ဖူရှောင်ကွမ်းမှာ စကားပြောမထွက်တော့ပေ။
မိစ္ဆာမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့၏ အလှအပ ခံစားမှုစံနှုန်းများက ကွဲပြားခြားနားကြသည်။
မိစ္ဆာများက လူသားများကို ချစ်မိသွားသည်ဟူသော ဇာတ်လမ်းစာအုပ်များထဲက အကြောင်းအရာ အများစုမှာ ပညာရှင်များ ဖန်တီးရေးသားထားသော စိတ်ကူးယဉ် အဓိပ္ပာယ်မရှိသည့် အရာများသာ ဖြစ်၏။
တကယ့်လက်တွေ့တွင် လူသားများကို ချစ်မိသွားသော မိစ္ဆာများမှာ အလွန်တရာ နည်းပါးလှသည်။ မိစ္ဆာမျိုးနွယ်စုအတွက်တော့ ထိုသို့သော သူတိုင်းသည် ဖောက်လွဲဖောက်ပြန် လုပ်သူများပင်။ မိစ္ဆာမျိုးနွယ်စုက လူသားမျိုးနွယ်စုနှင့် ရင်းနှီးကျွမ်းဝင်မှု ပြုလုပ်လိုခြင်းမှာ အဓိကအားဖြင့် မူလချီစွမ်းအင်ကို ရယူလို၍သာ ဖြစ်၏။
မြေခွေးမျိုးနွယ်စုထဲတွင် ဤမျှ ထူးဆန်းသော အရာတစ်ခု ပေါ်လာပြီး ဤမျှလောက် အဆိပ်အတောက် ဖြစ်စေသော မိုက်မဲလှသည့် အချစ်ဇာတ်လမ်းမျိုးကို ဖန်တီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ပိတောက်လေး၏ မိခင်က ရှက်ရွံ့မှုများ ခံစားနေရပြီး ပိတောက်လေးကို ဂုဏ်သိက္ခာ ကျဆင်းမှုတစ်ခုအဖြစ် ရှုမြင်နေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ ထို့ပြင် သူမ မျှော်လင့်ထားသလို ဖြစ်မလာခဲ့သည့်အပေါ် စိတ်ပျက်ဒေါသထွက်မှုများလည်း ပါဝင်နေမည်မှာ သေချာလှသည်။
“ဘာလို့ မိစ္ဆာမိတ်ဆွေက ယွီတောင်တန်းက ကူညီမယ်လို့ ဒီလောက်တောင် သေချာနေရတာလဲ...”
“စုရှင်းနန်းတော်က အလယ်ပိုင်းကုန်းမြေက လူသားမျိုးနွယ်စုရဲ့ ထိပ်တန်း တာအိုဂိုဏ်းကြီးတစ်ခုပဲ... အမွေအနှစ်ကလည်း ရှေးကျပြီး အင်အားကလည်း နက်နဲတယ်... အဋ္ဌမမြောက် ကောင်းကင်ဘုံက အရှင်သခင်ကြီး တစ်ပါးက အုပ်စိုးထားတယ်လို့တောင် ကောလာဟလတွေ ရှိတယ်လေ... ပိတောက်လေးက ယွီတောင်တန်းနဲ့ ဘာပတ်သက်မှုမှ မရှိဘဲနဲ့ ခင်ဗျားတို့ကို ကူညီဖို့ ဘာလို့ အန္တရာယ်ခံရမှာလဲ...”
“ခင်ဗျားမှာ ဘာအာမခံချက် ရှိလို့လဲ... မိစ္ဆာမိတ်ဆွေ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ...”
ဖူရှောင်ကွမ်းက အလွန် ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။
ဟူယောင်လင်က ဤအတွက် အံ့သြမသွားဘဲ တိုက်ရိုက်ပင် ပြန်ဖြေလိုက်၏။
“မိစ္ဆာမိတ်ဆွေသာ ဒီကိစ္စကို ကူညီပေးပြီး ပိတောက်လေးကို ယွီတောင်တန်းရဲ့ အကာအကွယ်အောက် ရောက်အောင် လုပ်ပေးနိုင်ရင် ကျွန်မ ကိုယ်ပိုင်ပိုက်ဆံနဲ့ ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်... အနှစ်သာရဖြည့်တင်းခြင်းနဲ့ သက်တမ်းတိုး သိုင်းကျင့်စဉ်ကို လက်နှစ်ဖက်နဲ့ ဆက်သမှာဖြစ်ပြီး မိစ္ဆာမိတ်ဆွေကို ရွှမ်းအဆင့်မြင့် ဝိညာဉ်ပစ္စည်းတစ်ခုလည်း ပေးပါမယ်...”
“မလုံလောက်သေးဘူး...”
ဖူရှောင်ကွမ်းက ခေါင်းခါယမ်းလိုက်သည်။
“ဒါက ကျုပ်အနေနဲ့ ဧကရီကို ဒီကိစ္စ တင်ပြပေးဖို့အတွက်ပဲ လုံလောက်သေးတယ်... ဧကရီရဲ့ စိတ်ကို လှုပ်ရှားသွားစေဖို့ ခင်ဗျားရဲ့ ရိုးသားမှုကို ပြသဖို့ လိုတယ်... မဟုတ်ရင် ကျုပ် ဘယ်လောက်ပဲ ပြောပြော အချည်းနှီးပဲ ဖြစ်မှာ... ဒီလောက် ပစ္စည်းလေး နည်းနည်းနဲ့ ယွီတောင်တန်းက အန္တရာယ် မခံနိုင်ဘူး...”
“ဒါပေါ့... ဒါတွေက မိစ္ဆာမိတ်ဆွေအတွက် ဆုလာဘ်တွေ သီးသန့်ပါ...”
ဟူယောင်လင်က နာကျင်နေသော နှလုံးသားဖြင့် ပြောလိုက်၏။
“အရင်တုန်းက ကျွန်မ အစ်ကိုကြီး ချင်းချိုးကနေ ထွက်ခွာပြီး အလယ်ပိုင်းကုန်းမြေကို ခရီးသွားတုန်းက ရှေးဟောင်း နတ်ဘုရားဂူတစ်ခုထဲကို မတော်တဆ ရောက်သွားပြီး အခေါင်းပွဝါးတံဆိပ်ပြား တစ်ခုကို ရခဲ့တယ်... ကျွန်မ မိစ္ဆာသခင် ဖြစ်လာပြီးနောက် ချင်းချိုးကို ပြန်သွားတော့ စာကြည့်တိုက်ဂူထဲက ရှေးဟောင်း စာအုပ်တစ်အုပ်မှာ ဒီဝါးတံဆိပ်ပြားအကြောင်း မိတ်ဆက်ထားတာကို မတော်တဆ တွေ့ခဲ့ရတယ်...”
“အခေါင်းပွဝါးဆိုတာ ကမ္ဘာဦးခေတ်ကတည်းက ရှိခဲ့တဲ့ ရှေးဟောင်း အရာတစ်ခုပဲ... အဲဒါက ဟင်းလင်းပြင်ကို စိုးမိုးပြီး နက်နဲဆန်းကြယ်မှုနဲ့အတူ ခန့်မှန်းရခက်တယ်... အဲ့ဒီဝါးကို ရှေးဟောင်း နတ်ဘုရားတစ်ပါး ကိုယ်တိုင် စိုက်ပျိုးခဲ့တာဖြစ်ပြီး ထျန်းယီ မိစ္ဆာနတ်ဘုရားရဲ့ နောက်ကို လိုက်ပါခဲ့ဖူးတယ်လို့ ကောလာဟလတွေ ရှိတယ်...”
“သူ့ရဲ့ အထွတ်အထိပ်အချိန်မှာဆိုရင် သူရဲ့ နာမည်ကျော်ကြားမှုက ဖြူစင်ခြင်း ခြောက်ပါး ဝါးပင်တွေနဲ့တောင် ယှဉ်နိုင်တယ်လေ... ဒါပေမဲ့ ရှေးဟောင်း နတ်ဘုရား သေဆုံးသွားတာနဲ့အမျှ အခေါင်းပွဝါးလည်း ပျောက်ကွယ်သွားပြီး သူ့ရဲ့ ဒဏ္ဍာရီကို လောကကြီးမှာ ထပ်မကြားရတော့ဘူး...”
“ဒါပေမဲ့ မြေခွေးမျိုးနွယ်စုရဲ့ မှတ်တမ်းတွေမှာ အခေါင်းပွဝါးရဲ့ နောက်ဆက်တွဲ သမိုင်းကြောင်းတွေ ပါဝင်တယ်... ဒီရှေးဟောင်း အရာက ကျွန်မတို့ ချင်းချိုးက ဘိုးဘေးကြီး တစ်ပါးရဲ့ မိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်...”
“သူက ဒီဘိုးဘေးကြီးကို အခေါင်းပွဝါးက လောကကြီးထဲမှာ အမွေအနှစ်တစ်ခု ချန်ထားရစ်ခဲ့ပြီး လျှို့ဝှက်နယ်မြေ တစ်ခုထဲမှာ ဖုံးကွယ်ထားတယ်လို့ ပြောခဲ့တယ်... ဟင်းလင်းပြင် တာအိုလမ်းစဉ်မှာ ကျွမ်းကျင်တဲ့ ဝါးမိစ္ဆာတစ်ကောင်ကသာ အဋ္ဌမလပိုင်း ဆယ့်ငါးရက်နေ့ လပြည့်ညမှာ အခေါင်းပွ ဝါးတံဆိပ်ပြားကို ကိုင်ဆောင်ပြီး ဝင်ရောက်နိုင်တယ်တဲ့...”
“ဒီလို ဟင်းလင်းပြင် ဝါးတံဆိပ်ပြားက သုံးခုပဲ ရှိပြီး အဲဒါက ပါရမီရှင်သုံးပါး အရေအတွက်နဲ့ ကိုက်ညီနေတယ်...”
“တံဆိပ်ပြား သုံးခုစလုံး ပိုင်ရှင်ရှိမှသာ အဲဒါကို ဖွင့်နိုင်မှာပါ...”
ဟူယောင်လင်က ရင်ဘတ်ထဲမှလာသော စကားများဖြင့် ပြောလိုက်သည်။
“ဒီဝါးတံဆိပ်ပြား ရှိနေတာကို ချင်းချိုးကတောင် မသိပါဘူး... ဧကရီကသာ ပိတောက်လေးကို ကာကွယ်ပေးဖို့ ဆန္ဒရှိရင် ဒီအခေါင်းပွ ဝါးတံဆိပ်ပြားကို ဆက်သဖို့ ကျွန်မ ဆန္ဒရှိပါတယ်... တစ်နေ့နေ့ ချင်းချိုးမှာ ကျွန်မ ရာထူးမြင့်မြင့် ရလာရင်လည်း ယွီတောင်တန်းနဲ့ မိတ်ဆွေဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ ဆန္ဒရှိပါတယ်...”
ဖူရှောင်ကွမ်းက မျက်လွှာချကာ စဉ်းစားခန်း ဝင်နေ၏။
ဟူယောင်လင်နှင့် သူမ၏ တူဖြစ်သူတို့က သူ့ကို အနှောင့်အယှက်ဖြစ်မည်စိုး၍ အသံပင် မထွက်ရဲကြချေ။
ခဏအကြာတွင် သူက ပြန်ဖြေလိုက်သည်။
“ဒီကိစ္စက အရမ်း အရေးကြီးတယ်... ကျုပ် တောင်ပေါ်ပြန်ပြီး ဒီကိစ္စအတွက် ဧကရီကိုပဲ ဆုံးဖြတ်ခိုင်းမှရမယ်...”
ဟူယောင်လင်က ခေါင်းညိတ်လိုက်၏။
“ဒီလိုပဲ ဖြစ်သင့်ပါတယ်...”
လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက် ဟူယောင်လင် လက်ဆောင်ပေးလိုက်သော တိမ်လွှာ ဝိညာဉ်လက်ဖက်ရည် ငါးကျပ်သားကို ယူဆောင်ကာ ဖူရှောင်ကွမ်းက ထုံပေါက် အလုပ်ရုံမှ ထွက်ခွာလာခဲ့သည်။
သီးသန့်ခန်းထဲသို့ ပြန်ရောက်သောအခါ ပိတောက်လေးက မော့ကြည့်လာပြီး သူ၏ နုနယ်သော မျက်နှာလေးပေါ်တွင် စိုးရိမ်မှုများ အပြည့်ဖြင့် မေးလိုက်၏။
“အဒေါ်... အဲဒီ ဧကရီက သဘောတူပါ့မလားဟင်...”
ဟူယောင်လင်က သေချာပေါက် ပြောလိုက်သည်။
“သူမ သဘောတူမှာပါ... ယွီတောင်တန်းမှာ ဝမ်မုသစ်တော ကျောထောက်နောက်ခံ ရှိပြီး သူ့ရဲ့ အင်အားက ချင်းချိုးထက် မနိမ့်ကျဘူး... သူက စုရှင်းဂိုဏ်းကို ကြောက်မှာ မဟုတ်ဘူး... ပြီးတော့ အဲဒီအမျိုးသမီးက မင်းကို သတ်ဖို့အတွက်နဲ့ ယွီတောင်တန်းကို ပေါ်ပေါ်ထင်ထင် ပြဿနာသွားရှာဖို့ မဝံ့ရဲလောက်ပါဘူး... သူမက ပုန်းအောင်းနေရတာနဲ့တင် အလုပ်ရှုပ်နေမှာပါ...”
ထိုစကားကို ကြားသောအခါ ပိတောက်လေး၏ မြေခွေးနားရွက်များက ကျဆင်းသွားပြီး သူ၏ မျက်နှာအမူအရာက စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
ဟူယောင်လင်က စိတ်မကောင်းဖြစ်ရသော်လည်း သူ့ကို နှစ်သိမ့်မပေးခဲ့ပေ။
အချို့ကိစ္စများကို စောစောစီးစီး ရှင်းရှင်းလင်းလင်း မြင်ထားသည်က ပိုကောင်း၏။ အမှန်တရားက ရက်စက်ပြီး ပိတောက်လေးအတွက် အရမ်း ကြမ်းတမ်းနေရင်တောင်မှ အနာဂတ်မှာ သူ စိတ်ကူးယဉ် အိပ်မက်တွေ မက်နေပြီး ထိုအမျိုးသမီး၏ လှည့်စားမှုကို မခံရအောင် သူမက ဖုံးကွယ်မထားခြင်း ဖြစ်သည်။
ပြတင်းပေါက်မှတစ်ဆင့် ညကောင်းကင်ယံရှိ လမင်းနှင့် ကျိုးတို့ကျဲတဲ ဖြစ်နေသော ကြယ်များကို လှမ်းကြည့်ရင်း ဟူယောင်လင်၏ မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
တကယ်တော့ ဧကရီ သဘောတူမတူ သူမ သေချာ မသိပေ။ မိစ္ဆာဘုရင် တစ်ပါးစီ၏ အတွေးများက ခန့်မှန်းရ ခက်ခဲသည် မဟုတ်ပါလား။ သူတို့ လုပ်နိုင်တာကို လုပ်ခဲ့ပြီးပြီ ဖြစ်၍ ကျန်တာကတော့ ကံကြမ္မာ၏ အဆုံးအဖြတ်အတိုင်းသာ။
အကယ်၍ အောင်မြင်ခဲ့လျှင် ပိတောက်လေးက အကာအကွယ် ရရှိသွားမည်ဖြစ်ပြီး ယွီတောင်တန်းကို ကျောထောက်နောက်ခံအဖြစ် ရရှိထားခြင်းဖြင့် အနာဂတ် ချင်းချိုး အာဏာလုပွဲတွင် သူမအတွက် အောင်မြင်နိုင်ချေ ပိုများလာလိမ့်မည်။
အကယ်၍ ကျရှုံးခဲ့လျှင် အဆိုးဆုံးကတော့ သေရုံပါပဲ။
သူမ အသက်ကို ပေးဆပ်ခြင်းဖြင့် ယခုဘဝမှာ သူမအစ်ကိုအပေါ် ထားရှိတဲ့ တာဝန်ကို ကျေပွန်သွားပြီ ဖြစ်သည်။
…
ထုံပေါက် အလုပ်ရုံမှ ထွက်ခွာလာပြီးနောက်…
ဖူရှောင်ကွမ်းက ဆိပ်ခံတံတားဆီသို့ တိုက်ရိုက် သွားခဲ့၏။ သူက အဆက်မပြတ် နေရာရွှေ့ပြောင်းခြင်းများကို အသုံးပြုကာ ညတွင်းချင်း ယွီတောင်တန်းသို့ ပြန်သွားခဲ့သည်။
ဘီယွင်ရေကန်ရှိ တိမ်ပြာကျွန်းပေါ်မှ ဝါးမျှော်စင်အတွင်း…
ယွီလီက ဖူရှောင်ကွမ်း ပြောပြသည့် ဖြစ်ရပ်များကို နားထောင်ပြီးနောက် ဝိုင်အိုးကို ချထားလိုက်ပြီး စားပွဲပေါ်ကို လက်ချောင်းဖြင့် ခပ်ဖွဖွ ခေါက်ကာ အကောင်းအဆိုးများကို လေးလေးနက်နက် ချိန်ဆကြည့်လိုက်၏။
မကြာမီမှာပင် သူမ၏ ရင်ထဲတွင် အဖြေတစ်ခု ရရှိသွားသည်။
“သူမကို သဘောတူလိုက်... အခေါင်းပွ ဝါးတံဆိပ်ပြားကို ပြန်ယူခဲ့...”
“အဲဒီ မိစ္ဆာတစ်ပိုင်း ကလေးအတွက်ကတော့ သူ့ကို ဆုံးမဖို့ မင်းကိုပဲ တာဝန်ပေးလိုက်မယ်... အဲဒီ မြေခွေးမက သူ့ကို အရမ်းချစ်မှတော့ အနာဂတ်မှာ ပစ္စည်းကောင်းတွေ အများကြီး ရလာဦးမှာ သေချာတယ်...”
ဖူရှောင်ကွမ်း၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွား၏။
“ကျေးဇူးတင်ပါတယ် ဧကရီ...”
ဤသည်က ဧကရီ သူ့ကို မျက်နှာသာပေးလိုက်ခြင်းပင်။
“မင်း အလုပ်ကို သေသေချာချာ လုပ်ပါ... ဒီအမေကြီးက မင်းကို အချည်းနှီး မဖြစ်စေရပါဘူး...”
ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် ယွီလီက လက်ကို ဝှေ့ယမ်းကာ ဝိုင်အိုးကို ကောက်ကိုင်ပြီး ထပ်သောက်နေပြန်၏။
ဖူရှောင်ကွမ်းက လိမ္မာပါးနပ်စွာဖြင့် ထွက်ခွာသွားသည်။
နောက်တစ်နေ့ နေဝင်ဆည်းဆာ အချိန်တွင် ဖူရှောင်ကွမ်းက ယူနန် မိစ္ဆာဈေးတန်းသို့ ပြန်ရောက်လာ၏။
အခြား ထောက်ပံ့ရေး ပစ္စည်းများ ဝယ်ယူရန်နှင့် ပို့ဆောင်မည့်ရက်များ သတ်မှတ်ရန် ဝမ်ချွန်း ခန်းမနှင့် ယွီချွမ် အလုပ်ရုံသို့ ဦးစွာ သွားရောက်ခဲ့ပြီးနောက် ထုံပေါက် အလုပ်ရုံဘက်သို့ လှည့်ထွက်လာခဲ့သည်။
ဧကရီယွီလီ သဘောတူလိုက်ကြောင်း သိရသောအခါ ဟူယောင်လင်နှင့် သူမ၏တူဖြစ်သူတို့မှာ ဝမ်းသာမျက်ရည် ကျခဲ့ရပြီး ကတိပြုထားသည့် ဆုလာဘ်များကို ဖူရှောင်ကွမ်းထံ ချက်ချင်း ပေးအပ်လိုက်၏။
ဖူရှောင်ကွမ်းက ဟူယောင်လင်နှင့် တူဖြစ်သူ၏ တက်ကြွစွာ ဖိတ်ခေါ်မှုကို ငြင်းပယ်ကာ ထုံပေါက် အလုပ်ရုံမှ ထွက်ခွာလာပြီး ရိပ်မြုံသစ် တည်းခိုခန်းသို့ အနားယူရန် သွားခဲ့သည်။
သူက ရရှိထားသည်များကို ချက်ချင်း စစ်ဆေးမကြည့်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူက အခြား မိစ္ဆာတစ်ကောင်၏ ပိုင်နက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။ သူ၏ လက်ထဲ ရောက်နေပြီ ဖြစ်သဖြင့် အလောတကြီး လုပ်စရာ မလိုတော့ချေ။
ဤတစ်ကြိမ်တွင် ကုန်သွယ်ရေး ယာဉ်တန်းက ယူနန် မိစ္ဆာဈေးတန်း၌ စုစုပေါင်း ခုနစ်ရက်ကြာ နေထိုင်ခဲ့၏။ ထောက်ပံ့ရေး ပစ္စည်းများ အားလုံး ဝယ်ယူပြီးစီးပြီးနောက် ဖူရှောင်ကွမ်းက ယာဉ်တန်းကို ဦးဆောင်ကာ ထွက်ခွာလာခဲ့သည်။
ပိတောက်လေးကိုတော့ ဧကရီ ပေးသနားထားသော ဝါးရွက်ထဲတွင် ထည့်ထားလိုက်၏။
ထိုဝါးရွက်ထဲတွင် ဟင်းလင်းပြင်တစ်ခု ပါရှိပြီး သွေးကြောဆက်ခံမှု ခြေရာခံခြင်းကဲ့သို့သော လျှို့ဝှက်နည်းစနစ်များကို ပိတ်ပင်ထားပြီး သက်ရှိများက ဝါးရွက် အတွင်း၌ တစ်ရက်ကြာ အသက်ရှင် နေထိုင်နိုင်သည်။ ဤသည်က ဖူရှောင်ကွမ်း ပိတောက်လေးကို ခရီးစဉ်တွင် ခေါ်ဆောင်လာရန် ယုံကြည်မှု၏ အရင်းအမြစ်လည်း ဖြစ်၏။
ထိုနတ်ဘုရားသခင် ဟန်ဆု ကိုယ်တိုင် ရောက်မလာသရွေ့ ရှာတွေ့ဖို့ အလွန် ခက်ခဲပေလိမ့်မည် ဖြစ်သည်။
မိစ္ဆာတစ်ရာကျော် ညဘက် ချီတက်လာစဉ် မိစ္ဆာမြူခိုးများက လေထုထဲတွင် လွင့်ဝဲနေ၏။
ငါး-နဂါး သရဖူကို ဆောင်းထားသော တာအိုကျင့်ကြံသူ အမျိုးသမီးတစ်ဦးက အနီးအနားရှိ တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေပြီး ယွီတောင်တန်း၏ ကုန်သွယ်ရေး ယာဉ်တန်း မြူခိုးများကြားမှ ဖြတ်သန်းသွားသည်ကို စောင့်ကြည့်နေသည်။ သူမက ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ထားပြီး မြူခိုးများ အဆုံးသတ်သွားသည့်တိုင်အောင် အဆက်မပြတ် လည်ပတ်နေသော အိမ်မြှောင်ပေါ်ရှိ အပ်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“အံ့သြစရာကောင်းလောက်အောင် သူ အဲဒီမှာ မရှိဘူးပဲ... ကြည့်ရတာ အဲဒီ စက်ဆုပ်စရာကောင်းတဲ့ကောင်က မြေအောက် မိစ္ဆာဈေးတန်းမှာ ပုန်းနေတုန်းပဲ ထင်တယ်...”
ယာဉ်တန်းထဲတွင် ဖူရှောင်ကွမ်းက ချောင်းမြောင်းကြည့်ရှုနေသည့် အကြည့် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် သူ၏ တင်းမာနေသော အာရုံကြောများမှာ နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။
မမျှော်လင့်ဘဲ မကြာမီမှာပင် ထိုအကြည့်က သူတို့ရှေ့တွင် ထပ်မံ ပေါ်လာပြန်၏။
တတိယအကြိမ်တွင်တော့ ဖူရှောင်ကွမ်းက သူမကို ဆက်ပြီး အလိုမလိုက်တော့ပေ။ ဇီသာအသံတစ်သံက တာအိုကျင့်ကြံသူ အမျိုးသမီး၏ ဝိညာဉ်ထဲတွင် မိုးခြိမ်းသံလို ပေါက်ကွဲထွက်သွားသည်။ အငိုက်မိသွားသဖြင့် သူမ၏ ဝိညာဉ်အာရုံမှာ တုန်လှုပ်သွားကာ ပြင်းထန်သော အတွင်းဒဏ်ရာ ရသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။
နောက်တစ်ခဏတွင် အေးစက်ပြီး ကြမ်းတမ်းသော အသံတစ်သံက သူမ၏ နားထဲသို့ ရောက်လာသည်။
“ဘယ်ကိစ္စမဆို သုံးကြိမ်ထက် ပိုမဖြစ်သင့်ဘူး... အရှင်မက ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ပြီး ချောင်းကြည့်နေမယ်ဆိုရင် ဒီအရှင်သခင် သနားညှာတာမှု ကင်းမဲ့တယ်လို့ အပြစ်မတင်နဲ့...”
တာအိုကျင့်ကြံသူ အမျိုးသမီးမှာ ထိတ်လန့်တုန်လှုပ်သွား၏။ သူမက တောင်းပန်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားတော့သည်။ သူမက အတော်ဝေးဝေးအထိ ပြေးသွားပြီးနောက် ယွီတောင်တန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ ရင်ထဲရှိ တုန်လှုပ်မှုက မပျောက်ကွယ်သေးပေ။
“ယာဉ်တန်းကို ဦးဆောင်လာတဲ့ မိစ္ဆာသခင် ရှောင်ကွမ်းက ဓမ္မနယ်ပယ်ရဲ့ ပဉ္စမမြောက် ကောင်းကင်ဘုံ ကျင့်ကြံခြင်းအဆင့်ပဲ ရှိပြီး ရှေးဟောင်း မျိုးစိတ်ကွဲလည်း မဟုတ်ဘူးလို့ ပြောကြတာ မဟုတ်ဘူးလား...”
“ဘာလို့ သူက ဓမ္မနယ်ပယ်ရဲ့ ဆဋ္ဌမမြောက် ကောင်းကင်ဘုံက အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ ငါ့ထက်တောင် ပိုပြီး အစွမ်းထက်နေရတာလဲ...”
“ဘာပဲဖြစ်ဖြစ် ဒီရန်ငြိုးကို ဒီဆင်းရဲတဲ့ တာအိုဘုန်းကြီးမ မှတ်ထားတယ်... အနာဂတ်မှာ သေချာပေါက် ပြန်ပေးဆပ်ရမယ်...”
သူမ၏ လှပသော မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ထို့နောက် တာအိုကျင့်ကြံသူ အမျိုးသမီးက ထိုနေရာတွင် ဆက်မနေတော့ဘဲ ယွီတောင်တန်း ခရိုင်မြို့တော်ဘက်သို့ အလျင်စလို ထွက်ခွာသွားတော့သည်။
***