ခုနစ်ရက်တိုင်တိုင် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အာရုဏ်ဦး အလင်းစက်က ပြင်းထန်စွာ တုန်ခါသွားပြီး ငွေရောင်အလင်းတန်းများ ဖြာထွက်လာ၏။ မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်စီးကြောင်းများက လှိုင်းထလာကာ ဂူအတွင်း၌ ရေလှိုင်းပုတ်သံများဖြင့် ပဲ့တင်ထပ်သွားသည်။
နောက်တစ်ခဏ၌ လေထုက သေမင်းတမန်ကဲ့သို့ အေးစက်သွား၏။ ဂူအတွင်းမှ ရေလှိုင်းများမှာ ရေခဲအဖြစ် အေးခဲသွားသည့် အသံများ ထွက်ပေါ်လာသည်။
ငွေရောင်အလင်းမြှားများ တစ်စင်းပြီးတစ်စင်း ဖြစ်တည်လာကာ အာရုဏ်ဦး အလင်းစက်အား ရေကူးနေသော ငါးများပမာ လှည့်ပတ်သွားကြ၏။
ထိုငွေရောင်အလင်းမြှားများ၏ ကာကွယ်မှုအောက်တွင် အာရုဏ်ဦး အလင်းစက်ထဲမှ ငွေရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦး ထွက်လာသည်။ မြှားများက မြန်သည်ထက် ပိုမြန်လာအောင် လည်ပတ်သွားပြီး ငွေရောင်လေဆင်နှာမောင်း တစ်ခုအဖြစ် ပြောင်းလဲသွား၏။
“သွားစမ်း...”
မုန်တိုင်း၏ဗဟိုချက်မှ ဖူရှောင်ကွမ်းက လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်ရာ အပေါက်တစ်ခု ပွင့်သွားပြီး ငွေရောင်လေဆင်နှာမောင်းက အပြင်သို့ ထွက်သွားသည်။ မြှားတန်းများက ကြံ့ခိုင်သော ထင်းရှူးပင်အိုကြီးများကို ရှပ်တိုက်ဖြတ်သန်းသွားရာ သစ်ခေါက်များပေါ်ရှိ အစင်းရာများကို ပိုမိုနက်ရှိုင်းသွားစေ၏။
နတ်ဘုရားဂူ၏ ထောင့်တစ်နေရာမှ ဆောင်းဦးမြက်ခင်းများမှာ မျက်စိရှေ့တွင်ပင် လျင်မြန်စွာ ဆွေးမြည့်သွားပြီး မြေဆွေးအဖြစ် ပြောင်းလဲသွားတော့သည်။
ငွေရောင်ဆံပင်နှင့် လူငယ်လေးက အပေါက်မှတစ်ဆင့် အပြင်သို့ ပျံသန်းထွက်ခွာလာပြီး အင်္ကျီလက်ကို တစ်ချက် ခါရမ်းလိုက်၏။ ထိုအခါ ငွေရောင်လေဆင်နှာမောင်းက ပြယ်လွင့်သွားပြီး ငွေရောင်အလင်းမြှားများက လေထဲတွင် ပြန့်ကျဲပျောက်ကွယ်သွားသည်။
ထိုအသေးစား စွမ်းရည်ပြသမှု၏ အစွမ်းအစကို ပြန်လည်တွေးတောရင်း ဖူရှောင်ကွမ်း၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေ၏။ သူက အလွန်တရာ ဝမ်းသာကျေနပ်နေမိသည်။
နတ်ဘုရားစွမ်းရည်တစ်ခုကို ပုံသွင်းဖန်တီးရသည်က ဘယ်သောအခါမျှ မလွယ်ကူပေ။ လင်းကျယ်သစ်သီး၏ အကူအညီ ပါနေလျှင်တောင်မှ လုပ်ငန်းစဉ်က အန္တရာယ်များဖြင့် ပြည့်နှက်နေဆဲပင်။ သူသာ နိုးနိုးကြားကြား မရှိဘဲ အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့လျှင်၊ တည်တည်ငြိမ်ငြိမ်ဖြင့် အစအဆုံး ညှိနှိုင်းမှု မလုပ်နိုင်ခဲ့လျှင် နောက်ဆုံးအဆင့်တွင် ကျရှုံးသွားနိုင်ချေ ရှိ၏။ ကံကောင်းထောက်မစွာဖြင့် သူ ဆန္ဒပြည့်ဝခဲ့ပြီ ဖြစ်သည်။
သူ၏ ဒုတိယမြောက် နတ်ဘုရားစွမ်းရည်ဖြစ်သော အချိန်မြှားကို အောင်မြင်စွာ ပုံသွင်းနိုင်ခဲ့ပြီ ဖြစ်၏။ ဤစွမ်းရည်က တိုက်ခိုက်ရေးပိုင်းတွင် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ရန်သူတစ်ယောက်တည်းကိုဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အသုံးပြုနိုင်သည်။
ထိုနတ်ဘုရားစွမ်းရည်မှာ သက်ရှိများ၏ သက်တမ်းကို မျက်စိတစ်မှိတ်အတွင်း နုတ်ယူဖယ်ရှားပစ်နိုင်စွမ်း ရှိသဖြင့် နက်နဲဆန်းကြယ်ကာ ကြောက်ခမန်းလိလိပင်။ ဤစွမ်းရည်က သူ မျှော်မှန်းထားသည်ထက်ပင် သာလွန်နေသေးသည်။
ဖူရှောင်ကွမ်းက လက်နှစ်ဖက်ကို နောက်ပစ်၍ ကောင်းကင်ဘုံ ကိုးခုမှ လမင်းကြီးကို မော့ကြည့်လိုက်သည်။ သူ၏ ငွေရောင်ဝတ်ရုံစများက လေထဲတွင် တလူလူ လွင့်ခါနေပြီး စိတ်ဓာတ်များလည်း တက်ကြွနေ၏။
သူ၏ ဒုတိယမြောက် နတ်ဘုရားစွမ်းရည်မှာ ပြည့်စုံသွားခဲ့ပြီ ဖြစ်ကာ သူ၏ မိစ္ဆာရုပ်ခန္ဓာကလည်း ပိုမို သန်စွမ်းလာခဲ့သည်။
ယခု သူလုပ်ရန်ကျန်သည်မှာ ဓမ္မစွမ်းအား အလုံအလောက် စုဆောင်း၍ အနည်းငယ် ထပ်မံ သွေးအေးအေးဖြင့် လေ့ကျင့်ရန်သာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက အဆင့်တက်နိုင်ပြီး သက်တမ်းကို တိုးမြှင့်ကာ ဤလောကတွင် သူ့ကိုယ်သူ ကာကွယ်ရန် ပိုမိုကြီးမားသော စွမ်းအားကို ရရှိလာမည် ဖြစ်၏။
ဘယ်လိုလုပ်ပြီး ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။
ဖူရှောင်ကွမ်းက ကျူးမင်ဝိုင်အိုးတစ်အိုးကို သယ်ဆောင်ကာ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းမှ ထွက်ခွာလာပြီး ဆန်းဝေ့စာအုပ်ဆိုင်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ ပျော်ရွှင်မှုကို မျှဝေခံစားခြင်းက နှစ်ဆတိုးစေ၏။ သတင်းကောင်းများကို သူငယ်ချင်းများနှင့်အတူ အောင်ပွဲခံသင့်သည် မဟုတ်ပါလား။ တစ်ချိန်တည်းမှာပင် သူတို့ကို ဖိအားအနည်းငယ်လည်း ပေးရမည်။
ဥပမာအားဖြင့် ကျူးယွင်ဆိုသည့် ဝက်မလေးကို သေချာ ကြပ်မတ်ပေးရန် လိုအပ်နေပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေ သူတို့က တစ်နေ့တွင် သူ့အတွက် ညာလက်ရုံး၊ ဘယ်လက်ရုံးများ ဖြစ်လာကြမည့်သူများ ဖြစ်သည်။ သူတို့၏ စွမ်းအားက အခြားသူများ လေးစားလောက်သည့် အဆင့်ရှိရမည်။ သို့မဟုတ်ပါက သူတို့၏ ဂုဏ်သိက္ခာက ဘယ်မှာ ရှိပါတော့မည်နည်း။ သူကရော ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ နေနိုင်ပါမည်နည်း။
…
တောင်ခါးပန်းပေါ်သို့ ဆည်းဆာနေရောင် ကျရောက်နေပြီး တစောင်းထိုးနေသော အလင်းတန်းများကြားတွင် ရိုင်းစိုင်းသော ငန်းရိုင်းများ ပျံသန်းနေကြသည်။
ဝုန်း… ဝုန်း… ဝုန်း…
လှည်းဘီးများ လိမ့်လာသည့်အသံက မြေပြင်ကို ကျယ်လောင်စွာ မြည်ဟည်းသွားစေပြီးနောက် တောင်ခြေတွင် ရထားလှည်းအချို့ ရပ်တန့်သွား၏။
လျှော်ချည် တာအိုဝတ်ရုံကို ဆင်မြန်းထားသော အရှင်သခင် လီဖုန်းက ရထားလှည်းပေါ်မှ ဆင်းလာသည်။
သူ၏ ဆရာက ပြောခဲ့ဖူး၏။ တောင်းပန်ရန် ရှောင်လွှဲ၍ မရနိုင်တော့သည့်တိုင်အောင် မိစ္ဆာမျိုးနွယ်စု၏ လှောင်ပြောင်မှုကို ခံရမည့် တဝက်တပျက် လုပ်ရပ်မျိုး မလုပ်ရန်ပင်။ အဆုံးတိုင်အောင် ပြတ်ပြတ်သားသား ငြင်းဆန်မည် သို့မဟုတ် လူသားမျိုးနွယ်စု၏ ကိုယ်လုပ်သည့်လုပ်ရပ်အပေါ် တာဝန်ယူရဲသည့် သတ္တိကို ပြသကာ သိက္ခာရှိရှိ တောင်းပန်မည်။ သူတို့တွင် ထိုနှစ်လမ်းသာ ရှိသည်။
အနည်းဆုံးတော့ ဤသည်က ဓားနတ်ဘုရားတောင်တန်းအတွက် မျက်နှာပန်း အနည်းငယ်ကို ပြန်လည် အဖက်ဆယ်ပေးနိုင်လိမ့်မည် ဖြစ်၏။
ဖျင်ပြည်နယ်၏ မြေမျက်နှာသွင်ပြင်များကို ဖြတ်သန်းသွားလာခြင်းက သူ့အတွက် အသိဉာဏ်ပွင့်လင်းမှု အချို့ကို ရရှိစေခဲ့သည်။ ဤတစ်ကြိမ် တောင်ပေါ်သို့ ပြန်ရောက်ပါက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တက်လှမ်းသွားနိုင်ချေ ရှိ၏။ ဤသည်က ကံဆိုးမှုများကြားမှ အသေးအဖွဲ ဖြေသာစရာလေး တစ်ခုပင်။
လီဖုန်းက အတွေးများကို စုစည်း၍ အောက်ပိုင်း သွေးကြောစုံမှတ်အတွင်း လေကို ပြည့်ဝအောင် ရှူသွင်းလိုက်ပြီးနောက် လှမ်းအော်လိုက်သည်။
“ဓားနတ်ဘုရားတောင်တန်းရဲ့ ဆဋ္ဌမမြောက် မျိုးဆက် ဂိုဏ်းချုပ်က အရိုအသေပေးဖို့ ရောက်လာပါတယ်... မိစ္ဆာဘုရင်မ အချိန်ခဏလောက် ပေးသနားမယ်ဆိုရင် ဒီဆင်းရဲတဲ့ တာအိုဘုန်းကြီးက အလွန်တရာ ကျေးဇူးတင်မိမှာပါ...”
သူ၏ အသံ ဆုံးသွား၏။
တောင်ပေါ်တွင် နားခိုရန် ပြန်လာသော ငှက်များ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ အချို့က ပျံသန်းသွားရင်း ဆဲရေးတိုင်းထွာကာ အော်ဟစ်သွားကြပြီး အချို့ကတော့ တည်ငြိမ်စွာပင် အသိုက်သို့ ပြန်သွားကြ၏။ ကျန်သည့် ငှက်အချို့ကတော့ သစ်ကိုင်းများပေါ်တွင် နားလျက် ဧည့်သည်အသစ်များကို စူးစမ်းလိုစိတ် အပြည့်ဖြင့် ကြည့်နေကြသည်။
ကျီ… ကျီ... ဝေါင်း...
ခွေးဟောင်သံများနှင့် ငှက်အော်သံများ ထွက်ပေါ်လာပြီး အဝေးမှ ပုံရိပ်နှစ်ခု ချဉ်းကပ်လာ၏။
ထို့နောက် လူတိုင်း၏ မျက်စိရှေ့တွင် မီးတောက်များ ရစ်ပတ်နေသော ခွေးဘီလူးကြီး တစ်ကောင်နှင့် အရောင်သုံးမျိုးစပ် မင်္ဂလာငှက်တစ်ကောင် ပေါ်လာ၏။
တစ်ကောင်က တောရိုင်းမြေပြင်ကို ဖြတ်၍ ပြေးလွှားလာပြီး အခြားတစ်ကောင်က ဟင်းလင်းပြင်ကမ္ဘာကို ဖြတ်သန်းကာ ပျံသန်းလာခြင်း ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ နှစ်ကောင်စလုံးက ဓမ္မနယ်ပယ်မှ မဟာမိစ္ဆာများ ဖြစ်နေခြင်းပင်။
ထိုမိစ္ဆာသခင် နှစ်ပါးက လူသားအသွင်သို့ ပြောင်းလဲလိုက်ကြ၏။ မီးလျှံနီက သူ၏ နှာခေါင်းကို ကောင်းကင်ဘက်သို့ မော့ထားပြီး ဘေးတိုက်အနေအထားကိုသာ ပြသကာ ဘာစကားမှ မဆိုပေ။ သို့သော်လည်း ဤအပြုအမူကပင် အတူလိုက်ပါလာသော အကြီးအကဲ၏ တည်ငြိမ်မှုကို ရိုက်ချိုးပစ်လုနီးပါး ဖြစ်သွားစေသည်။
စကားပြောလိုက်လျှင်ပင် သူ၏ ပါးစပ် ညစ်ညမ်းသွားမည်ကို စိုးရိမ်နေသကဲ့သို့ ရှိ၏။
သာမန် မျိုးဆက်သစ်လေး တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် ရိုင်းစိုင်းရဲရတာလဲ...
အရှင်သခင် လီဖုန်းကသာ သူ့ကို တားဆီးမထားလျှင် ထိုနေရာ၌ပင် သွေးထွက်သံယို ဖြစ်ပွားသွားမည်မှာ သေချာသည်။
မိစ္ဆာသခင်မ ကျိုကွမ်းက ဓားနတ်ဘုရားတောင်တန်းမှ လူများကို အလိုလိုက်မည့်ပုံ မပေါ်ပေ။ သူက ချက်ချင်းပင် ပြောလိုက်သည်။
“ယွီတောင်တန်းကို မကျေမနပ် ဖြစ်နေတာလား... ကြည့်ရတာ ရှင်တို့က တောင်းပန်ဖို့ လာတာမဟုတ်ဘဲ ရန်စဖို့ လာတဲ့ပုံပဲ...”
သူက သိမ်မွေ့သည့် ဒေါသရှိသော်လည်း ဘယ်သူ့အပေါ်တွင်လဲ ဆိုသည့်အချက်အပေါ် မူတည်၏။
ဓားနတ်ဘုရားတောင်တန်းက ယွီတောင်တန်းကို အကြိမ်ကြိမ် ဝင်ရောက်စီးနင်းကာ ပြဿနာရှာခဲ့ဖူးသဖြင့် ဤလူသားမျိုးနွယ်စုဂိုဏ်းကို သူ ရွံရှာမုန်းတီးသည်။ သူတို့ကို ကြိုဆိုရန် မီးလျှံနီကို စေလွှတ်လိုက်ခြင်းက အရှက်ခွဲရန် ရည်ရွယ်ခြင်းပင် ဖြစ်၏။
မိစ္ဆာမျိုးနွယ်စုက ရန်သူများအပေါ် ယဉ်ကျေးပျူငှာမှု မပြသ သလို ဒုက္ခခံပြီး မျက်နှာသာပေးမည်လည်း မဟုတ်ချေ။ ဤဧည့်သည်များကို ဒေါသထွက်ပြီး ရင်ကွဲမတတ် အရင်ခံစားရစေမည် ဖြစ်သည်။
ထိုစကားကို ကြားသောအခါ အရှင်သခင် လီဖုန်း၏ မျက်နှာမှာ ဖြူရော်သွားပြီး အကြီးအကဲကို လှမ်းအော်ဟောက်လိုက်၏။ ထို့နောက် မိစ္ဆာသခင်မ ကျိုကွမ်းဘက်သို့ လှည့်ကာ အတင်းပြုံးပြရင်း ပြောလိုက်သည်။
“မိစ္ဆာသခင်မက နောက်နေတာပဲ... ကျွန်တော်တို့က တကယ်ကို ရိုးရိုးသားသားနဲ့ ရောက်လာတာပါ… ဘာရန်စမှုမှ မရှိပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...”
ကျိုကွမ်းက မောက်မာစွာ ခေါင်းညိတ်လိုက်၏။ သူမက ဘုရင်မ၏ ညွှန်ကြားချက်များကို ပြန်လည်အမှတ်ရသွားပြီး ဆက်ပြောလိုက်သည်။
“ကျွန်မတို့ ဘုရင်မက ရှင်တို့ ရောက်လာမယ်ဆိုတာကို အစောကြီးကတည်းက သိပြီးသားမို့ ရှင်တို့ရဲ့ ပဏ္ဏာဆက်သမှုတွေကို လက်ခံဖို့ ကျွန်မတို့ကို လွှတ်လိုက်တာ... တွေ့ဆုံဖို့ကတော့ မလိုအပ်တော့ဘူး... ရန်ငြိုးရန်စတွေ ရှိနေပြီမှတော့ ဘာလို့ ဟန်ဆောင်နေစရာ လိုတော့မှာလဲ...”
“ကျွန်မတို့ ဘုရင်မက ပါးတစ်ချက်ရိုက်လိုက်တာနဲ့ အဲဒီ စက်ဆုပ်စရာကောင်းတဲ့သူတွေ မှုန့်မှုန့်ညက်ညက် ကြေသွားပြီး သူ့လက် ညစ်ပတ်သွားမှာကို စိုးရိမ်နေတာ... ပြီးတော့ ဓားနတ်ဘုရားတောင်တန်းရဲ့ ကံဆိုးမှုတွေက ယွီတောင်တန်းရဲ့ မြေမှုန့်လေးတွေကိုတောင် ညစ်ညမ်းသွားစေမှာကို စိုးရွံ့နေတယ်...”
ထိုသို့ပြောပြီးနောက် ကျိုကွမ်းက ချက်ချင်းပင် နှုတ်ဆိတ်သွား၏။ သူမက အလွန်အကျွံ လုပ်မိပြီး ဓားကျင့်ကြံသူများ၏ မနည်းထိန်းချုပ်ထားရသော သတ်ဖြတ်လိုစိတ်ကို နှိုးဆွမိမည်ကို စိုးရိမ်၍ ဖြစ်သည်။
အရှင်သခင် လီဖုန်း၏ မျက်နှာအမူအရာက ယခင်ကထက်ပင် ပိုမို ဆိုးရွားလာသည်။ သူက သူ့ကိုယ်သူ သတိပေးလိုက်၏။
ဓားကို သွေးရမယ်...
သူ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် မေးလိုက်သည်။
“ဒီဆင်းရဲတဲ့ တာအိုဘုန်းကြီးက ကျွန်တော့်ဆရာ နတ်ဘုရားသခင် ဟန်ကွမ်နဲ့ ဂျူနီယာညီလေး လီရှူတို့ရဲ့ အရိုးပြာတွေနဲ့ ပစ္စည်းတွေ ဘယ်မှာလဲလို့ မေးခွင့်ပြုပါ...”
ကျိုကွမ်းက မသိချင်ယောင်ဆောင်ကာ မျက်မှောင်ကြုတ်လိုက်၏။
“အကြွင်းအကျန်တွေနဲ့ အရိုးတွေ ပြန်ယူတာက လျော်ကြေးပေးတာနဲ့ သီးခြားကိစ္စလေ...”
သူက ပစ္စည်းများ အပြည့်တင်ထားသော လှည်းများကို တစ်ချက်ကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်။
“ဒါတွေက တောင်းပန်ဖို့တောင် အနိုင်နိုင်ပဲ... ရှင်တို့က လဲလှယ်ချင်တယ်ဆိုရင်တော့ နောက်မှ ပြန်လာခဲ့...”
ဓားကျင့်ကြံသူ တစ်ယောက်က ဒေါသကို မထိန်းချုပ်နိုင်တော့သော်လည်း လီဖုန်းက သူ့ကို ဆွဲဖမ်းထားလိုက်ပြီး စိတ်ထဲတွင် ရေရွတ်နေ၏။
ဓားကို သွေးရမယ်... ဓားကို သွေးရမယ်... ဓားကို သွေးရမယ်...
ထို့နောက် သူက ဘာစကားမှ ဆက်မပြောတော့ဘဲ လက်ဆောင်စာရင်းနှင့် ရထားလှည်းများကို လွှဲပြောင်းပေးလိုက်သည်။
မီးလျှံနီက လှည်းများကို ယွီတောင်တန်းထဲသို့ မောင်းနှင်သွားရာတွင် ယဉ်ကျေးမှု တစ်စက်မျှ မပြသပေ။ ဓားနတ်ဘုရားတောင်တန်းမှ လူများကို တစ်ချက်မျှ လှည့်မကြည့်ဘဲ သူ၏ မောက်မာမှုက အပြည့်အဝ ရှိနေ၏။
ထိုနည်းတူပင် ကျိုကွမ်းကလည်း နှုတ်ဆက်စကား မဆိုဘဲ လှည့်၍ ပျံသန်းထွက်ခွာသွားသည်။
ဖြစ်ရပ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ကြသော ငှက်များကလည်း အတောင်ပံများကို ခတ်ကာ အော်ဟစ်နေကြရာ လောကကြီးတစ်ခုလုံးက လှောင်ပြောင်နေသကဲ့သို့ ရှိ၏။
အတူလိုက်ပါလာသော အကြီးအကဲများနှင့် တပည့်များမှာ ဒေါသကြောင့် တုန်ရီနေကြပြီး အကြီးအကဲများ၏ မုတ်ဆိတ်မွေးများပင် တဆတ်ဆတ် ခါရမ်းနေသည်။
အချို့က ဓားဆွဲထုတ်ရန် ပြင်ကြပြီး အချို့က စကားပြောရန် ပါးစပ်ဟလိုက်ကြသော်လည်း လီဖုန်းက ခေါင်းခါယမ်းခြင်းနှင့် စူးရဲစွာ စိုက်ကြည့်ခြင်းဖြင့် သူတို့ကို တားဆီးလိုက်၏။ ထို့နောက် သူတို့က ဤစက်ဆုပ်စရာကောင်းသော နေရာမှ ထွက်ခွာလာကြသည်။ သူတို့မှာ ထိုနေရာတွင် နောက်ထပ် အသက်တစ်ရှိုက်စာမျှပင် ဆက်မနေချင်ကြတော့ပေ။
လီဖုန်းက ဓားတစ်လက်အသွင် ပြောင်းလဲကာ ကောင်းကင်ယံသို့ ဦးစွာ ထိုးဖောက် ပျံသန်းသွားသည်။ အခြားသော အကြီးအကဲများနှင့် တပည့်များကလည်း ဓားအလင်းတန်းများအဖြစ် နောက်မှလိုက်ပါကာ ထိုရွံရှာဖွယ် နေရာမှ ထွက်ပြေးသွားကြ၏။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက် သူတို့က တောင်ကုန်းငယ်တစ်ခုပေါ်တွင် ဆင်းသက်လိုက်ကြသည်။ နေဝင်ဆည်းဆာ၏ တောက်လောင်နေသော တိမ်တိုက်များကြားတွင် တစ်ဝက်တစ်ပျက် ဖုံးလွှမ်းနေသည့် ယွီတောင်တန်းကို လှမ်းကြည့်လိုက်ကြရာ လူတိုင်း၏ မျက်နှာမှာ မည်းမှောင်နေပြီး သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်နှင့် မုန်းတီးမှုများ ရောယှက်နေ၏။
“လုံးဝ အရှက်ကွဲတာပဲ... ဒီတာအိုဘုန်းကြီးအိုကြီးက တစ်သက်နဲ့တစ်ကိုယ် ဒီလိုအရှက်ခွဲခံရတာမျိုး တစ်ခါမှ မကြုံဖူးဘူး...”
နတ်ဘုရားသခင် ဟန်ကွမ်နှင့် မျိုးဆက်တူဖြစ်သော အသက်အရွယ်ကြီးရင့်သည့် အကြီးအကဲတစ်ဦးမှာ ဒေါသတကြီး ပေါက်ကွဲနေပြီး ကျန်သည့် အကြီးအကဲများနှင့် တပည့်များမှာလည်း ဒေါသများ ဆူပွက်နေကြသည်။
“ဒါပေါ့... ဒီမိစ္ဆာကောင်တွေက သည်းမခံနိုင်လောက်အောင် မောက်မာလွန်းတယ်... ငါတို့ကို ယွီတောင်တန်းထဲ ဝင်ခွင့်တောင် မပေးဘူး... လုံးဝ သည်းမခံနိုင်ဘူး...”
“ငါ တွမ့်မုပိုင်က ယွီတောင်တန်းပေါ်က နောက်ဆုံးကျန်တဲ့ မိစ္ဆာတစ်ကောင် မသေသရွေ့ လုံးဝ အနားယူမှာ မဟုတ်ဘူး...”
“ငါ ဖုန်းချင်းယွီက ယွီတောင်တန်းရဲ့ မျိုးဆက်သစ်တွေနဲ့ ထာဝရစစ်ခင်းမယ်လို့ သစ္စာဆိုတယ်...”
သူတို့တစ်ဦးချင်းစီ စကားဆိုကာ ဒေါသအနည်းငယ်ကို ဖွင့်ထုတ်လိုက်ကြပြီးနောက် အရှင်သခင် လီဖုန်းက ယွီတောင်တန်းကို စိုက်ကြည့်ရင်း စကားလုံးတစ်လုံးချင်းစီ ပြောလိုက်သည်။
“ဒီနေ့ရဲ့ အရှက်ကွဲမှုကို မှတ်ထားကြ... မင်းတို့ ရင်ထဲက မီးတောက်ကို မှတ်ထားကြ... ဂိုဏ်းကို ပြန်ရောက်ရင် ကြိုးကြိုးစားစား လေ့ကျင့်ပြီး အရှက်ကွဲမှုကို ခွန်အားအဖြစ် ပြောင်းလဲပစ်... ဓားနတ်ဘုရားတောင်တန်းကို ပိုမို ကြံ့ခိုင်လာအောင် လုပ်ရမယ်... အဲဒီအခါကျရင် ကလဲ့စားချေမယ့်နေ့ ရောက်လာလိမ့်မယ်...”
လီဖုန်း၏ စကားဆုံးသည်နှင့် လူအုပ်ကြီးက နောက်တစ်ကြိမ် ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားကြ၏။
ဓားအလင်းတန်း တစ်ခုစီတိုင်းတွင် မီးတောက်များကဲ့သို့ သတ်ဖြတ်လိုစိတ်များက ခပ်ဖျော့ဖျော့ လင်းလက်နေတော့သည်။
ဘီယွင်ရေကန်၊ တိမ်ပြာကျွန်း…
ဝါးမျှော်စင်၏ ခြံဝင်းအတွင်း၌ ကြီးမားသေးငယ်သော သေတ္တာများဖြင့် ပြည့်နှက်နေ၏။
မိစ္ဆာမျိုးနွယ်စု၏ ဒေါသကို ငြိမ်းသတ်ရန်အတွက် ဤတစ်ကြိမ်တွင် ဓားနတ်ဘုရားတောင်တန်းဘက်မှ အတော်လေး ပေးဆပ်ခဲ့ရသည်မှာ ရှင်းလင်းလှသည်။
မိစ္ဆာသခင် လေးပါးက စတင် စာရင်းကောက်ယူလိုက်ကြသည်။
ဝိညာဉ်ခြင်ဆီ တစ်သောင်းအပြင်၊ အဝါရောင်အဆင့် ဝိညာဉ်ပစ္စည်းမြောက်မြားစွာနှင့် ရွှမ်းအဆင့် ဝိညာဉ်ပစ္စည်းများစွာ ပါဝင်ပြီး မြေအဆင့် ဝိညာဉ်ပစ္စည်းတစ်ခုပင် ပါဝင်သေး၏။
ရှေးဟောင်းအမွေအနှစ်များ ပိုင်ဆိုင်ထားသော ဓားနတ်ဘုရားတောင်တန်းအတွက်ပင် ထိုကဲ့သို့သော ရတနာမျိုးကို ပေးအပ်လိုက်ရခြင်းက သူတို့ကို နာကျင်စေဆဲပင် ဖြစ်သည်။
ယွီလီက မြေအဆင့် ဝိညာဉ်ပစ္စည်းကို သိမ်းဆည်းလိုက်ပြီး ဆုလာဘ်များ စတင် ဝေငှလေ၏။
မီးလျှံနီနှင့် ကျိုကွမ်းတို့သာ လှုပ်ရှားခဲ့သည်ဟု ထင်ရသော်လည်း ဖူရှောင်ကွမ်းနှင့် ဂျီမိုတို့ကလည်း ပံ့ပိုးပေးခဲ့ကြသည်။ ဓားနတ်ဘုရားတောင်တန်းမှ လူများကို ယွီတောင်တန်းအတွင်းသို့ ဝင်ခွင့်မပြုရန် အကြံဉာဏ်က သူတို့၏ အကြံဉာဏ် ဖြစ်၏။
ယွီလီက ရက်ရောလှသည်။ ထိုနေရာရှိ လူတိုင်းက တစ်စုစီ ရရှိကြ၏။
ဤတစ်ကြိမ်တွင် ဖူရှောင်ကွမ်းက ရွှမ်းအဆင့် ဝိညာဉ်ပစ္စည်းတစ်ခုကို ရရှိခဲ့သည်။ အဆင့်နိမ့်သာ ဖြစ်သော်လည်း သူ ကျေနပ်နေ၏။ မည်သို့ပင်ဆိုစေ သူက ဉာဏ်ကိုသာ သုံးခဲ့ရခြင်း မဟုတ်ပါလား။
***