"ကဲ ပြောစမ်း... မင်းက ဘယ်သူလဲ။ ဓားပြလား" လုံချန်းက ထိုလူ၏ကိုယ်ပေါ်မှ ခြေထောက်ကို မဖယ်ဘဲ အေးစက်စွာ မေးလိုက်သည်။
"ကျွန်တော် ဓားပြမဟုတ်ပါဘူး။ ကျွန်တော်က အလင်းအလျင်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ပါ" ထိုလူက မျက်ရည်များကြားမှ တုန်တုန်ရင်ရင် ဖြေရှာသည်။
"အလင်းအလျင်ဂိုဏ်း ဟုတ်လား။ မင်းတို့ဂိုဏ်းက ဒီအနားမှာလား"
"မဟုတ်ပါဘူး။ ကျွန်တော်တို့ဂိုဏ်းက ဒီနားမှာမဟုတ်ဘူး၊ ကုန်းမြေကြီးရဲ့ တခြားတစ်ဖက်အစွန်းမှာ ရှိတာပါ"
"တခြားတစ်ဖက်မှာရှိတာကို မင်းက ဒီကို ဘာလာလုပ်တာလဲ။ ငါ့နောက်ကို လိုက်ဖမ်းဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်" လုံချန်းက သံသယမျက်လုံးဖြင့် ကြည့်ကာ မေးလိုက်၏။
"ဒါက ဒီကုန်းမြေရဲ့ စည်းကမ်းပါ။ အဓိကဂိုဏ်းကြီးတိုင်းက သူတို့ရဲ့ အပြင်စည်းတပည့်တွေနဲ့ အကြီးအကဲအချို့ကို ကုန်းမြေဝင်ပေါက်မှာ ကင်းစောင့်ဖို့ လွှတ်ရပါတယ်။ ကျွန်တော်တို့ဂိုဏ်းကလည်း အဓိကဂိုဏ်းကြီးတွေထဲက တစ်ဂိုဏ်းမို့လို့ တခြားဂိုဏ်းတွေနဲ့အတူ ဒီမှာ ကင်းစောင့်နေရတာပါ။ ကျွန်တော်တို့ တာဝန်ကျတဲ့နေရာမှာ စောင့်နေတုန်း ခေါင်းဆောင်က ကျူးကျော်သူတစ်ယောက် ရောက်နေပြီလို့ ပြောလို့ လိုက်ဖမ်းခိုင်းလိုက်တာပါ" နာကျင်မှုများကြားမှ ထိုလူက ရှင်းပြသည်။
"ဪ... ဒါဆို ငါထင်တာ မှန်တာပေါ့။ မင်းတို့ ငါခိုးဝင်လာတာကို တကယ်သိနေကြတာပဲ။ ဒါပေမဲ့ ဘယ်လိုသိတာလဲ၊ ငါ့နောက်ကိုရော ဘယ်လို လိုက်နိုင်တာလဲ။ ဒါကို အမှန်အတိုင်းပြောရင် မင်း လွတ်ဖို့ နီးစပ်သွားပြီ" လုံချန်းက ပြုံးလျက် ဆိုလိုက်သော်လည်း ထိုအပြုံးက ထိုလူကို ပို၍ ကြောက်လန့်စေသည်။
"အဲဒါက အချက်ပေး ဝင်္ကပါကြောင့်ပါ။ မှတ်ပုံတင်မထားတဲ့သူ ကုန်းမြေပေါ် ခြေချလိုက်တာနဲ့ အချက်ပေးစနစ်က အလုပ်လုပ်တာပါ။ ဝင်ပေါက်ကနေ ခိုးဝင်လာမယ့်သူတွေရှိရင် သိအောင် လုပ်ထားတာပါ"
"ငါ ခိုးဝင်တာကို သိတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ငါ့နောက်ကို ဒီလောက်မြန်မြန် ဘယ်လို လိုက်နိုင်တာလဲ။ ငါဝင်လာတဲ့ နေရာကို သိရုံနဲ့တင် ဒီလောက်မြန်မြန် ရှာတွေ့ဖို့ မလွယ်ဘူးလေ။ ဘယ်နည်းလမ်း သုံးတာလဲ"
"အဲဒါ... အဲဒါက ကံကောင်းလို့ပါ။ ကျွန်တော်တို့ လိုက်ရှာနေတုန်း ပထမဆုံးအကြိမ်မှာတင် ခင်ဗျားကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားတာပါ" ထိုလူက အတည်ပေါက် လိမ်ညာလိုက်သည်။
"ဪ... တိုက်ဆိုင်တာပေါ့။ မင်းတို့ တကယ်ပဲ ကံကောင်းတာပဲ" လုံချန်းက ရေရွတ်ရင်း ခြေထောက်ကို ဖယ်ကာ လှည့်ထွက်သွားဟန် ပြလိုက်သည်။
ထိုလူက သက်ပြင်းချကာ ဝမ်းသာသွားစဉ် လုံချန်းက ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သဖြင့် တစ်ကိုယ်လုံး ပြန်တောင့်သွားရပြန်သည်။
"ဪ... မေ့လို့၊ မင်းကို တစ်ခု ပြောရဦးမယ်" လုံချန်းက ဆိုလိုက်ရာ ဝိညာဉ်ဓားမှာ ထိုလူ၏ ဘေးတွင် လင်းတတစ်ကောင်ကဲ့သို့ ဝဲနေတော့သည်။
"ခင်ဗျား... ခင်ဗျား ကတိပေးထားတယ်လေ။ မေးတာဖြေရင် မသတ်ဘူးဆို။ ကျွန်တော့်ကို မသတ်ပါနဲ့" ထိုလူက အသည်းအသန် အော်ပြောတော့သည်။ လုံချန်း ပြန်လှည့်လာပုံက သူ့ကို သတ်တော့မည်မှန်း ရိပ်မိနေ၍ ဖြစ်၏။
"မဟုတ်ပါဘူး၊ ငါ တစ်ခု မေးဖို့ မေ့သွားလို့ပါ။ ဒါကို အမှန်အတိုင်း ထပ်ဖြေရင် ငါ တကယ် ထွက်သွားပေးမယ်"
"ကောင်း... ကောင်းပါပြီ။ ဘာမေးမှာလဲ"
"မေးခွန်းကတော့... မင်းရဲ့ အဲဒီ အလိမ်အညာကို ငါက တကယ်ယုံမယ်လို့ မင်း ထင်နေတာလား" လုံချန်းက ပြုံးလျက် မေးလိုက်သည်။
ထိုလူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး တစ်ခုခုပြောရန် ပြင်စဉ်မှာပင် ဝိညာဉ်ဓားက ထိုလူ၏ ရင်ဘတ်ကို ထိုးစိုက်လိုက်တော့သည်။ သို့သော် အရေးကြီးသော နေရာကိုတော့ လွဲချော်အောင် ထိုးလိုက်ခြင်း ဖြစ်၏။
"နောက်တစ်ခါ ထပ်စမ်းကြည့်ရအောင်။ ဒီတစ်ခါတော့ မလွဲစေရဘူး" လုံချန်းက ပြုံးလိုက်သည်။
ဝိညာဉ်ဓားက ထပ်မံ ထိုးစိုက်ရန် ပြင်စဉ်မှာပင် ထိုလူက အော်ဟစ်လိုက်တော့သည်။ "နေဦး၊ ကျွန်တော် ပြောပါ့မယ်"
ဓားဦးမှာ ထိုလူ၏ နှလုံးသားနှင့် လက်မအနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။ တစ်စက္ကန့်သာ နောက်ကျလျှင် သူ သေရမည်မှာ သေချာလှ၏။
"ပြောလေ။ မင်း နောက်ကျလို့ ငါ စိတ်မရှည်ရင်တော့ ဓားက ကျလာမှာပဲ"
"အဲဒါ အမှတ်အသားကြောင့်ပါ။ ဝင်္ကပါက အချက်ပေးရုံတင် မကဘဲ ခင်ဗျား ကုန်းမြေပေါ် ခြေချလိုက်တာနဲ့ ခင်ဗျားရဲ့ ဖိနပ်ပေါ်မှာ ခြေရာခံအမှတ်အသားတစ်ခု ထားခဲ့တာပါ။ ကျွန်တော်တို့က ခင်ဗျားနောက်ကို လိုက်တာမဟုတ်ဘဲ အဲဒီအမှတ်အသားကို အာရုံခံအိမ်မြှောင်နဲ့ လိုက်ရှာတာပါ"
"ဪ... စိတ်ဝင်စားစရာပဲ။ ရိုးရှင်းပေမဲ့ တော်တော် ဒုက္ခပေးတဲ့ နည်းလမ်းပဲ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။ "အဲဒီ အိမ်မြှောင်ကို ငါ့ကို ပေးစမ်း"
"ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိပါတယ်။ ကြိုက်တာယူပါ၊ ကျွန်တော့်ကိုတော့ မသတ်ပါနဲ့"
လုံချန်းသည် ခုနက ဖြတ်တောက်ပစ်လိုက်သော ထိုလူ၏ လက်ကို လိုက်ရှာကာ လက်စွပ်ကို ချွတ်ယူလိုက်သည်။ လက်စွပ်ထဲတွင် ငွေရောင်အိမ်မြှောင်လေး တစ်ခုကို တွေ့ရှိသွား၏။
"ဒါလား မင်းပြောတဲ့ အိမ်မြှောင်"
"ဟုတ်ပါတယ်... အဲဒါပါပဲ"
"ငါ အခု ဝင်္ကပါရဲ့ အပြင်ဘက်ကို ရောက်နေပြီလား။ ဖိနပ်ချွတ်လိုက်ရင် နောက်ထပ် အမှတ်အသား ထပ်ထင်ဦးမလား"
"ခင်ဗျား ဝင်္ကပါရဲ့ အကွာအဝေး အပြင်ဘက်ကို ရောက်နေပါပြီ။ နောက်ထပ် အမှတ်အသား မထင်နိုင်တော့ပါဘူး"
လုံချန်းက ထိုလူ လိမ်နေသလားဟု ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် သူစီးထားသော ဖိနပ်နှစ်ဖက်လုံးကို ချွတ်၍ လွှင့်ပစ်လိုက်ရာ အိမ်မြှောင်လက်တံမှာ ဖိနပ်များရှိရာသို့ ညွှန်ပြနေသည်ကို တွေ့ရသည်။
"ဒါဆိုရင်တော့ ပိုကောင်းသွားပြီ။ ငါ အေးအေးဆေးဆေး သွားလို့ရပြီ" လုံချန်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ ဖိနပ်အသစ်တစ်စုံ ထုတ်စီးလိုက်သည်။
"ကဲ... ခြေရာခံတဲ့ ကိစ္စ အဆင်ပြေသွားပြီဆိုတော့ မင်း ငါနဲ့ လိုက်ခဲ့ရမယ်။ ငါက ဒီနေရာကို အသစ်ရောက်လာတာဆိုတော့ သိချင်တာတွေ အများကြီး ရှိသေးတယ်။ မြို့နဲ့ နီးတဲ့နေရာရောက်ရင် မင်းကို လွှတ်ပေးမယ်" ထိုသို့ ဆိုကာ ထိုလူကို မ၍ ဝိညာဉ်ဓားပေါ်တွင် ပျံသန်းထွက်ခွာလာခဲ့သည်။
"ရှေ့က မြို့အကြောင်း ပြောပြစမ်း" လုံချန်းက မေးလိုက်သည်။ သူသည် ကျိရှင်းဆီ သွားမည့် လမ်းကြောင်းအတိုင်း သွားနေခြင်း ဖြစ်ရာ ထိုလူမှာ လုံချန်းက လမ်းညွှန်စရာမလိုဘဲ မှန်ကန်သော ဘက်သို့ သွားနေသဖြင့် အံ့သြနေမိသည်။
"ရှေ့မှာရှိတာက စိစစ်ရေးမြို့တော်လို့ ခေါ်ပါတယ်။ အင်ပါယာတွေ၊ နိုင်ငံတွေရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ လွတ်လပ်တဲ့ မြို့တစ်မြို့ပါ။ ဒါပေမဲ့ အနီးနားက နိုင်ငံတွေအားလုံးက သူတို့ရဲ့ ဌာနခွဲတွေကို ဒီမှာ ဖွင့်ထားကြတယ်။ အပြင်က လာတဲ့သူတွေကို စိစစ်ပြီး အရည်အချင်းရှိရင် သူတို့နိုင်ငံတွေမှာ ရာထူးကြီးကြီးပေးဖို့ ရွေးချယ်ကြတဲ့ နေရာပေါ့" ထိုလူက ရှင်းပြသည်။
"ဒါဆို တခြားကုန်းမြေက လာတဲ့သူတွေ ပထမဆုံး ရောက်တဲ့ မြို့ပေါ့"
"ဟုတ်ပါတယ်၊ ဝင်ပေါက်နဲ့ အနီးဆုံး မြို့ပါ"
"ဒါဆို မင်းတို့အဖွဲ့တွေရော၊ တခြားကင်းစောင့်တွေရော ဒီမှာ ရှိနေမှာပေါ့" လုံချန်းက မေးလိုက်သည်။
"မဟုတ်ပါဘူး။ ကင်းစောင့်တွေက ဝင်ပေါက်နားမှာပဲ အခြေစိုက်တာပါ။ မြို့ကိုတော့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ပဲ လာကြတာပါ"
"ဒါဆို အဲဒီ မှတ်ပုံတင်လက်မှတ် အကြောင်း ပြောပြဦး။ အဲဒါက တော်တော် ဒုက္ခပေးလား၊ မြို့တိုင်းမှာ စစ်လား။ အခု ငါက အဲဒါကို ဘယ်လို ရနိုင်မလဲ"
"နိုင်ငံတွေမှာ အလုပ်လုပ်ချင်ရင်တော့ အဲဒီလက်မှတ်က အရမ်းအရေးကြီးပါတယ်။ တခြားနေရာတွေမှာတော့ ပြစ်မှုတစ်ခုခု ကျူးလွန်တယ်လို့ သံသယမဖြစ်မချင်း ဘယ်သူမှ လာမစစ်ပါဘူး"
"ငါကတော့ အစစ်ခံရဖို့ များနေပြီ။ အဲဒီလက်မှတ် ရနိုင်မယ့် နည်းလမ်းကို ပြောပြ"
ထိုလူက သက်ပြင်းချရင်း "အခုချိန်မှာ လက်မှတ်ရနိုင်မယ့် နည်းလမ်း မရှိတော့ပါဘူး။ ခင်ဗျားမှာ လက်မှတ်မရှိတာကို သူတို့ သိသွားရင် အသတ်ခံရမှာပါ" သူက ပြန်ဖြေလိုက်သည်။
***