အပြင်ဘက်၌…
မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို သိမ်းပိုက်ရန် ပြေးလာခဲ့ကြသော လူများအားလုံးက တွေဝေသွားကြ၏။
တိုက်ပွဲက အဘယ်ကြောင့် ရုတ်တရက် ရပ်သွားပါသနည်း။
အထူးသဖြင့် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရန် အသင့်အနေအထားဖြင့် လက်ဝါးချင်းပွတ်ကာ ပြင်ဆင်နေကြသော သီးသန့်ကျင့်ကြံသူများပင်။
စစ်ပွဲ...
လူအများစု၏ စိတ်ထဲ၌ စစ်ပွဲနှင့် ပတ်သက်၍ ကြောက်ရွံ့မှု မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက အခွင့်အရေးတစ်ခုဟု သူတို့က ရိုးသားစွာ ယုံကြည်ထားကြ၏။
သူတို့က သွားရောက်တိုက်ခိုက်လိုက်ရုံဖြင့် ကြီးမားသော အောင်မြင်မှုများ ရရှိမည်ဖြစ်ကာ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခံရပြီး အဆင့်မြင့်အရာရှိကြီးများ ဖြစ်လာကြလိမ့်မည်ဟု သူတို့ ထင်မှတ်ထားကြခြင်းပင်။
သို့သော် ဆန့်ကျင်ဘက်အနေဖြင့် လက်အောက်ခံနတ်ဘုရားမိသားစုများကမူ ထိုအခိုက်အတန့်၌ အင်မတန် တည်ငြိမ်နေကြ၏။ မဟာအစီအရင်ကြီးလေးခု ရုပ်သိမ်းသွားချိန်၌ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကို သူတို့ အာရုံခံမိလိုက်ကြသည်။
ထို့ကြောင့် အခြေအနေက မည်သို့ဆက်ဖြစ်လာမည်ကို စောင့်ကြည့်ရန် သူတို့၏ တပည့်များကို သူတို့က တားဆီးထားခဲ့ကြ၏။
ဤကဲ့သို့သော အချိန်မျိုး၌ ပို၍ တည်ငြိမ်ပြီး ထိန်းချုပ်နိုင်စွမ်းရှိရန် လိုအပ်ကာ အခြေအနေအရ ပြောင်းလဲတတ်ရမည် ဖြစ်သည်။ ကျောင်းတော်သခင်များက မည်သို့သော သဘောထားနှင့် ရပ်တည်ချက်မျိုးကို ယူဆောင်သည်ဖြစ်စေ သူတို့က သူတို့၏ ကိုယ်ပိုင်သဘောထားနှင့် ရပ်တည်ချက်ကို ချက်ချင်း ပြောင်းလဲရမည်ပင်။
ထိုစဉ် သီးသန့်ကျင့်ကြံသူတစ်ဦးက ဓားမကြီးတစ်လက်ကို ဝှေ့ယမ်းကာ ရုတ်ခြည်းဆိုသလို ပြေးထွက်လာပြီး အော်ဟစ်လိုက်၏။ "ဘာလို့ မတိုက်ကြတော့တာလဲ။ မြန်မြန်တိုက်ကြလေ... ငါ့ရဲ့ ဓားမကြီးက အထီးကျန်လွန်းလို့ မနေနိုင်တော့ဘူး။ ဟားဟား..."
အချို့သော သီးသန့်ကျင့်ကြံသူများကလည်း အုံးအုံးကျွက်ကျွက်ဖြစ်အောင် ဝင်ရောက်ဆူပူရန် ပြေးထွက်လာကြကုန်သည်။
အချိန်တိုအတွင်း၌ပင် ထိုနေရာတစ်ခုလုံး ဆူညံသွား၏။
လူအုပ်ကြီးက လှုပ်လှုပ်ရွရွဖြစ်လာသည်ကို မြင်လိုက်ရသည်တွင် ဓားမကြီးနှင့်လူက ပို၍ စိတ်လှုပ်ရှားလာကာ သူ၏ ဓားမကြီးကို အထက်သို့ မြှောက်၍ မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို လှမ်းကြည့်ကာ ရယ်မောလိုက်သည်။ "ဘယ်လို ကြယ်နတ်ဘုရားမျိုးလဲကွ...... မြန်မြန်ထွက်လာခဲ့စမ်း၊ ဒီနေ့ ငါ နတ်ဘုရားတစ်ပါးကို သတ်ပြမယ်......"
"နတ်ဘုရားတစ်ပါးကို သတ်ပြမယ်..."
ထိုနေရာရှိ လူများကလည်း အော်ဟစ်လာကြကာ အားဆေးတစ်မျိုး သွင်းခံထားရသည့်အလား အသံကျယ်ကြီးများဖြင့် ဟိန်းဟောက်နေကြကုန်၏။
ထိုစဉ် ရုတ်တရက် နတ်ဘုရားအလင်းတန်းတစ်ခု တိုက်ရိုက်ကျဆင်းလာကာ ထိုနေရာတစ်ဝိုက်၌ ပေါက်ကွဲထွက်သွားပြီးနောက် ဓားမကြီးနှင့်လူအပါအဝင် အခြားလူများမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထိုနေရာတစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်သွား၏။
လူတိုင်းက အကြီးအကျယ် လန့်ဖြန့်သွားကြကာ ထိတ်လန့်နေသော မျက်နှာများဖြင့် ကောင်းကင်နှင့်မြေပြင်တစ်ခွင်သို့ လှမ်းကြည့်လိုက်ကြသည်။
ဟင်းလင်းပြင်နယ်မြေအတွင်း၌မူ...
ကျင်းချင်က ချူနိုင်းကို ကြည့်လိုက်၏။ တိုက်ခိုက်လိုက်သူမှာ ချူနိုင်းပင်။
ချူနိုင်းက အမူအရာကင်းမဲ့စွာဖြင့် "လူတွေက အမှားလုပ်မိတတ်ကြတယ်၊ ဒါပေမဲ့ မိုက်မဲလို့တော့ မရဘူး"
ကျင်းချင်က ခေါင်းညိတ်လိုက်ကာ လက်ယပ်ခေါ်လိုက်သည်တွင် သိပ်မကြာခင်၌ပင် အားကောင်းသော ကျင့်ကြံသူအုပ်စုကြီးတစ်စုက သူတို့ရှေ့သို့ ရောက်လာကြ၏။
သူတို့အားလုံးက ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြသည်။
အားလုံးက လက်အောက်ခံနတ်ဘုရားမိသားစုများပင်။
ကျင်းချင်က လက်အောက်ခံနတ်ဘုရားမိသားစုများကို ကြည့်လိုက်သည်။ "ငါတို့ ခုနကပဲ အဲဒီကြယ်နတ်ဘုရားနဲ့ တွေ့ခဲ့တယ်... အဲဒီကြယ်နတ်ဘုရားရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို မင်းတို့ သိကြလား"
မိသားစုအသီးသီးက သံသယများဖြင့် ပြည့်နှက်သွားကြ၏။
ကျင်းချင်က အမူအရာကင်းမဲ့စွာဖြင့် "အဲဒီကြယ်နတ်ဘုရားက ဘိုးဘေးနတ်ဘုရားရဲ့ တပည့်ရင်းပဲ"
အားကောင်းသော ကျင့်ကြံသူအုပ်စုကြီးမှာ ဆွံ့အသွားကြ၏။
ရုတ်တရက် ကျင်းချင်က ဒေါသတကြီးဖြင့်"မင်းတို့တွေ ဘာလို့ နတ်ဘုရားတွေ ဖြစ်မလာနိုင်တာလဲဆိုတာ သိလား။ ငါ ပြောပြမယ်၊ အဲဒါက မင်းတို့ မလုပ်နိုင်လို့ မဟုတ်ဘူး၊ အထက်ကနေ လမ်းကို ပိတ်ထားလို့ပဲ။ သူတို့က မင်းတို့ကို နတ်ဘုရားတွေ ဖြစ်မလာစေချင်ကြဘူး..."
အားကောင်းသော ကျင့်ကြံသူများက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြကာ အင်မတန် တွေဝေသွားကြ၏။
ရုတ်တရက် ကျင်းချင်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။ "နတ်ဘုရားတွေက တရားမျှတမှု မရှိဘူး..."
ဝုန်း...
ထိုနေရာတစ်ဝိုက်၌ ဆူညံပွက်လောရိုက်သွား၏။
လူတိုင်းက ထိတ်လန့်နေသော အမူအရာများဖြင့် ကျင်းချင်ကို ကြည့်လိုက်ကြသည်။
ကျင်းချင် ပြောလိုက်သော စကားများကြောင့် သူတို့ ကြောက်ရွံ့သွားသည်ကို မြင်လိုက်ရသည်တွင် ချူနိုင်းက ရှေ့သို့ လှမ်းထွက်လာကာ လူတိုင်းကို ကြည့်၍ လေသံဖျော့ဖျော့ဖြင့် "မကြောက်ကြပါနဲ့၊ အခြေအနေက ဒီလိုပါ..."
ပြောနေရင်းဖြင့် သူက ရီထျန်းမင်ထံမှ ကြားခဲ့ရသော နတ်ဘုရားများ၏ သမိုင်းကြောင်းကို ဖြည်းဖြည်းချင်း ပြန်လည်ပြောပြလိုက်သည်။
ချူနိုင်း၏ စကားများကို ကြားပြီးနောက် ထိုနေရာရှိ လက်အောက်ခံနတ်ဘုရားမိသားစုများအားလုံးမှာ တုန်လှုပ်သွားကြ၏။ နတ်ဘုရားများခေတ်၏ သမိုင်းကြောင်းက ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။ ဤအရာက သူတို့၏ နားလည်မှုကို တကယ် ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင်။
ချူနိုင်းက လူတိုင်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "ခုနက ကျောင်းတော်သခင်ကျင်း ပြောသွားတာ အမှန်ပဲ။ မင်းတို့က နတ်ဘုရားတုအဆင့်ကို ရောက်ပြီးတဲ့နောက် ဘာဖြစ်လို့ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်မလာနိုင်တာလဲ။ တကယ်ပဲ မင်းတို့ရဲ့ ပါရမီက မလုံလောက်လို့လား၊ ဒါမှမဟုတ် အရည်အချင်း မရှိလို့လား။ မဟုတ်ဘူး၊ အစစ်အမှန်အကြောင်းရင်းက အထက်ကလူတွေဟာ အစစ်အမှန်နတ်ဘုရားတွေ ထပ်ပေါ်မလာစေချင်လို့ပဲ။ အဲဒါကြောင့် သူတို့က ငါတို့ကို ကန့်သတ်ဖို့ ကန့်သတ်ချက်အမျိုးမျိုးကို ချမှတ်ထားကြတာ..."
ထိုစကားကို ကြားလိုက်ရသည်တွင် ထိုနေရာတစ်ဝိုက်ရှိ အားကောင်းသော ကျင့်ကြံသူများ၏ မျက်နှာများက ချက်ချင်းဆိုသလို မည်းသည်းသွားကြ၏။
သူတို့က အဘယ်ကြောင့် နတ်ဘုရားတစ်ပါး ဖြစ်မလာနိုင်သည်မှာ အံ့သြစရာ မရှိတော့ချေ။ သေစမ်း၊ အထက်မှ လူများက လှည့်စားနေကြခြင်းပင်။ ထိုသို့သော မဟုတ်ပါလျှင် သူတို့၏ ပါရမီဖြင့်ဆိုပါက နတ်ဘုရားများ ဖြစ်နေကြလောက်ပြီဖြစ်သည်ဟု လူတိုင်းမှာ တွေးထင်လာကုန်၏။
ချူနိုင်းက ဆက်ပြောလိုက်သည်။ "အခု ကြယ်နတ်ဘုရားက ဉပဒေစနစ်ကြီးကို အသစ်ပြန်လည်တည်ဆောက်ဖို့ ငါတို့ကို ဦးဆောင်ချင်နေတယ်။ ငါတို့လေးယောက်ကလည်း သူ့ကို အညံ့ခံပြီးပြီဖြစ်သလို သူနဲ့အတူ ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခုကို ပြီးမြောက်အောင် လုပ်ချင်နေကြတယ်... မင်းတို့ကရော ဘယ်လိုလဲ။ စိတ်မပူပါနဲ့၊ ဆန္ဒမရှိတဲ့သူတွေက ကိုယ့်ဘာသာကိုယ် ထွက်သွားလို့ ရတယ်။ မင်းတို့ကို ငါတို့က လုံးဝ တားဆီးမှာ မဟုတ်ဘူး"
သူ၏ အသံက အင်မတန် တည်ငြိမ်နေသော်လည်း ထိုအခိုက်အတန့်၌ ယင်းက မျက်စိဖြင့် မမြင်နိုင်သော ဖိနှိပ်မှုခံစားချက်တစ်ခုကို သယ်ဆောင်လာ၏။
ချူနိုင်း၏ စကားကို ကြားလိုက်ရသည်တွင် ထိုနေရာတစ်ဝိုက်ရှိ အားကောင်းသော ကျင့်ကြံသူများအားလုံးမှာ အနည်းငယ် ဆွံ့အသွားကြကာ 'မင်းပြောသည်ကို တစ္ဆေတောင် ယုံမှာ မဟုတ်ဘူး' ဟု တွေးလိုက်မိကြကုန်သည်။
ထွက်သွားချင်သည်ဟု ထွက်ပြောသူ မည်သူမဆို နေရာ၌ပင် ချက်ချင်းဆိုသလို သေချာပေါက် သေဆုံးသွားလိမ့်မည် ဖြစ်၏။
သူတို့ကိုယ်တိုင်ပင် ဤကဲ့သို့သော လှည့်ကွက်များကို မကြာခဏ အသုံးပြုလေ့ရှိကြခြင်းပင်။
ထိုအခိုက်အတန့်၌ အားကောင်းသော ကျင့်ကြံသူလူအိုကြီးတစ်ဦးက ရှေ့သို့ လှမ်းထွက်လာလေရာ လူတိုင်း၏ အကြည့်က သူ့ထံသို့ ကျရောက်လာ၏။ ထိုလူအိုကြီးက အလျင်အမြန်ပင်။ "ကျောင်းတော်သခင်လေးဦးတို့... ကျုပ် သိချင်လို့ မေးတာပါ။ အကယ်၍ ကျုပ်တို့ကသာ ပုန်ကန်လိုက်မယ်ဆိုရင် နတ်ဘုရားတွေရဲ့ ဒေါသက..."
ပုန်ကန်ခြင်း...
ထိုစကားလုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာတစ်ဝိုက်ရှိ အားကောင်းသော ကျင့်ကြံသူများ၏ အမူအရာများအားလုံးက တစ်ပြိုင်နက်တည်း လေးနက်သွားကြ၏။
သူတို့ ပုန်ကန်နေသည်မှာ နတ်ဘုရားများပင်...
ချူနိုင်းက ပြုံးလိုက်သည်။ "ငါတို့ဆီမှာ နတ်ဘုရားခန့်အပ်လွှာ ရှိနေလို့ နတ်ဘုရားတွေရဲ့ ဒေါသက ဘာမှမဟုတ်ပါဘူး..."
"နတ်ဘုရားခန့်အပ်လွှာလား"
ထိုနေရာရှိ လူများက တွေဝေသွားကြ၏။ သူတို့က ထိုအရာကို တစ်ခါမှ မကြားဖူးကြချေ။
သူ၏ ဘေးရှိ ကျင်းချင်က ပြုံးလိုက်၏။ "ဒီစာရင်းဟာ အတိတ်ကာလတုန်းက ဘိုးဘေးနတ်ဘုရား ဖန်တီးခဲ့တာ။ သက်ရှိသတ္တဝါအပေါင်းအတွက် ဖန်တီးခဲ့တာလေ။ ဒီစာရင်းကို ဆင့်ခေါ်လိုက်တာနဲ့တစ်ပြိုင်နက် နတ်ဘုရားတွေဆိုတာ ဖုန်မှုန့်လောက်ပဲ ရှိတော့တယ်..."
နတ်ဘုရားများက ဖုန်မှုန့်လောက်သာ ရှိသည်လော။
အားလုံးမှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေကြသော်လည်း ကျင်းချင်၏ အဆင့်အတန်းကြောင့် သူတို့က အများကြီး မပြောရဲကြချေ။
သူတို့ မယုံကြည်ကြကြောင်းကို ကျင်းချင်က သိထားသဖြင့် သူက လက်ဝါးကို ဖြန့်လိုက်၏။ "ဒီဉပဒေသကို ကြည့်လိုက်"
ပြောပြီးသည်နှင့် စာလိပ်တစ်ခုက လူတိုင်း၏ရှေ့သို့ ပျံသန်းသွားသည်။
သက်ရှိသတ္တဝါအပေါင်းဉပဒေကို မြင်လိုက်ရသည်တွင် လူတိုင်း၏ အမူအရာများက တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားကြ၏။
ကောင်းကင်ဘုံကို ဆန့်ကျင်လွန်းလှခြင်းပင်။
ကျင်းချင်က လူတိုင်း၏ တုန်လှုပ်နေသော အမူအရာများကို ကြည့်လျက် အလွန်ကျေနပ်သွားကာ ပြုံးလိုက်သည်။ "နတ်ဘုရားတွေလား။ ငါတို့နောက်မှာ ဘယ်သူရှိလဲ။ ကြယ်နတ်ဘုရားလေ။ ပြီးတော့ ကြယ်နတ်ဘုရားနောက်မှာ ဘယ်သူရှိလဲ။ ဘိုးဘေးနတ်ဘုရားပဲ..."
လူအိုကြီးတစ်ဦးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "ဒါဆို ပုန်ကန်တာက..."
"ဘာပုန်ကန်တာလဲ"
ကျင်းချင်က ချက်ချင်းဆိုသလို အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ "ငါတို့က ပုန်ကန်နေတာ မဟုတ်ဘူး၊ အရာရာကို မှန်ကန်အောင် ပြင်ဆင်နေတာ။ တကယ့်ပုန်ကန်သူတွေက ဘယ်သူတွေလဲ။ အဲဒါက ဘိုးဘေးနတ်ဘုရားကို သစ္စာဖောက်ခဲ့တဲ့ နတ်ဘုရားတွေပဲ... သူတို့ပဲ..."
သောက်ကျိုးနည်း ဘာတွေနည်း။
လက်အောက်ခံနတ်ဘုရားမိသားစုများသာမက ချူနိုင်းနှင့် အခြားသူများပင်လျှင် အနည်းငယ် တုန်လှုပ်သွားကြ၏။
ကျင်းချင်က ဆက်ပြောလိုက်သည်။ "ဒီဉပဒေသကို ကြည့်လိုက်၊ ဒါက သက်ရှိသတ္တဝါတွေအတွက် သီးသန့်ဖန်တီးထားတဲ့ ဉပဒေသပဲ... ဘိုးဘေးနတ်ဘုရားဟာ အတိတ်ကာလတုန်းက သတ္တဝါအားလုံးကို နတ်ဘုရားတွေ ဖြစ်လာစေချင်လို့ ဒီဉပဒေသကို ဖန်တီးခဲ့တာ၊ ဒါပေမဲ့ ဒီအရာက နတ်ဘုရားတွေရဲ့ အကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့လို့ သူတို့က ပူးပေါင်းပြီး ဘိုးဘေးနတ်ဘုရားကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြတာ... ဘိုးဘေးနတ်ဘုရားက သူ့ရဲ့တာအိုကို သူ့ဘာသာသူ ဖျက်ဆီးသွားခဲ့တာမျိုး လုံးဝ မဟုတ်ဘူး၊ သူတို့ရဲ့ လုပ်ကြံတာကို ခံခဲ့ရတာ... သေစမ်း... အဲဒီခွေးမသားတွေ..."
ပြောနေရင်းဖြင့် သူ၏ မျက်နှာက ရဲတက်လာသည်မှာ သိသိသာသာကို ဒေါသထွက်နေပုံပင်။ ဟန်ဆောင်နေသည့်ပုံ မပေါ်ချေ။
အားလုံး "..."
ကျင်းချင်က ပို၍ စိတ်လှုပ်ရှားလာ၏။ "အတိတ်ကာလတုန်းက သူတို့သာ ကန့်သတ်ချက်အမျိုးမျိုးကို မချမှတ်ခဲ့ဘူးဆိုရင် ငါတို့ရဲ့ ပါရမီနဲ့ဆို ငါတို့က တာအိုကို သက်သေပြပြီး နတ်ဘုရားတွေ ဖြစ်နေလောက်ပြီ"
ထိုစကားကို ကြားလိုက်ရသည်တွင် အားကောင်းသော ကျင့်ကြံသူအချို့က ချက်ချင်းဆိုသလို ကိုယ်ချင်းစာသွားကြသည်။
သူတို့ထဲမှ အများအပြားက နတ်ဘုရားတုအဆင့်သို့ ရောက်ရှိနေကြသော်လည်း အဘယ်ကြောင့် ရှေ့ဆက်၍ မတက်လှမ်းနိုင်ကြပါသနည်း။
ယခင်က ဤသည်မှာ သူတို့၏ ကိုယ်ပိုင်ပြဿနာဟု သူတို့ ထင်ခဲ့ကြသော်လည်း ယခုမူ ကျင်းချင်၏ စကားကို ကြားပြီးနောက်တွင် ဤသည်မှာ သူတို့၏ပြဿနာ လုံးဝမဟုတ်ဘဲ နတ်ဘုရားများ၏ ပြဿနာဖြစ်ကြောင်းကို သူတို့ သဘောပေါက်သွားကြ၏။
သေစမ်း...
လမ်းကို အထက်မှ လူများက တိုက်ရိုက်ပိတ်ထားခြင်းကြောင့် သူတို့က မည်သို့ တက်လှမ်းနိုင်ပါတော့မည်နည်း။
ရုတ်တရက် ကျင်းချင်က အထက်ရှိ ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ သူ၏ အမူအရာက လေးနက်ခိုင်မာသွား၏။ "လူကြီးမင်းတို့... အကယ်၍ ငါတို့က နတ်ဘုရားတွေကို ဖြုတ်ချဖို့ သတ္တဝါအားလုံးကို တကယ်ဦးဆောင်နိုင်ခဲ့မယ်ဆိုရင်... အနာဂတ်ကျ ဒီလောကကြီးမှာ ငါတို့ကို ချည်နှောင်ထားမယ့် သံကြိုးတွေ ရှိတော့မှာ မဟုတ်သလို၊ ငါတို့ကို ဖိနှိပ်ထားမယ့် အင်အားစုတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ ငါတို့က စည်းမျဉ်းအသစ်တွေကို ချမှတ်သူတွေ၊ ဉပဒေသအသစ်ရဲ့ အစောင့်အရှောက်တွေ ဖြစ်လာကြလိမ့်မယ်။ သတ္တဝါအားလုံးက ငါတို့ကြောင့် လွတ်လပ်ခွင့်တွေ ရရှိကြလိမ့်မယ်။ ပြီးတော့ ငါတို့က သတ္တဝါအားလုံးရဲ့ ယုံကြည်မှုကြောင့် ထာဝရ ရှင်သန်နေရလိမ့်မယ်..."
ချူနိုင်းနှင့် အခြားသူများ "..."
သူတို့၏ ဘေးရှိ လူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြကာ တစ်ယောက်က တိုက်ရိုက်ဆိုသလို ရှေ့ထွက်လာ၏။ "ကျောင်းတော်သခင်ကျင်းချင် ပြောတာ သိပ်ကောင်းတယ်..."
အခြားတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်သည်။ "ကျောင်းတော်သခင်ကျင်းချင် ပြောတာ အမှန်ပဲ။ သူတို့က ငါတို့ကို ခိုင်းစေပြီး ကျွန်ပြုဖို့လောက်ပဲ တွေးကြတာ။ ဘာလို့ သူတို့က မြင့်မြတ်တဲ့နေရာမှာ ရှိနေပြီး ငါတို့က အောက်ခြေမှာပဲ နေရမှာလဲ။ တိုက်ကြ... သူတို့ကို ဖြုတ်ချကြ......"
ထိုနေရာရှိ လူများစွာ၏ စိတ်ခံစားမှုများကလည်း နိုးကြွလာကြ၏။
စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို ကြည့်ကာ ကျင်းချင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "တိုက်ကြမယ်၊ ငါတို့ ရှေ့ဆက်တက်လှမ်းမယ့် လမ်းကို ဘယ်သူပဲပိတ်ပိတ်၊ သူတို့ကို ငါတို့ တိုက်ခိုက်ကြမယ်......"
"တိုက်ကြ..."
အားလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
လူတိုင်းက ဤသို့ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် ချူနိုင်းနှင့် အခြားသူများကလည်း သက်ပြင်းချလိုက်ကြသည်။
သက်ရှိသတ္တဝါအပေါင်းဉပဒေကို တကယ်အကောင်အထည်ဖော်ရန်အတွက် ဤလူများကို အားကိုးရမည် ဖြစ်သည်။ အထူးသဖြင့် တရားဝင်အိမ်တော် စကြာဝဠာအတွင်းရှိ သတ္တဝါများပင်။ တရားဝင်အိမ်တော် စကြာဝဠာကို ဤလူများက အဓိကအားဖြင့် သိမ်းပိုက်ထားခြင်းဖြစ်ကာ မည်သည့် မူဝါဒကိုမဆို အမှန်တကယ် အကောင်အထည်ဖော်ရန်အတွက် ဤမိသားစုများ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပေသည်။
အကယ်၍ ဤမိသားစုများကသာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါလျှင် သူတို့၏ အမိန့်များကို လုံးဝ အကောင်အထည်ဖော်နိုင်မည် မဟုတ်ချေ။
ဤမိသားစုများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် နောက်တစ်ဆင့်က ရိုးရှင်းသွားမည် ဖြစ်၏။
ရီထျန်းမင်က အထူးလေ့ကျင့်ပေးရန်အတွက် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက သူတို့၏ နတ်ဘုရားကျောင်းတော် အစောင့်အရှောက်များကို မော့ခယ်နတ်ဘုရားအကျဉ်းထောင်သို့ တစ်ပြိုင်နက်တည်း စေလွှတ်လိုက်ကြသည်။ တစ်ချိန်တည်း၌ပင် သူတို့က သက်ရှိသတ္တဝါအပေါင်းဉပဒေကို နတ်ဘုရားစကြာဝဠာ၌ စတင်မြှင့်တင်လာကြ၏။
သို့သော် သူတို့က ပို၍ ထက်မြက်ကြပေသည်။ နတ်ဘုရားများကို ဆန့်ကျင်သည့် အယူအဆအား ချက်ချင်း မလှုံ့ဆော်ခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားစကြာဝဠာရှိ သတ္တဝါများ၏ ရင်ထဲ၌ နတ်ဘုရားများက အမြင့်မြတ်ဆုံးဖြစ်နေဆဲ ဖြစ်သောကြောင့်ပင်။ နတ်ဘုရားများကို တိုက်ရိုက်ဆန့်ကျင်ခြင်းက လူအများအပြားအတွက် လက်ခံနိုင်စရာ သေချာပေါက် ရှိမည် မဟုတ်ချေ။ ထို့ကြောင့် သူတို့က သက်ရှိသတ္တဝါအပေါင်းဉပဒေကို အရင်ဆုံး မြှင့်တင်ရန် ရွေးချယ်ခဲ့ကြသည်။ ပုန်ကန်မှုနှင့် ပတ်သက်၍မူ... ဤသတ္တဝါများက အတိုင်းအတာတစ်ခုအထိ စွမ်းရည်ရရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့က လက်ရှိအခြေအနေကို သေချာပေါက် မကျေမနပ် ဖြစ်လာကြလိမ့်မည် ဖြစ်၏။
အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုလုံးက အင်မတန် လျင်မြန်ကြသည်။ သေချာပေါက် ယင်းက အဓိကအားဖြင့် သက်ရှိသတ္တဝါအပေါင်းဉပဒေသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လွန်းသောကြောင့်ပင်။ ထို့ကြောင့် ယင်းကို ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် များပြားလှသော လူများက ယင်းကို ရူးသွပ်စွာ စတင်ကျင့်ကြံလာကြ၏။ ထို့ပြင် ယင်းကို နတ်ဘုရားကျောင်းတော်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ကောင်းစွာ ကျင့်ကြံနိုင်သူများကိုလည်း ဆုလာဘ်အမျိုးမျိုး ချီးမြှင့်ခဲ့သေး၏။
အချိန်တိုအတွင်း၌ပင် နတ်ဘုရားစကြာဝဠာတစ်ခုလုံးက သင်ယူမှုလှိုင်းလုံးတစ်ခုထဲသို့ ဝင်ရောက်သွား၏။ လူအများအပြားက အချင်းချင်း နှုတ်ဆက်ရာ၌ "သက်ရှိသတ္တဝါအပေါင်းဉပဒေကို ကျင့်ကြံပြီးပြီလား" ဟုပင် အသုံးပြုလာကြသည်။
...
အမှောင်ထုဖုံးလွှမ်းကာ အလင်းရောင်ကင်းမဲ့နေသော နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခုအတွင်း၌ တစ္ဆေမီးတောက်များ၏ တစ်ခါတစ်ရံ တောက်ပလာမှုကသာ ထိုသေမင်းတမန်တမျှ တိတ်ဆိတ်နေသော နေရာလေးကို လင်းထိန်စေ၏။
ဓားတစ်လက်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက ဓားကို ရူးသွပ်စွာ ဝှေ့ယမ်းနေသည်။ သူ၏ ပတ်ပတ်လည်၌ စုတ်ပြတ်နေသော သံချပ်ကာများကို ဝတ်ဆင်ထားပြီး သွေးစွန်းနေသော ဓားများကို ကိုင်ဆောင်ထားသည့် သိပ်သည်းလှသော နတ်ဆိုးများက ထိုအမျိုးသားထံသို့ ရူးသွပ်စွာ ပြေးဝင်လာနေကြသည်။
ထိုအမျိုးသား၏ အနောက်ဘက်၌ သိပ်သည်းလှသော အလောင်းပုံကြီးများက တောင်တစ်လုံးအလား စုပုံနေ၏။
ထိုအမျိုးသားမှာ ပြည်နှင်ဒဏ်ပေးခံထားရသော ယန်ကျာ့ပင်။
သူက ဆက်တိုက်သတ်ဖြတ်နေသည်နှင့်အမျှ သူ၏ မျက်လုံးများကလည်း သွေးရောင်လွှမ်းလာသည်။
အခြားတစ်ဖက်ရှိ လေထဲတွင်မူ သက်လတ်ပိုင်းလူတစ်ဦး ရပ်နေသည်။
မဟာတာအိုစုတ်တံသခင်ပင်...
မည်မျှကြာအောင် သတ်ဖြတ်နေခဲ့မှန်း မသိပြီးနောက် ယန်ကျာ့က တဖြည်းဖြည်း ပင်ပန်းလာသည်ဟု ခံစားလာရကာ သူ၏ ဓားအရှိန်အဝါကလည်း စတင်အားနည်းလာ၏။
ထိုစဉ် ရုတ်တရက် မဟာတာအိုစုတ်တံသခင်က "ဒီလောက်ပဲလား။ မင်းက ဒီအတိုင်းပဲ လက်လျှော့လိုက်တော့မှာလား။ ရီထျန်းမင်ကို တွေးကြည့်စမ်း... မင်းက သူ့လို သွေးလေးတစ်စက်ကိုတောင် အနိုင်မယူနိုင်ဘူးဆိုရင် မင်းကိုယ်မင်း အရှက်ခွဲနေသလို ဖြစ်မသွားဘူးလား။ မင်းက ယန်မိသားစုတစ်ခုလုံးကို အရှက်ခွဲနေတာပဲ......"
ထိုစကားကို ကြားလိုက်ရသည်တွင် မလှမ်းမကမ်းရှိ ယန်ကျာ့က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ကာ လက်ထဲရှိ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
ထိုအခိုက်အတန့်၌ မဟာတာအိုစုတ်တံသခင်က အေးစက်စွာ ထပ်ပြောလိုက်သည်။ "အဲဒီရီထျန်းမင်က အခု ဉပဒေသတွေအကြောင်း၊ သက်ရှိသတ္တဝါတွေအကြောင်းကို အမြဲတမ်း ပါးစပ်ကနေ ပွားနေပြီ။ ငါမင်းကို ပြောပြမယ်၊ သူက လမ်းလွဲသွားပြီ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဓားတာအိုက မသန့်စင်တော့ဘူး... ပြီးတော့ အခု မင်းမှာလည်း ဘာမှ မရှိတော့ဘူး၊ မင်းလက်ထဲက ဓားပဲ ကျန်တော့တာ။ မင်းရဲ့ ဓားတာအိုကို အထွတ်အထိပ်ထိ ရောက်အောင် ကျင့်ကြံနိုင်သရွေ့ သူ့ကို အနိုင်ယူဖို့ဆိုတာက လွယ်လွယ်လေးပဲ......"
ပြောရင်းဖြင့် သူ၏ အသံက ရုတ်တရက်ဆိုသလို ပို၍ ကျယ်လောင်လာသည်။ "သူက သွေးလေးတစ်စက်ပါပဲ...... ပြီးတော့ မင်း ယန်ကျာ့က ယန်မိသားစုရဲ့ တတိယမျိုးဆက်... ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်သူရဲ့ မျိုးဆက်ပဲကွ......"
***