စစ်သင်္ဘောကြီးတစ်ခုလုံးက မီးတောက်လုံးပေါင်းများစွာအဖြစ်သို့ ပြောင်းလဲသွားကာ ကြယ်တာရာကောင်းကင်အတွင်းမှနေ၍ ထိုးဆင်းသွားလေသည်။
သင်္ဘောပေါ်ရှိ လူအားလုံးက ချက်ချင်း သေဆုံးသွားကြ၏။
နတ်ဘုရားကောလိပ်။
လူအိုကြီးတစ်ဦးက ဒုကျောင်းအုပ်ကြီးချန်ဝမ်၏ ခန်းမဆောင်ထဲသို့ အလျင်အမြန် ပြေးဝင်လာသည်။ သူ၏ အဆင်အခြင်မဲ့မှုကို မြင်လိုက်ရသည်တွင် ချန်ဝမ်က မကျေမနပ်ဖြင့် "ဘာတွေများ ဒီလောက်တောင် အရေးတကြီး ဖြစ်နေရတာလဲ"
လူအိုကြီးက လေးနက်သောအသံဖြင့် "ဒုကျောင်းအုပ်ကြီး... မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို သွားနေတဲ့ ကျုပ်တို့ရဲ့ စစ်သင်္ဘောတစ်စင်း ဖျက်ဆီးခံလိုက်ရတယ်။ ကျုပ်တို့ရဲ့ ကျောင်းသားတွေ အဲဒီပေါ်မှာ ပါသွားတယ်။ အတွင်းစည်းကျောင်းသား တစ်ယောက်နဲ့ အပြင်စည်းကျောင်းသား နှစ်ဆယ်ကျော်..."
ချန်ဝမ်က မျက်မှောင်ကြုတ်သွား၏။ "ဘယ်သူလုပ်တာလဲ"
လူအိုကြီးက ခေါင်းခါယမ်းလိုက်သည်။ "ကျုပ်တို့ မသိသေးပါဘူး၊ ဒါပေမဲ့ မော့ခယ်နတ်ဘုရားအကျဉ်းထောင်က လုပ်တာဖြစ်ဖို့ အခွင့်အရေး အရမ်းများတယ်"
ချန်ဝမ်က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်တွင် "ဆက်စုံစမ်းလိုက်ပါ။ ပြီးတော့ သေဆုံးသွားတဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေကို သေချာနှစ်သိမ့်ပေးလိုက်ပါ"
အတွင်းစည်းကျောင်းသားတစ်ယောက်နှင့် အပြင်စည်းကျောင်းသား နှစ်ဆယ်ကျော်... တကယ်တမ်း၌ နတ်ဘုရားကောလိပ်အတွက်မူ ဆုံးရှုံးမှုက ကြီးမားလှသည်မဟုတ်ဘဲ အင်မတန်ကို သေးငယ်လှပေသည်။
သေချာပေါက် စုံစမ်းစစ်ဆေးမှုတစ်ခုကိုတော့ ပြုလုပ်ရန် လိုအပ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ယင်းက နတ်ဘုရားကောလိပ်၏ မျက်နှာနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်၏။
လူအိုကြီးက တုံ့ဆိုင်းနေပြီးနောက်တွင် "ဒုကျောင်းအုပ်ကြီး... ချင်ယွမ်လည်း အဲဒီသင်္ဘောပေါ်မှာ ပါသွားတယ်"
ချန်ဝမ်က မေးလိုက်၏။ "အတွင်းစည်းကျောင်းသားလား"
လူအိုကြီးက ခေါင်းခါယမ်းလိုက်သည်။ "အပြင်စည်းကျောင်းသားပါ"
ချန်ဝမ်၏ မျက်နှာထက်၌ မကျေနပ်မှုများ ချက်ချင်း ထွက်ပေါ်လာ၏။ "အပြင်စည်းကျောင်းသားတစ်ယောက်က..."
ပြောနေရင်းဖြင့် သူက တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားကာ အလျင်အမြန် မတ်တတ်ထရပ်လျက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "ဆရာတူအစ်မချင်ကျိရဲ့ အစ်ကိုလား"
လူအိုကြီးက ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ်"
"ချီးပဲ"
ချန်ဝမ်က ချက်ချင်းဆိုသလို ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ "သူက ဘယ်လိုလုပ်ပြီး အဲဒီပေါ်မှာ ပါသွားတာလဲ။ သူက ဘယ်လိုလုပ်ပြီး အဲဒီပေါ်မှာ ပါသွားရတာလဲ။ အား..."
ချင်ကျိ။
သူမက ယခုအခါ၌ နတ်ဘုရားကောလိပ်၏ အကြီးမားဆုံး ရတနာကြီး ဖြစ်နေပြီ ဖြစ်သည်။ အပြင်သို့ ခရီးထွက်နေသော ကျောင်းအုပ်ကြီး ကုချင်က ချင်ကျိအကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် ပြန်လာခဲ့ကာ သူမကို ကိုယ်တိုင်ကိုယ်ကျ စတင်ပြုစုပျိုးထောင်ပေးခဲ့၏။ ထို့ပြင် နောက်တစ်နေ့၌ပင် နတ်ဘုရားကောလိပ်၏ နတ်ဘုရားသတ်လက်နက်ကို သူမကို ပေးအပ်ခဲ့လေသည်။
အရေးအကြီးဆုံးအချက်မှာ ထိုကောင်မလေး၏ တိုးတက်မှုအရှိန်က တကယ်ကို မြန်ဆန်လွန်းလှကာ မည်သည့်ကန့်သတ်ချက်မျှ မရှိဘဲ ကောင်းကင်ထိ မြင့်တက်နေခြင်းပင်။
သူမက နတ်ဘုရားကောလိပ်၏ အနာဂတ်ဟု ဆိုနိုင်ပေသည်။
သူမ၏ အဆင့်အတန်းက ဆရာတူအစ်မ တုန်းချန်ထက်ပင် ပို၍ မြင့်မားနေလေပြီ။
ချန်ဝမ်မှာ ကောင်းကင်ကြီး ပြိုကျလာသည့်အလား ခံစားလိုက်ရ၏။
လူအိုကြီးသည်လည်း အခြေအနေ၏ ကြီးလေးမှုကို သဘောပေါက်သွား၏။ သူက တုံ့ဆိုင်းနေပြီးနောက်တွင် "လောလောဆယ် ကျုပ်တို့ လျှို့ဝှက်ထားလိုက်ရမလား"
"ငါတို့က ဘယ်လိုလုပ်ပြီး လျှို့ဝှက်ထားလို့ရမှာလဲ"
ချန်ဝမ်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေ၏။ "သူနဲ့ သူ့အစ်ကိုက အရမ်းချစ်ကြတာ။ အကယ်၍ ငါတို့သာ သူ့အကြောင်းကို ဖုံးကွယ်ထားခဲ့ရင်... နောက်ကျ သူက ငါတို့နှစ်ယောက်ကို သေချာပေါက် အငြိုးထားလာမှာပဲ"
ပြောနေရင်းဖြင့် သူက လူအိုကြီးကို ရုတ်ခြည်း လှည့်ကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "သူ့အစ်ကိုကို သေချာစောင့်ရှောက်ဖို့ ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား။ မင်းက ဘယ်လိုလုပ်ပြီး ဒီကိစ္စကို ဖျက်ဆီးပစ်ရတာလဲ"
လူအိုကြီးမှာ ချက်ချင်းဆိုသလို မတရားခံလိုက်ရသလို ခံစားလိုက်ရ၏။ "ဒုကျောင်းအုပ်ကြီး... ကျုပ်က သူ့ကို အမြဲတမ်း စောင့်ရှောက်ခဲ့ပါတယ်။ ကျူးပိုင်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးဖို့ စေခိုင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ သူက ကျင့်ကြံဖို့ စိတ်မဝင်စားဘူး၊ ငွေရှာဖို့ပဲ သိတာ... သူက ငွေရှာချင်တယ်ဆိုတော့ ကျုပ်ကလည်း သူ့ကို ငွေရှာခွင့်ပေးလိုက်ပြီး ကောင်းတဲ့တာဝန်တွေ မကြာခဏ ပေးနေခဲ့တယ်... ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို သွားမယ်ဆိုတာ ကျုပ် တကယ် မသိခဲ့ပါဘူး"
ချန်ဝမ်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် "သွားရအောင်"
ထို့နောက် သူက မတ်တတ်ရပ်ကာ အပြင်သို့ ထွက်သွားလေသည်။
လူအိုကြီးက အလျင်အမြန် မေးလိုက်၏။ "ကျုပ်တို့ ဘယ်သွားကြမလို့လဲ"
သို့သော် ချန်ဝမ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သိပ်မကြာခင်၌ပင် တောင်ထိပ်နောက်ကွယ်ရှိ တိမ်တိုက်များနှင့် မြူခိုးများ ဖုံးလွှမ်းနေသော နတ်ဘုံနတ်နန်းတစ်ခုအလား တောင်ထွတ်တစ်ခုသို့ သူ ရောက်ရှိသွား၏။
တိမ်တိုက်များနှင့် မြူခိုးများကြား၌ အမျိုးသမီးတစ်ဦးက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူမ၏ ပတ်ပတ်လည်၌ အဆုံးအစမရှိသော အမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်များက သူမထံသို့ စုပြုံဝင်ရောက်နေကြ၏။ သူမက ဤကောင်းကင်နှင့်မြေပြင်နှင့် တစ်သားတည်းဖြစ်နေသည့်အလားပင်။ မဟုတ်သေးချေ။ သူမက ဤစကြာဝဠာကြီးနှင့် တစ်သားတည်းဖြစ်နေသည့်အလား ထင်မှတ်ရပေသည်။
ထိုအမျိုးသမီး၏ မျက်နှာချင်းဆိုင်၌ လောကီအရေးနှင့် ကင်းကွာနေသော တာအိုဆန်ဆန် အသွင်အပြင်ရှိသည့် ဆံဖြူလူအိုကြီးတစ်ဦး မတ်တတ်ရပ်နေ၏။
ထိုသူမှာ နတ်ဘုရားကောလိပ်၏ ကျောင်းအုပ်ကြီး ကုချင်ပင်။
ကုချင်က မလှမ်းမကမ်း၌ တင်ပျဉ်ခွေလျက် ထိုင်နေသော ချင်ကျိကို ကြည့်ကာ မုတ်ဆိတ်မွေးများကို သပ်လျက် ပြုံးနေ၏။
ချန်ဝမ်က တုံ့ဆိုင်းနေပြီးနောက် လျှောက်သွားလိုက်သည်။
ကုချင်က ချန်ဝမ်ကို လှည့်ကြည့်လိုက်၏။ "ဘာကိစ္စလဲ"
ချန်ဝမ်က လေးနက်သောအသံဖြင့် "ချင်ကျိရဲ့ အစ်ကိုက မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့လိုက်ရတယ်..."
ဝုန်း...
ရုတ်တရက် မျက်လုံးများမှိတ်ကာ တရားထိုင်နေသော ချင်ကျိက မျက်လုံးများ ချက်ချင်းပွင့်လာ၏။ မျက်စိတစ်မှိတ်အတွင်း၌ပင် ကမ္ဘာကြီးတစ်ခုလုံးက သူ့အပေါ် ဖိကျလာသည့်အလား ချန်ဝမ်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားသည်။
သူက ချင်ကျိကို တုန်လှုပ်မှုနှင့် ထိတ်လန့်မှုများ ရောယှက်နေသော စိတ်မျိုးဖြင့် ကြည့်လိုက်၏။
ရုတ်တရက် ချင်ကျိက ချန်ဝမ်၏ ရှေ့၌ ပေါ်လာသည်။ သူမက ချန်ဝမ်ကို ဝါးစားပစ်တော့မည့်အလား စိုက်ကြည့်လျက် "ငါ့အစ်ကို ဘာဖြစ်သွားတာလဲ"
ချန်ဝမ်က တုံ့ဆိုင်းနေပြီးနောက် "သူတို့က မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို သွားနေတုန်း မော့ခယ်နတ်ဘုရားအကျဉ်းထောင်က သန်မာသူတစ်ယောက်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရပြီး စစ်သင်္ဘောက ဖျက်ဆီးခံလိုက်ရပါတယ်..."
"အား..."
ရုတ်တရက် ချင်ကျိက အော်ဟစ်လိုက်၏။ ထိုအော်ဟစ်သံ တစ်ချက်တည်းဖြင့်ပင် နတ်ဘုရားကောလိပ်အထက်ရှိ ကြယ်တာရာကောင်းကင်အတွင်းမှနေ၍ များပြားလှသော ကြယ်များက တိုက်ရိုက် ကျဆင်းလာကြကုန်သည်။ နတ်ဘုရားကောလိပ် ကြယ်တာရာနယ်မြေတစ်ခုလုံးက ကမ္ဘာပျက်မည့်နေ့ ရောက်ရှိလာသည့်အလားပင်။
ထိုမြင်ကွင်းကို ချန်ဝမ်က မယုံကြည်နိုင်စွာဖြင့် ကြည့်နေ၏။ "ဒါက..."
ကုချင်၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားသည်။ သူက အင်္ကျီလက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားကာ ကျဆင်းလာသော ကြယ်များကို အင်အားသုံး၍ တားဆီးထားလိုက်၏။
ထိုအခိုက်အတန့်၌ ချင်ကျိက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ချန်ဝမ်က အနည်းငယ် တွေဝေသွား၏။ "ကျောင်းအုပ်ကြီး..."
ကုချင်က ချက်ချင်းပင်။ "သွားမယ်"
ထို့နောက် သူက မူလနေရာမှနေ၍ တိုက်ရိုက် ပျောက်ကွယ်သွားသည်။
တစ်ဖက်တွင်မူ...
ချင်ကျိက ချင်ယွမ်ကျဆုံးသွားခဲ့သော ကြယ်တာရာနယ်မြေသို့ ရောက်ရှိလာ၏။ စစ်သင်္ဘော၏ အပိုင်းအစတချို့သာ ကျန်ရှိနေတော့သော မြေပြင်ပေါ်၌ သူမက မတ်တတ်ရပ်နေသည်။ ချင်ကျိက ထိုနေရာ၌ မှင်သက်စွာ ရပ်နေကာ သူမ၏ မျက်နှာထက်၌ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော ထိတ်လန့်မှုတစ်ခုလည်း ထွက်ပေါ်လာ၏။ ရုတ်တရက် သူမက ရူးသွပ်စွာ စတင်ရှာဖွေတော့သည်။ "မဟုတ်ဘူး... အစ်ကို... အစ်ကိုရေ၊ အစ်ကို ဘယ်မှာလဲ..."
သူမက ပတ်ဝန်းကျင်၌ ရူးသွပ်စွာ ရှာဖွေခဲ့သော်လည်း ဘာတစ်ခုမှ မတွေ့ခဲ့ချေ။
ဤအချိန်၌ ကုချင်နှင့် ချန်ဝမ်တို့ကလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြသည်။
ချန်ဝမ်က ချင်ကျိကို တားဆီးရန် ပြင်လိုက်သော်လည်း ကုချင်က သူ့ကို ဆွဲထားလိုက်၏။
ကုချင်က အဝေးရှိ ချင်ကျိကို လှမ်းကြည့်လိုက်သည်။ "သူ့ခံစားချက်တွေကို ဖွင့်ထုတ်ပါစေ"
အချိန်အတော်ကြာပြီးနောက် ချင်ကျိက တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ရုတ်တရက် လှည့်ကာ ကုချင်ထံသို့ ပြေးလာလျက် တိုက်ရိုက် ဒူးထောက်ချလိုက်ကာ တုန်ရီသောအသံဖြင့် "ဆရာ... နတ်ဘုရားကျောင်းတော်က အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မှာပါ၊ သူ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မှာပါ..."
ကုချင်က တုံ့ဆိုင်းနေပြီးနောက် "မင်းရဲ့ အစ်ကိုက နတ်ဘုရားတစ်ပါးပါးကို မယုံကြည်ခဲ့ဘူး၊ ဒါ့ကြောင့် သူ့အတွက် နတ်ဘုရားကျောင်းတော်ထဲမှာ အမွှေးတိုင်မျိုးစေ့ မရှိခဲ့ဘူး... ဒါ့ပြင် မင်းအစ်ကိုရဲ့ ခန္ဓာကိုယ်ထဲက အမွှေးတိုင်စွမ်းအင်တွေကလည်း လုံးဝ ဖျက်ဆီးခံလိုက်ရပြီ။ သူက..."
အသက်ပြန်ရှင်ရန်အတွက် နတ်ဘုရားကျောင်းတော်သို့ ဝင်ရောက်ကာ နတ်ဘုရားတစ်ပါးကို ယုံကြည်ရမည် ဖြစ်သည်။ နတ်ဘုရားတစ်ပါးကို ယုံကြည်ပြီးနောက်၌ အမွှေးတိုင်မျိုးစေ့တစ်ခု ရှိလာမည် ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က အပြင်ဘက်၌ သေဆုံးသွားခဲ့လျှင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အမွှေးတိုင်စွမ်းအင်များ လုံးဝပျက်စီးမသွားသရွေ့ သူတို့က နတ်ဘုရားကျောင်းတော်၌ အသက်ပြန်ရှင်လာနိုင်ပေသည်။
သို့သော် ချင်ယွမ်၌ အမွှေးတိုင်မျိုးစေ့လည်း မရှိခဲ့သလို သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမွှေးတိုင်စွမ်းအင်များကလည်း လုံးဝ ဖျက်ဆီးခံလိုက်ရ၏။ ဆိုလိုသည်မှာ သူက အသက်ပြန်ရှင်လာရန် လုံးဝ မဖြစ်နိုင်တော့ခြင်းပင်။
ကုချင်၏ စကားများကို ကြားလိုက်ရသည်တွင် ချင်ကျိက ချက်ချင်းဆိုသလို ထိတ်လန့်သွားတော့၏။ သူမ၏ နှလုံးသားအနက်ပိုင်းမှနေ၍ လာသော ထိတ်လန့်မှုပင်။
အနီးနားရှိ ချန်ဝမ်က လျှောက်လာခဲ့သည်။ သူက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ချင်ကျိထံသို့ ကမ်းပေးလိုက်၏။ "ဒါက မင်းရဲ့အစ်ကို မင်းအတွက် ချန်ထားခဲ့တာ..."
ချင်ကျိက သိုလှောင်လက်စွပ်ကို အလျင်အမြန် ယူလိုက်သည်။ ယင်း၏ အတွင်း၌ အမွှေးတိုင်နတ်ဘုရားစွမ်းအင်ကျောက်သလင်း ၁၇၀၀ အပြင် စာများစွာလည်း ရှိနေ၏။ ချင်ကျိက တုန်ရီနေသော လက်များဖြင့် စာတစ်စောင်ကို ဖွင့်လိုက်ရာ ထိုစာထဲ၌ ဤသို့ ရေးသားထားသည်။ "ချင်ကျိ... ဒီနေ့ အစ်ကို ပညာရေးရမှတ် နှစ်ရာရခဲ့တယ်... နည်းနည်းတော့ နည်းပေမဲ့ အစ်ကိုက အရမ်းကို ကျေနပ်နေပါပြီ။ ဘဝက ပိုပြီးတော့ ကောင်းလာနေတယ်လို့ အစ်ကို ခံစားနေရတယ်..."
"ချင်ကျိ... ဒီနေ့ အစ်ကို ပညာရေးရမှတ် လေးရာရခဲ့တယ်။ ပင်ပန်းပေမဲ့လည်း အစ်ကို အရမ်းပျော်တယ်... ဒါပေမဲ့ အစ်ကို မင်းကို မတွေ့ရဘူး။ မင်းက တံခါးပိတ်ကျင့်ကြံနေလို့ မနှောင့်ယှက်သင့်ဘူးလို့ သူတို့က ပြောကြတယ်..."
"ချင်ကျိ... ဒီနေ့ အစ်ကို ပညာရေးရမှတ် ငါးရာရခဲ့တယ်... ဒီနေ့က အစ်ကို အများဆုံး ရဖူးတာပဲ။ ဒါပေမဲ့ ညီအစ်ကိုရီနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်သေးပါဘူး... ငါတို့နဲ့အတူတူ လာခဲ့တဲ့ ညီအစ်ကို ရီထျန်းမင်လေ။ အစ်ကို မင်းကို ပြောပြမယ်၊ ညီအစ်ကိုရီက အစ်ကို့ထက် အများကြီး ပိုပြီးတော့ အံ့သြဖို့ကောင်းတယ်။ သူက စာအုပ်တွေ စီစဉ်တဲ့ တာဝန်တစ်ခုကို ယူပြီး ပညာရေးရမှတ်ထောင်ချီပြီး အလွယ်တကူ ရသွားတယ်။ သူက အရမ်းတော်တဲ့ လူတစ်ယောက်ပဲ၊ ဗဟုသုတလည်း ကြွယ်ဝတယ်၊ အရည်အချင်းလည်း မြင့်မားတယ်၊ ပြီးတော့ အစ်ကိုနဲ့တောင် သူငယ်ချင်း ဖြစ်ချင်သေးတယ်... အစကတော့ စာဖတ်သင်ပေးဖို့ သူ့ကို အစ်ကို တောင်းဆိုချင်ခဲ့တာ၊ ဒါပေမဲ့ အစ်ကို့မှာ တကယ်ကို အချိန်မရှိဘူးလေ..."
"ချင်ကျိ... အစ်ကို မင်းကို သတိရတယ်..."
"..."
ချင်ကျိက ဒူးထောက်လျက် သူမ၏ လက်ထဲရှိ စာများကို ကြည့်နေချိန်၌ သူမ၏ မျက်နှာထက်၌ မျက်ရည်များ စီးကျနေလေပြီ။
သူမ၏ အကြည့်က အမွှေးတိုင်နတ်ဘုရားစွမ်းအင်ကျောက်သလင်းများထံသို့ ကျရောက်သွားချိန်၌ သူမ၏ နှလုံးသားမှာ အပ်များနှင့် ထိုးဆွခံနေရသည့်အလား ခံစားလိုက်ရ၏။
အချိန်အတော်ကြာပြီးနောက် သူမက စာများအားလုံးကို တစ်စောင်ချင်းစီ ဖြည်းဖြည်းချင်း ခေါက်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ သူမက မလှမ်းမကမ်းရှိ ကုချင်ကို လှည့်ကြည့်လိုက်ရာ ကုချင်မှာ အနည်းငယ် အနေရခက်နေ၏။ "ကောင်မလေး..."
ချန်ဝမ်က အလျင်အမြန်ပင်။ "ဒါတွေအားလုံးက မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကြောင့်ပဲ..."
ချင်ကျိက ကုချင်ကို စိုက်ကြည့်လိုက်၏။ "ကျွန်မအစ်ကို အသက်ရှင်တာကို ကျွန်မ လိုချင်တယ်"
ကုချင်က အင်မတန် အခက်တွေ့နေပေသည်။
အမွှေးတိုင်စွမ်းအင် မရှိခြင်းကို မဆိုထားနှင့်၊ အစစ်အမှန် တရားဝင်နတ်ဘုရားတစ်ပါးပင်လျှင် တစ်စုံတစ်ယောက်ကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မည် မဟုတ်ချေ။
ကုချင်၏ အခက်အခဲကို မြင်လိုက်ရသည်တွင် သူ မလုပ်နိုင်ကြောင်းကို ချင်ကျိမှာ သိလိုက်၏။
ချင်ကျိက ဘေးဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ ရုတ်တရက် သူမက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ဓားတစ်လက်ဖြင့် သူမ၏ လက်ကောက်ဝတ်ကို တိုက်ရိုက် လှီးဖြတ်လိုက်သည်တွင် သွေးများက လွတ်လပ်စွာ စီးကျလာ၏။ "ကျွန်မ ချင်ကျိ၊ ကျွန်မရဲ့ သွေးကို တိုင်တည်ပြီး အထက်က နတ်ဘုရားတွေကို သစ္စာဆိုပါတယ်။ ကျွန်မရဲ့ အစ်ကိုကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ ဘယ်သူ့အတွက်မဆို ကျွန်မ ချင်ကျိက အရာအားလုံးကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်"
သူမ၏ အသံက ကောင်းကင်ယံသို့ပင် ထိုးဖောက်သွား၏။
မျက်စိတစ်မှိတ်အတွင်း၌ပင် စကြာဝဠာကြယ်တာရာကောင်းကင်၏ အနက်ပိုင်းမှနေ၍ ရုတ်ခြည်းဆိုသလို နတ်ဘုရားအလင်းတန်းတစ်ခု ကျဆင်းလာသည်။ နတ်ဘုရားအလင်းတန်းက လွင့်စင်သွားသည်နှင့်တစ်ပြိုင်နက် ချင်ကျိ၏ ရှေ့၌ ရွှေရောင်ထွင်းစာများဖြင့် ခင်းကျင်းထားသော ခမ်းနားထည်ဝါသည့် မဟာတာအိုလမ်းစဉ်တစ်ခု ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ကုချင်နှင့် ချန်ဝမ်တို့၏ မျက်နှာများက အကြီးအကျယ် ပြောင်းလဲသွားသည်။
နတ်ဘုရားမဟာတာအိုပင်။
ဤသည်မှာ ဒဏ္ဍာရီထဲမှ နတ်ဘုရားဖြစ်လာမည့် မဟာတာအိုလမ်းစဉ် ဖြစ်သည်။
တစ်စုံတစ်ယောက်၏ စွမ်းအားက အဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်၊ တစ်နည်းအားဖြင့် ထိုသူက တာအိုကို နားလည်သဘောပေါက်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ချိန်၌ နတ်ဘုရားဖြစ်လာမည့် မဟာတာအိုလမ်းစဉ်က ကျဆင်းလာလိမ့်မည်ဟု ကောလာဟလများ ရှိခဲ့ဖူး၏။
ဤနတ်ဘုရားဖြစ်လာမည့် မဟာတာအိုလမ်းစဉ်ပေါ် လျှောက်လှမ်းခြင်းက ထိုသူကို တာအိုအား နားလည်သဘောပေါက်စေကာ နတ်ဘုရားတစ်ပါး ဖြစ်လာစေနိုင်ပေသည်။
သို့သော် ထိုအခိုက်အတန့်၌ နောက်ထပ် ထူးခြားဆန်းကြယ်မှုတစ်ခု ထွက်ပေါ်လာ၏။ ကြယ်တာရာကောင်းကင်၏ အနက်ပိုင်း၌ ရွှေရောင် မဟာတာအိုလမ်းစဉ် တစ်ရာကျော်က အောက်သို့ ခင်းကျင်းလာကာ ချင်ကျိ၏ ခြေထောက်အောက်သို့ ရောက်ရှိလာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ကုချင်နှင့် ချန်ဝမ်တို့မှာ လုံးဝ မှင်သက်သွားကြ၏။
နတ်ဘုရားဖြစ်လာမည့် မဟာတာအိုလမ်းစဉ် တစ်ရာကျော်... ထို့ပြင် နတ်ဘုရားဖြစ်လာမည့် မဟာတာအိုလမ်းစဉ်များက အောက်သို့ ဆက်လက်ခင်းကျင်းလာနေဆဲပင်။
ဆိုလိုသည်မှာ... နတ်ဘုရားများက သူမကို လုနေကြခြင်း ဖြစ်သည်။
ကုချင်နှင့် ချင်ကျိတို့မှာ လုံးဝ ဆွံ့အသွားကြ၏။
သို့သော် ရုတ်တရက် ထိုအခိုက်အတန့်၌ အနီရောင် မဟာတာအိုလမ်းစဉ်တစ်ခုက စကြာဝဠာကြယ်တာရာကောင်းကင်၏ အနက်ပိုင်းမှနေ၍ လောင်ကျွမ်းနေသော နဂါးတစ်ကောင်အလား အောက်သို့ ခင်းကျင်းလာကာ ကြယ်တာရာကောင်းကင်ကို ထိုးခွဲလျက် အင်မတန် ခမ်းနားထည်ဝါစွာ ရောက်ရှိလာသည်။ ထိုအနီရောင် မဟာတာအိုလမ်းစဉ် ကျဆင်းလာသည့် အခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ရွှေရောင်မဟာတာအိုလမ်းစဉ်များက ဘေးတစ်ဖက်စီသို့ ချက်ချင်း ဆုတ်ခွာသွားကြ၏။ ထိုအနီရောင် မဟာတာအိုလမ်းစဉ်က ချင်ကျိ၏ ခြေထောက်အောက်သို့ တည့်မတ်စွာ ရောက်ရှိလာလေသည်။
ချင်ကျိက မတုံ့ဆိုင်းဘဲ ထိုအနီရောင်မဟာတာအိုလမ်းစဉ်ပေါ်သို့ တိုက်ရိုက် တက်လှမ်းသွား၏။ သူမက မဟာတာအိုလမ်းစဉ်ပေါ်၌ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းသွားရာ များပြားလှသော ထူးခြားသည့် အမွှေးတိုင်စွမ်းအင်များက သူမထံသို့ စုစည်းလာကြကုန်သည်။ ထိုထူးခြားသည့် အမွှေးတိုင်စွမ်းအင်များက မီးတောက်များအလား တောက်ပနေကာ ကြောက်မက်ဖွယ် ကောင်းလှ၏။ သိပ်မကြာခင်၌ပင် ထိုလောင်ကျွမ်းနေသော အမွှေးတိုင်စွမ်းအင်များက ချင်ကျိ၏ ရုပ်ခန္ဓာနှင့် နတ်ဘုရားစိတ်ဝိညာဉ်ကို တိုက်ရိုက်ဆိုသလို စတင်တိုက်စားလာတော့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ကုချင်၏ မျက်လုံးများက ချက်ချင်းဆိုသလို တက်ကြွလာသည်။ "အဲဒါ နတ်ဘုရားမီးတောက်ပဲ... နတ်ဘုရားမီးတောက်နဲ့ သန့်စင်တာ၊ မီးကနေတစ်ဆင့် ပြန်လည်မွေးဖွားတာ။ သူက နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာရဲ့ သမိုင်းကြောင်းမှာ အသက်အငယ်ဆုံး နတ်ဘုရားတစ်ပါး ဖြစ်လာတော့မယ်..."
နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာ၏ သမိုင်းကြောင်း၌ အသက်အငယ်ဆုံး နတ်ဘုရား။
သို့သော် ထိုအခိုက်အတန့်၌ အဝေးရှိ ကြယ်တာရာကောင်းကင်၏ အဆုံးမှနေ၍ ကြယ်ရောင်တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားကာ ကောင်းကင်ယံအနက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုကြယ်ရောင်အတွင်း၌ ပါဝင်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါက စကြာဝဠာကြယ်တာရာကောင်းကင်တစ်ခုလုံးသို့ တိုက်ရိုက် ပြန့်နှံ့သွားလေသည်။
ကုချင်မှာ မှင်သက်သွား၏။
နောက်ထပ် တစ်စုံတစ်ယောက်က တာအိုကို နားလည်သဘောပေါက်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာတော့မည်လော။
ချန်ဝမ်က ထိုကြယ်တာရာကောင်းကင်ကို လှမ်းကြည့်ကာ လေသံဖျော့ဖျော့ဖြင့် "အဲဒါက မော့ခယ်နတ်ဘုရားအကျဉ်းထောင်ရဲ့ ဦးတည်ရာပဲ..."
ထိုစဉ် ချင်ကျိထံမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါနှင့် မော့ခယ်နတ်ဘုရားအကျဉ်းထောင်မှ အရှိန်အဝါတို့က အချင်းချင်း ပြင်းထန်စွာ ဝင်တိုက်သွားကြ၏။
ကုချင်၏ အမူအရာက ယခင်ကထက် ပို၍ လေးနက်သွားသည်။ "နတ်ဘုရားတာအိုတိုက်ပွဲ"
နတ်ဘုရားခေတ်၌ ကောင်းကင်နှင့်မြေပြင်တစ်ခုတည်းအတွင်း၊ ကာလတစ်ခုတည်းအတွင်း၌ အများဆုံး နတ်ဘုရားတစ်ပါးတည်းကိုသာ ဖွဲ့စည်းနိုင်ကြောင်း ဒဏ္ဍာရီများ ရှိခဲ့ဖူး၏။
ပထမအချက်အနေဖြင့် အရင်းအမြစ်များက အကန့်အသတ် ရှိနေခြင်းကြောင့်ပင်။
ဒုတိယအချက်အနေဖြင့် အထက်မှ ကန့်သတ်ချက်များ ရှိနေခြင်းကြောင့် ဖြစ်သည်။
အကယ်၍ သူတို့သာ အချင်းချင်း ဆုံတွေ့ကြပါလျှင် အသေအကြေ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ပင်။
ဤကဲ့သို့သော အခြေအနေမျိုး၌ မည်သူက နောက်ဆုတ်ရန် ဆန္ဒရှိပါမည်နည်း။
***