"ဘာပြောတယ်"
နတ်ဘုရားကျောင်းတော်အတွင်း၌ ရီထျန်းမင်က နတ်ဘုရားကျောင်းတော်၏ ဒုတိယကျောင်းအုပ်ကြီး ချန်ဝမ်ကို စိုက်ကြည့်လိုက်၏။ "ချင်ယွမ် သေသွားပြီလို့ ခင်ဗျား ပြောလိုက်တာလား"
ချန်ဝမ်၏ အမူအရာက လေးနက်နေသည်။ ထိုအခိုက်အတန့်၌ သူက မျက်စိဖြင့် မမြင်နိုင်သော ဖိအားတစ်ခုကို ခံစားနေရ၏။
သူ့ရှေ့ရှိ လူက မူလ ရီထျန်းမင် မဟုတ်တော့ဘဲ ကြယ်နတ်ဘုရားဖြစ်ကြောင်းကို သူ သိထားပြီး ဖြစ်သည်။
သို့သော် တစ်ဖက်လူက ကြယ်နတ်ဘုရား ဖြစ်နေလျက်နှင့် အဘယ်ကြောင့် ချင်ယွမ်ကို လာရှာရသနည်းဆိုသည်ကိုမူ သူက အနည်းငယ် နားမလည်နိုင်ဖြစ်နေ၏။
အများကြီး မတွေးရဲဘဲ သူက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"
ယခုအခါတွင် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက ဤကြယ်နတ်ဘုရားကို သစ္စာခံထားပြီးဖြစ်လေရာ နတ်ဘုရားကျောင်းတော်အနေဖြင့် သေချာပေါက် ရိုင်းစိုင်းစွာ မပြုမူရဲချေ။ ရိုင်းစိုင်းစွာ မပြုမူရဲရုံသာမက အရာရာကို သတိထား၍ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်၏။ ယခုအခါ၌ နတ်ဘုရားစကြာဝဠာတစ်ခုလုံးတွင် ဤလူ၏ အာဏာက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရီထျန်းမင်၏ မျက်နှာက အမူအရာကင်းမဲ့နေ၏။ "သေချာရှင်းပြစမ်း"
ချန်ဝမ်က ကြယ်ပျံသင်္ဘော ပျက်ကျခဲ့သည့်အကြောင်းကို အလျင်အမြန် ပြန်လည်ပြောပြလိုက်သည်။
ရီထျန်းမင်က မေးလိုက်၏။ "ဘယ်သူလုပ်တာလဲ"
ချန်ဝမ်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "မော့ခယ်နတ်ဘုရားအကျဉ်းထောင် ဖြစ်နိုင်ပါတယ်..."
ရီထျန်းမင်က အကျဉ်းထောင်သခင်ကို တိုက်ရိုက်ဆင့်ခေါ်လိုက်၏။
အကျဉ်းထောင်သခင်က ချက်ချင်းဆိုသလို ခေါင်းခါယမ်းလိုက်သည်။ "မဖြစ်နိုင်ပါဘူး။ အဲဒီနေ့က ကျုပ်တို့ ဝိုင်းရံခံထားရတာလေ။ ကျုပ်တို့လူတွေက မော့ခယ်နတ်ဘုရားအကျဉ်းထောင်ထဲကနေ လုံးဝကို ထွက်လို့ မရခဲ့ပါဘူး... ဒါ့ပြင် အကယ်၍ အောက်ခြေမှာရှိတဲ့ လူတစ်ယောက်ယောက်က လှုပ်ရှားခဲ့မယ်ဆိုရင်တောင် ကျုပ်ကို သေချာပေါက် သတင်းပို့မှာပဲ"
ရီထျန်းမင်က အကျဉ်းထောင်သခင်၏ စကားကို သေချာပေါက် ယုံကြည်၏။ အဘယ်ကြောင့်ဆိုသော် အကျဉ်းထောင်သခင် ပြောခဲ့သလိုပင် ထိုနေ့က မော့ခယ်နတ်ဘုရားအကျဉ်းထောင်မှ သန်မာသူများသည် မော့ခယ်နတ်ဘုရားအကျဉ်းထောင်ထဲမှ ထွက်၍ မရနိုင်ခဲ့သောကြောင့်ပင်။
မော့ခယ်နတ်ဘုရားအကျဉ်းထောင်က မဟုတ်ပါလျှင် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခု ဖြစ်နိုင်မည်လော။
ရီထျန်းမင်က အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခု၏ ကျောင်းတော်သခင်များကို ချက်ချင်း ဆင့်ခေါ်လိုက်၏။
ကျင်းချင်က ချက်ချင်းဆိုသလို ခေါင်းခါယမ်းလိုက်သည်။ "အထွတ်အမြတ်နတ်ဘုရား... ကျုပ်တို့တွေ အဲဒီလိုအမိန့်မျိုးကို တစ်ခါမှ မပေးခဲ့ဖူးပါဘူး။ နတ်ဘုရားကျောင်းတော်ရဲ့ ကြယ်ပျံသင်္ဘောကို ကျုပ်တို့က ဘာအတွက် တိုက်ခိုက်ရမှာလဲ"
ချူနိုင်းက လေးနက်သောအသံဖြင့် "ကျုပ် အရင် စုံစမ်းကြည့်လိုက်ပါဦးမယ်"
ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားလိုက်၏။
ခေတ္တအကြာတွင် ချူနိုင်းက ပြန်ပေါ်လာသည်။ သူက ရီထျန်းမင်ကို ကြည့်လိုက်ကာ "အထွတ်အမြတ်နတ်ဘုရား... လက်အောက်ခံနတ်ဘုရားမိသားစုတွေအားလုံးကို ကျုပ် မေးကြည့်ပြီးပါပြီ။ သူတို့က နတ်ဘုရားကျောင်းတော်ရဲ့ ကြယ်ပျံသင်္ဘောကို မတိုက်ခိုက်ခဲ့ကြပါဘူး။ ကျုပ် ထပ်ပြီး... စုံစမ်းကြည့်လိုက်ရမလား"
ရီထျန်းမင်က ခေါင်းခါယမ်းလိုက်သည်။ "မလိုတော့ဘူး"
ရီထျန်းမင်က စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် သူတို့မှာ အနည်းငယ် အံ့အားသင့်သွားကြသော်လည်း အများကြီး မမေးရဲကြချေ။
ရီထျန်းမင်က ချူနိုင်းနှင့် အခြားသူများကို ကြည့်လိုက်၏။ "မင်းတို့အလုပ် မင်းတို့ သွားလုပ်ကြတော့"
ချူနိုင်းနှင့် အခြားသူများက အရိုအသေပေးလိုက်ကြပြီးနောက် ထွက်ခွာသွားကြသည်။
ရီထျန်းမင်က ချန်ဝမ်ကို ကြည့်လိုက်၏။ "သူနေခဲ့တဲ့နေရာဆီ ငါ့ကို ခေါ်သွားပေး"
ချန်ဝမ်က တုံ့ဆိုင်းနေပြီးနောက် စကားထပ်ပြောချင်သော်လည်း ဝါးမျိုလိုက်သည့်ပုံပင်။
ရီထျန်းမင်က မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
ချန်ဝမ်က သက်ပြင်းခပ်ဖျော့ဖျော့ ချလိုက်သည်။ "အထွတ်အမြတ်နတ်ဘုရား... ကျုပ်နောက်ကို လိုက်ခဲ့ပါ"
ပြောပြီးနောက် သူက ရီထျန်းမင်အား ခြံဝင်းတစ်ခု၏ ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားလိုက်သည်တွင် ထိုနေရာ၌ ရိုးရှင်းသော ကောက်ရိုးဖျာတစ်ချပ် ရှိနေသည်ကို ရီထျန်းမင်မှာ မြင်လိုက်ရသည်။
ထိုကောက်ရိုးဖျာကို မြင်လိုက်ရသည်တွင် ရီထျန်းမင်က တစ်စုံတစ်ခုကို သဘောပေါက်သွားကာ သူ၏ လက်များက မသိစိတ်အလျောက် လက်သီးဆုပ်သွား၏။
ချန်ဝမ်က သတိထား၍ ရီထျန်းမင်ကို တစ်ချက်ကြည့်လိုက်၏။ "အရင်တုန်းက သူက ဒီမှာပဲ အမြဲတမ်း နေခဲ့တာ။ သူ နိုးလာတဲ့အခါ တာဝန်တွေ သွားလုပ်တယ်၊ ပင်ပန်းလာတဲ့အခါ ဒီကို လာအိပ်တယ်... သူက အရမ်းချွေတာတယ်၊ ကိုယ့်အတွက်ဆိုရင် ပိုက်ဆံတစ်ပြားတောင် မသုံးရက်ခဲ့ဘူး..."
ရီထျန်းမင်က ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်။
ချန်ဝမ်က နောက်ဆုတ်သွား၏။
ရီထျန်းမင်က ကောက်ရိုးဖျာထံသို့ လျှောက်သွားလိုက်သည်။ ဖျာပေါ်၌ စာအုပ်တစ်အုပ် ရှိနေဆဲပင်။ ထိုစာအုပ်ကို ကြည့်ကာ သူက တိတ်ဆိတ်နေ၏။
ဘဝဆိုသည်မှာ မမြဲသည် မဟုတ်ပါလော။
သူတို့၏ နောက်ဆုံးခွဲခွာခြင်းက ထာဝရခွဲခွာခြင်း ဖြစ်သွားလိမ့်မည်ဟု သူထင်မထားခဲ့ချေ။
ရီထျန်းမင်က ထိုစာအုပ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ယင်းပေါ်ရှိ ဖုန်မှုန့်များကို သူက ညင်သာစွာ သုတ်ဖယ်လိုက်ပြီးသည်တွင် စာအုပ်ကို သိမ်းဆည်းလိုက်ကာ လှည့်ထွက်သွားတော့၏။
ခြံဝင်းထဲမှ ထွက်လာပြီးနောက် သူက ကုချင်ကို တွေ့လိုက်ရ၏။
ကုချင်က ရီထျန်းမင်ကို ကြည့်လိုက်သည်။ "အထွတ်အမြတ်နတ်ဘုရားရဲ့ သက်ရှိသတ္တဝါအပေါင်းဉပဒေက အရမ်းကို အစွမ်းထက်ပါတယ်။ ဒီလူအိုကြီးတောင် အထင်ကြီးလေးစားမိတယ်"
ရီထျန်းမင်က ခေါင်းခါယမ်းလိုက်သည်။ "အဲဒါက ငါ့ရဲ့ သက်ရှိသတ္တဝါအပေါင်းဉပဒေ မဟုတ်ဘူး၊ ငါ့ဆရာရဲ့ ဉပဒေသပါ"
ကုချင်က "အထွတ်အမြတ်နတ်ဘုရားက လောကကြီးကို ပြောင်းလဲချင်နေတာပဲ"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။
ကုချင်က "အထွတ်အမြတ်နတ်ဘုရား... အခု စတင်နေတဲ့ ဒီဆန့်ကျင်ရေးကြောင့် အနာဂတ်မှာ လူဘယ်လောက်တောင် သေရမလဲဆိုတာကို သိပါသလား"
ရီထျန်းမင်က တိတ်ဆိတ်သွားသည်။
ကုချင်က ကောင်းကင်ယံကို မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ "နတ်ဘုရားတွေရဲ့ဒေါသ ကျဆင်းလာတဲ့အခါ လူ့လောကကြီးက ဆင်းရဲဒုက္ခတွေထဲကို ကျဆင်းသွားရလိမ့်မယ်။ အထွတ်အမြတ်နတ်ဘုရားက ဒီပြဿနာကိုရော ထည့်သွင်းစဉ်းစားဖူးပါသလား"
ရီထျန်းမင်က ဘာမှမပြောဘဲ အနီးအနားရှိ ရေကန်တစ်ခုထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူက ရေကန်ထဲရှိ ငါးများကို ကြည့်လိုက်၏။ "ဒီငါးတွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမယ်လို့ မင်းထင်လဲ"
ကုချင်က မျက်မှောင်ကြုတ်သွားသည်။
ရီထျန်းမင်က "ငါသိသလောက်တော့ စားသောက်ဆိုင်က ငါးအချို့ကို ဒီကနေ ဖမ်းသွားကြတာပဲ။ ကျောင်းအုပ်ကြီး... အကယ်၍ ဒီငါးတွေထဲက တစ်ကောင်ကောင်ဟာ ရုတ်တရက် နိုးကြားလာပြီး ခုခံချင်စိတ် ရှိလာတယ်ဆိုပါစို့။ အဲဒီအချိန်မှာ အခြားငါးတွေက သူ့ကို မခုခံဖို့၊ လုံးဝ မခုခံဖို့ ပြောကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခုခံတာက ပိုကြီးမားတဲ့ ဘေးဒုက္ခကို ယူဆောင်လာလိမ့်မယ်လေ... ဒါပေမဲ့ သူတို့ မသိတာက သူတို့ မခုခံရင်ရော ဘေးဒုက္ခ မရှိဘူးတဲ့လား"
ကုချင်က တိတ်ဆိတ်သွား၏။
ရီထျန်းမင်က ကုချင်ကို လှည့်ကြည့်လိုက်သည်။ "ကျောင်းအုပ်ကြီး... တရားဝင်အိမ်တော် စကြာဝဠာအကြောင်းကိုရော သိလား။ အဲဒီစကြာဝဠာတွေကို နတ်ဘုရားစကြာဝဠာမှာရှိတဲ့ နတ်ဘုရားတွေက မွေးမြူထားကြတာလေ၊ နတ်ဘုရားစကြာဝဠာက သတ္တဝါတွေဆီကို သူတို့က တစ်သက်လုံး အမွှေးတိုင်ယုံကြည်မှုတွေ ပူဇော်နေရအောင်လို့ပေါ့။ သူတို့ ခုခံကြတာက မှားနေလို့လား"
ကုချင်က ခေါင်းခါယမ်းလိုက်၏။ "အထွတ်အမြတ်နတ်ဘုရားက စကားပြောစွမ်းရည် တော်တော်ကောင်းတာပဲ"
ရီထျန်းမင်က ပြုံးလိုက်သည်။ "ငါတို့က အချက်အလက်တစ်ခုကို ပြောနေတာ မဟုတ်ဘူးလား"
ကုချင်က "နတ်ဘုရားတွေရဲ့ ဒေါသက..."
ရီထျန်းမင်က သူ၏ ဘေးသို့ လျှောက်သွားကာ သူ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်၏။ "ကျောင်းအုပ်ကြီး... သတ္တဝါအပေါင်းရဲ့ ဒေါသကိုရော မြင်ဖူးလား"
ပြောပြီးသည်နှင့် သူက အဝေးသို့ လျှောက်သွားလိုက်သည်။ "နတ်ဘုရားကျောင်းတော်ကို ငါ သိမ်းပိုက်လိုက်ပြီ"
ကုချင်က လေးနက်သောအသံဖြင့် "နတ်ဘုရားကျောင်းတော်က လောကီရေးရာတွေမှာ ဘယ်တော့မှ ဝင်မပါဘူး..."
ရီထျန်းမင်က တိုက်ရိုက်ပင် ဖြတ်ပြောလိုက်၏။ "ငါက မင်းနဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး၊ အသိပေးနေတာ"
ကုချင်က အနည်းငယ် ဒေါသထွက်လျက် ရီထျန်းမင်ကို စိုက်ကြည့်လိုက်သည်။ "အထွတ်အမြတ်နတ်ဘုရားက အကြောင်းပြချက် မရှိဘူးလား"
ရီထျန်းမင်က နောက်ပြန်ပင် လှည့်မကြည့်ချေ။ "မင်းမသေသေးတာကတင် ငါ မင်းကို အကြောင်းပြချက် ပေးနေတာပဲ"
ကုချင် "..."
နတ်ဘုရားကျောင်းတော်ကို သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ကုချင်က လုံးဝ မခုခံခဲ့သလို၊ မခုခံရဲခဲ့ချေ။ အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက ရီထျန်းမင်ထံ၌ အညံ့ခံထားပြီးဖြစ်လေရာ နတ်ဘုရားကျောင်းတော်ကို ဖျက်ဆီးရန်မှာ မိနစ်ပိုင်းသာ ကြာလိမ့်မည်ပင်။
ကုချင်က နတ်ဘုရားကျောင်းတော်၌ ဆက်မနေတော့ဘဲ ထွက်ခွာသွားရန် ရွေးချယ်လိုက်၏။
ရီထျန်းမင်က သူ့ကို မတားဆီးခဲ့ချေ။ သူက မြင့်မားသော မျှော်စင်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာသည်။
မျှော်စင်အတွင်းသို့ ဝင်ရောက်ပြီးနောက် အတွင်းပိုင်းမှာ ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်တစ်ခု ဖြစ်နေသည်ကို သူမြင်တွေ့လိုက်ရ၏။
နတ်ဘုရားကျောင်းတော် စာကြည့်တိုက်ပင်။
ဤသည်မှာ ရှေးဟောင်းသမိုင်းမှတ်တမ်းများစွာ ပါဝင်နေသော နတ်ဘုရားကျောင်းတော်၏ တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။
ရီထျန်းမင်၏ ဘေး၌ ချန်ဝမ် ရှိနေ၏။
ကုချင် ထွက်ခွာသွားပြီးနောက် ကျောင်းတော်၌ သူက ရာထူးအမြင့်ဆုံးသူ ဖြစ်သောကြောင့် ချန်ဝမ်က ထွက်ခွာသွားရန် မရွေးချယ်ခဲ့ချေ။ သေချာပေါက် ဤသည်မှာ ရီထျန်းမင်၏ သဘောထားအပေါ် မူတည်နေကြောင်းကို သူက သေချာနားလည်ထားပေသည်။
ချန်ဝမ်က ရိုသေလေးစားစွာဖြင့် "အထွတ်အမြတ်နတ်ဘုရား... သမိုင်းမှတ်တမ်းအချို့အပြင် ထူးခြားတဲ့ နတ်ဘုရားသိုင်းပညာတွေ၊ အသိပညာတွေနဲ့ ကျင့်ကြံခြင်းနည်းစနစ်အချို့လည်း ဒီမှာ ရှိပါတယ်"
ရီထျန်းမင်က "နတ်ဘုရားများခေတ်ရဲ့ သမိုင်းမှတ်တမ်းတွေကရော ဘယ်မှာလဲ"
ယခုလက်ရှိ၌ သူက နတ်ဘုရားများနှင့် ပတ်သက်၍ သိထားသည်မှာ နည်းလွန်းလှကာ ယင်းက သူ့အတွက် ကောင်းသောကိစ္စ မဟုတ်ချေ။
ယခုချိန်၌ ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များကို သူက မစုပ်ယူနိုင်သဖြင့် ဤနေရာသို့ လာရောက်ကြည့်ရှုရန်သာ တတ်နိုင်ပေသည်။
နတ်ဘုရားများခေတ်၏ သမိုင်းကြောင်း...
ချန်ဝမ်က ရီထျန်းမင်ကို ကြည့်ကာ စိတ်ထဲ၌ သိချင်နေ၏။ တစ်ဖက်လူက နတ်ဘုရားများခေတ်မှ လာသူဖြစ်လေရာ အဘယ်ကြောင့် ဤနေရာသို့ လာရောက်၍ သမိုင်းကြောင်းကို လေ့လာချင်ရပါသနည်း။
ရီထျန်းမင်က သူဘာတွေးနေသည်ကို သိနေသည့်အလား ပြောလိုက်သည်။ "နောင်လာနောက်သားတွေက ငါတို့ကို ဘယ်လိုမှတ်တမ်းတင်ထားလဲဆိုတာ ကြည့်ချင်လို့ပါ"
ထို့ကြောင့်ပင်။
ချန်ဝမ်က ရိုသေလေးစားစွာဖြင့် "အထွတ်အမြတ်နတ်ဘုရား... ဒီဘက်ကို ကြွပါ"
ပြောပြီးနောက် သူက ရီထျန်းမင်ကို အလင်းဖန်သားပြင်တစ်ခုထံသို့ ခေါ်ဆောင်သွားလိုက်၏။ အလင်းဖန်သားပြင်အတွင်း၌ ရွှေရောင်စာလိပ်ပေါင်း မြောက်မြားစွာ လွင့်မျောနေသည်။
ချန်ဝမ်က "အကုန်လုံးက ဒီမှာပါပဲ"
ရီထျန်းမင်က လက်ဝါးကို ဖြန့်လိုက်ရာ အလင်းဖန်သားပြင်အတွင်းရှိ ထိုရွှေရောင်စာလိပ်များက ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ သူ၏ မျက်ခုံးကြားထဲသို့ ဝင်ရောက်သွားကြ၏။
သိပ်မကြာခင်၌ပင် များပြားလှသော သတင်းအချက်အလက်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
ချန်ဝမ်က ဘေး၌ ရိုသေစွာ ရပ်နေကာ ရီထျန်းမင်ကို သိချင်စိတ်ဖြင့် ကြည့်နေ၏။
ကြယ်နတ်ဘုရား...
အစစ်အမှန်နတ်ဘုရားတစ်ပါးကို သူက ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း ဤနတ်ဘုရားက အနည်းငယ် ထူးဆန်းနေသည်ဟု သူက အမြဲတမ်း ခံစားနေရသည်။
အထက်စီးဆန်သော အကြည့်မျိုး ပျောက်ဆုံးနေခြင်းပင်။
အထူးသဖြင့် စောနက ချင်ယွမ်နေခဲ့သောနေရာကို ရီထျန်းမင်က သွားကြည့်ချိန်၌ တစ်ဖက်လူက နတ်ဘုရားတစ်ပါး မဟုတ်ဘဲ လူသားတစ်ယောက်အဖြစ်သာ သူ ခံစားခဲ့ရ၏။
ယခင်က ချင်ယွမ်၏ တစ်ဦးတည်းသော သူငယ်ချင်းကောင်းမှာ ရီထျန်းမင်ဖြစ်ကြောင်းကို ပြန်တွေးမိလိုက်ချိန်၌ ရုတ်တရက် သူ၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာသည်။ ရီထျန်းမင်က ကြယ်နတ်ဘုရားကို ဝါးမျိုလိုက်ခြင်းများလော။
ဤအတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် သူကိုယ်တိုင်ပင် လန့်ဖြန့်သွားကာ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်၏။
မဖြစ်နိုင်ချေ။
အပြင်စည်းတပည့်တစ်ယောက်က ကြယ်နတ်ဘုရားကို မည်သို့ ဝါးမျိုနိုင်ပါမည်နည်း။
ထိုအရာက ရယ်စရာမကောင်းလွန်းဘူးလော။
ထိုစဉ် ရုတ်တရက် မလှမ်းမကမ်းရှိ ရီထျန်းမင်က မျက်လုံးများ ဖွင့်လာသည်။ သူ၏ မျက်လုံးများထဲရှိ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းတစ်ခုက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
သမိုင်းမှတ်တမ်းများအားလုံးကို သူက စုပ်ယူပြီးသွားပြီ ဖြစ်သည်။ ထိုမှတ်တမ်းများ၌ နတ်ဘုရားများခေတ်နှင့် ပတ်သက်သည့် အချက်အလက်အချို့ တကယ်ပါဝင်သော်လည်း များများစားစားမရှိဘဲ စာပိုဒ်တိုအနည်းငယ်သာ ပါဝင်ကာ သနားစရာကောင်းလောက်အောင် နည်းပါးလှ၏။
ပုံမှန်မဟုတ်ချေ။
သို့သော် သူက အများကြီး မတွေးတော့ဘဲ ချန်ဝမ်ကို ကြည့်လိုက်ရာ ချန်ဝမ်က အလျင်အမြန် အရိုအသေပေးလိုက်၏။
ရီထျန်းမင်က ချန်ဝမ်ကို ကြည့်လိုက်သည်။ "ငါ ဘာလုပ်နေလဲဆိုတာကို သိလား"
ချန်ဝမ်က တုံ့ဆိုင်းနေပြီးနောက်တွင် "ဆန့်ကျင်ပုန်ကန်နေတာပါ"
ရီထျန်းမင်က "ဒါဆို အတူတူ လုပ်ချင်လား"
ချန်ဝမ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့။ အကယ်၍ ကျုပ်သာ မလုပ်ချင်ဘူးဆိုရင် ကျုပ် နေခဲ့မှာ မဟုတ်ပါဘူး"
ချန်ဝမ်က "ကျုပ်လည်း ရှေ့ဆက်ပြီး တက်လှမ်းချင်လို့ပါ"
နတ်ဘုရားတုအဆင့်၊ ထိုအရာက ကန့်သတ်ချက်ပင်။
ရှေ့ဆက် တက်လှမ်းချင်သည်လော။
မည်သူ့ကို အားကိုးရပါမည်နည်း။
ပုံမှန်ဆိုလျှင် လုံးဝ မဖြစ်နိုင်ချေ။
ရီထျန်းမင်က ချန်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရှေ့ရှိ ရွှေရောင်စာလိပ်များကို လှည့်ကြည့်လိုက်၏။ "ဒီမှာရှိတဲ့ သမိုင်းမှတ်တမ်း အတော်များများက မှားယွင်းနေတယ်၊ အထူးသဖြင့် နတ်ဘုရားများခေတ်နဲ့ ပတ်သက်တာတွေပေါ့... ငါ ပြောပြမယ်၊ မင်းက မှတ်တမ်းတင်ရလိမ့်မယ်။ အစစ်အမှန် သမိုင်းကြောင်းကို သတ္တဝါအပေါင်း နားလည်အောင် လုပ်ပေးဖို့ ငါတို့မှာ တာဝန်ရှိတယ်"
ချန်ဝမ်က အလျင်အမြန်ပင်။ "ဟုတ်ကဲ့၊ ဟုတ်ကဲ့..."
ပြောပြီးနောက် သူက စုတ်တံတစ်ချောင်းကို ထုတ်ယူကာ ရီထျန်းမင်ကို ကြည့်လိုက်၏။
ရီထျန်းမင်က "နတ်ဘုရားတွေက ဘိုးဘေးနတ်ဘုရားကို သစ္စာဖောက်ခဲ့ကြတယ်..."
ဟင်...
ချန်ဝမ်မှာ လုံးဝ ဆွံ့အသွားကာ သူ၏ အကြားအာရုံ မှားသွားသည်ဟုပင် ထင်လိုက်၏။
ရီထျန်းမင်က ဆက်ပြောလိုက်သည်။ "ဘိုးဘေးနတ်ဘုရားက သက်ရှိသတ္တဝါအပေါင်းဉပဒေကို ဖန်တီးခဲ့တာ၊ အဲဒါကို နတ်ဘုရားတွေက သူတို့ရဲ့ အကျိုးစီးပွားတွေ ဆုံးရှုံးသွားမှာကို မလိုလားတာနဲ့ ဘိုးဘေးနတ်ဘုရားကို လုပ်ကြံဖို့ ပူးပေါင်းခဲ့ကြတယ်..."
ထိုအကြောင်းကို ပြောနေရင်းဖြင့် သူက တွေဝေနေသော ချန်ဝမ်ကို ရုတ်ခြည်းဆိုသလို လှည့်ကြည့်လိုက်၏။ "ဘာဖြစ်လို့လဲ"
ချန်ဝမ်က တံတွေးမြိုချလိုက်၏။ "အထွတ်အမြတ်နတ်ဘုရား... အခု ပြောနေတာတွေက အမှန်တွေလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "သေချာတာပေါ့... ဘိုးဘေးနတ်ဘုရားက ဘာလို့ သက်ရှိသတ္တဝါအပေါင်းဉပဒေကို ဖန်တီးခဲ့တာလဲ။ အဲဒါက သတ္တဝါအပေါင်းဆီမှာ နတ်ဘုရားတွေကို လုပ်ကြံနိုင်တဲ့ စွမ်းရည်မျိုး ရှိလာစေချင်လို့ပဲ..."
ချန်ဝမ်၏ စိတ်က အနည်းငယ် ရှုပ်ထွေးသွား၏။ ထိုအခိုက်အတန့်၌ မည်သည်က တရားဝင်သမိုင်း၊ မည်သည်က အလွတ်သဘောသမိုင်း ဖြစ်သည်ကို သူ မခွဲခြားနိုင်တော့ချေ။
သိပ်မကြာခင်၌ပင် သူ စတင်၍ မှတ်တမ်းတင်လိုက်သည်။
ရီထျန်းမင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ကြယ်နတ်ဘုရားက ဘိုးဘေးနတ်ဘုရားရဲ့ စံနှုန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် နတ်ဘုရားအားလုံးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးမှာ သူ့ရဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး လူ့လောကထဲကို ကျဆင်းလာခဲ့တယ်..."
ချန်ဝမ် "..."
ရီထျန်းမင်က "ကြေညာလိုက်တော့... အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုနဲ့ မော့ခယ်နတ်ဘုရားအကျဉ်းထောင်က မင်းနဲ့ ပူးပေါင်းပေးလိမ့်မယ်"
ချန်ဝမ်က ရိုသေလေးစားစွာဖြင့် "နားလည်ပါပြီ"
ရီထျန်းမင် ပြောပြထားသော ထိုနတ်ဘုရားများ၏ သမိုင်းကြောင်းကို နတ်ဘုရားကျောင်းတော်မှတစ်ဆင့် ကြေညာလိုက်ချိန်၌ မျက်စိတစ်မှိတ်အတွင်း၌ပင် နတ်ဘုရားစကြာဝဠာတစ်ခုလုံး ဆူညံပွက်လောရိုက်သွား၏။
သောက်ကျိုးနည်း ဘာတွေနည်း။
နတ်ဘုရားများက ဘိုးဘေးနတ်ဘုရားကို သစ္စာဖောက်ခဲ့သည်လော။
ထိုနေ့၌ပင် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုရှိ နတ်ဘုရားရုပ်တုများက ရုတ်ခြည်းပင် တစ်ပြိုင်နက်တည်း မီးလောင်ကျွမ်းသွားကာ နတ်ဘုရားစွမ်းအားလှိုင်းလုံးလေးခုကလည်း နတ်ဘုရားစကြာဝဠာတစ်ခုလုံးကို တိုက်ခတ်သွားလေသည်။
နတ်ဘုရားစွမ်းအား ပြသခြင်းပင်...
တစ်ချိန်တည်း၌ပင် သွေးရောင်လမင်းကြီးတစ်ခုကလည်း လူ့လောကထက်သို့ ရုတ်တရက် ဆင်းသက်လာ၏။
***