ရီထျန်းမင်၏ လုပ်ရပ်ကို မြင်လိုက်ရသည်တွင် ကျောင်းတော်သခင်လေးဦး၏ မျက်နှာများက ချက်ချင်းဆိုသလို ပြောင်းလဲသွားကြကာ သူတို့အားလုံးက သတိအနေအထား ဖြစ်သွားကြ၏။
သူတို့က သူတို့ရှေ့ရှိ ဤကြယ်နတ်ဘုရားအပေါ် ပေါ့ပေါ့ဆဆ မနေရဲကြချေ။ မည်သို့ပင်ဆိုစေကာမူ သူက အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်ကာ တစ်ချိန်တုန်းက ထိပ်တန်းအထွတ်အမြတ်နတ်ဘုရားတစ်ပါးပင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
ထိုအခိုက်အတန့်၌ ရီထျန်းမင်က သူ၏ ခေါင်းကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်ကာ "ဦးနှောက်မသုံးတဲ့ အလုပ်သမားတစ်ယောက်က တစ်သက်လုံး အလုပ်သမားသာ ဖြစ်နေမှာပဲ... ငါနဲ့လိုက်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုလောက် စလုပ်လိုက်၊ မင်းတို့အားလုံး နတ်ဘုရားတွေ ဖြစ်လာစေရမယ်"
ရီထျန်းမင်၏ စကားကို ကြားလိုက်ရသည်တွင် ကျောင်းတော်သခင်လေးဦးလုံးမှာ ချက်ချင်းဆိုသလို ဆွံ့အသွားကြ၏။
ဤကောင်က သူတို့ကို လက်နက်ချအညံ့ခံရန် ဖျောင်းဖျဖို့ ရောက်လာခြင်းလော။
ကျောင်းတော်သခင်လေးဦး၏ အမူအရာများက ထူးဆန်းလာကြကာ ဘာပြောရမှန်းပင် ခေတ္တမျှ မသိတော့ချေ။
အကျဉ်းထောင်သခင်သည်လည်း အနည်းငယ် တွေဝေသွား၏။
မူလက ဤအထွတ်အမြတ်နတ်ဘုရားသည် သူ၏ နတ်ဘုရားစွမ်းအားကို ပြသတော့မည်ဟု သူထင်မှတ်ထားခဲ့သော်လည်း ဤအထွတ်အမြတ်နတ်ဘုရားက သူတို့ကို လက်နက်ချအညံ့ခံရန် ကြိုးစားဖျောင်းဖျနေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ဤအရာက အောင်မြင်နိုင်ပါ့မည်လော။
ရီထျန်းမင်က ကျောင်းတော်သခင်လေးဦးကို ကြည့်လိုက်၏။ "မထင်မှတ်ထားတာတွေ ဖြစ်မလာဘူးဆိုရင် မင်းတို့က တစ်သက်လုံး နတ်ဘုရားတွေ ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး"
ချူနိုင်းက ရီထျန်းမင်ကို စိုက်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
ရီထျန်းမင်က ရယ်မောလိုက်၏။ "မင်းတို့ ရင်ထဲမှာ အဖြေရှိပြီးသားပဲကို ငါ့ကို ဘာလို့ လာမေးနေသေးလဲ"
ချူနိုင်းက တိတ်ဆိတ်သွားသည်။
နတ်ဘုရားတစ်ပါး ဖြစ်လာရန်လော။
သူတို့၏ ရင်ထဲ၌ မည်သည့်မျှော်လင့်ချက်မှ တကယ်ကို ရှိမနေခဲ့ချေ။
နတ်ဘုရားများခေတ်မှစ၍ ယခုထိတိုင်အောင် စောနက ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးမှလွဲ၍ မည်သူကမျှ နတ်ဘုရားတစ်ပါး ဖြစ်မလာနိုင်ခဲ့ကြချေ။
ရှေးဟောင်းနတ်ဘုရားကျောင်းတော်ပင်လျှင် ချွင်းချက်မဟုတ်ပေ။
ဤသည်က မိမိ၏ ကိုယ်ပိုင်ပြဿနာများလော။ သို့မဟုတ် ဤကမ္ဘာလောကကြီး၌ ပြဿနာတစ်ခုခု ရှိနေခြင်းလော။
သူတို့က အများကြီး မတွေးရဲကြချေ။
ထိုစဉ် ရုတ်တရက် ရီထျန်းမင်က "မင်းတို့ နတ်ဘုရားတွေ ဖြစ်မလာနိုင်တာက မင်းတို့ရဲ့ ပြဿနာ မဟုတ်ဘူး"
ကျောင်းတော်သခင်များ "......."
ရီထျန်းမင်က ချူနိုင်းကို ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲဆိုတာ သိချင်လား"
ကျောင်းတော်သခင်လေးဦးကို ချူနိုင်းက ဦးဆောင်နေကြောင်း သိသာနေပေသည်။
သို့သော် ချူနိုင်းက ပြန်လည်မတုံ့ပြန်ချေ။
ရုတ်တရက် နတ်ဘုရားတာအိုကျောင်းတော်၏ ကျောင်းတော်သခင် ကျင်းချင်က မေးလိုက်၏။ "အကြောင်းရင်းက ဘာလဲ"
ပြောပြီးပြီးချင်းပင် သူက ချက်ချင်းဆိုသလို နောင်တရသွားသည်။
သို့သော် သူက တကယ်ကို သိချင်နေခဲ့ခြင်းပင်။
အကယ်၍ အခြားတစ်ယောက်ယောက်က ပြောခဲ့မည်ဆိုလျှင် သူက သေချာပေါက် ယုံကြည်မည် မဟုတ်သော်လည်း သူ့ရှေ့ရှိ ဤလူက အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်နေ၏။
တစ်ဖက်လူက သူတို့မသိသော အရာများကို သေချာပေါက် သိထားပေလိမ့်မည်။
ရီထျန်းမင်က ကျင်းချင်ကို တစ်ချက်ကြည့်လိုက်၏။ "ဘာဖြစ်လို့လဲဆိုတော့ အထက်ကလူတွေက အောက်ဘက်မှာ နတ်ဘုရားအသစ်တွေ ထပ်ပေါ်လာမှာကို ခွင့်မပြုတော့လို့ပဲ"
ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချူနိုင်းနှင့် အခြားကျောင်းတော်သခင်များ၏ မျက်မှောင်များက ချက်ချင်းဆိုသလို ကြုတ်သွားကြသည်။
ကျင်းချင်က မသိစိတ်အလျောက် ထပ်မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
ရီထျန်းမင်က "နောက်ထပ် နတ်ဘုရားတစ်ပါး အထက်ကို တက်သွားတယ်ဆိုတာ သေမျိုးကမ္ဘာရဲ့ အမွှေးတိုင်ယုံကြည်မှုတွေကို မျှဝေခံစားမယ့်သူ နောက်တစ်ယောက် ထပ်တိုးလာတာပဲလေ။ အကယ်၍ မင်းသာ အထက်က နတ်ဘုရားတစ်ပါး ဖြစ်ခဲ့မယ်ဆိုရင် အောက်ဘက်ကနေ နတ်ဘုရားအသစ်တွေ တက်လာတာကို မင်း သဘောတူပါ့မလား"
ကျင်းချင်က လေးနက်သောအသံဖြင့် "မင်း ပြောနေတာ တကယ်ပဲလား"
ရီထျန်းမင်က သူ့ကို တစ်ချက်ကြည့်လိုက်၏။ "ငါလို ကြီးကျယ်ခမ်းနားတဲ့ ထိပ်တန်းအထွတ်အမြတ်နတ်ဘုရားတစ်ပါးက မင်းတို့ကို လိမ်ပြောနေစရာ လိုအပ်လို့လား"
ကျင်းချင်က တိတ်ဆိတ်သွားသည်။
အခြားကျောင်းတော်သခင်သုံးဦးသည်လည်း တိတ်ဆိတ်သွားကြ၏။
သူတို့ရှေ့ရှိလူ ပြောနေသည့်စကားများက အမှန်လော၊ အမှားလောဆိုသည်ကိုမူ သူတို့ မသေချာသော်လည်း... သူတို့၏ ရင်ထဲ၌မူ ယင်းက အမှန်ဖြစ်ကြောင်း တကယ်ကို ခံစားနေရပေသည်။
အဘယ်ကြောင့်ဆိုသော်...
အကယ်၍ ဤအကြောင်းပြချက်ကြောင့်သာ မဟုတ်ပါလျှင် ဤမျှကြာညောင်းခဲ့သော နှစ်များတစ်လျှောက်၌ မည်သူကမျှ အဘယ်ကြောင့် နတ်ဘုရားတစ်ပါး ဖြစ်မလာနိုင်ခဲ့ကြပါသနည်း။
ဤအရာက မမှန်နေချေ။
ရုတ်တရက် ချူနိုင်းက "ဒါဆို စောနက နတ်ဘုရားအဆင့်ကို တက်လှမ်းသွားတဲ့ အမျိုးသမီးကရော ဘယ်လိုလုပ်မလဲ"
အခြားသော ကျောင်းတော်သခင်သုံးဦးကလည်း ရီထျန်းမင်ကို လှမ်းကြည့်လိုက်ကြသည်။
ရီထျန်းမင်က ပြုံးလိုက်၏။ "သူ့ကို အထက်ကနေ လမ်းပြပေးဖို့ နတ်ဘုရားတစ်ပါး ရှိနေတာလေ... မင်းတို့ဆီမှာရော ရှိလို့လား"
ကျင်းချင်၏ မျက်နှာက အနည်းငယ် မည်းသည်းသွားသည်။ "အဆွေတော်... အထက်မှာ ကျောထောက်နောက်ခံပြုပေးမယ့်သူ မရှိရင် ကျုပ်တို့က ရှေ့ဆက်တက်လှမ်းဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုလိုချင်တာလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "မှန်တယ်"
ကျောင်းတော်သခင်များအားလုံး၏ မျက်နှာများက မည်းသည်းနေကြသည်။
ရီထျန်းမင်က ဆက်ပြောလိုက်၏။ "မင်းတို့အားလုံးက ကျောင်းတော်သခင်တွေ ဖြစ်ပေမယ့်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့ယုံကြည်တဲ့ နတ်ဘုရားတွေရဲ့ ရင်ထဲမှာ မင်းတို့က အလေးထားခံရတယ်လို့များ ထင်နေလား"
ကျောင်းတော်သခင်များ၏ မျက်နှာများက ပို၍ပင် မည်းသည်းသွားကြ၏။
အလေးထားခံရခြင်းလော။
တကယ်ရော ဟုတ်ပါမည်လော။
သောက်ကျိုးနည်း တစ်စက်လေးတောင် မဟုတ်ချေ။
ကျောင်းတော်သခင်များ ဖြစ်လာပြီးကတည်းက သူတို့သည် ထိုအစစ်အမှန်နတ်ဘုရားများနှင့် တစ်ကြိမ်တစ်ခါမျှ ဆက်သွယ်နိုင်ခဲ့ခြင်း မရှိချေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့ မဆက်သွယ်ချင်၍ မဟုတ်ဘဲ အထက်မှ လူများက ဆန္ဒမရှိသောကြောင့် ဖြစ်သည်။
ရီထျန်းမင်က သူတို့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ "အထက်မှာရှိတဲ့ နတ်ဘုရားတွေက မင်းတို့ကို ဘယ်လိုမြင်လဲဆိုတာ သိလား"
ကျင်းချင်က မေးလိုက်သည်။ "သူတို့က ကျုပ်တို့ကို ဘယ်လိုမြင်လို့လဲ"
ရီထျန်းမင်က အနည်းငယ်မျှ ပြုံးလိုက်၏။ "မင်းတို့က အမွှေးတိုင်ယုံကြည်မှုတွေကို ကြိုးကြိုးစားစား ကူညီစုဆောင်းပေးနေလို့ သူတို့က မင်းတို့ကို ကျေးဇူးတင်နေလိမ့်မယ်လို့များ ထင်နေလား"
ပြောနေရင်းဖြင့် သူက ခေါင်းခါယမ်းလိုက်သည်။ "မင်းတို့ မှားနေပြီ။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ မင်းတို့က သာမန်အလုပ်သမားတွေပဲ။ သူတို့ရဲ့ ကျေးဇူးတော်ကြောင့်သာ မင်းတို့ဆီမှာ လက်ရှိအဆင့်အတန်းတွေ ရှိနေရတာ။ မင်းတို့က ဘယ်လောက်ပဲ သစ္စာရှိရှိ၊ ဘယ်လောက်ပဲ ကြိုးစားပမ်းစား အလုပ်လုပ်နေပါစေ သူတို့အမြင်မှာတော့ အဲဒါက မင်းတို့ လုပ်သင့်လုပ်ထိုက်တဲ့အရာ၊ လုပ်ကိုလုပ်ရမယ့် အရာပဲ"
ရုတ်တရက် နိုးထခြင်းနန်းတော်၏ ကျောင်းတော်သခင် ကျဲကျဲက "ကျုပ်တို့ဆီမှာ ရှိသမျှအရာအားလုံးက နတ်ဘုရားတွေ ချီးမြှင့်ထားတာ ဆိုတာကိုတော့ ငြင်းလို့မရဘူး... အကယ်၍ အဆွေတော်က စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ ကျုပ်တို့ကို သွေးခွဲချင်နေတာဆိုရင်တော့ အဆွေတော်က ကျုပ်တို့ကို တကယ် အထင်သေးလွန်းနေပြီပဲ"
သွေးခွဲခြင်းလော။
ကျဲကျဲ၏ စကားကို ကြားလိုက်ရသည်တွင် ကျင်းချင်က ချက်ချင်းဆိုသလို လန့်ဖြန့်သွားကာ ရီထျန်းမင်ကို လှမ်းကြည့်လိုက်ချိန်၌ သူ၏ ရင်ထဲတွင် သတိထားစောင့်ကြည့်လိုစိတ်တစ်ခုက ချက်ချင်းဆိုသလို မြင့်တက်လာ၏။
သေစမ်း။
သူက ထိုကောင်၏ လမ်းလွဲသို့ ခေါ်ဆောင်ခြင်းကို မသိမသာဖြင့် ခံရလုနီးပါးပင် ဖြစ်သွားခဲ့၏။
ရီထျန်းမင်က နိုးထခြင်းနန်းတော်၏ ကျောင်းတော်သခင်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ "သွေးခွဲတာလား။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ"
ကျဲကျဲက ရီထျန်းမင်ကို စိုက်ကြည့်လိုက်၏။ "ကျုပ်တို့ရဲ့ လက်ရှိအခြေအနေကို ကျုပ်တို့ တော်တော်လေး ကျေနပ်နေပါပြီ"
ရီထျန်းမင်က "ကျေနပ်တယ်ဟုတ်လား။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် လိမ်နေကြတာလဲ။ မင်းတို့လေးယောက်ထဲမှာ ဘယ်သူကများ ရှေ့ဆက် မတက်လှမ်းချင်ဘဲ နေမှာလဲ။ မင်းတို့ ကြောက်နေလို့သာပဲလေ၊ ဟိုနတ်ဘုရားတစ်ချို့ကို မင်းတို့ ကြောက်နေကြတာ။ သေချာပေါက် နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိသေးတယ်။ အဲဒါက မင်းတို့ ငါ့ကိုလည်း မယုံကြည်လို့ပဲ။ ငါ့ရဲ့ လှည့်စားတာကို ခံရပြီး ထာဝရပျက်စီးခြင်းထဲကို ကျဆင်းသွားမှာ ကြောက်နေကြတာလေ"
ကျဲကျဲက လေးနက်သောအသံဖြင့် "ဒါဆိုလည်း ပြောပြပါဦး၊ ဘယ်လိုလုပ်ရင် နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မှာလဲ"
ရီထျန်းမင်က သူ့ကို ကြည့်လိုက်၏။ "ဘုရင်တွေ၊ မှူးမတ်တွေ၊ စစ်သူကြီးတွေနဲ့ အမတ်တွေဆိုတာ မွေးကတည်းက ဒီအတိုင်း ဖြစ်လာတာများလား"
ကျဲကျဲ၏ မျက်နှာက မည်းသည်းသွားသည်။
ဤသည်က သူတို့ကို ပုန်ကန်ရန် ပြောနေခြင်းပင်။
ရုတ်တရက် ချူနိုင်းက "မင်းကလည်း နတ်ဘုရားတစ်ပါးပဲလေ"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ငါက လောလောဆယ် ဒဏ်ရာရထားလို့ ငါ့ရဲ့ စွမ်းအားတွေက အထွတ်အထိပ်အခြေအနေကို ယာယီ ပြန်မရောက်နိုင်သေးဘူး။ အကယ်၍ ငါက အထွတ်အထိပ်ကို ပြန်ရောက်ချင်ရင် ငါလည်း တိုက်ခိုက်ပြီး တက်သွားရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာလောကထဲမှာ နတ်ဘုရားမီးတောက်မှ မရှိတော့တာ"
ကျောင်းတော်သခင်များက အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြ၏။
ရီထျန်းမင်က ပြုံးလိုက်သည်။ "မင်းတို့ ရွေးချယ်ရခက်နေမယ်ဆိုတာ ငါသိပါတယ်။ အကယ်၍ မင်းတို့က တကယ်ကို နတ်ဘုရားတွေ မဖြစ်ချင်ဘူးဆိုရင် ဘယ်လောက်ပဲပြောပြော မင်းတို့ကို လှုပ်ခါနိုင်မှာ မဟုတ်ဘူးဆိုတာကို ပိုပြီးတော့တောင် သိသေးတယ်... ဒါပေမဲ့ ငါ မင်းတို့ကို ပြောနိုင်တာက မင်းတို့အတွက် တစ်သက်မှာ ဒီတစ်ကြိမ်ပဲ အခွင့်အရေး ရှိတော့မယ် ဆိုတာပဲ"
ပြောပြီးနောက် သူက လှည့်ထွက်သွားလိုက်၏။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ရီထျန်းမင်က ထပ်မံရပ်တန့်လိုက်သည်။
ထို့နောက် သူက ကျောင်းတော်သခင်များကို လှည့်ကြည့်ကာ ပြုံးလိုက်၏။ "ငါ အဲဒီလောက် အများကြီး ပြောနေတာက မင်းတို့ မော့ခယ်နတ်ဘုရားအစီအရင်ကို ဖျက်ဆီးပြီး ငါ့ကို သုတ်သင်ပစ်မှာ ကြောက်နေတာကြောင့်လို့များ မင်းတို့ ထင်နေကြတာလား"
ချူနိုင်းက ရီထျန်းမင်ကို စိုက်ကြည့်လိုက်သည်။ "အဲဒီလို မဟုတ်လို့လား"
ရီထျန်းမင်က ရယ်မောလိုက်ကာ သူ၏ ညာဘက်လက်ကို ဆန့်ထုတ်၍ ညင်သာစွာ ဖိချလိုက်၏။
ဝုန်း...
မျက်စိတစ်မှိတ်အတွင်း၌ပင် ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုက ထိုနေရာတစ်ဝိုက်သို့ ရုတ်တရက် ပျံ့နှံ့သွားသည်။
ကျောင်းတော်သခင်လေးဦး၏ ကျင့်ကြံခြင်းအဆင့်က တိုက်ရိုက် ဖိနှိပ်ခံလိုက်ရ၏။
သူတို့၏ ကျင့်ကြံခြင်းအဆင့်များ ရုတ်တရက် ဖိနှိပ်ခံလိုက်ရသည်တွင် ကျောင်းတော်သခင်လေးဦး၏ မျက်နှာများက ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွားကြကာ သူတို့အားလုံးက ရီထျန်းမင်ကို သတိထား၍ ကြည့်လိုက်ကြသည်။
ရီထျန်းမင်က သူတို့ကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကာ ပြုံးလိုက်၏။ "ငါက တကယ်ဒဏ်ရာရထားလို့ ယာယီ ပြန်မကောင်းနိုင်သေးပေမယ့် ဒီလောက်လေးနဲ့ နတ်ဘုရားတစ်ပါးကို သတ်နိုင်မယ်လို့ မင်းတို့ထင်နေရင်တော့ ငါ့ကို တကယ် အထင်သေးလွန်းသွားပြီ"
ပြောနေရင်းဖြင့် သူက လှည့်ကာ အဝေးသို့ လျှောက်သွားလိုက်သည်။ "စဉ်းစားဖို့အတွက် မင်းတို့ကို ဆယ့်ငါးမိနစ် အချိန်ပေးမယ်။ အကယ်၍ ဆယ့်ငါးမိနစ်ကြာတဲ့အထိ အဲဒီအစီအရင်လေးခုက ရှိနေဦးမယ်ဆိုရင် မင်းတို့ရဲ့ ခေါင်းတွေကို ငါ လာယူမယ်"
ရီထျန်းမင်၏ စကားကို ကြားလိုက်ရသည်တွင် ကျောင်းတော်သခင်လေးဦး၏ မျက်နှာများက အင်မတန် မည်းသည်းသွားကြ၏။
မောက်မာလွန်းလှခြင်းပင်။
သို့သော် ရီထျန်းမင်က ဤသို့ပြုမူလေလေ၊ သူတို့က ပို၍ သတိထားလာကြလေလေပင်။
ရုတ်တရက် ကျင်းချင်က "လူကြီးမင်းတို့... ဘယ်လိုထင်လဲ"
နတ်ဆိုးနတ်ဘုရားကျောင်းတော်၏ ကျောင်းတော်သခင် ခဲ့ရှန်းက လေးနက်သောအသံဖြင့် "ဒီလူရဲ့ စကားတွေက ယုံကြည်ရလောက်တယ်လို့ ငါ မထင်ဘူး"
ကျင်းချင်က ခဲ့ရှန်းကို ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
ခဲ့ရှန်းက "အလိုလိုသိစိတ်အရပဲ"
ကျင်းချင်က မျက်မှောင်ကြုတ်သွားပြီးနောက် ချူနိုင်းကို လှည့်ကြည့်လိုက်၏။ "မင်းအမြင်ကရော ဘယ်လိုရှိလဲ"
ချူနိုင်းက အဝေးရှိ မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို တစ်ချက်ကြည့်လိုက်သည်။ "ငါတို့မှာ လမ်းနှစ်သွယ်ပဲ ရှိတယ်။ ပထမတစ်ချက်က သူ့နောက်ကို လိုက်ပြီး အလောင်းအစားတစ်ခု လုပ်မယ်။ နောက်ဆုံးကျရင် ငါတို့ရဲ့ တာအိုကို သက်သေပြပြီး သူနဲ့အတူ နတ်ဘုရားတွေ ဖြစ်လာဖို့ပေါ့။ ဒုတိယတစ်ချက်က အခု သူ့ကို တိုက်ခိုက်ဖို့ပဲ။ သေချာပေါက် ငါတို့ယုံကြည်တဲ့ နတ်ဘုရားတွေ ဆင်းသက်လာတာမျိုး မဟုတ်ရင် ငါတို့မှာ အနိုင်ရဖို့ ရာခိုင်နှုန်းပြည့် အခွင့်အရေး မရှိဘူး"
ခဲ့ရှန်းက ခေါင်းခါယမ်းလျက် ပြောလိုက်၏။ "သူက ငါတို့ကို အသုံးချချင်နေတယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်။ အထက်က နတ်ဘုရားတွေက ငါတို့ကို အရေးမလုပ်ဘူးလို့ ခုနကပဲ သူ ပြောသွားခဲ့တာလေ။ မမေ့နဲ့ဦး၊ သူကလည်း နတ်ဘုရားတစ်ပါးပဲ၊ ထိပ်တန်းအထွတ်အမြတ်နတ်ဘုရားတစ်ပါးနော်။ သူကရော ငါတို့ကို အရေးလုပ်ပါ့မလား"
ရုတ်တရက် နိုးထခြင်းနန်းတော်၏ ကျောင်းတော်သခင် ကျဲကျဲက "အသေအကြေ တိုက်ခိုက်မလား၊ သူနဲ့ ပူးပေါင်းလုပ်ကိုင်မလားဆိုတာပဲ"
ကျောင်းတော်သခင်များအားလုံး တိတ်ဆိတ်သွားကြ၏။
သူတို့ထံ၌ ထိုလမ်းနှစ်သွယ်သာ ရှိလေသည်။
ရုတ်တရက် ကျင်းချင်က "ငါ့မှာတော့ အကြံတစ်ခု ရှိတယ်"
ကျောင်းတော်သခင်များက ကျင်းချင်ကို ကြည့်လိုက်ကြသည်။
ကျင်းချင်က ခေတ္တမျှ စဉ်းစားပြီးနောက်တွင် "သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ သူပြောသွားတဲ့ အချက်တစ်ချက်က မှန်ကန်တယ်လို့ ငါ ထင်တယ်။ အလုပ်သမားတစ်ယောက် ဖြစ်နေရတာဟာ အနာဂတ် မရှိဘူးဆိုတာပဲ"
ကျင်းချင်က ဆက်ပြောလိုက်သည်။ "လူကြီးမင်းတို့... သေမျိုးကမ္ဘာမှာတော့ ငါတို့က အထွတ်အထိပ်ကို တကယ် ရောက်ရှိနေကြပြီ။ ဒါပေမဲ့ ဒီအရာက ငါတို့ရဲ့ ကန့်သတ်ချက်ပဲဆိုတာကို လူတိုင်း သေချာသိကြတယ်။ အကယ်၍ ငါတို့သာ ရှေ့ဆက်တက်လှမ်းချင်တယ်ဆိုရင် အထက်က လူတစ်ယောက်ယောက်ရဲ့ မြှင့်တင်ပေးမှု မရှိဘဲနဲ့ လုံးဝ မဖြစ်နိုင်ဘူး"
ပြောရင်းဖြင့် သူက ခေတ္တရပ်တန့်ကာ ထပ်ပြောလိုက်၏။ "ရှေးခေတ်ကတည်းက စွန့်စားမှု ကြီးမားလေလေ၊ အကျိုးအမြတ်က ကြီးမားလေလေပဲလေ"
ခဲ့ရှန်းက ကျင်းချင်ကို စိုက်ကြည့်လိုက်သည်။ "မင်းက မင်းရဲ့ နတ်ဘုရားကို သစ္စာဖောက်ချင်နေတာပဲ"
ကျင်းချင်က အနည်းငယ် မကျေမနပ်ဖြစ်သွား၏။ "အလုပ်သမားတစ်ယောက်က သူဌေးပြောင်းတာကို သစ္စာဖောက်တယ်ဆိုပြီး ခေါ်လို့ ရလို့လား"
ကျင်းချင်က ဆက်ပြောလိုက်သည်။ "ကျောင်းတော်သခင် ခဲ့ရှန်းက သူ့ကို ယုံကြည်လို့ မရဘူးလို့ ခုနက ပြောနေပေမယ့် ငါကတော့ ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို ယုံကြည်ရတယ်လို့ ခံစားမိတယ်"
ခဲ့ရှန်းက ပြန်လည်ချေပလိုက်၏။ "ဘာဖြစ်လို့လဲ"
ကျင်းချင်က ပြုံးလိုက်သည်။ "သူက ငါတို့ကို အဲဒီလောက် အများကြီး ပြောနေရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒါမှမဟုတ် အဲဒီအရာရဲ့ အနှစ်သာရက ဘာလဲ။ အနှစ်သာရကတော့ သူက ငါတို့ဆီကနေ အကူအညီ ရဖို့ မျှော်လင့်နေတာပဲ။ တစ်နည်းအားဖြင့် ငါတို့က သူ့အတွက် အများကြီး အသုံးဝင်နေမှာ သေချာတယ်။ အဲဒါကြောင့် သူက ငါတို့ကို လာရှာတာပေါ့"
ခဲ့ရှန်းက ထပ်မေးလိုက်၏။ "ဒါဆိုရင်ရော ဘာဖြစ်လဲ။ ငါတို့က သူ့ရဲ့ အသုံးချတာကို လိုလိုလားလား ခံကြရမှာလား"
ကျင်းချင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ကျောင်းတော်သခင် ခဲ့ရှန်း... မင်းကိုယ်မင်း သိပ်အထင်မကြီးပါနဲ့။ ငါတို့က အခုချိန်မှာ သူ့အတွက် အသုံးဝင်နေတာ မှန်ပေမယ့် အနာဂတ်မှာ သူ့အတွက် ဆက်ပြီး အသုံးဝင်နေမယ်လို့ ဆိုလိုနေတာ မဟုတ်ဘူး။ အနည်းဆုံးတော့ သူပြန်ကောင်းလာတာနဲ့တစ်ပြိုင်နက် ငါတို့က သူ့အတွက် သိပ်အသုံးဝင်တော့မှာ မဟုတ်တာ သေချာတယ်"
ခဲ့ရှန်းက လေးနက်သောအသံဖြင့် "နတ်ဘုရားတစ်ပါးကို သစ္စာဖောက်တဲ့ အကျိုးဆက်ကိုတော့ မင်း သိထားသင့်တယ်"
ကျင်းချင်က ခဲ့ရှန်းကို တစ်ချက်ကြည့်လိုက်၏။ "အလုပ်သမား..."
ခဲ့ရှန်းက ဒေါသတကြီးဖြင့် "ကျောင်းတော်သခင် ကျင်းချင်... စကားကို ဆင်ခြင်ပြောပါ"
ကျင်းချင်က ပြုံးလိုက်၏။ "ဒေါသမထွက်ပါနဲ့။ ငါကလည်း အလုပ်သမားတစ်ယောက်ပါပဲ။ ဒါပေမဲ့ ခုနက သူပြောတာ မှန်တယ်လေ။ ဦးနှောက်မသုံးတဲ့ အလုပ်သမားတစ်ယောက်ဟာ တစ်သက်လုံး အလုပ်သမားပဲ ဖြစ်နေမှာတဲ့။ ဒါပေမဲ့ ငါကတော့ တစ်သက်လုံး အလုပ်သမားတစ်ယောက် ဖြစ်နေရမယ်ဆိုရင်တောင် အခြေအနေအရ ပြောင်းလဲတတ်ဖို့တော့ သိထားသင့်တယ်လို့ ငါထင်တယ်။ အဲဒါကတော့ ပိုပေးနိုင်တဲ့ သူဆီမှာ အလုပ်လုပ်ဖို့ပဲ"
ခဲ့ရှန်းက "သူ မင်းကို လှည့်စားသွားမှာကို မကြောက်ဘူးလား"
ကျင်းချင်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ကာ လေသံဖျော့ဖျော့ဖြင့် "ငါတို့ယုံကြည်တဲ့ နတ်ဘုရားတွေက ငါတို့ကို လှည့်စားဖို့တောင် အချိန်မပေးကြဘူးလေ"
ခဲ့ရှန်းက လေးနက်သောအသံဖြင့် "မင်း နောင်တရလိမ့်မယ်၊ မင်း..."
ကျင်းချင်က သူ့ကို တစ်ချက်ကြည့်လိုက်၏။ "အရည်အချင်းမရှိတဲ့ လူမိုက်၊ မင်းလိုကောင်က ငါနဲ့ အတူတိုင်ပင်ဆွေးနွေးဖို့တောင် မထိုက်တန်ဘူး..."
ပြောပြီးနောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ အဝေးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။
သူက စီးပွားရေးလုပ်ငန်းတစ်ခု စတင်ချင်နေပြီ ဖြစ်သည်။
သူလည်း နတ်ဘုရားတစ်ပါး ဖြစ်လာချင်နေခြင်းပင်။
ခဲ့ရှန်း "......."
***