လုံချန်းသည် ဓားပြများကို လျစ်လျူရှုထားခဲ့သည်။ ရထားလုံးထဲက လူများကို ကူညီရန် ထိုဘက်သို့ လှည့်ကြည့်ဖို့ပင် မကြိုးစားခဲ့ပေ။ သူသည် မြို့ဘက်သို့သာ ဦးတည်ပျံသန်းနေပြီး အခြားသူများ၏ ကိစ္စထဲတွင် မလိုအပ်ဘဲ ဝင်မပါရန် ဆုံးဖြတ်ထားသည်။ သို့သော် သူက ပြဿနာကို ရှောင်သော်လည်း ပြဿနာက သူ့ဆီ လိုက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဓားပြများက သူ့ကို မြင်သွားပြီး အထင်မှားသွားကြသည်။ သူ မရပ်ဘဲ သွားနေသည်မှာ စိစစ်ရေးမြို့တော်ရှိ အစောင့်များကို သွားတိုင်တော့မည်ဟု သူတို့က ယူဆလိုက်ကြ၏။ လုံချန်း၏ ပျံသန်းနှုန်းမှာ အလွန်မြန်သဖြင့် သာမန်အတိုင်း လိုက်၍မမီနိုင်မှန်း ဓားပြများ သိလိုက်ကြသည်။
ဓားပြခေါင်းဆောင်မှာ သူ အမြတ်တနိုး သိမ်းဆည်းထားသော အကန့်အသတ်ဖြင့်သာ သုံး၍ရသည့် ရတနာတစ်ခုကို ထုတ်သုံးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ရထားလုံး၏ အကာအကွယ်ကို ဖောက်ထွင်းရန် အချိန်ပိုလိုနေသဖြင့် ထိုရတနာထက် ရထားလုံးထဲက ပစ္စည်းက ပိုအရေးကြီးသည်ဟု ဆုံးဖြတ်လိုက်၏။
ဓားပြခေါင်းဆောင်သည် လုံချန်းရှိရာဘက်သို့ အနီရောင် မှန်ပြောင်းအသေးစားလေး တစ်ခုကို ချိန်ရွယ်လိုက်သည်။ ၎င်းပေါ်တွင် ဝင်္ကပါများစွာ ခင်းကျင်းထားပြီး ၃၀ စင်တီမီတာခန့် ရှည်လျား၏။
"ဒီတစ်ခါသုံးပြီးရင်တော့ မင်း ပျက်စီးသွားတော့မှာပဲ။ ငါ့ကို အများကြီး ကူညီခဲ့ဖော်ရပါပဲကွာ... ကဲ နောက်ဆုံးတစ်ခေါက်လောက် လုပ်လိုက်ကြရအောင်" ဓားပြခေါင်းဆောင်က ရေရွတ်ရင်း လုံချန်းကို မှန်ပြောင်းထဲတွင် အာရုံစိုက်ကာ ရှာဖွေလိုက်သည်။ လုံချန်းကို မှန်ပြောင်း၏ ဗဟိုချက်တွင် မိမိရရ မြင်လိုက်ရသည်နှင့် သူက မှန်ပြောင်းအား သုံးကြိမ် ပုတ်လိုက်သည်။
ရွှေရောင်မှန်ပြောင်းမှ ငွေရောင်အလင်းတန်းများ ဖြာထွက်လာပြီး အဖြူရောင် အလင်းတန်းတစ်တန်းမှာ လုံချန်းရှိရာသို့ တဟုန်ထိုး ပြေးထွက်သွား၏။
လုံချန်းမှာ အေးအေးဆေးဆေး ပျံသန်းနေစဉ် ရုတ်တရက် နောက်သို့ ဆွဲငင်ခြင်း ခံလိုက်ရသဖြင့် ဟန်ချက်ပျက်ကာ လွင့်ကျသွားတော့သည်။ သူ၏ ဝိညာဉ်ဓားမှာ ရှေ့သို့ ဆက်သွားနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ပြင်းထန်သော ဆွဲအားတစ်ခုကြောင့် နောက်သို့ ပြန်ပါသွားခြင်း ဖြစ်၏။
သူသည် လေထဲတွင် ရပ်တန့်နိုင်ရန် ကျင့်ကြံခြင်းစွမ်းအားကို သုံးသော်လည်း ဆွဲအားက ပြင်းထန်လွန်းသည်။ သူ ပြန်ပါသွားသည့် ဘက်သို့ ကြည့်လိုက်သောအခါ ရထားလုံးရှိရာသို့ ရောက်နေပြီး ဓားပြခေါင်းဆောင်က မှန်ပြောင်းတစ်ခုဖြင့် သူ့ကို ချိန်ထားသည်ကို မြင်လိုက်ရသည်။
"တချို့လူတွေကတော့ တကယ် သေချင်နေကြတာပဲ" ရွှင်းက စိတ်ပျက်လက်ပျက် ဆိုသည်။
"ဘာပြောရမလဲ... ငါက ပြဿနာကို ရှောင်ပေမဲ့ ပြဿနာက ငါ့ဆီ လာရှာနေတာပဲ။ အနည်းဆုံးတော့ သူရဲကောင်းလုပ်ဖို့ အခွင့်အရေးရတာပေါ့။ ရထားလုံးထဲကလူကတော့ ဒီလူမိုက်တွေကို ကျေးဇူးတင်ရလိမ့်မယ်" လုံချန်းက ရုန်းကန်မနေတော့ဘဲ ဓားပြခေါင်းဆောင်ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားလိုက်သည်။
"ခေါင်းဆောင်ကတော့ အလန်းပဲ။ ငါတို့ လိုက်တောင် မလိုက်ရဘူး၊ သူ့ဘာသာသူ ပြန်လာနေပြီ။ ဟားဟား... ဒီကောင်တော့ လွတ်လမ်းမရှိတော့ဘူး" ဓားပြများက ဝမ်းသာအားရ ရယ်မောနေကြသည်။
"မရယ်ကြနဲ့။ အလုပ်ပြန်လုပ်ကြစို့။ ဒီရထားလုံးကို အမြန်ဖောက်ကြ" ဓားပြခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း လုံချန်း နီးကပ်လာသည်နှင့် ခုတ်ပိုင်းရန် ဓားကို ပြင်ထားလိုက်၏။
လုံချန်း အနားသို့ ရောက်လာပြီး မီတာအနည်းငယ်အကွာတွင် ဓားပြခေါင်းဆောင်က ဓားကို ဝှေ့ယမ်းလိုက်သော်လည်း လုံချန်းမှာ ပျောက်ကွယ်သွားပြီး လွဲချော်သွားခဲ့သည်။ နောက်တစ်ခဏတွင်မူ ဓားတစ်စင်းမှာ ဓားပြခေါင်းဆောင်၏ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွက်သွားတော့သည်။
"ရန်သူကို ရွေးတဲ့အခါ အမြဲတမ်း သတိထားရတယ်ဗျ။ ပုရွက်ဆိတ်လို့ ထင်ရတဲ့အရာက မင်းကို ဘယ်အချိန်မှာ ပြန်သတ်မလဲဆိုတာ မင်း မသိနိုင်ဘူးလေ" လုံချန်းက ခပ်တိုးတိုးပြောလိုက်ပြီးနောက် ဝိညာဉ်ဓားက ပျံဝဲလာကာ ထိုလူ၏ ခေါင်းကို ဖြတ်ချလိုက်တော့သည်။
ဓားပြများမှာ ကြောက်လန့်တကြား ဖြစ်သွားကြပြီး လုံချန်းက အပြစ်ကင်းစင်သော မျက်နှာဖြင့် "ကဲ... မင်းတို့ ဘာလုပ်ချင်လဲ။ တိုက်မလား၊ ပြေးမလား" သူ မေးလိုက်သည်။
ဓားပြများမှာ တွေဝေသွားကြသော်လည်း သူတို့ခေါင်းဆောင်ကိုပင် အလွယ်တကူ သတ်နိုင်သော ဤကောင်လေးကို မယှဉ်နိုင်မှန်း သိကြသဖြင့် ထွက်ပြေးရန် ပြင်လိုက်ကြသည်။ သို့သော် လုံချန်းက သူတို့ကို လွှတ်ပေးမည်ဟု လိမ်ညာခဲ့ခြင်း ဖြစ်၏။ သူတို့ လှည့်ထွက်သွားသည်နှင့် ဝိညာဉ်ဓားက သူတို့အားလုံး၏ လည်ပင်းကို တစ်ပြိုင်နက် ဖြတ်တောက်ပစ်လိုက်တော့သည်။
"ငါ့အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်တယ်" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
သူသည် ဝိညာဉ်ဓားပေါ် ပြန်တက်ကာ ထွက်ခွာသွားခဲ့သည်။ သူ မသိလိုက်သည်မှာ ရထားလုံး၏ အကာအကွယ်မှာ အတွင်းမှ အပြင်သို့ မြင်နိုင်သော မှန်ကဲ့သို့ ဖြစ်နေသဖြင့် ရထားလုံးထဲက လူများမှာ လုံချန်း၏ လုပ်ဆောင်ချက်အားလုံးကို မြင်တွေ့သွားခြင်းပင်။
"ထူးဆန်းတဲ့လူပဲ။ ငါတို့ကို ကူညီသွားပြီးတော့ ဆုလာဘ်တောင် မတောင်းဘဲ ထွက်သွားတယ်" ရထားလုံးထဲမှ လူတစ်ဦးက ရေရွတ်လိုက်သည်။
လုံချန်းသည် မြို့ရိုးအနားသို့ ရောက်ရှိလာပြီး သူ၏ ဝိညာဉ်အာရုံနှင့် အရိပ်အသွင် ပြောင်းလဲခြင်း ပညာရပ်ကို သုံးကာ မြို့ထဲသို့ ခိုးဝင်လိုက်သည်။
မြို့ထဲရှိ အဆောက်အအုံများနှင့် လမ်းမများမှာ အလွန်ပင် စနစ်ကျလှသဖြင့် သူ အံ့သြသွားရသည်။ လမ်းများမှာ ဖြောင့်တန်းနေပြီး မြို့မှာ သန့်ရှင်းသပ်ရပ်လှ၏။ လုံချန်းသည် လူအုပ်ကြားထဲတွင် ရောနှောကာ လမ်းလျှောက်နေလိုက်သည်။
တစ်ဖက်တွင်မူ ကူချင်သည် သခင်ကြီး ဝူယထံသို့ အကြောင်းကြားပြီး ဖြစ်သည်။ ဝူယမှာ ပေါ့ဆမှုအတွက် ဆူပူကြိမ်းမောင်းသော်လည်း ပြင်းထန်သော အပြစ်ပေးမှုတော့ မလုပ်ခဲ့ပေ။
"အမှတ်အသားမပါဘဲ ရှာဖို့ ခက်ပေမဲ့ ကံကောင်းရင်တော့ ရှာတွေ့နိုင်ပါတယ်။ ဒီသတင်းကို အပြင်မပေါက်အောင် လျှို့ဝှက်ပြီးတော့ပဲ ကိုင်တွယ်ရမယ်" သခင်ကြီး ဝူယက ဆိုရင်း စာတစ်စောင် ရေးသားလိုက်သည်။
"ကဲ... ဒီစာကို မြို့တော်ခေါင်းဆောင် နှစ်ယောက်ဆီကို သွားပေးလိုက်။ သူတို့ ဘာလုပ်ရမလဲဆိုတာ နားလည်ပါလိမ့်မယ်"
***