လက်ဖက်ရည်ရနံ့များက လေထုထဲတွင် သင်းပျံ့နေ၏။
ဖူရှောင်ကွမ်းက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ဇာတ်လမ်းကို နားထောင်နေသည်။
မိစ္ဆာသခင်ကို အကူအညီတောင်းခံရန် ရှိနေသဖြင့် ဟူယောင်လင်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။
“မိစ္ဆာမိတ်ဆွေလည်း ရိပ်မိပြီးသား ဖြစ်မှာပါ... ပိတောက်လေးရဲ့ ကိုယ်ထဲက မြေခွေးသွေးက မသန့်စင်ပါဘူး... သူက မိစ္ဆာတစ်ပိုင်းပါ...”
ဖူရှောင်ကွမ်းက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
“လူသားသွေး တစ်ဝက်နဲ့ မြေခွေးသွေး တစ်ဝက်မို့လို့ သူက ပထမမြောက် ကောင်းကင်ဘုံမှာတင် အသွင်ပြောင်းနိုင်ခဲ့တာပါ... ရှေးခေတ်ကတည်းက မိစ္ဆာတစ်ပိုင်းတွေဟာ ခန္ဓာကိုယ် အားနည်းပြီး မွေးဖွားရ ခက်ခဲတတ်ကြတယ်... အများစုက အမိဝမ်းထဲမှာတင် သေဆုံးသွားတတ်ကြတယ်လေ...”
“အောင်အောင်မြင်မြင် မွေးဖွားလာနိုင်တဲ့သူတွေက အင်မတန် ရှားပါးတယ်... ပိတောက်လေးလို ကျန်းကျန်းမာမာနဲ့ ကျင့်ကြံနိုင်စွမ်း ရှိတဲ့သူက ပိုတောင် ရှားသေးတယ်... မိစ္ဆာမိတ်ဆွေက အားအင်တွေ အများကြီး စိုက်ထုတ်ထားရမယ်လို့ ကျွန်တော် ထင်တယ်...”
ပထမဆုံးအကြိမ် တွေ့ဆုံကတည်းက ထိုကိစ္စနှင့် ပတ်သက်၍ သူ သတိထားမိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤသည်က မြေခွေးမျိုးနွယ်စု၏ ကိစ္စဖြစ်ပြီး သူနှင့် မသက်ဆိုင်သဖြင့် အသေးစိတ် မမေးမြန်းဘဲ မသိချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်၏။
ကိုယ်နှင့်မဆိုင်သည့်ကိစ္စကို ဝင်မပါခြင်းက အသက်ဘေးကင်းရန်နှင့် အသက်ရှည်ရန်အတွက် အကောင်းဆုံး နည်းလမ်းပင်။
ထိုစကားကို ကြားသောအခါ ဟူယောင်လင်က ခါးသီးစွာ ပြုံးလိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။
“ဒီကလေးကို ပြုစုပျိုးထောင်ရတာ တကယ်ကို ခက်ခဲခဲ့ပါတယ်...”
သူမ၏ မျက်လုံးများထဲတွင် အတိတ်ကို လွမ်းဆွတ်တမ်းတသည့် အရိပ်အယောင်များ ပေါ်လာပြီး အကြောင်းရင်းများကို ဖြည်းညင်းစွာ ပြန်လည်ပြောပြလေ၏။
“ဒီကလေးက ကျွန်မ အစ်ကိုကြီးရဲ့ သားပါ...”
“မိစ္ဆာမျိုးနွယ်စုက သားသမီးရလွယ်ပြီး တစ်ကြိမ်မွေးရင် အများကြီး မွေးလေ့ရှိတယ်... မိဘတူပြီး တစ်ကြိမ်တည်း အတူမွေးလာတဲ့ မောင်နှမတွေကတော့ ပိုပြီး ရင်းနှီးကြတယ်လေ... ကျွန်မ အစ်ကိုကြီးနဲ့ ကျွန်မကလည်း အဲဒီလိုပါပဲ... ကျွန်မတို့က ချင်းချိုး အကြီးအကဲတစ်ယောက်ရဲ့ သားသမီးတွေအနေနဲ့ အတူတူ မွေးဖွားလာခဲ့တာပါ...”
“ကျွန်မအစ်ကိုက မွေးရာပါ ဝိညာဉ်မြေခွေးဖြစ်ပြီး ထူးချွန်တဲ့ ပါရမီ ရှိတယ်... တတိယမြောက် ကောင်းကင်ဘုံကို ရောက်တဲ့အခါ သူ့ရဲ့ သွေးကြောဆက်ခံမှုက ဘိုးဘေးတွေဆီကို ထပ်ပြီး ပြန်လည်ရောက်ရှိသွားလို့ လူသားတစ်ပိုင်း အသွင်ပြောင်းချိန်မှာတင် အမြီးသုံးချောင်း မြေခွေးဖြစ်လာတဲ့ မျိုးနွယ်စုထဲက ရှားပါး မျိုးဆက်သစ်တွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်...”
“မြေခွေးမျိုးနွယ်စုက သွေးသားဆန္ဒ ပြင်းပြပြီး မိန်းမတွေက အာဏာကို ချုပ်ကိုင်ထားကြတယ်... ကျွန်မ အမေမှာ သားသမီးတွေ အများကြီးရှိပြီး ပါရမီနဲ့ အလားအလာတွေကလည်း မတူညီကြတော့ လူတိုင်းကို တန်းတူ ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ... ဒါပေမဲ့ ကျွန်မအစ်ကိုက ထူးချွန်နေတော့ အဖေနဲ့ ကျွန်မက ပိုပြီး အာရုံစိုက်ခံရသလို သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံမှုလည်း ရရှိခဲ့တယ်...”
“အစ်ကိုက မိစ္ဆာသခင် ဖြစ်လာပြီးနောက်မှာတော့ ကျွန်မတို့ရဲ့ အဆင့်အတန်းက ပိုပြီး မြင့်တက်လာခဲ့တယ်... အမေကိုယ်တိုင်တောင် ကျွန်မတို့ရဲ့ နတ်ဘုရားဂူကို တစ်ခါတလေ လာလည်တတ်တယ်... အစ်ကိုက ကျွန်မကို သိပ်ချစ်တာ...”
“ကျွန်မ တတိယမြောက် ကောင်းကင်ဘုံကို ဝင်ရောက်တော့မယ့် အချိန်မှာ သူက ကျွန်မရဲ့ သွေးကြောဆက်ခံမှုကို လှုံ့ဆော်ပေးဖို့အတွက် သူ့ရဲ့ နှလုံးသွေးကို အသုံးပြုပြီး ဝိညာဉ်ဆေးလုံး တစ်လုံး ဖော်စပ်ပေးခဲ့တယ်... ဒါကြောင့်သာ ကျွန်မ တတိယမြောက် ကောင်းကင်ဘုံကို ရောက်တဲ့အခါ သွေးကြောဆက်ခံမှု ပြန်လည်နိုးထလာပြီး အမြီးနှစ်ချောင်း ဝိညာဉ်မြေခွေး ဖြစ်လာတာ… ပါရမီလည်း အများကြီး တိုးတက်လာခဲ့တယ်...”
“ဒါပေမဲ့လည်း မိစ္ဆာမျိုးနွယ်စုဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့ခေတ်က အဆုံးသတ်သွားခဲ့ပါပြီ... ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ကံဆိုးမှုတွေ၊ ဘေးအန္တရာယ်တွေ အများကြီးနဲ့ ပြည့်နှက်နေဖို့ ဖန်တီးထားတာပဲလေ... မွေးရာပါ ဝိညာဉ်မြေခွေးဖြစ်တဲ့ ကျွန်မအစ်ကိုတောင်မှ ချွင်းချက်မဖြစ်ခဲ့ဘူး...”
“လွန်ခဲ့တဲ့ ဆယ်နှစ်က သူ အမြီးငါးချောင်း ဝိညာဉ်မြေခွေးအဖြစ် ကျင့်ကြံပြီးနောက်မှာ သူ့ရဲ့ ကျင့်ကြံခြင်းက အတားအဆီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်... တိုးတက်မှုရဖို့ ခက်ခဲရုံသာမက စိတ်တိုလွယ်လာပြီး တရားထိုင်ဖို့တောင် ခက်ခဲလာခဲ့တယ်...”
“အမေ့ကို သွားတိုင်ပင်ကြည့်တော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာဘေးအန္တရာယ်က နီးကပ်လာပြီဖြစ်ကြောင်းနဲ့ အဲဒီဘေးအန္တရာယ်က ချင်းချိုးက မြေခွေးတွေထဲက ဘယ်သူနဲ့မှ သက်ဆိုင်မှာ မဟုတ်ကြောင်း သိလိုက်ရတယ်...”
“မိုးကြိုးဘေးအန္တရာယ်နဲ့ အခြား လက်နက်ဘေးအန္တရာယ်တွေနဲ့ ယှဉ်ရင် စိတ်ပိုင်းဆိုင်ရာ မိစ္ဆာဘေးအန္တရာယ်က အဖမ်းအဆုပ်မခံနိုင်ဆုံး၊ ခြေရာခံရ အခက်ဆုံးနဲ့ အန္တရာယ်အများဆုံး ခန့်မှန်းရခက်တဲ့ အရာပဲ... ကျွန်မအစ်ကိုက အမြဲတမ်း မာနကြီးသူဆိုတော့ အဲဒီဘေးအန္တရာယ်ကို ရှောင်လွှဲဖို့ ချင်းချိုးမှာ ပုန်းအောင်းမနေချင်သလို အလားအလာကို ထိခိုက်စေမယ့် ဖြတ်လမ်းနည်းတွေကို သုံးပြီး အဆင့်တက်ဖို့လည်း ဂရုမစိုက်ခဲ့ဘူး...”
“ဒါကြောင့် သူက အမေ သတိလွတ်နေတုန်းကို အခွင့်ကောင်းယူပြီး ဘေးအန္တရာယ်ကို တက်တက်ကြွကြွ ရင်ဆိုင်ဖို့နဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာဘေးအန္တရာယ်နဲ့ သက်ဆိုင်တဲ့သူကို ရှာဖွေဖို့ ချင်းချိုးကနေ ခိုးထွက်သွားခဲ့တယ်...”
“အမေက သူ့ကို ဖမ်းပြီး ပြန်ခေါ်လာချင်ပေမဲ့ အစ်ကို့ဆီမှာ မိစ္ဆာဘုရင်ကြီး ပေးသနားထားတဲ့ အရှိန်အဝါနဲ့ တည်နေရာကို ဖုံးကွယ်ပေးနိုင်တဲ့ ရတနာတစ်ခု ရှိနေတော့ သူ့ကို ရှာတွေ့ဖို့ ခက်ခဲနေတယ်လေ... ပြီးတော့ ပြဿနာကို အရမ်းကြီးကျယ်အောင် လုပ်လိုက်ရင် ရန်သူတွေနဲ့ လူသားမျိုးနွယ်စုရဲ့ အာရုံစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်တာမို့ သူ့လက်အောက်ခံ မြေခွေးတွေကိုပဲ လျှို့ဝှက်ရှာဖွေခိုင်းရုံကလွဲပြီး တခြား မတတ်နိုင်ခဲ့ဘူး...”
…
သီးသန့်ခန်းအတွင်း…
ဟူယောင်လင်က လည်ချောင်းရှင်းရန်အတွက် လက်ဖက်ရည်တစ်ခွက် သောက်လိုက်ပြီးနောက် သူမ၏ မျက်နှာအမူအရာက ရုတ်တရက် မည်းမှောင်သွားပြီး ဆက်ပြောလေသည်။
“အရင်တုန်းကလည်း မြေခွေးမိစ္ဆာတွေ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာဘေးအန္တရာယ်ကို မကြုံတွေ့ခဲ့ဖူးတာ မဟုတ်ပါဘူး... ချင်းချိုး စာကြည့်တိုက်ဂူထဲမှာ မှတ်တမ်းတွေ အများကြီး ရှိပါတယ်... အဲဒီဘေးအန္တရာယ်နဲ့ သက်ဆိုင်တဲ့သူတွေက အမျိုးမျိုး ကွဲပြားပေမဲ့ ဘယ်လိုပဲ ပြောင်းလဲနေပါစေ အဓိကအားဖြင့်တော့ မိစ္ဆာမျိုးနွယ်စုကနေပဲ ဖြစ်လေ့ရှိတယ်...”
“နတ်ဆိုးမျိုးနွယ်စု ဒါမှမဟုတ် နတ်ဘုရားမျိုးနွယ်စုကို ချစ်မိသွားတဲ့ မြေခွေးတွေက အလွန်နည်းပါးပြီး လူသားမျိုးနွယ်စုကို ချစ်မိသွားတဲ့သူတွေဆိုရင် ပိုလို့တောင် ရှားပါသေးတယ်...”
“ကျွန်မအစ်ကိုရဲ့ အလှအပ ခံစားမှုစံနှုန်းက အမြဲတမ်း ပုံမှန်ပါပဲ... သူက ရိုးရာအစဉ်အလာကနေ ဘယ်တော့မှ မသွေဖည်ခဲ့ဘူး... လူသားတစ်ယောက်ကို ချစ်မိသွားတဲ့အထိတော့ အဲဒီလောက် တွန့်လိမ်ကောက်ကွေး မနေသင့်ဘူးလေ... ဒါပေမဲ့ အရာရာက အဆိုးရွားဆုံး အခြေအနေဘက်ကို ဦးတည်သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး... ကျွန်မအစ်ကိုက လူသားအမျိုးသမီး တစ်ယောက်ကို ချစ်မိသွားခဲ့တယ်...”
“သူမက ခေတ်တစ်ခေတ်မှာ ပြိုင်ဘက်ကင်းပြီး မျိုးနွယ်စုကွဲပြားမှုတွေကိုတောင် ကျော်လွန်နိုင်လောက်အောင် လှပတဲ့ ပြည့်တန်ဆာမ တစ်ယောက်ပါ... ကျွန်မအစ်ကိုက ဝမ်မြို့ကို ခရီးသွားရင်း သူမကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်... မှားမှန်းသိပေမဲ့ သူ့ရဲ့ ခံစားချက်တွေကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ဘူး...”
“ဒါနဲ့ပဲ သူက ဝမ်မြို့မှာ ဆက်နေပြီး ကျွေ့ဟွာယင်ဆိုတဲ့ နေရာမှာ ဖောက်သည်အမြဲဖြစ်လာကာ သူမအတွက် ပိုက်ဆံတွေကို ရေလို သုံးစွဲခဲ့တယ်...”
“အချိန်တွေ ကြာလာတော့ သူတို့နှစ်ယောက် ရင်းနှီးလာကြတယ်... အစ်ကိုက သူမကို ရွေးယူချင်ပေမဲ့ သူမက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တယ်... အစ်ကိုကလည်း အတင်းအကျပ် မလုပ်ဘဲ သူမဆီကိုသာ အမြဲသွားပြီး သူမရဲ့ သန့်စင်မှုကို ထိန်းသိမ်းခွင့် ပေးခဲ့တယ်...”
“သူတို့က အတူတူ ဇီသာတီးကြ၊ ပန်းချီဆွဲကြ၊ မျက်ခုံးမွေးဆွဲပေးကြပြီး လှေစီးထွက်လေ့ ရှိကြတယ်... သူတို့ကို အမြဲတမ်း အတူတူ တွေ့ရပြီး တခြားသူတွေ အားကျရလောက်အောင် လွတ်လပ်ပေါ့ပါးတဲ့ ဘဝကို ဖြတ်သန်းခဲ့ကြတယ်...”
“နောက်ဆုံးတော့ အစ်ကို့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဆက်ဆံမှုက အဲဒီအမျိုးသမီးရဲ့ နှလုံးသားကို လှုပ်ခတ်သွားစေခဲ့တယ်...”
“သဘာဝကျကျပဲ နောက်ဆုံးမှာ သူတို့ ပေါင်းဖက်သွားကြတယ်...”
“ဒါပေမဲ့ အချိန်ကောင်းတွေက ကြာကြာမခံပါဘူး...”
“အစ်ကိုက စိတ်ပိုင်းဆိုင်ရာ မိစ္ဆာဘေးအန္တရာယ်ထဲကို ပိုပိုပြီး နက်ရှိုင်းစွာ နစ်မြုပ်သွားပြီး ဆိုးကျိုးတွေကို စတင် ခံစားလာရတယ်... သူက လူသားအသွင်ကို ထိန်းသိမ်းထားဖို့အတွက် အချိန်အများကြီးပေးပြီး တရားထိုင်နေရလေ့ ရှိတယ်... အချိန်ကြာလာတော့ အဲဒီအမျိုးသမီးက တစ်ခုခု မှားယွင်းနေမှန်း သတိထားမိသွားတယ်... သူမက အစ်ကို့ကို လျှို့ဝှက်စောင့်ကြည့်ပြီး နောက်ဆုံးမှာ သူ့ရဲ့ ဇာတိအမှန်ကို ရှာတွေ့သွားခဲ့တယ်...”
“ဒါပေမဲ့ သူမက ဘာမှ မသိချင်ယောင်ဆောင်ပြီး အစ်ကိုနဲ့ ဆက်လက် ပေါင်းသင်းနေရင်း အစ်ကို့ကို သတ်ဖို့အတွက် လျှို့ဝှက်စွာနဲ့ မဟာသိုင်းကွက်အစီအရင် တစ်ခုကို တည်ဆောက်နေခဲ့တယ်...”
“ဒါပေမဲ့ အချိန်ကျလာတဲ့အခါမှာတော့ သူမ ကိုယ်ဝန်ရှိနေမှန်း သိသွားခဲ့တယ်... သူမက အဲဒါကို ကံကြမ္မာရဲ့ အပြစ်တစ်ခုလို့ ခံစားရပြီး ကိုယ်ဝန်ဖျက်ဆေး တစ်ခွက်ကို သောက်ပြီး ဗိုက်ထဲက သန္ဓေသားကို သတ်ပစ်ဖို့ ကြိုးစားခဲ့တယ်...”
“ဒါပေမဲ့ အစ်ကိုက သူမကို အရမ်းချစ်တာဆိုတော့ မကြာသေးခင်က သူမရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို ဘယ်လိုလုပ် သတိမထားမိဘဲ နေပါ့မလဲ... သူက သူမကို လျှို့ဝှက်စောင့်ကြည့်နေခဲ့တာမို့ သူမ ဝှက်ထားတဲ့ သိုင်းကွက်အစီအရင်အပြင် ကလေးကို ဖျက်ချချင်နေတဲ့ ရည်ရွယ်ချက်ကိုပါ ရှာတွေ့သွားခဲ့တယ်...”
“အစ်ကိုက အရမ်း ဒေါသထွက်သွားတယ်... သူက အထဲကို အမြန်ပြေးဝင်သွားပြီး ကိုယ်ဝန်ဖျက်ဆေးခွက်ကို လွှင့်ပစ်လိုက်တယ်… ပြီးတော့ သူမကို ပြင်းပြင်းထန်ထန် စစ်မေးတော့တာပဲ... အဲဒီမှာတင် သူတို့ တရားဝင် လမ်းခွဲသွားကြတာပဲ...”
ဖူရှောင်ကွမ်းက ကြားဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေ၏။
ဟူယောင်လင်က လှောင်ပြုံးပြုံးလိုက်ပြီး မုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်သည်။
“အဲဒီအမျိုးသမီးကလည်း ဟန်ဆောင်တာကို ရပ်တန့်လိုက်ပြီး ဓမ္မနယ်ပယ်ရဲ့ ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှာရှိတဲ့ သူမရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖော်ထုတ်ပြီး သူမရဲ့ ဇာစ်မြစ်ကို ပြောပြခဲ့တယ်...”
“သူမက စုရှင်းနန်းတော်က တာအိုကျင့်ကြံသူ အမျိုးသမီး တစ်ယောက်ပါ... ဒီတစ်ကြိမ် လူ့လောကကို ဆင်းလာတာက သေမျိုးလောကရဲ့ ဆန္ဒခြောက်ပါးကို ခံစားသိရှိဖို့နဲ့ အချစ်ထဲကို ဝင်ရောက်ပြီးမှ မေ့ဖျောက်ပြီး စုရှင်းဂိုဏ်းရဲ့ အချစ်မေ့ကျမ်းကို ကျင့်ကြံဖို့ပါပဲ... ကျွန်မအစ်ကိုက သူမရဲ့ ပစ်မှတ် ဖြစ်သွားခဲ့တာပေါ့...”
“အစ်ကိုကလည်း သူ့ရဲ့ အမြီးငါးချောင်း မြေခွေးခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ပြီး သူတို့နှစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့တယ်...”
“အဲဒီအမျိုးသမီးက အတော်လေး အစွမ်းထက်တယ်... သူမရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ စွမ်းရည်တွေက အရမ်းကို အားကောင်းနေပြီလေ... အစ်ကိုကလည်း သူ့ရဲ့ အစွမ်းကုန် မတိုက်ခိုက်ဘဲ ထိန်းထားသေးတာမို့ သိုင်းကွက်အစီအရင်ထဲမှာ ပိတ်မိသွားခဲ့တယ်... သူမက သွေးအေးလွန်းတယ်... အစ်ကို့မျက်စိရှေ့မှာတင် သူမဗိုက်ကို သူမကိုယ်တိုင်ခွဲပြီး သားအိမ်ထဲက သွေးသားကို ထုတ်ယူပြတဲ့အထိ ရက်စက်ခဲ့တယ်...”
“အဲ့ဒီမှာတင် အစ်ကိုက ရူးသွပ်သွားတော့တာပဲ... သူက မိစ္ဆာဘုရင်ကြီး ပေးသနားထားတဲ့ ရတနာကို ထုတ်သုံးပြီး သိုင်းကွက်အစီအရင်ကို ဖျက်ဆီးကာ အဲဒီ သွေးသားတုံးလေးကို လုယူပြီး ထွက်ပြေးခဲ့တယ်...”
ဟူယောင်လင်က အလွန်တရာ နာကျင်ကြေကွဲစွာဖြင့် ပြောပြလေသည်။
“အဲဒီ သွေးသားတုံးလေးရဲ့ အသက်ဓာတ် လုံးဝ မပျောက်ကွယ်သွားခင်မှာ အစ်ကိုက ပြင်းထန်တဲ့ ဒဏ်ရာတွေကို ဂရုမစိုက်ဘဲ လျှို့ဝှက်နည်းစနစ် တစ်ခုကို အတင်းအကျပ် အသုံးပြုခဲ့တယ်... သူက အဲဒီ သွေးသားလေးကို ပြုစုပျိုးထောင်ဖို့ သူ့ရဲ့ အမြီးတစ်ချောင်းကို ကိုယ်တိုင်ဖြတ်ပြီး သားအိမ်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်...”
“နောက်ဆုံး အစ်ကို ချင်းချိုးကို ပြန်ရောက်လာတဲ့အချိန်မှာတော့ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ပြည့်နှက်နေပြီး မဟာမိစ္ဆာ တစ်ပါးဆိုတဲ့ အဆင့်အတန်းကိုတောင် သေသေချာချာ မထိန်းသိမ်းနိုင်တော့ဘူး...”
“ဇာတ်လမ်းစုံကို သိလိုက်ရတော့ အမေက ဒေါသထွက်ပြီး ပေါက်ကွဲတော့တာပဲ... အဲဒီ သွေးသားလေးကို ဖျက်ဆီးပစ်ဖို့ ဒါမှမဟုတ် စားပစ်ဖို့ အစ်ကို့ကို အမိန့်ပေးခဲ့တယ်... ဒါဆိုရင် အစ်ကို ပြန်ကောင်းလာဖို့ မိစ္ဆာဘုရင်ကြီးဆီမှာ သူမကိုယ်တိုင် အကူအညီ တောင်းပေးမယ်လို့ ပြောခဲ့တယ်...”
“ဒါပေမဲ့ အစ်ကိုက လက်မခံခဲ့ဘူး... အမေက သူ့ကို ချင်းချိုးကနေ နှင်ထုတ်ပြီး မိသားစု စာရင်းကနေပါ ဖယ်ရှားပစ်ခဲ့တယ်... သူက သူမရဲ့ သား မဟုတ်တော့ဘူးလို့ ကြေညာခဲ့တာ... အဖေနဲ့ ကျွန်မတောင်မှ သူ့ဆီမှာ နေဖို့ တောင်ပိုင်းယွီနယ်မြေကို နှင်ထုတ်ခံခဲ့ရတယ်...”
“လွန်ခဲ့တဲ့ သုံးနှစ်က ပိတောက်လေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ဖို့အတွက် အစ်ကိုက သူ့ရဲ့ မြေခွေးအမြီးတွေနဲ့ ကျင့်ကြံခြင်းစွမ်းအား အားလုံးကို အကုန်အစင် သုံးစွဲခဲ့တယ်... သူက ပိတောက်လေးကို တစ်ချက်လေးပဲ ကြည့်ခွင့်ရပြီး သေဆုံးသွားခဲ့တယ်...”
“ဘယ်လောက်တောင် ရွံစရာကောင်းလိုက်လဲ...”
“အစ်ကို သေဆုံးသွားတဲ့နေ့က အဲဒီ အရူးမက သူမရဲ့ နတ်ဘုရားသခင် ပွဲတော်ကို ကျင်းပတဲ့နေ့နဲ့ ကွက်တိပဲ...”
“သူ့ယောက်ျားနဲ့ သူ့သားကို သတ်ပြီးမှ တာအိုလမ်းစဉ်ကို ရရှိသွားတဲ့ နတ်ဘုရားသခင် ဟန်ဆုတဲ့လား...”
“စုရှင်းနန်းတော်ရဲ့ သတ္တမမြောက် မျိုးဆက် ဂိုဏ်းချုပ်တဲ့လား...”
ငိုကြွေးနေသော ပိတောက်လေးကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်ပြီးနောက် ဟူယောင်လင်က သူမ၏ ဆဲရေးတိုင်းထွာမှုများကို ရပ်တန့်လိုက်ပြီး ဆက်ပြောလေသည်။
“ကျွန်မ မိစ္ဆာသခင် ဖြစ်လာတော့ ကျွန်မရဲ့ သွေးကြောဆက်ခံမှုက ထပ်ပြီး နိုးထလာလို့ အမေ့ရဲ့ အာရုံစိုက်မှုကို ပြန်ရခဲ့တယ်... ဒါပေမဲ့ ပိတောက်လေးအပေါ်မှာတော့ သူမက အငြိုးကြီးနေဆဲမို့လို့ ကျွန်မလည်း ပိတောက်လေးနဲ့အတူ တောင်ပိုင်းယွီနယ်မြေမှာပဲ ဆက်နေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး...”
“ကျွန်မ မိစ္ဆာမိတ်ဆွေကို အကူအညီ တောင်းရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ တစ်နှစ်က အဲဒီအမျိုးသမီးက တောင်ပိုင်းယွီနယ်မြေဆီ လူတွေ လွှတ်ခဲ့လို့ပါပဲ... အပေါ်ယံကြည့်ရင်တော့ သံတမန်အဖွဲ့ကို ကာကွယ်ပေးဖို့ဆိုပေမဲ့ သူတို့က တိတ်တဆိတ်နဲ့ ပိတောက်လေးကို ရှာဖွေနေကြတာလေ...”
“တစ်ယောက်ယောက်က သူ့ရဲ့ ဇာတိကို ဖုံးကွယ်ပြီး ထုံပေါက် အလုပ်ရုံထဲကိုတောင် ခိုးဝင်ခဲ့သေးတယ်… ပြီးတော့ သူက ပိတောက်လေးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်... အဲဒီအမျိုးသမီးက သူမရဲ့ လမ်းကြောင်းမှာ ရှေ့ဆက်တက်လှမ်းနိုင်ဖို့ ပတ်သက်မှု အားလုံးကို လုံးဝ ဖြတ်တောက်ချင်နေတာမို့ ကလေးကိုပါ အမြစ်ပြတ် သတ်ပစ်ချင်နေတာ...”
“ထုံပေါက် အလုပ်ရုံမှာ လျှို့ဝှက်ထားတဲ့ အစီအမံတွေသာ မရှိရင် သူမ တကယ် အောင်မြင်သွားနိုင်တယ်... ဒီကိစ္စပြီးတဲ့နောက် ရွှေဖားပြုတ် မိစ္ဆာသခင်ကို ကျွန်မ အကြောင်းကြားခဲ့ပေမဲ့ သူကလည်း ပိတောက်လေးကို ယာယီပဲ ကာကွယ်ပေးနိုင်တယ်... သူက စုရှင်းနန်းတော်ကို လုံးဝ ရန်စဖို့ မဝံ့ရဲဘူးလေ...”
“အမေ ကူညီနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ချင်းချိုးဆီကို ကျွန်မ စာတစ်စောင် ပို့ခဲ့ဖူးပေမဲ့ သူမက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး ပိတောက်လေးကို မကာကွယ်ပေးချင်ဘူးလို့ ပြောခဲ့တယ်...”
“သေချာ စဉ်းစားပြီးတဲ့နောက် ပိတောက်လေးကို ယွီတောင်တန်းဆီ အပ်နှံတာက အလုံခြုံဆုံး ရွေးချယ်မှုလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်... စုရှင်းနန်းတော်က ဘယ်လောက်ပဲ မောက်မာပါစေ ယွီတောင်တန်းကို ပေါ်ပေါ်ထင်ထင် ရန်စပြီး လူသားနဲ့ မိစ္ဆာ မျိုးနွယ်စုနှစ်ခုကြားမှာ စစ်မီးမွှေးတဲ့ တရားခံတွေ ဖြစ်လာဖို့တော့ မဝံ့ရဲလောက်ပါဘူး...”
ပြောရင်းဆိုရင်းဖြင့် ဟူယောင်လင်က မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်သည်။
ပိတောက်လေးကလည်း ချက်ချင်း ထပ်မံ၍ ဦးတိုက်လိုက်ရာ ကြမ်းပြင်ကို ခေါင်းနှင့် ဆောင့်မိသည့် အသံများ ပဲ့တင်ထပ်သွား၏။ သူ၏ ဖြူဝင်းသော နဖူးလေးမှာ ယခုအခါ နီရဲယောင်ကိုင်းနေလေပြီ။
***