ကျင်းချင်က အဝေးသို့ လျှောက်သွားလိုက်ပြီးနောက် တစ်ချိန်တည်း၌ပင် သူ၏ ညွှန်ကြားချက်အရ နတ်ဘုရားတာအိုကျောင်းတော်၏ မဟာအစီအရင်ကို ချက်ချင်း ရုပ်သိမ်းလိုက်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် နတ်ဆိုးနတ်ဘုရားရှေးဟောင်းကျောင်းတော်၏ ကျောင်းတော်သခင် ခဲ့ရှန်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းသည်းသွား၏။ "သူက နတ်ဘုရားတွေကို တကယ်ကြီး သစ္စာဖောက်ရဲတယ်ပေါ့"
ပြောရင်းဖြင့် သူက မလှမ်းမကမ်းရှိ ချူနိုင်းနှင့် အခြားတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ "မင်းတို့နှစ်ယောက်ကရော၊ ဘယ်လို စဉ်းစားထားလဲ"
နိုးထခြင်းနန်းတော်၏ ကျောင်းတော်သခင်က သူ့ကို တစ်ချက်ကြည့်လိုက်၏။ "အရင်တုန်းက သုံးယောက်တစ်ယောက်ဆိုတော့ ငါတို့မှာ အနိုင်ရဖို့ အခွင့်အရေး ရှိသေးတယ်။ အခုတော့ နှစ်ယောက်နှစ်ယောက် ဖြစ်သွားပြီ၊ ငါတို့မှာ အခွင့်အရေး ရှိသေးတယ်လို့ မင်း ထင်နေလား"
ခဲ့ရှန်း၏ မျက်နှာက ပျက်ယွင်းသွားသည်။
သုံးယောက်တစ်ယောက်ပင်လျှင် အနိုင်ရဖို့ အခွင့်အရေး သိပ်မရှိချေ။ မည်သို့ပင်ဆိုစေကာမူ ထိုကြယ်နတ်ဘုရားက သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူပင် ဖိနှိပ်နိုင်ခဲ့သည် မဟုတ်ပါလော။
ယခု နှစ်ယောက်နှစ်ယောက်ဆိုလျှင်မူ... အနိုင်ရရန် အခွင့်အရေးက ပို၍ပင် နည်းပါးသွားပြီ ဖြစ်၏။
ခဲ့ရှန်းက လေးနက်သောအသံဖြင့် "သူက နတ်ဘုရားစော်ကားသူပဲ"
နတ်ဘုရားစော်ကားသူပင်...
မည်သူက သတိမထားမိဘဲ နေပါမည်နည်း။
သို့သော်... ရုတ်တရက် ချူနိုင်းက "သူကလည်း နတ်ဘုရားတစ်ပါးပဲလေ"
သူတို့က ချူနိုင်းကို ကြည့်လိုက်ကြရာ ချူနိုင်းက လေသံဖျော့ဖျော့ဖြင့် "လူကြီးမင်းတို့... အကယ်၍ ငါတို့က ခိုင်းနွားတွေအဖြစ် ဆက်နေသွားမယ်ဆိုရင် အနာဂတ်မှာ တာအိုကို သက်သေပြပြီး နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ အခွင့်အရေး ရှိမယ်လို့ ထင်နေကြလား"
သူတို့အားလုံး တိတ်ဆိတ်သွားကြ၏။
တကယ်တမ်း၌ ထိုအရာက လုံးဝမဖြစ်နိုင်ကြောင်းကို သူတို့က အလွန်သေချာစွာ နားလည်ထားကြပေသည်။
ချူနိုင်းက ဆက်ပြောလိုက်၏။ "အကယ်၍ ငါတို့ အခု နောက်ဆုတ်သွားရင် ဒီတိုင်းပဲ ဆက်သည်းခံ၊ ဖြစ်သလို နေသွားပြီး ငါတို့ပုပ်သိုးသွားမယ့် နေ့ကို စောင့်ရုံပဲ ရှိတော့မှာ..."
ဤစကြာဝဠာအတွင်းရှိ သက်ရှိသတ္တဝါများက သေဆုံးပြီးနောက် သူတို့၏ အမွှေးတိုင်ယုံကြည်မှု မငြိမ်းသတ်သရွေ့ နတ်ဘုရားတာအိုကျောင်းတော်၌ ပြန်လည်ရှင်သန်နိုင်ကြသော်လည်း သူတို့၏ သက်တမ်းက အကန့်အသတ်မဲ့ မဟုတ်ချေ။
သူတို့၏ သက်တမ်းများ ကုန်ဆုံးသွားသောနေ့၌ အမွှေးတိုင်ယုံကြည်မှုများက နတ်ဘုရားတာအိုကျောင်းတော်ထံသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကာ နတ်ဘုရားများ၏အပိုင် ဖြစ်သွားလိမ့်မည်ပင်။
ထို့ကြောင့် အကယ်၍ သူတို့က တာအိုကို သက်သေပြပြီး နတ်ဘုရားတစ်ပါး ဖြစ်မလာနိုင်ပါလျှင် သူတို့လည်း သေဆုံးရမည်သာ ဖြစ်၏။
သေဆုံးခြင်းပင်...
ထိုစကားလုံးကို တွေးမိလိုက်သည်နှင့် သူတို့က မည်မျှထိ လက်မခံချင် ဖြစ်နေမည်နည်း။
သူတို့၏ ကျင့်ကြံခြင်းအဆင့်၌ အာဏာနှင့် အလှအပများက ရိုးအီနေပြီ ဖြစ်သည်။
သူတို့ကို ဆွဲဆောင်နိုင်သော တစ်ခုတည်းသောအရာမှာ နတ်ဘုရားတစ်ပါး ဖြစ်လာရန်ပင်...
နတ်ဘုရားတစ်ပါး ဖြစ်လာခြင်းက ပို၍ အသက်ရှည်ရှည် နေရမည်ဟု ဆိုလိုခြင်း ဖြစ်၏။
ရုတ်တရက် ချူနိုင်းက "သွားကြစို့... အဲ့ဒီကြယ်နတ်ဘုရားနဲ့ သွားဆွေးနွေးကြတာပေါ့"
ခဲ့ရှန်းက လေးနက်သောအသံဖြင့် "ဒါပေမဲ့ ငါတို့က နတ်ဘုရားတွေကို သစ္စာဖောက်လိုက်တာနဲ့..."
ချူနိုင်းက သူ့ကို တစ်ချက်ကြည့်လိုက်၏။ "အဲဒီကြယ်နတ်ဘုရား ပြောတာ မှန်တယ်။ နတ်ဘုရားတွေအတွက်တော့ ငါတို့ရဲ့ သစ္စာရှိမှုက တကယ်ကို အရေးမပါဘူး"
ခဲ့ရှန်းမှာ သူ့ကို ပြန်လည်ချေပနိုင်စွမ်း မရှိတော့ချေ။
တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် သူက ထပ်ပြောလိုက်၏။ "အပြင်ဘက်မှာရှိတဲ့ လူတွေက..."
မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို ဖျက်ဆီးရန် ဆူညံအော်ဟစ်နေကြဆဲဖြစ်သော အပြင်ဘက်မှ လူများကို ချူနိုင်းက တစ်ချက်လှမ်းကြည့်လိုက်ကာ တည်ငြိမ်စွာပင်။ "သတ္တဝါအားလုံးက အသိပညာမဲ့ကြတယ်။ မှားတယ်၊ မှန်တယ်ဆိုတာ ငါတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူးလား"
ပြောပြီးနောက် သူက လှည့်ကာ အဝေးသို့ လျှောက်သွားလိုက်၏။
နိုးထခြင်းနန်းတော်မှ ကျဲကျဲက ခဲ့ရှန်းကို တစ်ချက်ကြည့်လိုက်သည်။ "ဆွေးနွေးကြည့်လို့လည်း ဘာမှ မနစ်နာပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီကြယ်နတ်ဘုရားက ချဉ်းကပ်ရ လွယ်ကူမယ့်ပုံပါပဲ"
ယခင်က ကြယ်နတ်ဘုရား ထွက်ပေါ်လာပြီးနောက် နယ်မြေနှင့် အကျိုးအမြတ်များကို လုယူမည်အား သူတို့ စိုးရိမ်ခဲ့ကြသော်လည်း ယခုကြည့်ရသည်မှာ သူ၏ ရည်မှန်းချက်က ဤစကြာဝဠာ မဟုတ်ဘဲ နတ်ဘုရားများ ဖြစ်နေခြင်းပင်။
ထို့ပြင် တစ်ဖက်လူက အထူးတလည် မောက်မာမနေဘဲ ဆွေးနွေးလိုစိတ် ရှိနေပေသည်။ သူတို့အားလုံး အကျိုးအမြတ်ကိုယ်စီ ရနိုင်မည့် အနေအထားမျိုး၌ အဘယ်ကြောင့် အသေအကြေ တိုက်ခိုက်ရပါမည်နည်း။
ဆွေးနွေးခြင်းက ကောင်းခြင်းပင်။
ကျဲကျဲသည်လည်း အဝေးသို့ လျှောက်သွားလိုက်၏။
ထိုနေရာ၌ ခဲ့ရှန်းတစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့သည်။ သူကလည်း ရွေးချယ်စရာ မရှိတော့ဘဲ သူတို့နောက်သို့ တိုက်ရိုက် လိုက်သွားရတော့၏။
အကယ်၍ ယခုချိန်၌ သူသာ ဆက်နေမည်ဆိုလျှင် လေးယောက်တစ်ယောက် ဖြစ်သွားမည်ဖြစ်သော်လည်း အရိုက်ခံရမည့်သူမှာ သူဖြစ်သွားလိမ့်မည်ပင်။
ကျောင်းတော်သခင်လေးဦးက မော့ခယ်နတ်ဘုရားအကျဉ်းထောင်သို့ ထွက်ခွာသွားချိန်၌ ထိုနေရာတစ်ဝိုက်ရှိ မဟာအစီအရင်လေးခုကလည်း အသီးသီး ရုပ်သိမ်းသွားကြလေသည်။
ထိုအရာက အပြင်ဘက်ရှိ လူများကို ချက်ချင်းဆိုသလို တွေဝေသွားစေ၏။
သို့သော် ကျောင်းတော်သခင်လေးဦးက သူတို့ကို အသင့်အနေအထားဖြင့် စောင့်နေရန် အမိန့်ပေးထားခဲ့သည်။
သူတို့က ထပ်မမေးရဲကြတော့ဘဲ စောင့်ဆိုင်းနေရုံသာ တတ်နိုင်ကြတော့၏။
မော့ခယ်နတ်ဘုရားအကျဉ်းထောင်။
အဓိကခန်းမဆောင်အတွင်း၌။
အကျဉ်းထောင်သခင်က မလှမ်းမကမ်း၌ ထိုင်နေသော ရီထျန်းမင်ကို အလွန်အမင်း ကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်နေ၏။ ဤအထွတ်အမြတ်နတ်ဘုရားက စကားအနည်းငယ်မျှဖြင့် ကျောင်းတော်သခင်လေးဦးကို ဖျောင်းဖျနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။
ယုံရှီးသည်လည်း အနီးအနား၌ ရှိနေသည်။ သူမ၏ အကြည့်အရ သူမသည်လည်း တကယ်ကို အံ့အားသင့်နေခြင်းပင်။
ရီထျန်းမင်က ကျောင်းတော်သခင်လေးဦး၏ မျက်နှာချင်းဆိုင်၌ ထိုင်နေ၏။
ရီထျန်းမင်က ထိုလေးဦးကို ကြည့်လိုက်သည်။ "မင်းတို့ ဘာကိုစိုးရိမ်နေလဲဆိုတာကို ငါ သိတယ်။ မင်းတို့ရဲ့ နတ်ဘုရားတွေက မင်းတို့ကို လက်စားချေမှာ ကြောက်နေကြတာမလား..."
ရုတ်တရက် ချူနိုင်းက "အထွတ်အမြတ်နတ်ဘုရား... စကားဖြတ်ပြောရတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ဒီကို ရောက်လာကတည်းက ကျုပ်တို့ရဲ့ နတ်ဘုရားတွေ လက်စားချေမှာကို မကြောက်တော့ပါဘူး။ အခု ကျုပ်တို့ သိချင်နေတာက အထွတ်အမြတ်နတ်ဘုရားဆီမှာ ဘယ်လိုအစီအစဉ်တွေ ရှိနေလဲဆိုတာကိုပါပဲ"
သူတို့က တကယ်တမ်း၌ သစ္စာမဆိုရသေးချေ။
သူတို့က ရီထျန်းမင်၏ အစီအစဉ်ကို အရင်ဆုံး ကြည့်ရန် လိုအပ်ပေသည်။
ရီထျန်းမင်က ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်၏။ "ငါ့မှာ ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်တစ်ခု ရှိတယ်"
ကျောင်းတော်သခင်များမှာ ချက်ချင်းဆိုသလို သိချင်စိတ် ပြင်းပြသွားကြသည်။
ရီထျန်းမင်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။
ခန်းမထဲရှိ လူတိုင်း၏ရှေ့၌ စာလိပ်တစ်ခု ထွက်ပေါ်လာသည်။
အားလုံးမှာ အနည်းငယ် နားမလည်နိုင်ဖြစ်သွားကြ၏။
ရီထျန်းမင်က "ကြည့်လိုက်ကြ"
အားလုံးက ဖွင့်ကြည့်လိုက်သည်တွင် တုန်လှုပ်သွားကြ၏။
ရီထျန်းမင်မှ သူတို့ကို ပြသလိုက်သောအရာမှာ သက်ရှိသတ္တဝါအပေါင်းဉပဒေပင်။
"ဒါက..."
ချူနိုင်းက မယုံကြည်နိုင်ဟန်ဖြင့် ရီထျန်းမင်ကို ကြည့်လိုက်၏။ "အထွတ်အမြတ်နတ်ဘုရား... ဒီဉပဒေသက..."
ရီထျန်းမင်က ပြုံးလိုက်သည်။ "ဒီဉပဒေသဟာ အတိတ်က... ဘိုးဘေးနတ်ဘုရား ဖန်တီးခဲ့တာ"
ဘိုးဘေးနတ်ဘုရား ဖန်တီးခဲ့ခြင်းပင်...
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမထဲရှိ လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြ၏။
ဘိုးဘေးနတ်ဘုရားလော။
သူက နတ်ဘုရားများအားလုံး၏ အကြီးအကဲ မဟုတ်ပါလော။
ဤဉပဒေသကို သူက တကယ်ကြီး ဖန်တီးခဲ့သည်လော။
ရီထျန်းမင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ဒီဉပဒေသကို သက်ရှိသတ္တဝါအပေါင်းဉပဒေလို့ ခေါ်တယ်။ ဘာလို့ သက်ရှိသတ္တဝါအပေါင်းဉပဒေလို့ ခေါ်လဲဆိုတာ မင်းတို့ သိလား"
ရုတ်တရက် ယုံရှီးက "သက်ရှိသတ္တဝါအပေါင်းအတွက် ဖန်တီးထားလို့လား"
ရီထျန်းမင်က ယုံရှီးကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်၏။ "မှန်တယ်။ ဒီဉပဒေသကို ငါ့ဆရာ... အဲဒီဘိုးဘေးနတ်ဘုရားက သက်ရှိသတ္တဝါအပေါင်းအတွက် တကယ်ကို ဖန်တီးခဲ့တာပဲ။ သူက တကယ်ကို တရားမျှတတဲ့ ကမ္ဘာကြီးတစ်ခု တည်ဆောက်ပြီး သက်ရှိသတ္တဝါအားလုံးကို နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ အခွင့်အရေး ရစေချင်ခဲ့တာ... ဒါပေမဲ့ အဲ့လူအိုကြီးရဲ့ အကြံဉာဏ်က အောက်ဘက်မှာရှိတဲ့ နတ်ဘုရားတွေရဲ့ အကျိုးစီးပွားကို သေချာပေါက် ထိခိုက်စေခဲ့မှာပဲ..."
ကျင်းချင်က ချက်ချင်းဆိုသလို မတ်တတ်ရပ်လိုက်၏။ "ကျုပ်သိပြီ... အတိတ်က နတ်ဘုရားတွေကြားထဲ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်က အဲဒီနတ်ဘုရားတွေအနေနဲ့ ဒီဉပဒေသကို သေမျိုးတွေကြားထဲ မပျံ့နှံ့စေချင်လို့ပဲ ဖြစ်ရမယ်။ အဲဒါကြောင့် သူတို့က ဘိုးဘေးနတ်ဘုရားကို သတ်ဖို့ ပူးပေါင်းခဲ့ကြတာပဲ... ဘိုးဘေးနတ်ဘုရားက သူ့ရဲ့တာအိုကို အလိုအလျောက် ဖျက်ဆီးသွားခဲ့တာ မဟုတ်ဘူး၊ နတ်ဘုရားတွေရဲ့ ဝိုင်းဝန်းလုပ်ကြံမှုကို ခံခဲ့ရတာပဲ..."
စကားဆုံးသွားချိန်၌ သူက အလွန်အမင်း စိတ်လှုပ်ရှားနေပေသည်။
အားလုံး "......."
ရီထျန်းမင်က ကျင်းချင်ကို တစ်ချက်ကြည့်ကာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "ငါ့ဆရာက သက်ရှိသတ္တဝါအပေါင်းဉပဒေ စုစုပေါင်း ကိုးခုကို ဖန်တီးခဲ့တယ်။ မူလကတော့ သူက ဒီဉပဒေသကို အောက်ဘက်က သတ္တဝါတွေဆီ ဖြန့်ဝေပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် မထင်မှတ်ဘဲ နတ်ဘုရားများစွာက နတ်ဘုရားသတ်ဖြတ်မှုကြီးကို ရုတ်ခြည်း စတင်ခဲ့ကြတယ်လေ..."
ရုတ်တရက် ချူနိုင်းက "ဘိုးဘေးနတ်ဘုရားရဲ့ စွမ်းအားနဲ့ဆိုရင်... သူက သူတို့ရဲ့ ဖိနှိပ်သတ်ဖြတ်တာကို ဒီလောက်ထိ လွယ်လွယ်ကူကူ ခံရဖို့တော့ မဖြစ်နိုင်ဘူး မဟုတ်လား"
အတိတ်က နတ်ဘုရားများကြား ဖြစ်ပွားခဲ့သော စစ်ပွဲ၏ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍မူ တကယ်တမ်း၌ သူတို့က မသိခဲ့ကြချေ။ ထိုသမိုင်းကာလကို ထိုခေတ်က နတ်ဘုရားများသာ သိရှိကြပေသည်။
ရုတ်တရက် ရီထျန်းမင်မှာ ရင်ထဲ၌ နာကျင်သွားသလို ခံစားလိုက်ရ၏။ "ပုံမှန်အခြေအနေမျိုးမှာဆိုရင်တော့ သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ငါ့ဆရာက သူ့အတွက် အရင်းနှီးဆုံးလူရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတာလေ..."
ကျင်းချင်က ချက်ချင်း ပြောလိုက်သည်။ "အထွတ်အမြတ်နတ်ဘုရားသုံးပါး... ဟုတ်တယ်မလား"
"မဟုတ်ဘူး..."
သူ၏ဘေးရှိ အကျဉ်းထောင်သခင်က ချက်ချင်း ဝင်ပြောလိုက်၏။ "အထွတ်အမြတ်နတ်ဘုရားမော့ခယ်ကတော့ လုံးဝကို မဟုတ်ဘူး။ အတိတ်တုန်းက သူလည်း နတ်ဘုရားတာအိုကျောင်းတော်ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး နတ်ဘုရားတွေရဲ့ ရန်သူဖြစ်ခဲ့တာ..."
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "အစ်ကိုကြီးမော့ခယ်က မဟုတ်ပါဘူး။ သူက ငါနဲ့ အတူရှိနေခဲ့တာ"
ရုတ်တရက် ချူနိုင်းက "ဒါပေမဲ့ နတ်ဘုရားသမိုင်းကြောင်းတွေအရဆိုရင် အထွတ်အမြတ်နတ်ဘုရားမော့ခယ်ဟာ အတိတ်တုန်းက ဘိုးဘေးနတ်ဘုရားရဲ့ ကိုယ်တိုင်အကျဉ်းချတာကို ခံခဲ့ရတာဆို..."
အားလုံးက ရီထျန်းမင်ကို ကြည့်လိုက်ကြသည်။
ရီထျန်းမင်က ပြုံးလိုက်၏။ "ကျောင်းတော်သခင် ချူနိုင်း... စကားပုံတစ်ခုကို ကြားဖူးလား"
ချူနိုင်းက သိချင်စိတ်ဖြင့် "ဘာများလဲ"
ရီထျန်းမင်က သူ့ကို ကြည့်လိုက်၏။ "သမိုင်းဆိုတာ အနိုင်ရတဲ့သူတွေ ရေးတာလေ"
ချူနိုင်းက တိတ်ဆိတ်သွားသည်။
ဤသည်က ယုတ္တိရှိပေသည်။
ရီထျန်းမင်က ဆက်ပြောလိုက်၏။ "ဒီအရာတွေက အရေးမကြီးတော့ပါဘူး။ အခု ငါတို့ စဉ်းစားရမှာက လက်ရှိအတွက်ပဲ..."
ပြောရင်းဖြင့် သူက လူတိုင်းကို တစ်ချက်ကြည့်လိုက်သည်။ "ပုန်ကန်တယ်ဆိုတာ ငါတို့လူနည်းနည်းလေးကိုပဲ အားကိုးနေလို့ လုံးဝ မလုံလောက်ဘူး။ အဲဒါကြောင့် ငါတို့ လုပ်ရမယ့် ပထမခြေလှမ်းက... သတ္တဝါအားလုံးကို စည်းရုံးလှုံ့ဆော်ဖို့ပဲ..."
ကျင်းချင်က အနည်းငယ် သိချင်သွား၏။ "သူတို့ကို ဘယ်လို စည်းရုံးလှုံ့ဆော်မှာလဲ"
ရီထျန်းမင်က လေးနက်စွာဖြင့် "ဒီသက်ရှိသတ္တဝါအပေါင်းဉပဒေကို ကြေညာပေးဖို့ မင်းတို့ရဲ့ အကူအညီကို လိုတယ်။ ပြီးတော့ အဓိက ကြယ်တာရာနယ်မြေကြီးလေးခုက လူတွေကို ဒီဉပဒေသကို လာရောက်ကျင့်ကြံခိုင်းရလိမ့်မယ်..."
"ဟင်"
ကျင်းချင်က အနည်းငယ် မယုံကြည်နိုင်ဖြစ်နေ၏။ "ဒီဉပဒေသကို တိုက်ရိုက်ကြီး ဖြန့်ဝေပေးလိုက်မှာလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။
အခြားသူများကလည်း အင်မတန် တုန်လှုပ်သွားကြ၏။
ကျင်းချင်က စကားပြောရန် တုံ့ဆိုင်းနေသည်။
ရီထျန်းမင်က ပြုံးလိုက်၏။ "ငါတို့ အတူတူထိုင်နေကြကတည်းက အခုကစပြီး လှေတစ်စီးတည်း စီးနေကြတဲ့သူတွေ ဖြစ်သွားပြီ။ ရင်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်"
ကျင်းချင်က လေးနက်စွာဖြင့် "အထွတ်အမြတ်နတ်ဘုရား... အကယ်၍ ဒီဉပဒေသကို လူသိရှင်ကြား ကြေညာလိုက်မယ်ဆိုရင် အဲဒါက ကျုပ်တို့အတွက်... ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်"
ချူနိုင်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ "အဲဒါက ငါတို့အတွက် ခြိမ်းခြောက်မှု မဖြစ်စေပါဘူး"
အားလုံးက ချူနိုင်းကို ကြည့်လိုက်ကြရာ ချူနိုင်းက ရီထျန်းမင်ကို ကြည့်လိုက်သည်။ "အထွတ်အမြတ်နတ်ဘုရားက နတ်ဘုရားတွေကို ဆန့်ကျင်ဖို့အတွက် စကြာဝဠာတစ်ခုလုံးက လူတွေကို စည်းရုံးချင်နေတာပဲ"
ရီထျန်းမင်က သူ့ကို အသိအမှတ်ပြုသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ "မှန်တယ်။ ငါတို့ လူနည်းနည်းလေးနဲ့ နတ်ဘုရားတွေကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ အဲဒါကြောင့် ငါတို့က လူတိုင်းကို စည်းရုံးရမှာပဲ"
ချူနိုင်းက အနည်းငယ် နားမလည်နိုင်ဟန်ဖြင့် "အကယ်၍ သတ္တဝါအားလုံးက ဒီဉပဒေသကို ကျင့်ကြံကြမယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ"
ရီထျန်းမင်က "သူတို့က နတ်ဘုရားခန့်အပ်လွှာကို ဆင့်ခေါ်နိုင်ကြလိမ့်မယ်လေ"
အားလုံးမှာ နားမလည်နိုင်ဖြစ်သွားကြ၏။
ရီထျန်းမင်က "နတ်ဘုရားခန့်အပ်လွှာဆိုတာ ငါ့ဆရာ ဖန်တီးခဲ့တဲ့ စာရင်းတစ်ခုပဲ။ အဲဒီစာရင်းထဲ ပါဝင်တဲ့သူတွေက နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တယ်။ ဒီစာရင်းက အင်မတန် အစွမ်းထက်တယ်။ အကယ်၍ ငါတို့က အဲဒါကို ဆင့်ခေါ်နိုင်မယ်ဆိုရင် နတ်ဘုရားတွေကို ယှဉ်နိုင်ပြီပေါ့..."
ကြီးကျယ်ခမ်းနားသောအရာများကို ပြီးမြောက်အောင် လုပ်ဆောင်သူများက သေချာပေါက် သေးမွှားသောကိစ္စများကို ဂရုမစိုက်ကြချေ။ ထို့ပြင် ပညာရှိများက တောင့်တင်းခက်ထန်မနေဘဲ အခြေအနေအရ ပြောင်းလဲတတ်ရမည် ဖြစ်၏။
ခဲ့ရှန်းက နားမလည်နိုင်ဟန်ဖြင့် "နတ်ဘုရားခန့်အပ်လွှာဆိုတာကို ကျုပ် တစ်ခါမှ မကြားဖူးပါဘူး..."
ရီထျန်းမင်က သူ့ကို တစ်ချက်ကြည့်လိုက်၏။ "မင်းရဲ့ အဆင့်က မမီသေးလို့လေ"
ခဲ့ရှန်း၏ အမူအရာက တောင့်တင်းသွားသည်။
ရီထျန်းမင်က ပြုံးလိုက်၏။ "အကယ်၍ ဒီအရာသာ မရှိဘူးဆိုရင် နတ်ဘုရားတွေကို ငါက စိန်ခေါ်ရဲမယ်လို့ မင်းထင်လား။ ဒီသက်ရှိသတ္တဝါအပေါင်းဉပဒေကို အောက်ခြေကလူတွေ ကျင့်ကြံလာအောင် မင်းတို့ရဲ့ စွမ်းအားရှိသမျှကို သုံးပြီး လုပ်ရမယ်။ ဒီအရာက ဘိုးဘေးနတ်ဘုရားရဲ့ လက်ဆောင်လို့သာ ပြောလိုက်... အကယ်၍ သူတို့က မကျင့်ကြံဘူးဆိုရင် နတ်ဘုရားတွေကို မလေးစားရာကျတယ်လို့ ပြောလိုက်..."
ချူနိုင်းက လေးနက်သောအသံဖြင့် "ဒီဉပဒေသကို ဖြန့်ဝေလိုက်တာနဲ့တစ်ပြိုင်နက် ကျုပ်တို့ ဘာမှမပြောရင်တောင် သူတို့က အသေအလဲ ကျင့်ကြံကြမှာပါ... အထွတ်အမြတ်နတ်ဘုရား... ကျုပ်ဆီမှာ စိုးရိမ်စရာလေးတစ်ခု ရှိနေသေးတယ်။ အဲဒါက ဒီဉပဒေသကို ထုတ်ပြန်လိုက်တာနဲ့ ဉပဒေသစနစ်ကြီး ပျက်စီးသွားမှာကိုပဲ..."
ရီထျန်းမင်က သူ့ကို ကြည့်လိုက်၏။ "အရင်ဖျက်ဆီးမယ်၊ ပြီးမှ ပြန်လည်တည်ဆောက်မယ်..."
ချူနိုင်းမှာ ချက်ချင်းဆိုသလို အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "ကျုပ်နားလည်ပါပြီ..."
အရင်ဖျက်ဆီးမည်၊ ပြီးမှ ပြန်လည်တည်ဆောက်မည်ပင်...
နားထောင်ရသည်မှာ အင်မတန် အထင်ကြီးစရာကောင်းလှပေသည်။
ရုတ်တရက် ရီထျန်းမင်က "အခု မင်းတို့ လက်အောက်မှာ တရားဝင်အိမ်တော် ဘယ်လောက်ရှိလဲ"
ကျင်းချင်က မသိစိတ်အလျောက် မေးလိုက်သည်။ "အထွတ်အမြတ်နတ်ဘုရား ဆိုလိုချင်တာက... တရားဝင်အိမ်တော်တွေထဲက သတ္တဝါတွေကိုပါ ကျင့်ကြံခိုင်းဖို့တော့ မဟုတ်ဘူးမလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။
ကျင်းချင်မှာ မယုံကြည်နိုင် ဖြစ်သွားသည်။
အခြားသူများကလည်း မယုံကြည်နိုင်ဖြစ်နေကြ၏။
တရားဝင်အိမ်တော်များအတွင်းရှိ သတ္တဝါများမှာ သူတို့အမြင်၌ ပုရွက်ဆိတ်များနှင့် ခြားနားမှု မရှိချေ။
ရီထျန်းမင်က "ဒီသက်ရှိသတ္တဝါအပေါင်းဉပဒေထဲက သက်ရှိသတ္တဝါအပေါင်းတန်းတူညီမျှခြင်းဆိုတဲ့ ဒုတိယဉပဒေသကို ကြည့်လိုက်... စွမ်းအားပိုအားနည်းလေလေ၊ ဒီဉပဒေသက ပိုအားကောင်းလာလေလေပဲ"
ရီထျန်းမင်က အားလုံးကို တစ်ချက်ကြည့်လိုက်၏။ "ငါ့ကို ယုံစမ်းပါ။ ပုန်ကန်တဲ့နေရာမှာ ငါက အတွေ့အကြုံရှိပါတယ်"
ကျင်းချင်နှင့် အခြားသူများက အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြပြီးနောက် နောက်ဆုံး၌ ချူနိုင်းက "ကျုပ်တို့က အထွတ်အမြတ်နတ်ဘုရားကို ရွေးချယ်ခဲ့ပြီးကတည်းက သေချာပေါက် အထွတ်အမြတ်နတ်ဘုရားကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ အထွတ်အမြတ်နတ်ဘုရား... ကျုပ်တို့ကို မလှည့်စားဘူးမလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ငါက နတ်ဘုရားတစ်ပါးဖြစ်ရုံသာမက ပညာရှိတစ်ယောက်လည်း ဖြစ်တယ်။ ပညာရှိတွေက လိမ်မပြောဘူး... အကယ်၍ မင်းတို့က ငါ့ကို မယုံဘူးဆိုရင် ငါ သစ္စာဆိုပေးလို့ ရတယ်။ ဒါပေမဲ့ အဲဒါက မလိုအပ်ဘူးလို့ ထင်ပါတယ်... ဟုတ်တယ်မလား"
ကျင်းချင်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "ဒီလိုလုပ်ရင်ရော၊ ဖြစ်သလိုလေးပဲ သစ္စာဆိုပေးလိုက်ပါလား"
***