အမည်မသိ တောင်ကြားတစ်ခုအတွင်း…
မြည်းမိစ္ဆာက လမ်းလျှောက်လာရင်း သူ၏လည်ပင်းမှ ခေါင်းလောင်းလေးကို ချွင်ခနဲ မြည်စေလိုက်သည်။ မတ်စောက်သော တောင်တက်လမ်းက သူ၏ခွာများအောက်တွင် ညီညာသော မြေပြင်ကဲ့သို့ ဖြစ်နေ၏။
မြည်းပေါ်တွင် ဘေးစောင်းထိုင်စီးလာသော ဝတ်ရုံဖြူ မိစ္ဆာဘုရင်က ကျောက်စိမ်းစာလိပ် တစ်ခုကို ထုတ်ယူကာ သူ ယခုလေးတင် စုဆောင်းရရှိခဲ့သော ဇာတ်လမ်းကို မှတ်တမ်းတင်လိုက်သည်။
“ဓားနတ်ဘုရားတောင်တန်းက သူတို့ရဲ့ ကိုယ်ပိုင်ဂိုဏ်းချုပ်ကို ယွီတောင်တန်းဆီ လွှတ်ပြီး တောင်းပန်ခိုင်းရလောက်အောင် အဲဒီလောက် သူရဲဘောကြောင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ အရှင်မင်းကြီး... အဲဒီဓားကျင့်ကြံသူတွေ ကြွားလုံးထုတ်နေတဲ့ ဂုဏ်သိက္ခာဆိုတာတွေ အကုန်လုံး အလကားဖြစ်သွားပြီ... ကွေးညွတ်သွားမယ်၊ ဘယ်တော့မှ အကျိုးမခံဘူး ဆိုတဲ့စကားတွေက အကုန် အမှိုက်တွေချည်းပဲ...”
“အထက်က ထုပ်တန်း ကောက်နေရင် အောက်က ထုပ်တန်းတွေလည်း လိုက်ကောက်တာပဲလေ... အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တဲ့ အစဉ်အလာတစ်ခုကလွဲပြီး ဘာမှမဟုတ်ပါဘူး... သူတို့ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီး လက်ထက်ကတည်းက ဓားနတ်ဘုရားတောင်တန်းက ဒီလိုမျိုးချည်းပါပဲ...”
“အရှင်မင်းကြီး... အဲဒီလိုဆိုတော့ ကျွန်တော်တို့ အရင်က ကြံစည်ထားတာတွေ အကုန် အလဟဿ ဖြစ်သွားပြီပေါ့...”
မြည်းမိစ္ဆာက စိုးရိမ်တကြီး မေးလိုက်သည်။
ဝတ်ရုံဖြူ မိစ္ဆာဘုရင်ကတော့ တည်ငြိမ်နေဆဲပင်။
“လုံးဝ မဖြစ်ပါဘူး... ဓားနတ်ဘုရားတောင်တန်းမှာ နောက်ထပ် အမွေအနှစ်တစ်ခု ရှိသေးတယ်... အဲဒါကတော့ လဲကျနေတဲ့သူကို ထပ်ပြီး ကန်ကျောက်တတ်တဲ့ အကျင့်ပဲ... ရန်ငြိုးရန်စ မျိုးစေ့တွေက ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုနဲ့ ဓားနတ်ဘုရားတောင်တန်းကြားမှာတင် စိုက်ပျိုးပြီးသွားတာ မဟုတ်ဘူး...”
“တချို့ မိစ္ဆာတွေနဲ့ လူသားတွေရဲ့ ရင်ထဲမှာ မြုပ်နှံထားတဲ့ ရှေးဟောင်း ရန်ငြိုးတွေကိုပါ ပြန်လည် နိုးထလာစေတယ်... လူသားနဲ့ မိစ္ဆာ နှစ်မျိုးနွယ်ကြားက နှစ်ပေါင်းငါးရာစာ မကျေနပ်ချက်တွေက ပေါက်ကွဲထွက်လုဆဲဆဲ မီးတောင်တစ်ခုလို စုပုံနေခဲ့ပြီ... အဲဒါကို ပေါက်ကွဲသွားစေဖို့ မီးပွားလေး နည်းနည်းပဲ လိုအပ်တော့တယ်... အဲဒီ ရန်ငြိုးမျိုးစေ့တွေက စိတ်ကူးထက်တောင် ပိုမြန်တဲ့ အရှိန်နဲ့ အညှောက်ပေါက်ပြီး ကြီးထွားလာလိမ့်မယ်...”
ထိုသို့ပြောပြီးနောက် ဝတ်ရုံဖြူ မိစ္ဆာဘုရင်က သတင်းစကားများ ပေးပို့ရန်အတွက် နောက်ထပ် ကျောက်စိမ်းစာလိပ် တစ်ခုကို ထုတ်ယူလိုက်ပြီး စာကြောင်းအနည်းငယ် ထပ်ဖြည့်ကာ ဇာတ်လမ်းကို သေသပ်လှပအောင် ပြင်ဆင်ရေးသားလိုက်သည်။ ခဏအကြာတွင် တောင်ကြားအတွင်းရှိ အနီရောင် မေပယ်ပင်များကြား၌ သူ ပြင်ဆင်ရေးသားထားသော ဇာတ်လမ်းကို အကဲခတ်ကြည့်ရှုရင်း နွေးထွေးစွာ ပြုံးလိုက်၏။
“လူသားတွေနဲ့ မိစ္ဆာတွေကြားက တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ယှဉ်ရင် မိစ္ဆာမျိုးနွယ်စု အတွင်းက ဇာတ်လမ်းတွေက အများကြီး ပိုပြီး သန့်စင်တယ်...”
ဝတ်ရုံဖြူ မိစ္ဆာဘုရင်က တစ်စုံတစ်ရာကို သတိရသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အဲဒီ အင်းဆက်မိစ္ဆာက မဟာပညာရှိမှတ်တမ်းရဲ့ အခန်းသစ်ကို ရေးလို့ပြီးပြီလား မသိဘူး...”
...
ဝတ်ရုံဖြူ မိစ္ဆာဘုရင် တွေးတောနေသော ဖူရှောင်ကွမ်းမှာတော့ ပြင်းထန်သော လေ့ကျင့်မှုများထဲတွင် နစ်မြုပ်နေ၏။
နောက်ထပ် ကာလအပိုင်းအခြားတစ်ခုအထိ သူက ဓမ္မစွမ်းအားများ စုဆောင်းရန်ကိုသာ အာရုံစိုက်နေခဲ့သည်။ ချီစွမ်းအင်များ စုစည်းပြီး သူ၏စွမ်းအားကို မြှင့်တင် သန့်စင်ရန်အတွက် အသက်ရှူနှုန်းကို အဆက်မပြတ် ညှိနှိုင်းရုံသာမက ဧကရီယွီလီ ပေးသနားထားသော ရွှမ်းအဆင့်နိမ့် ဝိညာဉ်ပစ္စည်းကိုလည်း စားသုံးခဲ့သည်။
ထိုဝိညာဉ်ပစ္စည်းက ဓမ္မစွမ်းအားကို မြှင့်တင်ပေးသဖြင့် သူ့အတွက် အလွန် သင့်တော်လှ၏။
အားလပ်ချိန်များတွင် သူက ယခင် အတွေ့အကြုံများအပေါ် အခြေခံ၍ ဆောင်းဦးရာသီဝိုင် ချက်လုပ်ရန် စမ်းသပ်ခြင်း၊ ဆောင်းဦးရာသီ၏ သဘောတရားများနှင့် နေရောင်ခြည် ရာသီဥတု နှစ်ဆယ့်လေးမျိုး၏ အခြေခံသဘောတရားများကို တွေးတောဆင်ခြင်ခြင်း၊ သူ၏ နတ်ဘုရားစွမ်းရည်ကို ပိုမိုနက်ရှိုင်းစွာ လေ့လာခြင်း၊ သူ၏ မိစ္ဆာရုပ်ခန္ဓာကိုယ်ကို သန့်စင်ခြင်း၊ သူငယ်ချင်းများနှင့် တွေ့ဆုံပျော်ရွှင်ခြင်း၊ တစ်ယောက်တည်း ဇီသာတီးခတ်ခြင်းနှင့် တစ်ခါတစ်ရံ အချုပ်ထောင်သို့ သွားရောက်လည်ပတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
တစ်လကြာပြီးနောက် မိစ္ဆာဘုရင် ကျိုဝမ် ထွက်ခွာသွား၏။ ဧကရီယွီလီ၏ ဦးဆောင်မှုအောက်တွင် အခြား မိစ္ဆာသခင် သုံးပါးနှင့်အတူ ဖူရှောင်ကွမ်းလည်း လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
နောက်တစ်နေ့ ညနေခင်းတွင် သူက ကျူးယွင်ကို ကျွန်းပေါ်သို့ ခေါ်လာပြီး အရသာရှိသော ဟင်းလျာအချို့ ချက်ပြုတ်ရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ချက်လုပ်ထားသော ဝိညာဉ်လူးဝိုင်နှင့် နောက်ဆုံးကျန်ရှိနေသော ကျူးမင်ဝိုင်အိုးကို ထုတ်ယူလိုက်၏။
ဧကရီယွီလီက ဝိညာဉ်လူးဝိုင်မှာ သာမန်မျှသာ ဖြစ်သည်ဟု မှတ်ယူကာ တစ်ငုံသောက်ပြီးနောက် နောက်တစ်နေ့မှ သောက်ရန် ဘေးသို့ ဖယ်ထားလိုက်သည်။ သို့သော်လည်း ကျူးမင်ဝိုင်ကတော့ သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့၏။ အချိန်ဝိုင်များဆိုသည်က ရှားပါးလှသည် မဟုတ်ပါလား။
“ပိုးကောင်လေး... မင်းက ဒီလိုဝိုင်မျိုး ချက်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး...”
“ဒီအစေခံက သခင်မလေးရဲ့ အကာအကွယ်ပေးမှုအတွက် အမြဲတမ်း ကျေးဇူးတင်နေခဲ့တာပါ... ပေးစရာ တခြားဘာမှမရှိတဲ့အပြင် သခင်မလေးက ဝိုင်ကောင်းတွေကို မြတ်နိုးတယ်ဆိုတာ သိထားလို့ သခင်မလေးရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်လာစေဖို့ မျှော်လင့်ချက်နဲ့ ဒီဝိုင်ကို ချက်လုပ်ခဲ့တာပါ...”
“အချိုတသတ်သတ်နဲ့ ပါးစပ်လေးက...”
“ဒီအစေခံက အမှန်တရားကို ပြောတာပါ...”
ဖူရှောင်ကွမ်း၏ အပြုအမူက ယွီလီကို ဝမ်းသာကျေနပ်သွားစေသည်။ ဤအင်းဆက်လေးက သူမ၏ မျက်နှာသာပေးမှုနှင့် ထိုက်တန်သည်ဟု သူမ ခံစားလိုက်ရ၏။
သူမက ဝိုင်အိုးကို မ,ကာ တားမြစ်ကန့်သတ်ချက်ကို ဖျက်ဆီး၍ အဖုံးကို ဖွင့်လိုက်သည်။ ဝိုင်ရနံ့များ ပျံ့လွင့်လာပြီး သူမ၏ ဝမ်းဗိုက်ထဲမှ သေရည်ကြိုက်သူကို နှိုးဆွလိုက်၏။ ကျူးမင်ဝိုင်မှာ တစ်ငုံ သောက်လိုက်သည်နှင့် လျှာပေါ်တွင် အေးစိမ့်သွားပြီး အစာအိမ်ထဲ ရောက်သွားသည်နှင့် မီးတောက်ကို မျိုချလိုက်ရသကဲ့သို့ ခံစားရသဖြင့် သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။
“လန်းဆန်းသွားတာပဲ... သိပ်ကောင်းတဲ့ ဝိုင်ပဲ...”
သူမက အချိန်စွမ်းအား အနည်းငယ် ပါဝင်နေခြင်းကို သိပ်ဂရုမစိုက်သော်လည်း အရသာက သူမနှင့် အလွန် ကိုက်ညီနေ၏။ ပြင်းရှရှ၊ ပူလောင်လောင်နှင့် ကြမ်းတမ်းလှသည်။
ဟင်းကောင်း၊ ဝိုင်ကောင်းများနှင့်အတူ အိမ်ရှင်နှင့် ဧည့်သည်မှာ ထိုညက သဘာဝကျကျပင် ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့ကြသည်။
စားသောက်နေစဉ်အတွင်း ဧကရီယွီလီက ဖူရှောင်ကွမ်းကို ဝိုင်ချက်လုပ်ခြင်း အနုပညာနှင့် ပတ်သက်၍ပင် လမ်းညွှန်ပြသပေးခဲ့သေး၏။
သူမ၏ လက်များက ဝိုင်ချက်ရာတွင် အသုံးမဝင်သော်လည်း သူမ၏ အာခေါင်ကတော့ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သဖြင့် သူမထံတွင် အသိပညာများစွာ ရှိနေသည်မှာ သေချာလှသည်။
သူမ၏ စကားများက ဖူရှောင်ကွမ်း၏ ငယ်ထိပ်ကို တူနှင့် ထုလိုက်သကဲ့သို့ ခံစားရစေပြီး သူ၏စိတ်ကို ရှင်းလင်းသွားစေကာ ဆောင်းဦးရာသီဝိုင် ချက်လုပ်ရန်အတွက် ယုံကြည်မှုများကို ပိုမို တိုးပွားလာစေသည်။
မထွက်ခွာမီတွင် ဝမ်းသာကျေနပ်နေသော ဧကရီက ကျူးယွင်ကို ဝိညာဉ်ပစ္စည်းတစ်ခု ပေါ့ပေါ့ပါးပါးပင် ဆုချလိုက်၏။ ဝမ်းသာလုံးဆို့သွားသော ကျူးယွင်မှာ အိမ်အပြန်လမ်းတစ်လျှောက်လုံး ခုန်ပေါက်ပြေးလွှားသွားတော့သည်။ ထိုဝက်မလေးက ယုန်တစ်ကောင်ကဲ့သို့ ခေါင်းမော့ကာ လျှောက်လှမ်းသွား၏။
ဤတစ်ကြိမ်တွင်တော့ ဖူရှောင်ကွမ်းက သူမကို မစနောက်တော့ပေ။ ယနေ့ညတွင် သူမက ချက်ပြုတ်ရေး စွမ်းရည်များကို အပြည့်အဝ ပြသခဲ့သဖြင့် ချီးကျူးခံရမှုနှင့် ထိုက်တန်သည် မဟုတ်ပါလား။
မြောက်လေပြင်းများ တိုက်ခတ်နေပြီး လေထုက အေးစက်လာကာ ကောင်းကင်ယံတစ်ခုလုံး နှင်းခဲများဖြင့် ပြည့်နှက်နေ၏။
ဆောင်းဦးရာသီ ကုန်ဆုံးသွားပြီး ဆောင်းရာသီ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ခြံဝင်းအတွင်းရှိ ထင်းရှူးပင်အိုကြီးများပေါ်တွင် ရေခဲလွှာများ ဖုံးလွှမ်းသွားသောအခါ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း၏ တံခါးက တင်းကျပ်စွာ ပိတ်သွားတော့သည်။
ဖူရှောင်ကွမ်းက နောက်တစ်ကြိမ် တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့၏။
ဂူအတွင်းတွင် သူက မရဏဝိညာဉ်သစ်ပင်ကို ထုတ်ယူကာ ဓမ္မစွမ်းအားများကို လည်ပတ်စေပြီး ၎င်းကို သန့်စင်ရန် အာရုံစိုက်လိုက်သည်။ အချိန်ဓမ္မစွမ်းအား အလွှာများက ဝိညာဉ်ပစ္စည်းကို ရစ်ပတ်ဖုံးလွှမ်းသွားပြီး ထိုနှစ်ခုက ပဲ့တင်ထပ်သွား၏။
မရဏဝိညာဉ်သစ်ပင်က တဖြည်းဖြည်း အရည်ပျော်သွားကာ သန့်စင်သော စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး အချိန်နှင့် ပတ်သက်သော ဖြစ်စဉ်များကို ပုံဖော်ပြသလာသည်။
ရွှေရောင်ကျီးကန်းများ အတောင်ပံဖြန့်ခြင်း၊ ကျောက်စိမ်းယုန်များ ပြေးလွှားခြင်း၊ ရာသီလေးခု၊ နေရောင်ခြည် ရာသီဥတု ရှစ်ခု၊ ချီစွမ်းအင် နှစ်ဆယ့်လေးမျိုး စသည်ဖြင့် ထွက်ပေါ်လာချိန်တွင် ဖူရှောင်ကွမ်းက ၎င်းတို့ကို စုပ်ယူကာ အခြေခံသဘောတရားများကို တွေးတောဆင်ခြင်နေ၏။
သူ၏ အရှိန်အဝါက တဖြည်းဖြည်း ပိုမို သန်စွမ်းလာပြီး အချိန်တာအို ဓမ္မအနှစ်သာရက တဖြည်းဖြည်း ပြည့်စုံလာကာ သူ၏ တစ်ကိုယ်လုံးက အချိန်၏ လွှမ်းခြုံမှုအောက်သို့ ရောက်ရှိသွားသည်။
မရဏဝိညာဉ်သစ်ပင်၏ စွမ်းအင်များကို အပြည့်အဝ စုပ်ယူပြီးသွားသောအခါ သူ၏ စိတ်ဓာတ်များမှာ တက်ကြွလာ၏။ သူက ဓမ္မစွမ်းအားနှင့် ဓမ္မအနှစ်သာရ အားလုံးကို စုစည်းကာ အချိန်မြှား နတ်ဘုရားစွမ်းရည်နှင့် ချိတ်ဆက်လိုက်သည်။
ထိုအခါ ဓမ္မစွမ်းအားများက ရှန်းကျုံး သွေးကြောစုံမှတ်မှ စတင်ကာ ဆည်ကျိုးပေါက်သွားသော ရေစီးကြောင်းကြီးပမာ အတားအဆီးများကို တစ်ခုပြီးတစ်ခု ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီး သွေးကြောပေါက်များကို ပိုမို ဖွင့်လှစ်လိုက်သည်။
နောက်ဆုံးအကြိမ် ရှင်းလင်းသင်ကြားပေးစဉ်က ဧကရီယွီလီသည် ဓမ္မနယ်ပယ် ကျင့်ကြံခြင်း လမ်းကြောင်းအကြောင်းကို အသေးစိတ် ရှင်းပြခဲ့ဖူးသည်။ ဖူရှောင်ကွမ်းက ထိုအကြောင်းအရာများကို မကြာခဏ ပြန်လည်သုံးသပ် တွေးတောခဲ့ပြီး သူမ ဂူအောင်းရာမှ ထွက်လာပြီးနောက် လမ်းညွှန်မှု တောင်းခံရန် အခွင့်အရေးတိုင်းကို အရယူခဲ့သဖြင့် လမ်းကြောင်းကို သူ အသေအချာ နားလည်သဘောပေါက်ထားပြီး ဖြစ်၏။
ရှေးဟောင်း နတ်ဘုရားများသည် ကောင်းကင်နှင့် မြေကြီးမှ မွေးဖွားလာကြပြီး သဘာဝအတိုင်း ဒွါရဆယ်ပေါက် ပါရှိကြသည်။ နောက်ပိုင်း သက်ရှိများက ဒွါရကိုးပေါက် နည်းစနစ်ကို ကျင့်ကြံခြင်းဖြင့် သူတို့ကို အတုယူခဲ့ကြ၏။
ဒွါရပေါက်များဆိုသည်က ကျင့်ကြံခြင်း၏ အရင်းအမြစ်ဖြစ်ပြီး ရုပ်ခန္ဓာ၊ ချီစွမ်းအင်နှင့် အနှစ်သာရဟူ၍ ခွဲခြားထားသည်။
ဒွါရကိုးပေါက်မှ တစ်ခုစီတိုင်းက နယ်ပယ်တစ်ခု၊ အပေါက်တစ်ခုနှင့် တံခါးတစ်ခုစီနှင့် သက်ဆိုင်နေ၏။
နည်းစနစ်နယ်ပယ် ပထမမှ တတိယမြောက် ကောင်းကင်ဘုံအထိကို အောက်ပိုင်း သွေးကြောစုံမှတ်၊ ဟွေ့ယင်၊ အမြီးညှောင့်ရိုး တံခါးတို့က ရုပ်ခန္ဓာကို အဓိကထားသည်။
ဓမ္မနယ်ပယ် စတုတ္ထမှ ဆဋ္ဌမမြောက် ကောင်းကင်ဘုံအထိကို အလယ်ပိုင်း သွေးကြောစုံမှတ်၊ ဗဟိုနန်းတော်၊ ကျောရိုး တံခါးတို့က ချီစွမ်းအင်ကို အဓိကထားသည်။
ဤတစ်ကြိမ်တွင် ဖူရှောင်ကွမ်းက ဗဟိုနန်းတော်ကို ဖွင့်လှစ်ရမည် ဖြစ်၏။
သူက အရေးကြီးသော အကြံဉာဏ်များကို ဧကရီထံမှ တောင်းခံထားပြီးဖြစ်ကာ ဖြစ်လာနိုင်သည့် အခြေအနေ အားလုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီး လုံလောက်သော အရင်းအမြစ်များကိုလည်း အသင့်ပြင်ထားပြီး ဖြစ်သည်။
ထို့ကြောင့် သူက ဝါးခြမ်းကို ခွဲချလိုက်သကဲ့သို့ အလွယ်တကူပင် အဆင့်တက်သွား၏။ ကိုးကြိမ်တိုင်တိုင် ထိုးနှက်ပြီးနောက်တွင် အတားအဆီးကို ရိုက်ချိုးနိုင်ခဲ့ပြီး ဓမ္မစွမ်းအားများက ဗဟိုနန်းတော်အတွင်းသို့ စီးဝင်သွားတော့သည်။
ဖူရှောင်ကွမ်း၏ အရှိန်အဝါက နောက်ဆုံးတွင် စတုတ္ထမြောက် ကောင်းကင်ဘုံ အဆင့်ကို ကျော်လွန်ကာ ပဉ္စမမြောက် ကောင်းကင်ဘုံသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ဖိအားတစ်ခုက နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ဂူအတွင်း၌ အချိန်များ စီးဆင်းသွားပြီး မြေအောက်တွင် အောင်းနေသော အပင်များက မျက်စိတစ်မှိတ်အတွင်း မြေကြီးကို ထိုးဖောက်ထွက်လာကြသည်။ ဆောင်းရာသီ အလယ်တွင် လွင့်ဝဲနေသော နှင်းပွင့်များက လေထဲတွင်ပင် ရေခိုးရေငွေ့များအဖြစ် ပြန်လည်ပြောင်းလဲသွားကာ နတ်ဘုရားဂူကို ဖုံးလွှမ်းသွားသော မြူခိုးများအဖြစ် ဖြစ်တည်သွားသဖြင့် အဝေးမှကြည့်လျှင် တိမ်တိုက်များကြားမှ ခြံဝင်းတစ်ခုနှင့်ပင် တူနေတော့သည်။
သူ၏ ဓမ္မစွမ်းအား၊ မိစ္ဆာရုပ်ခန္ဓာနှင့် ဝိညာဉ်အာရုံ အားလုံးမှာ အသွင်ပြောင်းလဲသွား၏။ အရေးအကြီးဆုံးမှာ အချိန်တာအို လမ်းစဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက ရှေ့သို့ ကြီးမားစွာ ခုန်တက်သွားပြီး သက်တမ်းလည်း သိသိသာသာ တိုးလာခြင်းပင်။
ထိုကဲ့သို့သော အံ့သြဖွယ် ဝမ်းမြောက်မှုမျိုးက မိစ္ဆာတစ်ကောင်ကိုပင် မူးယစ်သွားစေနိုင်သည်။
ဖူရှောင်ကွမ်းက ထိုခံစားချက်ထဲတွင် နစ်မြောနေပြီး သူ၏ ပြောင်းလဲမှုများကို သေချာစွာ ခံစားနေ၏။ သူက အဆင့်တက်ရာမှ ရရှိလာသော အသိပညာများကို စနစ်တကျ စုစည်းကာ သူ၏ ကိုယ်ပိုင် အစွမ်းအစများအဖြစ် အပြည့်အဝ ပြောင်းလဲယူလိုက်သည်။
ဘီယွင်ရေကန်၊ တိမ်ပြာကျွန်း…
ဝါးကိုင်းဖျားပေါ်တွင် လွတ်လပ်ပေါ့ပါးစွာ ဝိုင်သောက်နေသော ဧကရီယွီလီက တစ်စုံတစ်ရာကို ခံစားမိသွားပြီး မိစ္ဆာဈေးတန်းဘက်သို့ လှမ်းကြည့်ကာ သူမ၏ ဝိုင်အိုးကို မြှောက်၍ အဝေးမှ လှမ်းကာ ဂုဏ်ပြုလိုက်၏။
“ငါ့တံခါးဝက သတင်းကောင်းပဲ... ဒါအောင်ပွဲခံရမယ့် ကိစ္စပဲ...”
လေထဲတွင် လွင့်ဝဲလာသော ဇီးပန်းပွင့်လေး တစ်ပွင့်က နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း အပြင်ဘက်သို့ ကျောင်းအုပ်ကြီး ဂျီမို ရောက်ရှိလာကြောင်း အချက်ပြလိုက်၏။ များမကြာမီမှာပင် မီးလျှံနီနှင့် ကျိုကွမ်းတို့လည်း ရောက်ရှိလာကြသည်။
“သူက ငါတို့ထက် အရင် နောက်တစ်ဆင့်ကို ရောက်သွားပြန်ပြီ...”
“မိစ္ဆာသခင် ဖြစ်လာပြီး တစ်နှစ်ခွဲလေးပဲ ရှိသေးတယ်… အဆင့်ထပ်တက်သွားပြန်ပြီ... မိစ္ဆာမိတ်ဆွေ ရှောင်ကွမ်းက တကယ်ကို ကောင်းကင်ဘုံရဲ့ အချစ်တော်လေးပဲ...”
“ဒါဆို ငါ သူ့ကို အနိုင်ယူဖို့ မျှော်လင့်ချက် မရှိတော့ဘူးပေါ့...”
မိစ္ဆာသခင် သုံးပါး၏ ခံစားချက်များက ရောထွေးနေ၏။ မနာလိုမှု၊ စိတ်ဓာတ်ကျမှု၊ ဝမ်းသာမှု စသည့် ခံစားချက် အမျိုးမျိုးက ရောယှက်နေကြသည်။
နှင်းထုကြီးများက တောင်တန်းများကို ပိတ်ဆို့ထားပြီး လောကကြီးတစ်ခုလုံးကို ငွေရောင် လွှမ်းခြုံထား၏။
ဆယ့်နှစ်လပိုင်းသို့ ရောက်သောအခါ ဖူရှောင်ကွမ်း နိုးထလာခဲ့သည်။
…
***