လမ်းမရှည်ကြီးမှာ လုံးဝ တိတ်ဆိတ်နေသည်။ ထိုနေရာတွင် ရှိနေသော လူရာပေါင်းများစွာက အသံတစ်သံမျှပင် မပြုလုပ်ကြပေ။
တည်းခိုခန်းထဲတွင် ရပ်နေသော ချန်းချန်ရှန်က ဟွာကျဲဖူကို လှမ်းကြည့်လိုက်သည်။ ယခင်က ဤရွှမ်ယန်မြို့ ဘုန်းတော်ကြီးသည် ပညာသစ်ပင်စံအိမ်မှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး မြောက်ဘက်သို့ လှည့်လည်သွားလာနေကြောင်း၊ ၎င်းက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ဖူးသည်။
ယခု ပြန်ကြည့်လိုက်သောအခါ တာအိုအသင်းတော်သည် ဤကဲ့သို့သော လျှို့ဝှက်သတင်းအချက်အလက်ကိုပင် တိကျစွာ အာရုံခံနိုင်သဖြင့် တိုက်ကြီးပေါ်ရှိ အကြီးမားဆုံး အင်အားစု ဖြစ်သည်မှာ အမှန်ပင်။ ဘုန်းတော်ကြီးက မှားယွင်း ခန့်မှန်းခဲ့ခြင်းသာ ရှိ၏။ ထိုလူက ပြဿနာ မဟုတ်ပေ။ ထို့ပြင်… စုလီလည်း မှားယွင်းခဲ့သည်။
ချန်းချန်ရှန် ဝမ်ဖော့၏ ကျောပြင်ကို ကြည့်လိုက်ပြီး စုလီကို ပြောလိုက်၏။ “တွေ့လား… နောက်ဆုံးတော့ ခင်ဗျားကို ကူညီချင်တဲ့လူ ရှိနေသေးတာပဲ… ဒီလောကကြီးက အမြဲတမ်း မှောင်မိုက်မနေပါဘူး… ခင်ဗျား ယုံကြည်ဖို့ ထိုက်တန်ပါတယ်”
ဝမ်ဖော့သည် အထီးကျန် သစ်ပင်တစ်ပင်ကဲ့သို့ မိုးဖွဲဖွဲရွာနေသော လမ်းမပေါ်တွင် ရပ်နေသည်။ သူသည် လျန်ဝမ်စွန်းနှင့် ရှောင်ကျန်းကို မောင်းထုတ်ခဲ့ပြီး တိုက်ခိုက်ရန် အင်အား မကျန်တော့သည်အထိ သူ့ဓားဖြင့် ခုတ်ပိုင်းခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့် သူသည်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သွေးအန်ခဲ့ရသဖြင့် သူ၏ အသံက အနည်းငယ် အားနည်းနေ၏။
“သွားကြစို့” သူ နောက်လှည့်မကြည့်ဘဲ တိုက်ရိုက် ပြောလိုက်သည်။
ဤစကားများသည် သူ့အတွက် ဖြစ်ကြောင်း ချန်းချန်ရှန် သိသည်။ သူက စုလီကို ကုလားထိုင်ပေါ်မှ ထူပေးလိုက်ပြီး ဝမ်ဖော့နောက်သို့ လိုက်သွားလိုက်၏။ သူတို့သည် ကျိုးပဲ့နေသော တန်းများနှင့် ကြေမွနေသော ကျောက်စများကို ဂရုတစိုက် ကျော်ဖြတ်ပြီး လမ်းမပေါ်သို့ ဦးတည်သွားလိုက်ကြသည်။
စုလီက ဤလမ်းအတိုင်း လမ်းလျှောက်ရခြင်းမှာ အတော်လေး ပင်ပန်းသည်ဟု တွေးလိုက်မိသည်။ အဓိကအားဖြင့် သူ ချန်းချန်ရှန်၏ အကူအညီ လိုအပ်နေသောကြောင့်တည်း။ သူ လွတ်လပ်စွာ၊ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နိုင်ခြင်း မရှိသလို လူရာပေါင်းများစွာ၏ အကြည့်အောက်တွင် ဤသို့ လုပ်ဆောင်နေရခြင်း ဖြစ်သည်။ ဤသည်က သူ၏ ဒဏ္ဍာရီလာ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေ၏။
“မြို့ထဲကို မဝင်ခင်တုန်းက အဲဒီ အမွေးထူတဲ့ သမင်နှစ်ကောင်ကို ဒီလောက်မြန်မြန် ရှင်းထုတ်ပစ်ဖို့ မလိုဘူးလို့ ငါ မင်းကို ပြောသားပဲ… ဒါပေမဲ့ မင်းက နားမထောင်ဘူး”
စိတ်ဆိုးစွာဖြင့် သူ ချန်းချန်ရှန်ကို ညည်းညူလိုက်၏။ “ငါ ဂရုမစိုက်ဘူး… ငါ့အတွက် စီးတော်ယာဉ် တစ်ခုခု အမြန် ရှာပေး”
ချန်းချန်ရှန် အလွန် ကူရာမဲ့သလို ခံစားလိုက်ရသည်။ ဤအချိန်၌ သူ စီးတော်ယာဉ်ကို ဘယ်နေရာမှာ သွားရှာရပါမည်နည်း။ သူက ပြောလိုက်၏။ “မြို့ပြင် ရောက်တဲ့အထိ စောင့်ပါဦး”
စုလီက လမ်းမကြီးအဆုံးရှိ ရွှယ်ဟယ် ဆွဲထားသော တိမ်နီကီရင်ကို လက်ညှိုးထိုးပြလိုက်သည်။ “အဲကောင် မဆိုးဘူး… သူက ပျံတောင်ပျံနိုင်သေးတယ်”
‘တိုက်ကြီးတစ်ခုလုံးက အဲဒါ မဆိုးဘူးဆိုတာ သိတာပေါ့… ပြဿနာက အဲဒါ ခင်ဗျားပိုင်တာ မဟုတ်သလို ကျွန်တော်ပိုင်တာလည်း မဟုတ်ဘူးလေ… ပြီးတော့ အဲဒါက ခင်ဗျားကို သတ်ဖို့ အမြဲတမ်း တွေးနေတဲ့ မဟာကျိုး နတ်စစ်သူကြီး တစ်ယောက်ရဲ့ စီးတော်ယာဉ်ပဲ… ခင်ဗျား ဘာလို့ ဒီလိုကိစ္စမျိုးတွေ လုပ်နေပြီး ရွှမ်ယန်မြို့ကနေ အမြန် မထွက်ခွာရတာလဲ…’ ဟု ချန်းချန်ရှန် တွေးလိုက်မိသည်။
စုလီက သူ့မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ စိတ်မပါလက်မပါ ပြောလိုက်၏။ “တကယ်လို့ အဲ့ကောင် အဆင်မပြေဘူးဆိုရင် လျန်အိမ်တော်ရဲ့ ဧကရာဇ်ရထားလုံးလည်း ရပါတယ်”
ချန်းချန်ရှန် တိတ်ဆိတ်နေသည်။ သူ တကယ် အမှားလုပ်မိသွားပြီဟု တွေးလိုက်မိ၏။ ထိုအချိန်က နှင်းတောင်တန်းရှိ ရေပူစမ်းသို့ ပြန်မသွားခဲ့သင့်ပေ။ သူတို့နှစ်ဦး စကားပြောနေစဉ် ဝမ်ဖော့ သူတို့ရှေ့တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီး အလွန် စိတ်ရှည်သည်းခံနေပုံ ရသည်။ ရုတ်တရက် သူ နောက်လှည့်လိုက်ပြီး လူအုပ်ထဲသို့ လမ်းလျှောက်ဝင်သွား၏။ ကျင့်ကြံသူ တစ်ဦးထံသို့ ရောက်သောအခါ သူ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုကျင့်ကြံသူသည် သမင်သားရေရောင် မြင်းတစ်ကောင်ကို ဆွဲထားခြင်း ဖြစ်၏။
မြင်းခွာသံများနှင့်အတူ ဝမ်ဖော့ မြင်းကို ပြန်ဆွဲလာပြီး ဇက်ကြိုးကို ချန်းချန်ရှန်လက်ထဲ ထည့်ပေးလိုက်သည်။ ထိုသို့ လုပ်ဆောင်ပြီးနောက် သူ လှည့်ထွက်သွားပြီး သူ၏ ဓားကို သယ်ဆောင်လျက် လမ်းမရှည်ကြီးအတိုင်း ဆက်လက် လျှောက်လှမ်းသွား၏။ သူ၏ ကျောပြင်ကို ကြည့်ရင်း ချန်းချန်ရှန် အနည်းငယ် အံ့အားသင့်သွားသည်။ ဝမ်ဖော့လည်း ဤမျှ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူက ဆင်းရဲနွမ်းပါးသော စာရင်းကိုင်တစ်ဦးနှင့် တူသော်လည်း အလွန် စိတ်ဝင်စားစရာကောင်းသော ဆင်းရဲနွမ်းပါးသည့် စာရင်းကိုင်တစ်ဦး ဖြစ်သည်။
“ဝမ်ဖော့က အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ… အဲဒီတုန်းက သူ ဝမ်ရွှေ့မြို့မှာ စာရင်းကိုင်အဖြစ် အလုပ်လုပ်နေတုန်းကတည်းက ငါ သူ့ကို အထင်ကြီးခဲ့ပြီးသား… ဒါပေမဲ့… သူ့မျက်ခုံးမွေးတွေက အရမ်း ရှည်လွန်းတယ်… သူကြည့်ရတာ အရမ်း ဆင်းရဲလွန်းတယ်၊ အရမ်း စိတ်ညစ်စရာ ကောင်းလွန်းတယ်”
စုလီ မြင်းပေါ် တက်လိုက်ပြီးနောက် သူ၏ စိတ်ခံစားချက် အလွန် ကောင်းမွန်သွားပြီး အတိတ်က အကြောင်းများကို ပို၍ ပြောချင်လာ၏။ သူတို့ရှေ့ရှိ ဝမ်ဖော့ကို လက်ညှိုးထိုးပြပြီး သူက ပြောလိုက်သည်။ “သူသာ ကြည့်ရတာ နည်းနည်း ပိုကောင်းမယ်ဆိုရင် ငါ သေချာပေါက် သူ့ကို ပိုသဘောကျမိမှာပဲ”
ဝမ်ဖော့ ဤစကားများကို ကြားလိုက်ရသဖြင့် သူ၏ ခြေလှမ်းများ ခေတ္တ ရပ်တန့်သွားပြီးမှ ရှေ့သို့ ဆက်လျှောက်လိုက်၏။ လမ်းမပေါ်ရှိ ရေအိုင်များကို သူ နင်းဖြတ်သွားသည်နှင့်အမျှ ကောင်းကင်မှ ကျဆင်းနေသော မိုးရေစက်များ တဖြည်းဖြည်း ရပ်တန့်စ ပြုလာသည်။ အဝေးမှ ကောင်းကင်သည် ပြာလဲ့သော အရောင်ကို စတင် ဖော်ပြလာ၏။
ရွှမ်ယန်မြို့ရှိ ဤစားသောက်ပွဲတွင် ဧည့်သည် အများအပြား ရှိသည်။ လွတ်မြောက်ခြင်းစာရင်းဝင်များ ဖြစ်ကြသော ဆေးခြယ်သံချပ်ကာ ရှောင်ကျန်းနှင့် လျန်ဝမ်စွန်းတို့ ရောက်ရှိလာခဲ့ကြသလို အခြား အင်အားစုများစွာလည်း ရောက်ရှိလာခဲ့ကြသည်။ ယခု ဤစားသောက်ပွဲ ပြီးဆုံးတော့မည် ဖြစ်သော်လည်း မပြန်ချင်ကြသေးသော ဧည့်သည် အများအပြား ရှိနေသေး၏။
ထိုလူများသည် စုလီနှင့် သွေးကြွေးများ ရှိကြပြီး ဖြေရှင်း၍ မရနိုင်သော ရန်ငြိုးဟောင်းများ ရှိကြသည်။
ဝမ်ဖော့၏ ဓားက ရှောင်ကျန်းနှင့် လျန်ဝမ်စွန်းတို့ကို မောင်းထုတ်နိုင်သော်လည်း လူ့စိတ်ကို မခြိမ်းခြောက်နိုင်ပေ။ ထိုလူများသည် စုလီကို သတ်ရန် ရောက်လာကြပြီး သေခြင်းတရားကို စိတ်ထဲမှ ထုတ်ထားပြီး ဖြစ်ရာ၊ သူတို့ သေရမည်ကိုပင် မကြောက်ကြရာ ဝမ်ဖော့ကိုလည်း သဘာဝကျစွာပင် ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။
လမ်းမပေါ်ရှိ မီးခိုးရောင် ကျောက်တုံးများသည် မိုးရေစိုရွှဲနေသဖြင့် မည်းနက်သော မင်သွေးကျောက်တုံးများအဖြစ် ပြောင်းလဲနေ၏။ လမ်းမ၏ ဘေးနှစ်ဖက်တွင် လူအများအပြား ရပ်နေကြသည်။
ဝမ်ဖော့က ဓားကို ကိုင်၍ ရှေ့မှ သွားနေပြီး ချန်းချန်ရှန်က ဇက်ကြိုးကို ကိုင်၍ နောက်မှ လိုက်ပါလာသည်။ တောက် တောက် တောက် တောက်… ဤသည်က တံစက်မြိတ်မှ မိုးရေစက် ကျဆင်းသံ ဖြစ်သလို သွေးစက်ကျသံနှင့် နှလုံးခုန်သံလည်း ဖြစ်သည်။
လူအုပ်ကြီး၏ အကြည့်များက အလွန် ရှုပ်ထွေးနေကြသည်။ ရိုသေလေးစားမှု၊ ကြောက်ရွံ့မှု၊ ဒေါသထွက်မှု၊ မလိုလားမှု။
ဝမ်ဖော့၏ မျက်နှာအမူအရာ မပြောင်းလဲပေ။ ချန်းချန်ရှန်က သူ့ခြေထောက်များကို ငုံ့ကြည့်နေသည်။ စုလီက ကောင်းကင်ကို မော့ကြည့်နေပြီး အဆုံးစွန်ထိ ဂရုမစိုက်သည့်ဟန် ပေါက်နေ၏။ သူ၏ ရန်သူများ မျက်လုံးထဲတွင် သူက သဘာဝကျစွာပင် အလွန် မုန်းစရာကောင်းနေသည်။
ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့သော လူတစ်ယောက် ရှိလာသည်။ လမ်းမလယ်သို့ ပြေးထွက်လာပြီး ထိုလူက အော်ဟစ်လိုက်၏။ “စုလီ… မင်းအသက်နဲ့ ပြန်ပေးဆပ်စမ်း…”
ချန်းချန်ရှန် တိတ်ဆိတ်နေဆဲ ဖြစ်ပြီး သူ၏ ဘယ်လက်က ဓားမြှောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဖြစ်သည်။ စုလီ ကောင်းကင်ကို ဆက်လက် စိုက်ကြည့်နေပြီး အနည်းငယ်မျှပင် ဂရုမစိုက်ပေ။
နှင်းလွင်ပြင်မှ တောင်ဘက်သို့ လီပေါင်းသောင်းချီ ခရီးနှင်လာရာတွင် သူတို့နှစ်ဦးသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုပေါင်း များစွာကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ယခုအခါ တောင်ဘက်သို့ ဦးတည်နေသော သူတို့အဖွဲ့တွင် နောက်ထပ် လူတစ်ယောက် တိုးလာခဲ့ပြီ ဖြစ်သည်။ နှစ်ယောက်မှ သုံးယောက် ဖြစ်သွားသဖြင့် သဘာဝကျစွာပင် သူတို့ ပို၍ စိတ်ပူစရာ မလိုတော့ပေ။
လျင်မြန်ပြီး ကြမ်းတမ်းသော်လည်း တည်ငြိမ်သော ဓားဆန္ဒတစ်ခု မြင့်တက်လာသည်။ ဒုတ်ခနဲ အသံနှင့်အတူ ထိုလူ လမ်းမလယ်သို့ ပြေးထွက်ခွင့် မရလိုက်ခင်မှာပင် နောက်သို့ လွင့်ထွက်သွား၏။ သူ နံရံကို ဝင်တိုက်မိပြီး ဖုန်မှုန့်များကြားတွင် သတိလစ်သွားတော့သည်။
နောက်ထပ် လူတစ်ယောက် ရောက်လာပြန်ပြီး သတ္ထုဓားကြောင့် နောက်သို့ လွင့်ထွက်သွားပြန်သည်။ ရွှမ်ယန်မြို့၏ ဤလမ်းမရှည်ကြီး တစ်လျှောက်တွင် လွင့်ထွက်သွားသော ပုံရိပ်များကို မြင်တွေ့နိုင်သလို သွေးအန်သံများ၊ မွန်းကြပ်ပြီး သနားစရာကောင်းသော ငိုကြွေးသံများနှင့် နာကျင်ပြီး စိတ်ပျက်အားငယ်သော အော်ဟစ်သံများကိုလည်း ကြားနေရ၏။
ဝမ်ဖော့ ရှေ့ဆက်လျှောက်ရင်း ဓားကို ဝှေ့ယမ်းလိုက်သည်။ သူက ဓားကို အလွန် ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သကဲ့သို့ ထင်ရသော်လည်း မြောက်ပိုင်းမှ ကြယ်တာရာသိပ်သည်းခြင်း အစောပိုင်းအဆင့် ကျွမ်းကျင်သူ ဖြစ်စေ၊ ဂိုဏ်းတစ်ခုခုမှ ပါရမီရှင် ဖြစ်စေ မည်သူကမျှ ၎င်းကို ကျော်လွှားပြီး စုလီအနီးသို့ ကပ်နိုင်ခြင်း မရှိကြပေ။
အစမှအဆုံးတိုင် သူ ဓားသွားကို အသုံးမပြုခဲ့သဖြင့် မည်သူမျှ မသေဆုံးခဲ့ပေ။
လမ်းမ၏ ဘေးနှစ်ဖက်တွင် ထရန် ကြိုးစားနေကြသော ကျင့်ကြံသူများ၏ လဲကျနေသည့် ခန္ဓာကိုယ်များဖြင့် ပြည့်နှက်နေ၏။
ဤသည်က လွတ်မြောက်ခြင်းစာရင်း၏ အသန်မာဆုံး အဖွဲ့ဝင်တစ်ဦးထံမှ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
သူတော်စင်တစ်ပါး ကိုယ်တိုင် ရောက်လာခြင်း သို့မဟုတ် အရပ်ရှစ်မျက်နှာ မုန်တိုင်းရှစ်ခုထဲမှ တစ်ခု ပေါ်လာခြင်းမှလွဲ၍ ထျန်းလျန်ဝမ်ဖော့ကို မည်သူ ပိတ်ဆို့နိုင်ပါမည်နည်း။
ချန်းချန်ရှန်သည် ဓားမြှောင်လက်ကိုင်ရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး တိတ်ဆိတ်ကာ သတိရှိနေသည်။
ဤသည်က ရခဲလှသော သင်ယူခွင့် အခွင့်အရေး တစ်ခု ဖြစ်ကြောင်း သူ သိသော်လည်း သူ၏ အကြည့်က ဝမ်ဖော့၏ ခန္ဓာကိုယ်ပေါ်တွင် ရပ်တန့်မနေသလို သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ခန့်မှန်း၍ မရနိုင်လောက်အောင် လှုပ်ရှားနေသော ထိုသတ္ထုဓားပေါ်တွင်လည်း နားခိုမနေပေ။ ထိုအစား သူ၏ အကြည့်က လမ်းမပေါ်ရှိ လွတ်သွားရန် အလွန် လွယ်ကူသော နေရာများကိုသာ အမြဲ စောင့်ကြည့်နေ၏။
ကျိုးပဲ့နေသော နံရံ၊ တွဲလောင်းကျနေသော တံစက်မြိတ်၊ ဒဏ်ရာရနေသော ကျင့်ကြံသူ၊ ဆူပူကြိမ်းမောင်းခံရသော လူငယ်။
သူတို့ ရွှမ်ယန်မြို့မှ ထွက်ခွာလုနီးပါး ဖြစ်နေပြီ ဆိုသော်လည်း တကယ်တမ်းတွင်မူ ဤအချိန်က အန္တရာယ်အရှိဆုံး အချိန် ဖြစ်သည်။
အမှောင်ထုထဲတွင် အမြဲ ပုန်းကွယ်နေသော ထိုလုပ်ကြံသူကို သူ တစ်ကြိမ်တစ်ခါမျှ မမေ့ခဲ့ပေ။
သူနှင့် စုလီနောက်သို့ လီပေါင်းထောင်ချီ တိတ်တဆိတ် လိုက်ပါလာခဲ့ပြီး လူများကို တုန်လှုပ်သွားစေလောက်အောင် သန်မာသော သည်းခံနိုင်စွမ်း ရှိသည့် လောက၏ အဆင့်သုံး လုပ်ကြံသူ။
အလွန် သာမန်နာမည် ရှိသော ထိုလုပ်ကြံသူ… လျိုချင်း။
လျိုချင်း တိုက်ခိုက်လိမ့်မည်ဟု သူ ခံစားရသည်။
ဝမ်ဖော့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ လျိုချင်းသာ ရွှမ်ယန်မြို့၏ ဤနောက်ဆုံး ဖရိုဖရဲဖြစ်မှုကို အခွင့်ကောင်းယူပြီး မတိုက်ခိုက်ပါက ရွှမ်ယန်မြို့မှ ထွက်ခွာသွားသည်နှင့် လျိုချင်း နောက်ထပ် အခွင့်အရေး ရရှိရန် ဖြစ်နိုင်ခြေ နည်းပါးသွားပေလိမ့်မည်။ နောက်ဆုံးတွင် သူသည် စုလီကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ် အဆင်မပြေဆုံး အခြေအနေသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ရွှမ်ယန်မြို့၏ အဆုံးသတ်က တဖြည်းဖြည်း နီးကပ်လာသည်။ ရှေ့ရှိ ထောင့်ချိုးကို ကွေ့လိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ပိတ်ထားသော မြို့တံခါးကို မြင်တွေ့ရပေတော့မည်။
ဤအချိန်တွင် လျန်ဝမ်စွန်း စကားအနည်းငယ် ပြောလိုက်၏။
တည်းခိုခန်းမှ ထွက်ခွာလာသည့် အချိန်မှစ၍ လျန်ဝမ်စွန်း သူတို့နောက်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
သူ့တွင် တိုက်ခိုက်ရန် အင်အား မရှိတော့သော်လည်း ထွက်ခွာသွားရန် ဝန်လေးနေ၏။
စုလီ ဆက်လက် အသက်ရှင်မည်လား ဆိုသည်ကို သူ ကြည့်ချင်သည်။ အားလုံး ပြောပြီး လုပ်ပြီးသွားသောအခါ ယနေ့တွင် စုလီ မျက်လုံး ပြန်ဖွင့်နိုင်ဦးမည်လား ဆိုသည်ကို သူ ကြည့်ချင်သည်။
သူက ဝမ်ဖော့ကို ပြောလိုက်၏။ “ကောင်းကင်ဘုံက ကျယ်ပြောပေမဲ့ စုလီ ခိုလှုံနိုင်တဲ့နေရာ မရှိတော့ဘူး… မင်း သူ့ကို ဘယ်ခေါ်သွားဖို့ စဉ်းစားနေတာလဲ…”
ဝမ်ဖော့ ရပ်တန့်လိုက်သည်။
သမင်သားရေရောင် မြင်း ရပ်တန့်သွားသည်။
ဝမ်ဖော့ နောက်လှည့်ကြည့်ပြီး ပြန်ဖြေလိုက်၏။ “ငါ သူ့ကို လီတောင်တန်းဆီ ပြန်ပို့ပေးမယ်”
ချန်းချန်ရှန်က စုလီကို လီပေါင်းသောင်းချီ ခေါ်ဆောင်လာခဲ့သည်။
ထို့ကြောင့် သူက စုလီကို နောက်ထပ် လီပေါင်းသောင်းချီ ခေါ်ဆောင်သွားပြီး လီတောင်တန်းသို့ ပြန်လိုက်ပို့ပေးလျှင် ဘာဖြစ်သနည်း။
“ဒါပေမဲ့… မင်း သူ့ကို လီတောင်တန်းဆီ ပြန်ခေါ်သွားရင်တောင်မှ ဘာအဓိပ္ပာယ် ရှိမှာလဲ…”
လမ်းမရှည်ကြီး၏ ဘေးတစ်ဖက်မှ ဂရုမစိုက်သော အသံတစ်သံ ထွက်ပေါ်လာ၏။
‘ဟုတ်တယ်… လီတောင်တန်းသာ တကယ် ပြောင်းလဲသွားရင် စုလီ လီတောင်တန်းကို ပြန်ရောက်ရင်တောင် ဘာလုပ်နိုင်မှာလဲ… လောကကြီးက ဒီလောက် ကျယ်ပြောပေမဲ့ သူ့အတွက် နေရာမရှိဘူး ဆိုတာ တကယ်ပဲလား…’ ဟု ချန်းချန်ရှန် တွေးလိုက်မိသည်။
ထို့နောက် သူ ရုတ်တရက် သတိဝင်လာပြီး အသံလာရာ နေရာသို့ လှည့်ကြည့်လိုက်၏။
ဘယ်သူက အဲဒီစကားတွေကို ပြောလိုက်တာလဲ…
ဝမ်ဖော့၏ မျက်နှာအမူအရာက အလွန် လေးနက်သွားပြီး တည်ကြည်ကာ စကားမပြောနိုင် ဖြစ်သွားသည်။
သူ အလွန် သတိရှိနေ၏။ ရှောင်ကျန်းနှင့် လျန်ဝမ်စွန်းတို့၏ ပေါင်းစပ်အင်အားကို ရင်ဆိုင်စဉ်ကထက် အဆပေါင်းများစွာ ပို၍ သတိရှိနေသည်။
လမ်းထောင့်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသော စကားပြောသူကို မြင်လိုက်ရသောအခါ ချန်းချန်ရှန် သူ့ခန္ဓာကိုယ် အလွန် အေးစက်သွားသည်ကို ခံစားလိုက်ရ၏။
မဖြစ်နိုင်ဘူး…
သူ့ရင်ထဲတွင် တိတ်ဆိတ်စွာ တွေးလိုက်မိသည်။
ရုတ်တရက် သူ ယုံကြည်၍ မရနိုင်လောက်အောင် ဒေါသထွက်လာ၏။
ဇာတ်လမ်းတွေမှာ ဒီလိုအဆုံးသတ်မျိုး မရှိသင့်ဘူးလေ…
လူတစ်ယောက်ကို ဝါးမျိုဖို့ စားသောက်ပွဲတစ်ခုမှာ အိမ်ရှင်ရဲ့ ဆန္ဒအတိုင်း ဘာလို့ အဆုံးသတ်ရမှာလဲ…
ဒေါသသည် ကူရာမဲ့မှုမှ လာခြင်း ဖြစ်သည်။
ချန်းချန်ရှန် တကယ်ကို အလွန် ကူရာမဲ့သလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ တကယ်ကို စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်သွားသောကြောင့်တည်း။
တောရိုင်းထဲတွင် ရွှယ်ဟယ်နှင့် လျန်ဟုန်ကျွမ်းတို့ကို ရင်ဆိုင်စဉ်က ဖြစ်စေ၊ လျန်အိမ်တော်၏ ဧကရာဇ်ရထားလုံး ပေါ်လာသည်ကို မြင်လိုက်ရစဉ်က ဖြစ်စေ သူ ဘယ်သောအခါမျှ စိတ်ပျက်အားငယ်ခြင်း မရှိခဲ့ပေ။ ဓားမြှောင်ကို မရန်ပင် ခွန်အားမရှိတော့သည့်အချိန် ရှောင်ကျန်း၏ လှံကို ရင်ဆိုင်ရစဉ်ကပင် သူ စိတ်ပျက်အားငယ်ခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ အသက်ရှင်နေသေးသလို စုလီလည်း အသက်ရှင်နေသေးပြီး လောကကြီးတွင် သူတို့ကို လာကူညီမည့်သူ တစ်ယောက်ယောက် သေချာပေါက် ရှိလိမ့်မည်ဟု သူ ယုံကြည်ခဲ့သောကြောင့်တည်း။
ရွှမ်ယန်မြို့၏ ချစ်စဖွယ် နွေဦးနေရောင်ခြည်ထဲသို့ ထိုစကားလုံး ခြောက်လုံးကို အော်ဟစ်လိုက်စဉ်က ပဲ့တင်သံတစ်ခု သေချာပေါက် ရှိလာမည်ဟု သူ သိခဲ့သည်။
သေချာတာပေါ့… ဝမ်ဖော့ ရောက်လာခဲ့သည်။
သူသည် လေကို အနိုင်ကျင့်ပြီး မိုးကို နင်းကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါ ဤလူ… အမှန်တကယ် ရောက်လာခဲ့ပြီ။
ပို၍ တောက်ပပြီး ချစ်စဖွယ်ကောင်းသော နွေဦးနေရောင်ခြည်သည် နောက်ဆုံးတွင် ပျောက်ကွယ်သွားပေလိမ့်မည်။
အမြဲတမ်း တည်ရှိနေသော ပဲ့တင်သံသည်လည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားပေလိမ့်မည်။
သူတို့ကို ကူညီချင်သော လူများ ရှိနေသေးလျှင်ပင် ဘာအသုံးဝင်တော့မည်နည်း။
သူတို့ကို ကူညီနိုင်မည့်သူ ရှိသေးလို့လား…
လမ်းထောင့်တွင် ပေါ်လာသော လူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုလူ၏ ဆံပင်ရှည်များသည် ပခုံးပေါ်တွင် တွဲလောင်းကျနေသော်လည်း ၎င်းအတွင်း၌ အဖြူရောင် အစအနများကို ဝိုးတဝါး မြင်တွေ့နေရသည်။
ထို့ကြောင့် သူ မည်မျှ ကြာအောင် အသက်ရှင်ခဲ့ပြီးပြီလဲ၊ နှစ်ပေါင်း မည်မျှ ကြာအောင် ကျင့်ကြံခဲ့ပြီးပြီလဲ ဆိုခြင်းကို ပြောပြရန် မဖြစ်နိုင်လောက်အောင် ဖြစ်နေ၏။
ဆယ်စုနှစ် အနည်းငယ်လား… ရာစုနှစ် အနည်းငယ်လား…
ထိုလူသည် အလွန် အရပ်ရှည်ပြီး အလွန် ပိန်ပါးသည်။
သူ၏ အမူအရာသည် သာမန်မဟုတ်ဘဲ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ယုံကြည်မှုရှိပြီး သက်သောင့်သက်သာ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မင်းမျိုးမင်းနွယ် မိသားစုတစ်ခု၏ ခေါင်းဆောင် ဖြစ်သောကြောင့်တည်း။
သူ၏ မျက်နှာအမူအရာသည် အလွန် အေးစက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ခံစားချက်များကို ဖြတ်တောက်ပြီး သူ၏ စရိုက်လက္ခဏာကို ဖျက်ဆီးပစ်လိုက်သော လောကဖြတ်တောက်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သောကြောင့်တည်း။
ဝမ်ဖော့နှင့် ချန်းချန်ရှန်တို့ကို ကြည့်လိုက်သောအခါ သူသည် နိုင်ထက်စီးနင်းဆန်ပြီး အေးစက်သော အမူအရာတစ်ခု ပိုင်ဆိုင်ထား၏။
စုလီကို ကြည့်လိုက်သည့် အချိန်တွင်ပင် သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် မာန်မာနကို ဖုံးကွယ်မထားပေ။
နာမည်တစ်ခုက အရပ်ရှစ်မျက်နှာကို လှုပ်ခတ်စေပြီး မုန်တိုင်းတစ်ခုက ကောင်းကင်ကို မည်းမှောင်သွားစေသည်။
ရောက်လာသောသူမှာ အတိအကျပင် အရပ်ရှစ်မျက်နှာ မုန်တိုင်းရှစ်ခုထဲမှ တစ်ခု ဖြစ်သည်။
ကျူးလော့။
သူသည် တိုက်ကြီး၏ အထွတ်အထိပ် ကျွမ်းကျင်သူများထဲမှ တစ်ဦး ဖြစ်သည်။
သူသည် ကျင့်ကြံခြင်းလောက၏ နတ်ဘုရားတစ်ပါး ဖြစ်သည်။
ရွှမ်ယန်မြို့ လမ်းမရှည်ကြီးပေါ်တွင် လုံးဝ တိတ်ဆိတ်မှုတစ်ခု လွှမ်းခြုံထားပြီးနောက် ရုတ်တရက် မရေမတွက်နိုင်သော အသံများ ထွက်ပေါ်လာ၏။
ရာပေါင်းများစွာသော ကျင့်ကြံသူများ ဝပ်တွားလိုက်ကြသည်။
လျန်ဝမ်စွန်း လက်နှစ်ဖက်ကို ယှက်ပြီး ဦးညွှတ်လိုက်သည်။
ရှောင်ကျန်း မျက်နှာပေါ်မှ စက္ကူဖြူ လှုပ်ရှားသွား၏။
ဝမ်ဖော့ မလှုပ်ရှားသလို ဦးလည်းမညွှတ်ပေ။ သူ ကျူးလော့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ချန်းချန်ရှန် ဦးမညွှတ်ပေ။ သူ ဦးညွှတ်ဖို့ မေ့နေခြင်း ဖြစ်သည်။
စုလီ မြင်းကျောပေါ်တွင် ထိုင်လျက် အမြင့်မှ ငုံ့ကြည့်လိုက်သည်။
သူ ကျူးလော့ကို ကြည့်ပြီး ပြောလိုက်၏။ “မင်းတို့ အဘိုးကြီးတွေ နောက်ဆုံးတော့ မနေနိုင်ကြတော့ဘူးပေါ့”
ကျူးလော့က ပြန်ဖြေလိုက်သည်။ “မင်းကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖို့ ငါ ဝန်လေးနေလို့ မင်းနဲ့ မတွေ့ချင်ခဲ့တာပါ”
စုလီ ခဏမျှ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်၏။ “ကြည့်ရတာ ငါ့အတွေးက တကယ် မှန်နေပုံရတယ်”
ကျူးလော့က မေးလိုက်သည်။ “မင်း ဘာတွေးလို့လဲ…”
စုလီ သူ့ကို ကြည့်ပြီး ရိုးသားစွာ ကြေညာလိုက်၏။ “မင်းတို့အကုန်လုံးက လူယုတ်မာတွေပဲ… အဘိုးကြီးယုတ်တွေ”
-အခန်း (၃၉၃) ပြီး
***