"ဘာတွေက ကွဲပြားလို့လဲ"
နီးကပ်လွန်းလှသော ခန့်ညားသည့်မျက်နှာကြောင့် မင်ယွဲ့သည် အသက်ရှူပင် မှားသွားရသည်။
သူမသည် ရင်ခုန်သံကို ထိန်းချုပ်ရင်း သိလျက်နှင့်ပင် မေးခွန်းထုတ်လိုက်မိသည်။
"မင်း ငါ့အနားမှာ ရှိနေတာကြောင့် အလုပ်ချိန် ဘယ်လောက်ကြာပါစေ ငါ စိတ်မပျက်ဘူး မင်းနဲ့ အတူတူ အချိန်တွေအများကြီး... အများကြီး ပိုကုန်ဆုံးချင်တာပါ"
မိုဟန်ကျီ၏ တိုးညှင်းသော ရေရွတ်သံက မင်
ယွဲ့၏ ပါးပြင်ကို နီမြန်းသွားစေသည်။
"ကဲပါ... ထမင်းသွားစားရအောင်"
ဟု ဆိုကာ သူမက အကြောင်းအရာကို လွှဲပြောင်းလိုက်သည်။
သူတို့နှစ်ဦး ကုမ္ပဏီမှ ထွက်လာသောအခါ ယွမ်ပေါ့သည် နောက်မှ တကောက်ကောက် လိုက်ပါလာသည်။ ဝန်ထမ်းများမှာမူ ထိုသုံးယောက်ကို မိသားစုလေးတစ်ခုအလား ငေးကြည့်နေကြသည်။
မိမိကို မေ့လျော့နေကြသည်ဟု ထင်မှတ်ကာ ယွမ်ပေါ့က စိတ်ထဲမှနေ၍ အော်ဟစ်လိုက်သောအခါမှ မင်ယွဲ့ သတိဝင်လာပြီး မိုဟန်ကျီ၏ ရင်ဘတ်ကို အသာတွန်းကာ ခွာလိုက်တော့သည်။
ယွမ်ပေါ့သည် ဒေါသတကြီးဖြင့် မင်ယွဲ့၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ မိုဟန်ကျီကို စူးစူးဝါးဝါး ကြည့်နေတော့သည်။ ဤလူသည် သူ့သခင်ကို လုယူသွားသူဟု သတ်မှတ်ထားပုံရသည်။
မင်ယွဲ့သည် သူမ၏ စားသောက်ဆိုင်သို့ ရောက်ရှိလာသည်။ ဆိုင်ရှေ့သို့ ရောက်သောအခါ မျက်နှာချင်းဆိုင်ရှိ ဆိုင်ကြီးမှာ ဆိုင်းဘုတ်
ဖြုတ်နေသည်ကို တွေ့လိုက်ရသည်။
"ဘယ်ဆိုင်က ပိတ်သွားတာလဲ"
"ဒီဆိုင်ပဲ ဖြစ်မှာပေါ့"
ဟု မိုဟန်ကျီက ဆိုသည်။
မင်ယွဲ့ စားသောက်ဆိုင်၏ အောင်မြင်မှုအောက်တွင် ထိုဆိုင်မှာ ဖောက်သည်များ ဆုံးရှုံးကာ နောက်ဆုံး၌ ဒေဝါလီခံလိုက်ရခြင်း ဖြစ်သည်။
မင်ယွဲ့ကမူ ထိုသူအတွက် မည်သည့် ဂရုဏာမျှ မရှိပေ။ မကောင်းသော စိတ်ထားရှိသူမှာ ထိုက်တန်သော ရလဒ်ကိုသာ ရရှိခြင်း ဖြစ်သည်ဟု သူမ ယူဆသည်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လူငယ်လေး ရွှီနော့က ဝမ်းသာအားရ ပြေးလာသည်။
"မမယွဲ့ယွဲ့”
မင်ယွဲ့က ကလေးငယ်၏ ခေါင်းကို ပုတ်
ပေးလိုက်သည်။
ရွှီနော့သည် တောင်ပေါ်ရွာမှ ကယ်တင်ခဲ့သော ကလေးငယ် ဖြစ်ပြီး ယခုအခါ မိဘများ၏ မေတ္တာကြောင့် အလွန်ပင် တက်ကြွလန်းဆန်းနေပြီ ဖြစ်သည်။
"ရှောင်နော့... ငါ့ကိုတော့ နှုတ်မဆက်တော့ဘူးလား"
ဟု မိုဟန်ကျီက ဟန်ဆောင်ကာ မေးသည်။
"မင်္ဂလာပါ... ဦးဦးမို”
ဟု ကလေးငယ်က အော်ပြောလိုက်သည်။
"ရှောင်နော့... ငါက မင်းရဲ့ မမမင်ယွဲ့ရဲ့ ချစ်သူလေ"
ဟု မိုဟန်ကျီက မတတ်သာသလို ရှင်းပြသည်။
"ဦးဦးက အခု အသက်ဘယ်လောက်ရှိပြီလဲ"
ဟု ကလေးငယ်က အပြစ်ကင်းစရာ မေးလိုက်သောအခါ မိုဟန်ကျီ၏ ရင်ဘတ်ကို လှံဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
သူသည် အသက်မကြီးသေးသော်လည်း မင်ယွဲ့ကို 'မမ' ဟု ခေါ်ပြီး သူ့ကို 'ဦးဦး' ဟု ခေါ်နေခြင်းက မျိုးဆက်ကွာခြားသွားသလို ခံစားရစေသည်။
စားဖိုမှူးရွှီသည် မင်ယွဲ့ ရောက်လာသည်ကို သိသည်နှင့် အပြေးအလွှား လာရောက်နှုတ်ဆက်သည်။ မင်ယွဲ့သည် သူတို့မိသားစု၏ ကျေးဇူးရှင်ဖြစ်သလို ဆိုင်၏ အရှင်သခင်လည်း ဖြစ်သည်။
"မစ္စမင်... ဘာသုံးဆောင်မလဲ၊ ကျွန်တော် ကိုယ်တိုင် ချက်ပေးပါ့မယ်"
"ဆရာကြီး အကျွမ်းကျင်ဆုံး ဟင်းကိုပဲ ပြင်ပေးပါ"
မင်ယွဲ့က ပြုံးလျက် ဆိုသည်။
ရှောင်နော့ကိုလည်း သူတို့နှင့်အတူ ထမင်းစားရန် ဖိတ်ခေါ်လိုက်သည်။
ဟင်းလျာများ ရောက်ရှိလာသောအခါ မိုဟန်ကျီသည် မင်ယွဲ့ကိုသာ ဟင်းထည့်ပေးနေသဖြင့် သူမက "ကိုယ်တိုင်ပဲ စားပါ" ဟု သတိပေးရသည်။
ထမင်းစားပြီးနောက် သူတို့ ပြန်ရန် ပြင်ကြသည်။
ရှောင်နော့က ဆိုင်ရှေ့တွင် ရပ်၍
“တာ့တာ မမ တာ့တာ ယွမ်ပေါ့”
ဟုနှုတ်ဆက်သည်။ ထို့နောက် တိုးညှင်းသော အသံဖြင့်
"တာ့တာ... အကို”
ဟု ဆိုလိုက်သည်။
မိုဟန်ကျီသည် ထိုအသံကို ကြားလိုက်ရသဖြင့် ကျေနပ်စွာ ပြန်လည်နှုတ်ဆက်လိုက်သည်။
ကားပေါ်သို့ ရောက်သောအခါ မင်ယွဲ့က နောက်ပြောင်ချင်စိတ်ဖြင့် -
"အကို... ကားမမောင်းသေးဘူးလား"
ဟု မေးလိုက်သည်။
ထို 'အကို' ဟူသော ခေါ်သံက မိုဟန်ကျီ၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။ သူသည် ကားစက်ကို ရပ်လိုက်ပြီး သူမဘက်သို့ လှည့်
ကြည့်ကာ -
"နောက်တစ်ခါလောက် ပြန်ခေါ်ပေးပါဦး"
မင်ယွဲ့သည် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲလိုက်သော်လည်း မိုဟန်ကျီက သူမ၏ နားနားသို့ တိုးကပ်လာကာ ဆွဲဆောင်မှုရှိသော အသံနက်ကြီးဖြင့် "နောက်တစ်ခါလောက် ခေါ်ပေးပါ" ဟု တိုးတိုးလေး ဆိုလိုက်သည်။
နွေးထွေးသော အသက်ရှူသံများက သူမ၏ နားရွက်ကို ထိတွေ့သွားသောအခါ မင်ယွဲ့၏ နားရွက်လေးများမှာ ရဲတက်သွားတော့သည်။
"မခေါ်ဘူး၊ မောင်းတော့"
သူမက ရှက်ရှက်ဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။ မိုဟန်ကျီသည် အနည်းငယ် နှမြောတသ ဖြစ်သွားသော်လည်း ပြုံးလျက် ကားကို စတင်မောင်းနှင်လိုက်သည်။ ယွမ်ပေါ့ကမူ အခြေအနေကို သိသဖြင့် နောက်ခန်း၌သာ အသာအယာ အိပ်ပျော်နေတော့သည်။
"ကိုယ့်အိမ်ကို လိုက်ခဲ့မလား"
ဟု မိုဟန်ကျီက မေးလိုက်သောအခါ လေထုမှာ ပြောင်းလဲသွားလေတော့သည်။
***