"နှစ်နိုင်ငံချစ်ကြည်ရေးကို ဘယ်သူမှ မထိခိုက်စေနိုင်အောင် အတူတူသွားကြည့်ကြတာပေါ့"
တရုတ်ကိုယ်စားလှယ်က ယဉ်ကျေးပျူငှာစွာဖြင့် ကိုရီးယားအဖွဲ့ခေါင်းဆောင်ကို ရှေ့မှသွားရန် လမ်းဖွင့်ပေးလိုက်ပြီးနောက် မြင်းဇယားတာဝန်ခံနောက်သို့ လိုက်ပါသွားကြသည်။
ကိုရီးယားအဖွဲ့ခေါင်းဆောင်မှာမူ စိတ်မသက်မသာဖြစ်နေသော်လည်း မလိုက်ပါဘဲ မနေသာသဖြင့် ပို၍ပင် စိတ်ညစ်ညူးနေတော့သည်။
နှစ်ဖွဲ့လုံး နောက်မှလိုက်ပါလာကြသော်လည်း အပေါ်ယံ ဟန်ဆောင်ထားသော ချစ်ကြည်ရေးမှာမူ လုံးဝဥဿုံ ပျက်ပြားသွားခဲ့ပြီဖြစ်သည်။ အဖွဲ့နှစ်ဖွဲ့ကြားတွင် မည်သို့မျှ ပြန်လည်စေးကပ်၍မရတော့သော အက်ကြောင်းကြီးတစ်ခု ထင်ထင်ရှားရှား ဖြစ်ပေါ်နေသည်။
【 ယွမ်ပေါ့... ငါတို့ရဲ့ အလိုအလျောက် ပုံရိပ်ဖမ်းစနစ်ထဲက မှတ်တမ်းကို စောင့်ကြည့်ကင်မရာ မှတ်တမ်းနဲ့ အစားထိုးလိုက်တော့ 】
မင်ယွဲ့သည် လူအုပ်ကြား၌ ရှိနေသဖြင့် ကိုယ်တိုင်မလှုပ်ရှားနိုင်သော်လည်း အင်တာနက်ကွန်ရက်ထဲသို့ အချိန်မရွေးထိုးဖောက်
နိုင်သော ယွမ်ပေါ့ ရှိနေသဖြင့် သူမသည် အသာစီးရနေပြီဖြစ်သည်။
【 စိတ်ချပါ】
မိုဟန်ကျီ၏ ရုံးခန်းရှိ ဆိုဖာပေါ်တွင် လှဲလျောင်းနေသော ယွမ်ပေါ့က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ပျင်းရိနေသမျှ ယခုမှပင် အလုပ်တစ်ခု ရတော့သည်။
【 အဆင်ပြေသွားပြီလား】
【 ဒါမျိုးကတော့ အသေးအဖွဲပါ၊ ငါ့ရဲ့ ပါရမီတွေကို ဒီလိုနေရာမှာ သုံးနေရတာ နှမြောဖို့တောင် ကောင်းသေးတယ် 】
ဟု ယွမ်ပေါ့က ဝင့်ကြွားစွာ ဆိုသည်။
မင်ယွဲ့သည် လူအုပ်နောက်မှနေ၍ ခပ်ဖွဖွ ပြုံးလိုက်သည်။ ယွမ်ပေါ့၏ စွမ်းဆောင်ရည်ကို သူမ အပြည့်အဝ ယုံကြည်သည်။
သူသည် စောင့်ကြည့်ကင်မရာမှတ်တမ်းကို အပြစ်ဆိုဖွယ်မရှိအောင် ပြုပြင်နိုင်စွမ်းရှိပြီး မြင်း၏ခြေထောက်ထဲသို့ မည်သူက အပ်စိုက်ခဲ့သည်ကို အထင်အရှား ပြသနိုင်ပေလိမ့်မည်။
"ဘာများ ဆက်ပြောချင်သေးလဲ”
တရုတ်အဖွဲ့ခေါင်းဆောင်သည် ပထမဆုံးအကြိမ်အဖြစ် ဒေါသတကြီး အော်ဟစ်လိုက်
သည်။
နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် သည်းခံခဲ့သမျှ သူတို့၏ စည်းကို ကျော်လာသောအခါတွင်မူ အလျှော့မပေးနိုင်တော့ပေ။ စောင့်ကြည့်ကင်မရာအတွင်း၌ အပ်စိုက်ခဲ့သူ၏ ပုံရိပ်မှာ ထင်ထင်ရှားရှား ပေါ်လွင်နေသည်။
ကိုရီးယားအဖွဲ့ခေါင်းဆောင်မှာမူ ဤမြင်းဇယားငယ်လေးမှ ကင်မရာများက ဤမျှ ကြည်လင်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
"သူ ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော် မသိပါဘူး သူက ကလေးပဲ ရှိသေးတာမို့ အောင်
နိုင်လိုစိတ် ပြင်းပြသွားတာ ဖြစ်မှာပါ ကျွန်တော် ကိုယ်တိုင်ပဲ သူ့ကို ဆုံးမလိုက်ပါ့မယ်"
ဟု ကိုရီးယားအရာရှိက အရေးမကြီးသလို ပြောဆိုကာ ကိစ္စကို အဆုံးသတ်ရန် ကြိုးစားသည်။
"အသက် ၁၈ နှစ်ကျော်ရင် လူကြီးဖြစ်နေပါပြီ၊ ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူရမယ် ကလေးမို့လို့ဆိုပြီး တာဝန်ရှောင်လို့မရဘူး ဒါဟာ တမင်သက်သက် လုပ်ကြံမှု ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမှာပါ"
တရုတ်နိုင်ငံသည် မဟာနိုင်ငံကြီးတစ်ခု၏ ဂုဏ်သိက္ခာကို ပြသကာ ပြတ်သားစွာ တုံ့ပြန်
လိုက်သည်။
နောက်ဆုံးတွင် ကိုရီးယားတို့ဘက်မှ အမှားကျူးလွန်သူမှာ အထောက်အထား ခိုင်လုံနေသဖြင့် ဆက်လက်ငြင်းဆို၍ မရတော့ဘဲ တောင်းပန်တိုးလျှိုးလာရတော့သည်။
အန္တရာယ်မှ လွတ်မြောက်လာခဲ့သော မြင်းစီးသမား လူငယ်မှာမူ ထိုသူကို ဒေါသတကြီး ကြည့်နေမိသည်။
ခဏတာအတွင်း သူသည် သေမင်းနှင့် မျက်နှာချင်းဆိုင်ခဲ့ရသည် မဟုတ်ပါလား။ မင်ယွဲ့သာ မကယ်တင်ခဲ့ပါက သူ၏ အခြေအနေမှာ တွေးကြည့်ရုံနှင့်ပင် ရင်လေးစရာပင်။ သူသည် ကျေးဇူးတင်သော အကြည့်များဖြင့် မင်ယွဲ့ကို ကြည့်လိုက်သည်။
နောက်ဆုံးတွင် နှစ်ဖက်အဖွဲ့သားများမှာ မပြေလည်ဘဲ လမ်းခွဲခဲ့ကြသည်။ ကိုရီးယားတို့သည် ကျန်ရှိသော ပြိုင်ပွဲများနှင့် အခမ်းအနားများကို ဆက်လက်မတက်ရောက်တော့ဘဲ နေရပ်သို့ အလျင်အမြန် ပြန်သွားကြသည်။ ဤပြိုင်ပွဲတွင် တရုတ်နိုင်ငံသည် လှပစွာ အောင်နိုင်ခဲ့လေပြီ။
"ယွဲ့ယွဲ့ရယ်... နင်နဲ့ မခွဲချင်လိုက်တာ၊ အချိန်တွေက မြန်လွန်းတယ်"
ဟု ဆူခဲက မင်ယွဲ့ကို တင်းတင်းဖက်ကာ နှုတ်ဆက်သည်။
"ရပါတယ်၊ ငါတို့ ကျောင်းချင်းကလည်း မဝေးပါဘူး၊ မကြာခဏ ဆက်သွယ်ကြတာပေါ့"
ဟု မင်ယွဲ့က သူမ၏ ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မင်ယွဲ့ကို တစ်ဖန် ပြန်လည် ဖိတ်ခေါ်ကြပြန်သည်။
"နိုင်ငံတော်အတွက် မင်းလို ထက်မြက်တဲ့ လူငယ်တွေ လိုအပ်ပါတယ်"
ဟု သူတို့က စိတ်ရင်းဖြင့် ပြောကြသည်။
သို့သော် မင်ယွဲ့ကမူ ပြုံးလျက် ငြင်းဆိုလိုက်
“နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်မ မရှိလည်း အဆင်ပြေမှာပါ ကျွန်မက ဘယ်ကဏ္ဍမှာပဲ ရှိနေပါစေ တရုတ်ပြည်သားတစ်ယောက်အနေနဲ့ တာဝန်ကျေနေမှာပါ"
သူမ၏ စကားကြောင့် လူကြီးများမှာ ကျေနပ်စွာ ပြုံးမိကြသည်။
“ဒါဆိုရင်လည်း မင်းရဲ့ အနာဂတ် လမ်းခရီး ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်"
ဟု ဆိုကာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
ယွမ်ပေါ့သည် စိတ်မရှည်စွာဖြင့် မင်ယွဲ့၏ တည်နေရာကို စစ်ဆေးနေသည်။ သူမ ပို၍ ပို၍ နီးကပ်လာသည်ကို သိသောအခါ ယွမ်ပေါ့မှာ ပျော်ရွှင်မြူးထူးနေတော့သည်။
မိုဟန်ကျီသည် ယွမ်ပေါ့၏ ထူးခြားသော အမူအရာကို မြင်သော်လည်း တိရစ္ဆာန်တစ်ကောင်မို့ စကားမပြောနိုင်ဟုသာ မှတ်ယူထားသည်။
"မစ္စတာမို... မစ္စဝမ် ရောက်နေပါတယ် အရှေ့အိုင် စီမံကိန်းအကြောင်း ဆွေးနွေးချင်လို့တဲ့"
ဟု လက်ထောက်လင်က ဝင်ပြောသည်။
"အစည်းအဝေးခန်းမှာ ခဏစောင့်ခိုင်းလိုက်၊ ငါ အခုလာခဲ့မယ်"
မိုဟန်ကျီသည် ဖောင်တိန်ကိုချ၍ နှာတံကို အသာအယာ ညှစ်လိုက်သည်။ ပင်ပန်းမှုများ ရှိနေသော်လည်း ယွမ်ပေါ့ကို ကြည့်လိုက်ရုံဖြင့် စိတ်သက်သာရာ ရသွားသလိုပင်။
"ယွမ်ပေါ့... ဒီမှာပဲ အေးအေးဆေးဆေး ကစားနေနော်၊ ငါ အလုပ်သွားလုပ်ဦးမယ်"
ဟု သူက အလေ့အကျင့်အရ နှုတ်ဆက်လိုက်
ယွမ်ပေါ့က အလေးအနက် ခေါင်းညိတ်ပြသောအခါ မိုဟန်ကျီ အံ့အားသင့်သွားသည်။
"မင်းက လူစကား နားလည်တာပဲလား"
ဟု သူက မေးလိုက်သည်။
ယွမ်ပေါ့သည် မင်ယွဲ့လာနေသည်ကိုသာ အာရုံစိုက်နေသဖြင့် မစဉ်းစားဘဲ ခေါင်းညိတ်
လိုက်မိခြင်း ဖြစ်သည်။
သူ၏ အမူအရာကြောင့် မိုဟန်ကျီက ရယ်မောရင်း ယွမ်ပေါ့၏ ခေါင်းကို ပုတ်ကာ အပြင်သို့ ထွက်ခွာသွားလေတော့သည်။
***