ရထားလုံးအတွင်း၌ ထိုင်နေသောသူ၏ ပါးစပ်မှ သက်ပြင်းတစ်ချက် ထွက်ပေါ်လာသည်။
"ကျွန်မလည်း သူ့ကို တွေ့ချင်မိပါတယ်။ ကံမကောင်းစွာနဲ့ ကျွန်မ သူ့ကို မတွေ့ခင်မှာပဲ သူ ထွက်သွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပြန်တွေ့ကြမှာပါ။ သူက ဒီမြို့ဘက်ကို ပျံသန်းလာတာဆိုတော့ ကျွန်မတို့ သူ့ကို ရှာတွေ့နိုင်ကောင်းရဲ့" ရထားလုံးထဲမှ လူက ဆိုသည်။
"ဒါနဲ့ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ မူရူးမျိုးနွယ်စုရဲ့ သခင်လေးက ဘာလို့ အဲဒီမှာ အဲဒီလို ရပ်နေရတာလဲ။ သူက ဒဏ်ရာရထားတဲ့ပုံပဲ။ တစ်ခုခု ဖြစ်ခဲ့တာလား။ တစ်စုံတစ်ယောက်က သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလား။ မျိုးနွယ်စုတွေကြားမှာ စစ်ပွဲတစ်ခုခု ဖြစ်နေလို့လား" ရထားလုံးထဲမှ လူက မေးမြန်းလိုက်သည်။
အဘိုးအိုက နောက်သို့ လှည့်ကြည့်လိုက်ရာ ဆံပင်နက်နှင့် အမျိုးသားမှာ ထိုနေရာတွင် ရပ်လျက် ကောင်းကင်ယံသို့ မော့ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ဟုတ်တယ်... မူရူးမျိုးနွယ်စုကတော့ ဒီနေ့ တကယ်ကို အထိနာသွားတာပဲ။ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာတင် စော်ကားခံလိုက်ရသလို မူရူးမျိုးနွယ်စုရဲ့ သမီးတစ်ယောက်လည်း ပြန်ပေးဆွဲခံလိုက်ရတယ်။ မင်းတွေ့နေရတဲ့ သူ့မျက်နှာပေါ်က ဒဏ်ရာတွေကလည်း အဲဒီဖြစ်ရပ်ရဲ့ ရလဒ်ပဲ။ ဒါတွေအားလုံးကို လုပ်ခဲ့တဲ့သူက သခင်လေး မူရူးကို လက်သီးနဲ့ အပီအပြင် ထိုးလိုက်တာ၊ သူ လွင့်ထွက်သွားတဲ့အထိပဲ" အဘိုးအိုက ရထားလုံးထဲသို့ ကြည့်ရင်း ပြောလိုက်သည်။
"ဟင်... တစ်စုံတစ်ယောက်က မူရူးမျိုးနွယ်စုကို သူတို့နယ်မြေထဲမှာတင် ဒီလိုလုပ်ရဲတာလား။ စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ အဲဒီလူကို အခုထိ မဖမ်းမိသေးဘူးလား" ဟယရထားလုံးထဲမှလူက ထပ်မံ မေးမြန်းသည်။
"ခုလေးတင် ဖြစ်သွားတာဆိုတော့ သူတို့ မဖမ်းမိသေးဘူး။ တကယ်တော့ မင်း အဲဒီဘက်ကို ကြည့်လိုက်ရင် အဲဒီလူ ထွက်သွားတာကို မြင်နိုင်သေးတယ်" အဘိုးအိုက ရထားလုံး၏ ဘယ်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ရထားလုံးထဲတွင် ထိုင်နေသောသူသည် မျက်မှောင်ကြုတ်လျက် အခြားတစ်ဖက်ရှိ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်၏။
ဝိညာဉ်ဓားကို စီးနင်းကာ ပျံသန်းနေသော လုံချန်း၏ ကျောပြင်ကို မြင်တွေ့လိုက်ရသည်။
"အဲဒီဓားနဲ့ အဲဒီလူ... အတူတူပဲ။ ကျွန်မ ထင်တာ မှန်တယ်။ သူက ကျွန်မကို ကယ်ခဲ့တဲ့လူပဲ" လုံချန်း ပျံသန်းထွက်ခွာသွားသည်ကို မြင်လိုက်ရသည့်အခါ ရထားလုံးထဲမှလူက အာမေဍိတ်သံဖြင့် ဆိုလိုက်သည်။
"မင်း အဲဒီလူကို မှတ်မိတာလား" အဘိုးအိုက ရထားလုံးထဲသို့ ကြည့်ကာ မေးလိုက်၏။
"ဟုတ်တယ်... သူက ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ။ ဓားပြတွေကို သတ်ခဲ့တဲ့သူက သူပဲ။ သူသာ ဒီမှာ မရှိခဲ့ရင် ကျွန်မ သေနေလောက်ပြီ" အတွင်းဘက်မှ အဖြေတစ်ခု ထွက်ပေါ်လာသည်။
"အာ... ဒါဆို သူက ငါတို့ရဲ့ ကျေးဇူးရှင်ပေါ့။ အဲဒါကို ငါသာ သိခဲ့ရင် သူ့ကို စောစောကတည်းက ကူညီပေးခဲ့မှာ၊ အခြေအနေကို ဒီလောက်အထိ အဖြစ်မခံပါဘူး" အဘိုးအိုက မျက်မှောင်ကြုတ်လျက် လုံချန်းရှိရာသို့ ကြည့်ရင်း ဆိုသည်။
"သနားစရာ ကောင်လေးပဲ။ သူက ငါတို့ကို ကူညီခဲ့တယ်၊ အခုတော့ သူ သေတာကို ငါတို့ ထိုင်ကြည့်နေရတော့မယ်။ မူရူးမျိုးနွယ်စုကတော့ သူ့ကို လွတ်အောင် ထားမှာ မဟုတ်တာ သေချာတယ်။ အကြီးအကဲတွေကလည်း သူတို့ရဲ့ ကျင့်ကြံသူတွေနဲ့အတူ အချိန်မရွေး ရောက်လာတော့မှာ" အဘိုးအိုက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"ဟိုမှာ ရောက်လာကြပြီ" အစိမ်းရောင် ဝတ်စုံဝတ်ထားသူအချို့ ဓားများကို စီးနင်းကာ ပျံသန်းလာသည်ကို မြင်လိုက်ရသည့်အခါ သူက အော်လိုက်သည်။
ဝိညာဉ်ဓားများပေါ်တွင် ပျံသန်းလာသူ အယောက်နှစ်ဆယ် ရှိသည်။ အဖွဲ့ကို ဦးဆောင်လာသူမှာကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူဖြစ်ပြီး သူတို့ထဲမှ သုံးဦးမှာ ကောင်းကင်ဘုံအဆင့် ၁ ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျန်ရှိသူများမှာမူ ကောင်းကင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်၏။ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများမှာ မူရူးမျိုးနွယ်စု၏ အကြီးအကဲများ ဖြစ်ကြပြီး ကျန်သူများမှာမူ အစောင့်များ ဖြစ်ကြသည်။
"မဟုတ်ဘူး... ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တဲ့သူ သေတာကို ကျွန်မ ထိုင်မကြည့်နိုင်ဘူး။ အဘိုး မျိုးနွယ်စုကို သွားပြီး အကြီးအကဲ အချို့ကို လွှတ်ပေးဖို့ ပြောလိုက်ပါ။ ဒီနေ့ ဘာပဲဖြစ်ဖြစ် ကျွန်မ အဲဒီလူကို ကယ်မယ်" ရထားလုံးထဲတွင် ထိုင်နေသူက အလေးအနက် ပြောလိုက်သည်။
အဘိုးအိုသည် ရထားလုံးကို နားမလည်နိုင်သလို ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ကာ နောက်သို့ ပျံသန်းသွားတော့သည်။ ရထားလုံးသည်လည်း ညွှန်ကြားချက်အတိုင်း လုံချန်းရှိရာဘက်သို့ စတင် မောင်းနှင်သွား၏။
ဆံပင်နက်နှင့် ကောင်လေးသည်လည်း သူ၏ ရထားလုံးပေါ်တွင် ထိုင်ကာ လုံချန်းနှင့် သူ့နောက်သို့ လိုက်နေသော အကြီးအကဲများ ရှိရာသို့ လိုက်ပါလာခဲ့သည်။
လုံချန်းသည် မြို့ထွက်ပေါက်ရှိရာသို့ ပျံသန်းနေစဉ် သူ၏ နောက်ဘက်မှ သတ်ဖြတ်လိုစိတ် တစ်ခုကို ခံစားလိုက်ရသည်။
သူ နောက်သို့ လှမ်းကြည့်လိုက်ရာ သူ့နောက်သို့ လိုက်နေသော လူအချို့ကို တွေ့လိုက်ရ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူကို မြင်လိုက်ရသည့်အခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
'ကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူလား။ သူ့ကို ကိုင်တွယ်ရတာ ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ငါ့မှာ ဓားစာခံလည်း ရှိတာပဲ။ သူတို့ ငါ့ကို တိုက်ခိုက်မှာ မဟုတ်ဘူး' လုံချန်းက ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။
သူတို့ တိုက်ခိုက်မည်မဟုတ်ဟု သူ ယုံကြည်ထားသော်လည်း တိုက်ခိုက်လာနိုင်သည့် အခွင့်အရေးလည်း ရှိနေသည်ဟု သူ ယူဆသည်။ သူ့တွင် ကာကွယ်ရေးစွမ်းအား ပေးနိုင်သည့် ရတနာဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ပြဿနာမှာ ရွှယ်က သူ့ဘေးတွင် ရှိနေခြင်းပင် ဖြစ်၏။
သူမကို တိုက်ခိုက်မှုများ ထိမှန်သွားမည်ကို သူ အဖြစ်မခံနိုင်ပေ။
"ရွှယ်... နင် ခဏလောက် ပြန်သွားလိုက်ဦး။ ငါ ဒီလူတွေလက်ကနေ လွတ်ပြီဆိုမှ နင့်ကို ပြန်ခေါ်မယ်" လုံချန်းက ခေါင်းယမ်းရင်း ရွှယ်ကို ပြောလိုက်သည်။
"ကောင်းပါပြီ" ရွှယ်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။ သူမသည် မိမိကိုယ်မိမိ အားမကိုးနိုင်သေးကြောင်း သိထားပြီး သူမကိုယ်သူမ ယုံကြည်မှု အနည်းဆုံးသူလည်း ဖြစ်သည်။ သူမ ဆက်ရှိနေပါက လုံချန်းအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်မည်ဟု သူမ ယုံကြည်ထားသည်။
"တော်လိုက်တာ။ ဘာမှ စိတ်မပူနဲ့။ ကျောင်းတော်သခင်တောင် ငါ့ကို မဖမ်းနိုင်တာ၊ ဒီကောင်တွေက ပိုးမွှားတွေပါပဲ။ ငါ အဆင်ပြေသွားမှာပါ" လုံချန်းက ပြုံးလျက် ဆိုသည်။ သူသည် ရွှယ်၏လက်ကို ထိလိုက်ပြီး သူမကို ကမ္ဘာတုထဲသို့ ပို့ဆောင်လိုက်၏။
လုံချန်း၏ လက်ထဲ၌ လည်ပင်းအညှစ်ခံရလျက် လေထဲတွင် တွဲလောင်းဖြစ်နေသော နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးသည် ရွှယ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။ လုံချန်းက ထိုမိန်းကလေးကို အခြားတစ်နေရာသို့ ပို့ဆောင်ရန် မည်သည့် အဆောင်ကိုမှ အသုံးပြုသည်ကို သူမ မတွေ့လိုက်ရပေ။
လုံချန်းတွင် ဟင်းလင်းပြင် ကူးပြောင်းခြင်း အဆောင်ကဲ့သို့ အလုပ်လုပ်သည့် ရတနာတစ်ခုခု ရှိနေသလားဟု သူမ တွေးတောနေမိသည်။
နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးက လုံချန်း မည်သည့်အဆောင်ကိုမှ မသုံးသည်ကို မြင်လိုက်သော်လည်း အခြားသူများကမူ မမြင်လိုက်ကြပေ။
သူ့နောက်သို့ လိုက်နေသော လူများသည် မိန်းကလေး ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ကြသဖြင့် လုံချန်းက တစ်စုံတစ်ရာသော အဆောင်အား သုံးကာ သူမကို ဤနေရာမှ ဝေးရာသို့ ပို့လိုက်သည်ဟု ယုံကြည်လိုက်ကြသည်။ သို့သော် ဤအချက်က နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးနှင့် အကြီးအကဲများကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
မိန်းကလေးကမူ လုံချန်းတွင် ဟင်းလင်းပြင် ကူးပြောင်းနိုင်သည့် ရတနာရှိပါလျက်နှင့် အဘယ်ကြောင့် ဤနေရာမှ ထွက်မသွားဘဲ အလိုက်ခံနေရသေးသနည်းဟု တွေးတောနေစဉ် သူ့နောက်သို့ လိုက်နေသော အကြီးအကဲများကမူ လုံချန်းသည် အဘယ်ကြောင့် နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးကို မလွှတ်ပေးဘဲ ဟင်းလင်းပြင် ကူးပြောင်းခြင်း အဆောင်များကို သုံးကာ ဤနေရာမှ ထွက်မပြေးသနည်းဟု တွေးတောနေကြသည်။
"အဲဒါ ဖြစ်ရမယ်၊ သူ့မှာ လူတစ်ယောက်အတွက်ပဲ သုံးလို့ရတဲ့ အဆောင်တစ်ခုပဲ ရှိတာ၊ အဲဒါကို သူက သူ့ကိုယ်သူအတွက် မသုံးခဲ့ဘူး။ သူက ဒီမိန်းကလေးကို ဓားစာခံအဖြစ် သုံးပြီး ထွက်ပြေးချင်နေတာ၊ အဲဒီအချိန်မှာ သူ့မှာရှိတဲ့ တစ်ခုတည်းသော အဆောင်ကို သုံးပြီး ဟိုမိန်းကလေးကို အရင် လွှတ်လိုက်တာပဲ။ ဒီကောင်က သူ့မှာရှိတဲ့ အရင်းအမြစ်တွေကို သုံးတာ တကယ်ကို ပါးနပ်တာပဲ" အကြီးအကဲများက လုံချန်းနောက်သို့ လိုက်ရင်း ရေရွတ်လိုက်ကြသည်။
တစ်ဖက်တွင်လည်း မိန်းကလေးမှာ အလားတူ ယူဆချက်မျိုး ရှိနေသည်။ လုံချန်းတွင် ရှိသည့် ရတနာမှာ အကန့်အသတ်ဖြင့်သာ သုံးနိုင်သော ပစ္စည်းတစ်ခု ဖြစ်ရမည်ဖြစ်ပြီး လုံချန်းက အားလုံးကို သုံးလိုက်ပြီဟု သူမ ထင်လိုက်၏။ သို့မဟုတ်လျှင်လည်း လုံချန်းသည် မိမိ၏ အသက်အန္တရာယ်ကို စွန့်စားရမည် ဖြစ်သော်လည်း သူမကို လုံးဝ လွှတ်မပေးချင်ခြင်း ဖြစ်လိမ့်မည်။
"အဲဒီလူယုတ်မာရဲ့ အရှိန်က ဘာလို့ ဒီလောက် မြန်နေရတာလဲ။ ဒီအရှိန်နဲ့ဆိုရင် ငါတို့ သူ့ကို မမှီနိုင်ဘူး။ သူက ဘယ်ကလဲ။ ဘယ်လို စွမ်းရည်ကို သုံးနေတာလဲ" ကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
သူသည် သူ၏ အမြန်ဆုံး အရှိန်ကို သုံးနေသော်လည်း လုံချန်းနှင့် အကွာအဝေးကို မလျှော့ချနိုင်သေးပေ။
"ဒီလိုနဲ့တော့ သူ့ကို မဖမ်းနိုင်ဘူး။ ငါတို့ ဟိုဟာကို သုံးမှဖြစ်မယ်။ အဲဒါက တစ်ခုတည်းသော နည်းလမ်းပဲ" အခြား အကြီးအကဲ တစ်ဦးက ခေါင်းယမ်းရင်း အော်လိုက်သည်။
"အဲဒါကို သုံးမယ် ဟုတ်လား။ မင်း သေချာလား။ အဲဒါကို မသုံးဖြစ်တာ တော်တော်ကြာပြီနော်။ တကယ်လို့ ငါတို့ အဲဒါကို သုံးလိုက်ရင် ကောင်လေးတစ်ယောက်ကို တားဖို့ အဲဒါကို သုံးရတယ်ဆိုပြီး လူတွေက ငါတို့ကို လှောင်ကြလိမ့်မယ်။ ငါတို့ မိသားစုရဲ့ ဂုဏ်သိက္ခာတွေ အကုန် ပျက်ကုန်လိမ့်မယ်။ မျိုးနွယ်စု ခေါင်းဆောင်ကလည်း ငါတို့ကို စိတ်ဆိုးလိမ့်မယ်" အခြား အကြီးအကဲ တစ်ဦးက ခေါင်းယမ်းကာ ကန့်ကွက်လိုက်သည်။
"ငါ... အဲဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ တကယ်လို့ သူ့ကို ငါတို့ မဖမ်းမိရင်ရော ငါတို့ရဲ့ ဂုဏ်သတင်း မပျက်ဘူးလို့ မင်း ထင်နေတာလား။ မှားတယ်၊ ကောင်လေးတစ်ယောက်က ငါတို့လက်ထဲကနေ လွတ်သွားရင် ငါတို့ရဲ့ ဂုဏ်သတင်းက ပိုတောင် ပျက်ဦးမယ်။ စိစစ်ရေးမြို့တော် တစ်ခုလုံးရဲ့ လှောင်ပြောင်စရာ ဖြစ်လာလိမ့်မယ်။ ငါတို့ ဒါကို လုပ်မှဖြစ်မယ်" ဒုတိယ အကြီးအကဲက ထပ်မံ ထောက်ခံလိုက်သည်။
"ငါ သဘောတူတယ်။ ငါတို့ ဒါကို လုပ်ဖို့ လိုအပ်တယ်။ အကျိုးဆက်ကို ငါ တာဝန်ယူမယ်"
***