရမယ် ရှင်တို့ အပြစ်ကင်းတယ်ဆိုရင်လည်း သက်သေပြဖို့ လိုပါတယ် ဒါကြောင့် အားလုံးပဲ ဒီမှာ ခဏစောင့်ပြီး စောင့်ကြည့်ကင်မရာကို အတူတူ စစ်ဆေးကြတာပေါ့"
မင်ယွဲ့၏ ကျိုးကြောင်းဆီလျော်သော စကားကြောင့် မည်သူမျှ ငြင်းဆန်၍ မရတော့ပေ။ မြင်းဇယားတာဝန်ခံ ရောက်ရှိလာပြီး စောင့်ကြည့်ကင်မရာမှတ်တမ်းများကို စစ်ဆေးရန် အမြန်ဆုံး စီစဉ်လေတော့သည်။
***