နတ်ဘုရားစွမ်းအား ပြသခြင်း...
အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခု၏ အတွင်း၌ နတ်ဘုရားရုပ်တုများက ပြင်းထန်စွာ မီးလောင်ကျွမ်းနေကာ အပြင်ဘက်၌မူ သွေးရောင်လမင်းကြီးက ကောင်းကင်ယံ၌ တွဲလွဲခိုနေလျက် နတ်ဘုရားစကြာဝဠာတစ်ခုလုံးကို နီရဲနေသော သွေးရောင်အဖြစ် ဆိုးသွင်းထား၏။
နတ်ဘုရားများ ဒေါသထွက်နေကြခြင်းပင်...
ထိုအခိုက်အတန့်၌ နတ်ဘုရားစကြာဝဠာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤကာလအတွင်း၌ သူတို့က သက်ရှိသတ္တဝါအပေါင်းဉပဒေကို နေ့စဉ်နှင့်အမျှ လေ့လာနေခဲ့ကြ၏။ သက်ရှိသတ္တဝါအပေါင်းဉပဒေကို သူတို့ မငြင်းဆန်နိုင်သလို ဤသက်ရှိသတ္တဝါအပေါင်းဉပဒေကို လေ့လာခြင်းက နတ်ဘုရားများကို ဆန့်ကျင်ခြင်းနှင့် အတူတူပင် ဖြစ်ကြောင်းကိုလည်း တကယ်တမ်း၌ သူတို့ သေချာနားလည်ထားကြ၏။
အထူးသဖြင့် ယခုအခါ၌ နတ်ဘုရားများအပေါ် ထားရှိသော အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခု၏ သဘောထားမှာ ဆန့်ကျင်ပုန်ကန်မှုကို လူသိရှင်ကြား ကြေညာနေခြင်းနှင့် အတူတူပင်။
ထို့ကြောင့် ဤအခိုက်အတန့်၌ နတ်ဘုရားများ ဒေါသထွက်နေသည်ကို မြင်လိုက်ရသည်တွင် လူအများအပြားမှာ ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။
အချိန်တိုအတွင်း၌ပင် နတ်ဘုရားစကြာဝဠာတစ်ခုလုံးက ပရမ်းပတာအခြေအနေထဲသို့ စတင်ကျဆင်းသွားတော့၏။
ကျောင်းတော်သခင်လေးဦးနှင့် အကျဉ်းထောင်သခင်တို့က ရီထျန်းမင်ကို ချက်ချင်း လာရှာကြသည်။ သူတို့ငါးယောက်လုံး၏ အမူအရာများက အင်မတန် လေးနက်နေကြ၏။ နတ်ဘုရားများက သူတို့အား ဤကဲ့သို့ တိုးတက်လာသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း သူတို့ သိထားကြသော်လည်း နတ်ဘုရားများ၏ လှုပ်ရှားမှုက ဤမျှ မြန်ဆန်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။
ထို့ကြောင့် သူတို့သည်လည်း အနည်းငယ် တုန်လှုပ်နေကြ၏။
ရီထျန်းမင်ကမူ အင်မတန် တည်ငြိမ်နေသည်။ သူက သွေးရောင်လမင်းကြီးကို မော့ကြည့်လိုက်ကာ "သူတို့က အောက်ကို ဆင်းလာလို့ မရပါဘူး"
အောက်သို့ ဆင်းလာ၍ မရချေ။
နတ်ဘုရားများက လူ့လောကသို့ ဆင်းသက်လာ၍ မရနိုင်ကြောင်း ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များမှတစ်ဆင့် သူသိရှိခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် အတိတ်ကာလ၌ ဘိုးဘေးနတ်ဘုရား ချန်ထားခဲ့သော ကန့်သတ်ချက်တစ်ခုက ဤလူ့လောက၌ ရှိနေသောကြောင့်ပင်။
ဘိုးဘေးနတ်ဘုရား၏ ကန့်သတ်ချက်...
ထို့ကြောင့် နတ်ဘုရားများက လူ့လောက၌ ကိုယ်စားလှယ်များကို ရှာဖွေရုံသာ တတ်နိုင်ကြပေသည်။ သေချာပေါက် အကယ်၍ သူတို့က သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ရန် ဆန္ဒရှိမည်ဆိုလျှင်... တစ်နည်းအားဖြင့် သူတို့ကိုယ်သူတို့ အစစ်အမှန်နတ်ဘုရားအဆင့်၏ အောက်သို့ ဖိနှိပ်ထားမည်ဆိုလျှင် သူတို့က အောက်ကို ဆင်းလာနိုင်သော်လည်း သူတို့၏ နတ်ဘုရားခန္ဓာကိုယ်ကို ဆုံးရှုံးရလိမ့်မည်ပင်။
နတ်ဘုရားခန္ဓာကိုယ်...
နတ်ဘုရားတစ်ပါး ဖြစ်လာချိန်၌ သူတို့က နတ်ဘုရားမီးတောက်၏ သန့်စင်ပေးမှုကို ခံရမည်ဖြစ်ကာ ထိုအရာက နတ်ဘုရားလောင်း၏ ခန္ဓာကိုယ်ကို နတ်ဘုရားခန္ဓာကိုယ်တစ်ခုအဖြစ် သန့်စင်ပေးလိမ့်မည် ဖြစ်၏။ အရိုးရှင်းဆုံးဆိုရသော် နတ်ဘုရားခန္ဓာကိုယ်ဆိုသည်မှာ နတ်ဘုရားသတ်လက်နက် မရှိပါလျှင် လူ့လောကမှ လူများအနေဖြင့် ယင်းကို အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရစေရန် လုံးဝမဖြစ်နိုင်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။
အတိတ်ကာလက ကြယ်နတ်ဘုရား ကျဆင်းလာခဲ့ရခြင်းမှာ တကယ်တမ်း၌ သူ၏ နတ်ဘုရားခန္ဓာကိုယ် ပျက်စီးသွားခဲ့သောကြောင့်ပင်။
အထက်သို့ ပြန်တက်ရန်အတွက် သူက နတ်ဘုရားမီးတောက်၏ သန့်စင်ပေးမှုကို ထပ်မံခံယူရမည် ဖြစ်၏။ သေချာပေါက် ယခုအခါ၌ အထက်မှအင်အားစုများက သူ့ကို အထက်သို့ ပြန်တက်ခွင့်ပြုမည် မဟုတ်ချေ။
အရိုးရှင်းဆုံးဆိုရသော် အကယ်၍ နတ်ဘုရားတစ်ပါးသာ ဆင်းသက်လာမည်ဆိုလျှင် သူတို့၏ စွမ်းအားများက အကြီးအကျယ် အားနည်းသွားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့်လည်း သူက သက်ရှိသတ္တဝါအပေါင်းဉပဒေကို ချက်ချင်း အကောင်အထည်ဖော်ရန် ရဲဝံ့ခဲ့ခြင်းပင်။
ချူနိုင်းက လေးနက်သောအသံဖြင့် "အဆွေတော်... သူတို့က အောက်ကို ဆင်းလာလို့ မရဘူးဆိုပေမယ့် လက်ရှိအခြေအနေအရ ကြည့်ရင် သူတို့က သိသိသာသာကို ဒေါသထွက်နေကြတာပဲ။ နောက်တစ်ဆင့်မှာ သူတို့က သေချာပေါက် လှုပ်ရှားလာကြတော့မှာ။ ပြီးတော့ သာမန်ပြည်သူတွေက နတ်ဘုရားတွေအပေါ်မှာ ကြီးမားတဲ့ ရိုသေလေးစားမှု ရှိနေကြတုန်းပဲ။ အောက်ဘက်မှာရှိတဲ့ လူအများအပြားဟာ နတ်ဘုရားကျောင်းတော်တွေရှေ့မှာ ဒူးထောက်ပြီး နတ်ဘုရားတွေရဲ့ ခွင့်လွှတ်မှုကို တောင်းခံနေကြပြီ..."
နိုးထခြင်းနန်းတော်၏ ကျောင်းတော်သခင် ကျဲကျဲကလည်း ပြောလိုက်၏။ "ဒါတွေက ထိန်းချုပ်လို့ ရပါသေးတယ်၊ ငါတို့က သူတို့ကို ဖိနှိပ်ထားလို့ ရတယ်။ အဓိကအချက်က နတ်ဘုရားတွေနဲ့ အဲဒီနတ်ဘုရားတွေရဲ့ မျိုးဆက်တွေက နောက်တစ်ဆင့်မှာ ဘယ်လိုလှုပ်ရှားလာမလဲဆိုတာကို ငါတို့ မသိရတာပဲ။ ပြီးတော့ ရှေးဟောင်းနတ်ဘုရားကျောင်းတော်နဲ့ ပတ်သက်ပြီး... သူတို့ကို ဆက်သွယ်ဖို့ အရင်က ငါ လူလွှတ်လိုက်သေးပေမယ့် သူတို့က ဘာတုံ့ပြန်မှုမှ မပေးဘူး"
ပြောနေရင်းဖြင့် သူက ရီထျန်းမင်ကို စိုးရိမ်ပူပန်သော အမူအရာဖြင့် ကြည့်လိုက်သည်။ "ပြီးတော့ ဒီသွေးရောင်လမင်းကြီးက နတ်ဘုရားသိုင်းပညာရပ်တစ်ခုပဲ။ ဒီလမင်းကြီး ထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် ဒီကမ္ဘာလောကရဲ့ အမွှေးတိုင်ယုံကြည်မှုတွေနဲ့ စိတ်ဝိညာဉ်ချီစွမ်းအင်တွေကို သူက ပျော်ဝင်သွားစေလိမ့်မယ်... ဒါက နတ်ဘုရားတွေဆီက သတိပေးချက်တစ်ခု ဖြစ်လောက်တယ်"
ရီထျန်းမင်က သွေးရောင်လမင်းကြီးကို ကြည့်လိုက်၏။ "နိုးထခြင်းတရားဝင်အိမ်တော်မှာ သက်ရှိသတ္တဝါအပေါင်းဉပဒေ ဖြန့်ဝေမှုက ဘယ်လိုနေလဲ"
နတ်ဘုရားစကြာဝဠာက ကျယ်ပြောလှသော်လည်း ယင်းက များပြားလှသော တရားဝင်အိမ်တော်စကြာဝဠာများနှင့် မယှဉ်နိုင်ချေ။ ထိုများပြားလှသော တရားဝင်အိမ်တော်စကြာဝဠာများက သူ၏ အစစ်အမှန်ပစ်မှတ်များဖြစ်ကာ တရားဝင်အိမ်တော်စကြာဝဠာများရှိ သတ္တဝါအပေါင်းက သက်ရှိသတ္တဝါအပေါင်းဉပဒေကို လေ့လာမှသာလျှင် သူ ရီထျန်းမင်က အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မည် ဖြစ်၏။
ထို့ပြင် ယင်းက မြန်ဆန်ရမည်ပင်။
အဘယ်ကြောင့်ဆိုသော် ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များမှတစ်ဆင့် သူက အချက်တစ်ချက်ကို သိရှိထားသောကြောင့်ပင်။ နတ်ဘုရားများက အမွှေးတိုင်ယုံကြည်မှုအားလုံးကို ရယူရန်အတွက် သတ္တဝါအပေါင်းကို တိုက်ရိုက် ယဇ်ပူဇော်နိုင်ကြ၏။
ထို့ပြင် သူတို့အနေဖြင့် သတ္တဝါအားလုံးကို ယဇ်ပူဇော်ရန်က အင်မတန် ရိုးရှင်းပေသည်။ စကြာဝဠာဘေးဒုက္ခတစ်မျိုးမျိုးကို ဖန်တီးလိုက်ခြင်းကပင် လွယ်ကူသောကိစ္စတစ်ခု ဖြစ်၏။
စကြာဝဠာဘေးဒုက္ခတစ်ခုက များပြားလှသော သတ္တဝါများကို အမွှေးတိုင်ယုံကြည်မှုအဖြစ်သို့ ပြောင်းလဲရန် လုံလောက်ပေသည်။ သေချာပေါက် သူတို့က တရားဝင်အိမ်တော်စကြာဝဠာတစ်ခုကို မသတ်ဖြတ်ခင်၌ အရင်ဝဖြိုးအောင် မွေးမြူလေ့ ရှိကြ၏။
ရီထျန်းမင်၏ စကားကို ကြားလိုက်ရသည်တွင် ချူနိုင်းက လေးနက်သောအသံဖြင့် "သက်ရှိသတ္တဝါအပေါင်းဉပဒေကို ဖြန့်ဝေဖို့ ကျုပ်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ အောက်ခြေမှာရှိတဲ့ သတ္တဝါတွေရဲ့ စွမ်းအားက အားနည်းလွန်းနေတော့ သူတို့က အပြင်ကို လုံးဝ ထွက်မလာနိုင်ကြဘူး... ကွမ်ချွန်ဓားသခင် ရှိနေတဲ့ တရားဝင်အိမ်တော်ကလွဲရင်ပေါ့။ အဲဒီလူကတော့ အတိတ်ကာလတုန်းက မဟာတာအိုတစ်ခုကို အတင်းအကျပ် ဖောက်ထွက်ခဲ့တာဆိုတော့ အဲဒီတရားဝင်အိမ်တော်က လူတွေကလည်း အပြင်ကို ထွက်လာနိုင်ကြတယ်။ ဒါပေမဲ့ သူတို့ ထွက်လာနိုင်ရင်တောင် သိပ်အသုံးဝင်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ဒီကမ္ဘာလောကမှာရှိတဲ့ မဟာတာအိုဉပဒေသတွေရဲ့ ဖိနှိပ်မှုကို ခံရမှာဖြစ်ပြီး သူတို့ရဲ့ ကျင့်ကြံခြင်းတွေအားလုံးလည်း အသုံးမဝင် ဖြစ်သွားနိုင်တာမို့ပဲ”
ရီထျန်းမင်က အနည်းငယ် တွေးတောလိုက်ပြီးနောက်တွင် "အတိတ်ကာလတုန်းက ကွမ်ချွန်ဓားသခင် ဒီကမ္ဘာလောကကို ရောက်လာပြီးတဲ့နောက် သူ ဘယ်ကိုသွားလဲဆိုတာကို သိလား"
ကွမ်ချွန်ဓားသခင်၏ သွားရာလမ်းကို သူက အင်မတန် သိချင်နေခဲ့ခြင်းပင်။ ထိုကဲ့သို့သော ပြိုင်ဘက်ကင်းသည့် သန်မာသူတစ်ဦးက ဤနေရာသို့ ရောက်လာကာ ဘိုးဘေးနတ်ဘုရား၏ ကန့်သတ်ချက်ကို ခုခံရုံသာမက မဟာတာအိုတစ်ခုကိုပါ ဖောက်ထွက်ခဲ့သေး၏။ တစ်ဖက်လူထံ၌ ရည်ရွယ်ချက်တစ်ခုခု သေချာပေါက် ရှိရမည်ပင်။
ချူနိုင်းက ခေါင်းခါယမ်းလိုက်သည်။ "မသိပါဘူး။ ကျုပ်တို့လည်း စုံစမ်းကြည့်ခဲ့ပေမယ့် ဘာမှ ရှာမတွေ့ခဲ့ပါဘူး"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ငါ နားလည်ပြီ"
ပြောပြီးနောက် သူက လူတိုင်းကို ကြည့်လိုက်သည်။ "မထိတ်လန့်ကြနဲ့။ မင်းတို့အလုပ် မင်းတို့ လုပ်ကြ။ ရှေးဟောင်းနတ်ဘုရားကျောင်းတော်ကို ငါကိုယ်တိုင် သွားလိုက်မယ်"
ချူနိုင်းက အလျင်အမြန်ပင်။ "အဆွေတော်နဲ့အတူ ကျုပ်တို့ကို လိုက်ခွင့်ပြုပါ..."
ကျင်းချင်ကလည်း ဝင်ပြောလိုက်သည်။ "ရှေးဟောင်းနတ်ဘုရားကျောင်းတော်က အရမ်းအားကောင်းတယ်၊ ပြီးတော့ သူတို့က ဘာသဘောထားမှလည်း မထုတ်ပြန်ရသေးဘူး။ ကျုပ်စိုးရိမ်မိတာတော့ သူတို့က... အဆွေတော်ကို ရန်ပြုလာမှာကိုပဲ"
ရီထျန်းမင်က ပြုံးလိုက်၏။ "ကိစ္စမရှိပါဘူး"
ပြောပြီးနောက် သူက ကျောင်းတော်သခင် ခဲ့ရှန်းကို တစ်ချက်ကြည့်လိုက်ကာ ထိုနေရာမှ လှည့်ထွက်၍ ပျောက်ကွယ်သွားတော့သည်။
ရီထျန်းမင် ထွက်ခွာသွားပြီးနောက် ထိုနေရာ၌ ချူနိုင်းနှင့် အခြားသူများအားလုံး၏ အမူအရာများက အင်မတန် လေးနက်သွားကြ၏။
ရုတ်တရက် ခဲ့ရှန်းက "ဒီတစ်ကြိမ်တော့ ငါတို့ ထာဝရပျက်စီးခြင်းထဲကို ကျဆင်းသွားတော့မယ်လို့ ငါခံစားနေရတယ်..."
အားလုံးက ခဲ့ရှန်းကို ကြည့်လိုက်ကြရာ သူက လေးနက်သောအသံဖြင့် "ဒီကြယ်နတ်ဘုရားက နတ်ဘုရားတစ်ပါးတည်းကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး၊ သူက နတ်ဘုရားတွေအားလုံးကို ပစ်မှတ်ထားနေတာ..."
အားလုံး တိတ်ဆိတ်သွားကြသည်။
ရီထျန်းမင်၏ ရည်ရွယ်ချက်ကို သူတို့က သေချာပေါက် မြင်တွေ့ခဲ့ကြပြီး ဖြစ်၏။ ထိုနတ်ဘုရားမှ ကြံစည်နေသောအရာက တရားဝင်အိမ်တော်အနည်းငယ်၏ ယုံကြည်မှုသက်သက် မဟုတ်ချေ။ ခဲ့ရှန်းပြောသလိုပင် သူကြံစည်နေသောအရာက နတ်ဘုရားများအားလုံးကို တိုက်ရိုက်ဖြုတ်ချရန်ပင် ဖြစ်သည်။
ခဲ့ရှန်းက ဆက်ပြောလိုက်၏။ "သူတစ်ယောက်တည်းနဲ့ နတ်ဘုရားတွေကို ယှဉ်နိုင်မယ်လို့ ငါတော့ မထင်ဘူး"
ကျင်းချင်က လေးနက်သောအသံဖြင့် "မင်းက နောက်ဆုတ်ချင်လို့လား"
ခဲ့ရှန်းမှာ တိတ်ဆိတ်သွားသည်။
ရုတ်တရက် ချူနိုင်းက "အစ်ကိုခဲ့... အဲဒီလို မတွေးပါနဲ့"
ခဲ့ရှန်းက ချူနိုင်းကို ကြည့်လိုက်ရာ ချူနိုင်းက ပြုံးလိုက်သည်။ "ဆန့်ကျင်ဘက်အနေနဲ့ ဒီနတ်ဘုရားအနောက်ကို လိုက်ခြင်းအားဖြင့် ငါတို့လည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်တယ်လို့ ငါ ထင်တယ်"
ခဲ့ရှန်းက ချက်ချင်း မေးလိုက်၏။ "ဘယ်လိုလုပ်ပြီးတော့လဲ"
ချူနိုင်းက လေးနက်သောအသံဖြင့် "ပထမအချက်ကတော့ သူက နတ်ဘုရားတွေကို စိန်ခေါ်ရဲတယ်ဆိုတာ သူ့မှာ ယုံကြည်မှုရှိတယ်လို့ သက်သေပြနေတာပဲ။ ဒုတိယအချက်က သက်ရှိသတ္တဝါအပေါင်းဉပဒေနဲ့ ပတ်သက်ပြီး သူ့စကားတွေကို ငါယုံကြည်တယ်။ ဒီဉပဒေသကို ဘိုးဘေးနတ်ဘုရားက ဖန်တီးခဲ့တာပဲ ဖြစ်ရမယ်၊ ပြီးတော့ ဘိုးဘေးနတ်ဘုရားက ဒီဉပဒေသကို သူ့ဆီ လက်ဆင့်ကမ်းပေးခဲ့တာ..."
ရုတ်တရက် ခဲ့ရှန်းက "ဒီဉပဒေသကို ဘိုးဘေးနတ်ဘုရားက ဖန်တီးခဲ့တာဆိုတဲ့အကြောင်း မင်းက ဘယ်လိုလုပ် သေချာနေတာလဲ။ အကယ်၍ သူက ငါတို့ကို လှည့်စားနေတာဆိုရင်ရော"
ရုတ်တရက် ကျင်းချင်က ဝင်ပြောလိုက်သည်။ "ခဲ့ရှန်း... မငြင်းခုံပါနဲ့။ ဒီဉပဒေသက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လွန်းတယ်၊ ဒါကို သာမန်နတ်ဘုရားတစ်ပါး ဖန်တီးနိုင်တယ်လို့ ငါ မယုံဘူး"
ချူနိုင်းကလည်း ခေါင်းညိတ်လိုက်၏။ "လူကြီးမင်းတို့... ငါတို့အတွက်တော့ ဒါက တစ်သက်မှာ တစ်ခါသာရနိုင်တဲ့ အခွင့်အရေးပဲ။ အကယ်၍ ငါတို့သာ အောင်မြင်ခဲ့မယ်ဆိုရင် ငါတို့က တာအိုကို သက်သေပြပြီး နတ်ဘုရားတွေ ဖြစ်လာနိုင်ရုံသာမကဘဲ ငါတို့ရဲ့ နာမည်တွေကိုပါ ထာဝရ ကျန်ရစ်နေအောင် လုပ်နိုင်မှာ... သေချာပေါက် ငါတို့ ကျရှုံးခဲ့မယ်ဆိုရင်တော့ ငါတို့ရဲ့ ကံတရားက မကောင်းဘူးလို့ပဲ ပြောရမှာပေါ့..."
ပြောနေရင်းဖြင့် သူက ခဲ့ရှန်းကို ရုတ်တရက် ကြည့်လိုက်သည်။ "နောက်တစ်ချက် ရှိသေးတယ် အစ်ကိုခဲ့။ သူက စကားပြောရ လွယ်ကူသလို ထင်ရပေမယ့် တကယ်တမ်းကျတော့ သူက အရမ်းကို ပြတ်သားပြီး ရက်စက်တယ်ဆိုတာကို မင်း နားလည်ထားရမယ်။ အကယ်၍ အခုချိန်မှာ မင်းက သူ့ကို သစ္စာဖောက်လိုက်မယ်ဆိုရင် ဒီလောကကြီးကနေ မင်း ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာ မင်းယုံလား၊ ပြီးတော့ မင်းယုံကြည်တဲ့ နတ်ဘုရားကလည်း မင်းကို လုံးဝ ကာကွယ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ အကယ်၍ အထက်က နတ်ဘုရားတစ်ပါးက မင်းကို သတ်ချင်တယ်ဆိုရင်တော့ သူက မင်းကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
ခဲ့ရှန်းမှာ တိတ်ဆိတ်သွား၏။
ကျင်းချင်က ပြုံးလိုက်သည်။ "အများကြီး မတွေးပါနဲ့၊ လုပ်သာလုပ်လိုက်... ဘာပဲဖြစ်ဖြစ် ငါတို့က တာအိုကို သက်သေပြပြီး နတ်ဘုရားတွေ ဖြစ်မလာနိုင်ဘူးဆိုရင်လည်း နောက်ဆုံးကျရင် ငါတို့သေရမှာဖြစ်ပြီး ငါတို့ရဲ့ တာအိုပါ ပျောက်ကွယ်သွားမှာပဲလေ။ ဒါတွေဖြစ်လာမှတော့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ငါတို့ အစွမ်းကုန် ကြိုးစားကြည့်တာက ပိုမကောင်းဘူးလား"
ချူနိုင်းက ခေါင်းညိတ်လိုက်၏။ "ငါတို့ အစွမ်းကုန် ကြိုးစားကြတာပေါ့... အဲဒီလိုမှ မဟုတ်ရင် တကယ်ကို မကျေမနပ်ဖြစ်ရလိမ့်မယ်"
ကျင်းချင်နှင့် ကျဲကျဲတို့ နှစ်ဦးစလုံးက သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့အတွက် ရှေ့ဆက်မတက်လှမ်းနိုင်ပါက တကယ်ကို လုံးဝ ကျေနပ်နိုင်စရာ မရှိချေ။
သို့သော် ခဲ့ရှန်းကမူ သက်ပြင်းချလိုက်၏။
ရုတ်တရက် အကျဉ်းထောင်သခင်က "မင်းတို့ နောက်တစ်ချက်ကို မေ့နေကြတယ်"
အားလုံးက အကျဉ်းထောင်သခင်ကို ကြည့်လိုက်ကြရာ အကျဉ်းထောင်သခင်က သူတို့ကို တစ်ချက်ကြည့်လိုက်၏။ "သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက ကမ္ဘာလေ"
အားလုံး၏ အမူအရာများက ချက်ချင်းဆိုသလို ပြောင်းလဲသွားကြသည်။
သိုလှောင်လက်စွပ်ထဲ၌ ဆယ်နှစ်က အပြင်ဘက်၌ တစ်ရက်ပင်...
အကျဉ်းထောင်သခင်က ထပ်ပြောလိုက်၏။ "ဒီကာလအတွင်း သူနဲ့ ဆက်ဆံပြီးတဲ့နောက် သူက ခန့်မှန်းရခက်တယ်လို့ ငါ ပိုပြီး ခံစားလာရတယ်။ ဒါ့ပြင် သူက သူ့စွမ်းအားတွေ နည်းနည်းပြန်ကောင်းလာတာနဲ့ မော့ခယ်နတ်ဘုရားကို သွားကယ်မယ်လို့လည်း ပြောသေးတယ်။ အဲဒီအချိန်ကျရင် ထိပ်တန်းအစစ်အမှန်နတ်ဘုရားတစ်ပါးနဲ့ အထွတ်အမြတ်နတ်ဘုရားတစ်ပါး ပူးပေါင်းလိုက်ပြီဆိုရင်တော့... ဟီးဟီး..."
မော့ခယ်နတ်ဘုရား...
သူက အထွတ်အမြတ်နတ်ဘုရားတစ်ပါး ဖြစ်သည်။
ချူနိုင်းက "အများကြီး တွေးမနေပါနဲ့တော့။ ပြဿနာရှာတဲ့ ကောင်တွေကို သွားဖိနှိပ်ကြရအောင်..."
သိပ်မကြာခင်၌ပင် အားလုံးက လူစုခွဲလိုက်ကြသည်။
သို့သော် ခဲ့ရှန်းက သူ၏ ကိုယ်ပိုင်နတ်ဘုရားကျောင်းတော်သို့ မပြန်ဘဲ ကြယ်တာရာကောင်းကင်တစ်ခု၏ အနက်ပိုင်းသို့ တိတ်တဆိတ် ရောက်ရှိလာ၏။ သူရောက်လာသည်နှင့်တစ်ပြိုင်နက် အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦး ထွက်ပေါ်လာသည်။ ထိုသူမှာ ယခင်က ရီထျန်းမင်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရကာ ဒူးထောက်ခဲ့ရသော နတ်ဘုရားမျိုးဆက်ပင် ဖြစ်၏။
ထိုအဖြူရောင်ဝတ်ရုံနှင့် လူငယ်ကို မြင်လိုက်ရသည်တွင် ခဲ့ရှန်းက ချက်ချင်းပင်။ "သခင်လေးလင်း..."
သခင်လေးလင်းဟုခေါ်သော အဖြူရောင်ဝတ်ရုံနှင့် လူငယ်က ပြုံးလိုက်၏။ "ကြိုဆိုပါတယ် ကျောင်းတော်သခင်ခဲ့ရှန်း... သွားကြစို့၊ ခင်ဗျားကို တွေ့ချင်နေတဲ့သူတစ်ယောက် ရှိတယ်"
ခဲ့ရှန်းက ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ"
သိပ်မကြာခင်၌ပင် ခဲ့ရှန်းက သခင်လေးလင်း၏ နောက်မှလိုက်ကာ ခမ်းနားကြီးကျယ်သော ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိလာ၏။ ခန်းမဆောင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် နံရံများထက်၌ ရေးဆွဲထားသော နတ်ဘုရားများ၏ ပုံတူပန်းချီကားချပ်ကြီးများကို သူမြင်တွေ့လိုက်ရသည်။
ခဲ့ရှန်းက ပတ်ပတ်လည်ကို ကြည့်လိုက်၏။ ခန်းမဆောင်အတွင်း၌ မိုးပျံမတတ် မြင့်မားသော ကျောက်တိုင်ကြီးများလည်း ရှိနေကာ ယင်းတို့အားလုံးထက်၌ ကြီးမားခမ်းနားသော ပုံတူပန်းချီကားချပ်များဖြင့် အလှဆင်ထားသည်။
ခဲ့ရှန်းက သခင်လေးလင်းနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ရာ လမ်းတစ်လျှောက်၌ အမျိုးသား၊ အမျိုးသမီးများစွာကို သူတွေ့လိုက်ရ၏။ သူတို့အားလုံးက အင်မတန် ငယ်ရွယ်ကြကာ အနည်းဆုံး နတ်ဘုရားတုအဆင့်၏ အထွတ်အထိပ်၌ ရှိနေကြပေသည်။... သူတို့ထဲမှ လူအများအပြား၏ လက်ထဲတွင်လည်း နတ်ဘုရားသတ်လက်နက်များကိုပင် ကိုင်ဆောင်ထားကြသေး၏။
နတ်ဘုရားများ၏ မျိုးဆက်များပင်...
ခဲ့ရှန်း၏ အမူအရာက အင်မတန် လေးနက်နေသည်။
အတွင်းပိုင်းသို့ ပို၍ လျှောက်သွားလေလေ၊ ဖိနှိပ်သည့် ခံစားချက်က ပို၍ အားကောင်းလာလေလေပင်။
သိပ်မကြာခင်၌ပင် ရှေ့မှ သခင်လေးလင်းက ရပ်တန့်သွား၏။
ခဲ့ရှန်းက မော့ကြည့်လိုက်ရာ သူ၏ အမြင်အာရုံအဆုံး၌ အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ အဖြူရောင်ဝတ်ရုံနှင့် လူငယ်က ကျောက်လှေကားထစ်ပေါ်၌ ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေ၏။
ထိုအခိုက်အတန့်၌ အဖြူရောင်ဝတ်ရုံနှင့် လူငယ်က စာအုပ်ကို ရုတ်ခြည်းဆိုသလို သိမ်းဆည်းလိုက်ကာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်တွင် ညင်သာပြီး ယဉ်ကျေးသိမ်မွေ့သောဟန် ပေါ်လွင်လာသည်။ သူက ခဲ့ရှန်းကို ကြည့်ကာ ပြုံးလိုက်၏။ "သတိထားမနေပါနဲ့တော့။ ခင်ဗျားက ငါတို့ကို ရွေးချယ်ခဲ့ပြီဆိုမှတော့ အခုကစပြီး ကျုပ်တို့က အချင်းချင်းတွေ ဖြစ်သွားကြပါပြီ"
ခဲ့ရှန်းက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "အဆွေတော်က..."
အဖြူရောင်ဝတ်ရုံနှင့် လူငယ်က "အောက်ဘက်က ကမ္ဘာမှာတော့ သူတို့က ငါ့ကို နတ်ဘုရားသစ်လို့ ခေါ်ရတာ ကြိုက်ကြတယ်။ ဒီစကြာဝဠာမှာတော့... ငါ့ကို ဆုတောင်းခြင်းနတ်ဘုရားလို့ ခေါ်ကြတယ်"
ခဲ့ရှန်းက လေးနက်သောအသံဖြင့် "မင်းက နတ်ဘုရားတွေရဲ့ လူတွေထဲက တစ်ယောက်လား"
ဆုတောင်းခြင်းနတ်ဘုရားက ခေါင်းခါယမ်းလိုက်၏။ "မဟုတ်ဘူး"
ခဲ့ရှန်းမှာ အနည်းငယ် တွေဝေသွားသည်။
ဆုတောင်းခြင်းနတ်ဘုရားက ပြုံးလိုက်၏။ "တကယ်တမ်းကျတော့ သတ္တဝါအားလုံးအတွက် သူ့ရဲ့ အစီအစဉ်က အရမ်းကောင်းပါတယ်။ အဲဒါက တကယ်ကို ဖြစ်နိုင်ခြေရှိတဲ့ တာအိုတစ်ခုပါပဲ..."
ခဲ့ရှန်းက "အဆွေတော်က ကြယ်နတ်ဘုရားကို ရည်ညွှန်းနေတာလား"
ဆုတောင်းခြင်းနတ်ဘုရားက ခေါင်းခါယမ်းလိုက်သည်။ "ငါက သခင်လေးရီ၊ ရီထျန်းမင်အကြောင်းကို ပြောနေတာ"
ခဲ့ရှန်းမှာ တွေဝေသွား၏။ "ရီထျန်းမင် ဟုတ်လား"
ဆုတောင်းခြင်းနတ်ဘုရားက ပြုံးလိုက်သည်။ "ခင်ဗျား မသိသေးဘူးထင်တယ်။ ကြယ်နတ်ဘုရားက သေသွားပြီ။ တကယ်တော့ သူက ရီထျန်းမင်ပဲ"
ခဲ့ရှန်းမှာ လုံးဝ ဆွံ့အသွားတော့၏။
***