ခွက်များ မြှောက်ချီချချီနှင့် ဝိုင်ခွက်များ ရိုက်ခတ်သံများက ဆူညံနေ၏။
မိစ္ဆာဘုရင်မ ပွဲတော်တွင် မိစ္ဆာအမျိုးမျိုးက တစ်ဦးကိုတစ်ဦး ဂုဏ်ပြုဆုတောင်းပေးနေကြရာ စည်ကားသိုက်မြိုက်ပြီး သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။
ပထမဆုံး ဝိုင်သုံးခွက်ကို စုပေါင်း၍ ဂုဏ်ပြုဆုတောင်းပြီးနောက် ဧကရီယွီလီက စားပွဲထိပ်တွင် ထိုင်ကာ ဝိုင်အိုးတစ်အိုးကို ကိုင်ထားပြီး ကျောက်စိမ်းမြစ် နဂါးဘုရင်၊ ဝက်ဝံဘုရင်တို့နှင့်သာ အဓိက သောက်သုံးနေ၏။
မဟာမိစ္ဆာများက ဧကရီယွီလီ မိစ္ဆာဘုရင်မ ဖြစ်လာသည့်အတွက် ဂုဏ်ပြုရန် အလှည့်ကျ ရှေ့ထွက်လာကြသည်။
မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ မိစ္ဆာများက ဧကရီယွီလီ၏ အလံတော်အောက်တွင် ဝင်ရောက်ခိုလှုံမည်ဖြစ်ပြီး ယခုမှစ၍ ယွီတောင်တန်း၏ အမိန့်များကို နာခံမည်ဖြစ်ကြောင်း ထိုနေရာတွင်ပင် သူတို့၏ ရပ်တည်ချက်ကို ဖော်ပြခဲ့ကြ၏။
ဖူရှောင်ကွမ်းက ရင်းနှီးသော မဟာမိစ္ဆာများကို ဂုဏ်ပြုသလို အခြား မရင်းနှီးသော မဟာမိစ္ဆာများကလည်း သူ့ကို လာရောက် ဂုဏ်ပြုကြသည်။ ဂျီမို၊ မီးလျှံနီနှင့် ကျိုကွမ်းတို့လည်း ထိုနည်းတူပင် ဖြစ်၏။
ယနေ့က အထူးနေ့တစ်နေ့ ဖြစ်သဖြင့် သူတို့က မည်သူ့ကိုမျှ မငြင်းဆန်ကြပေ။
မိစ္ဆာဘုရင်မ ပွဲတော်တွင် အိမ်ရှင်ရော ဧည့်သည်ပါ ပျော်ရွှင်နေကြပြီး လေထုက သဟဇာတ ဖြစ်နေ၏။
စားသောက်ပြီးသွားသောအခါ ဧကရီယွီလီက သူမ၏ ဝိုင်အိုးကို ချထားလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“မင်းတို့အားလုံး အဝေးကြီးကနေ လာခဲ့ကြတာဆိုတော့ ဒီဘုရင်မက မင်းတို့ကို လက်ဗလာနဲ့ ပြန်လွှတ်လိုက်လို့ မဖြစ်ဘူးလေ... ငါ တာအို သရုပ်ပြသမှုတစ်ခု လုပ်ပေးမယ်... ဘယ်လောက် အကျိုးအမြတ် ရမလဲဆိုတာကတော့ မင်းတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်လိမ့်မယ်...”
သူမ၏ စကားသံ ဆုံးသွားသည်နှင့် မိစ္ဆာများက အရက်အရှိန် ပြယ်သွားစေရန် သူတို့၏ ဓမ္မစွမ်းအားများကို ချက်ချင်း လည်ပတ်လိုက်ကြ၏။
ဖူရှောင်ကွမ်း၏ စိတ်ဓာတ်ကလည်း နိုးကြားတက်ကြွသွားသည်။ မိစ္ဆာဘုရင်မ ပွဲတော်အကြောင်းကို မိစ္ဆာဘုရင် ကျိုဝမ်ထံမှ သူ စုံစမ်းမေးမြန်းထားပြီး ဖြစ်၏။
အောင်ပွဲခံ အခမ်းအနားအပြင် မိစ္ဆာဘုရင်၏ တာအို သရုပ်ပြသမှုက ပွဲတော်၏ အထွတ်အထိပ် အစီအစဉ် ဖြစ်သည်။ ထိုတာအိုသရုပ်ပြသမှုကို မိစ္ဆာဘုရင်၏ ကောင်းချီးမင်္ဂလာ တစ်ခုအဖြစ် သတ်မှတ်ထားပြီး စုဝေးနေကြသော မိစ္ဆာများကို သူတို့၏ ကြီးမားသော စွမ်းအားကို ထုတ်ဖော်ပြသသည့် ကြေညာချက်တစ်ခုလည်း ဖြစ်၏။
မိစ္ဆာများအတွက်တော့ ထိုအရာက အခွင့်အရေးတစ်ခုပင်။
စိတ်ကူးတစ်ချက်ဖြင့် ဧကရီယွီလီက မြစိမ်းရောင် ဝါးပင်တစ်ပင်အဖြစ် အသွင်ပြောင်းသွား၏။ သူမ၏ အကိုင်းအခက်များနှင့် အရွက်များတွင် နက်နဲသော ဓမ္မအနှစ်သာရများနှင့် နက်ရှိုင်းခက်ခဲသော ဥပဒေသများ ရစ်ပတ်နေသည်။
ညနေခင်း လေပြေ တိုက်ခတ်လာသောအခါ ဝါးရွက်များက တရှဲရှဲ မြည်သွားပြီး အရွက်တစ်ရွက်စီတိုင်းကနေ စိတ်ကူးယဉ် ကမ္ဘာတစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။
သတ္တုဥပဒေသက ပြိုင်ဘက်ကင်းစွာ ထက်မြက်ပြီး အမှောင်ထုကို ခုတ်ဖြတ်ကာ ကောင်းကင်နှင့် မြေကြီးကို ဖြစ်ပေါ်စေသည်။ သစ်သားဥပဒေသက သက်ဝင်လှုပ်ရှားမှုများဖြင့် ခုန်ပေါက်နေပြီး အသက်ကို ပြုစုပျိုးထောင်ပေးသည်။ ဟင်းလင်းပြင် ဥပဒေသက အားလုံးကို ဖြတ်သန်းသွားလာကာ ကောင်းကင်နှင့် မြေကြီးကို တည်ငြိမ်စေ၏။
ဤကမ္ဘာများ၏ ဖြစ်တည်မှုနှင့် ပျက်စီးမှုကြားတွင် အခြေခံသဘောတရားများစွာ လည်ပတ်နေသည်။
ဤတာအို တရားဟောကြားသည့် နည်းလမ်းက ရှေးဟောင်း နတ်ဘုရားများထံမှ ဆင်းသက်လာခြင်း ဖြစ်၏။
တာအိုလမ်းစဉ်ကို ရရှိပြီး ဥပဒေသများ၏ စွမ်းအားနှင့် ထိတွေ့နိုင်သော မိစ္ဆာဘုရင် တစ်ပါးသာလျှင် ဤအရာကို လုပ်ဆောင်နိုင်စွမ်း ရှိသည်။
ဝါးမျှော်စင်က နက်နဲသော တာအိုအနှစ်သာရများဖြင့် လွှမ်းခြုံခံလိုက်ရ၏။
မိစ္ဆာများက တဖြည်းဖြည်း ၎င်းအတွင်းသို့ နစ်မြောသွားကြပြီး မူးယစ်ကာ စွဲမက်သွားကြတော့သည်။
ကျောက်စိမ်းမြစ် နဂါးဘုရင်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်လာပြီး ဧကရီယွီလီကို ကြည့်သည့် သူ၏ အကြည့်တွင် လေးစားမှုများ ပိုမို ပါဝင်လာ၏။ ဝက်ဝံဘုရင်ကလည်း ထိုနည်းတူပင် ခံစားနေရသည်။
မိစ္ဆာဘုရင် နှစ်ပါးက တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြပြီး ဤအသစ်တက်လာသော မိစ္ဆာဘုရင်မမှာ သူတို့ထင်ထားသည်ထက်ပင် ပိုမို ရှုပ်ထွေးနက်နဲကြောင်း နှစ်ဦးစလုံး သဘောပေါက်သွားကြ၏။ သူတို့ ပထမဆုံး မိစ္ဆာဘုရင်များ ဖြစ်လာချိန်က သူတို့ နားလည်သဘောပေါက်ခဲ့သော အခြေခံသဘောတရားများနှင့် ဥပဒေသများမှာ ဤမျှ မများပြားခဲ့ပေ။
ဖူရှောင်ကွမ်း၏ စိတ်ထဲတွင် အတွေးများ လှိုင်းထနေပြီး သူက အပူတပြင်း အလုပ်လုပ်နေကာ ဉာဏ်အလင်းပွင့်မှု မီးပွားများကို လောင်ကျွမ်းစေလိုက်၏။ သူက အခြေခံသဘောတရား တစ်ခုစီတိုင်းကို အငမ်းမရ နားလည်သဘောပေါက်အောင် လုပ်ဆောင်ပြီး ဥပဒေသ တစ်ခုစီတိုင်းကို ခွဲခြမ်းစိတ်ဖြာနေသည်။
ဤသို့ဖြင့် သူ၏ အချိန်တာအို ဓမ္မအနှစ်သာရက ကြီးထွားလာပြီး ပိုမို နက်ရှိုင်းလာကာ မျက်စိဖြင့် မြင်နိုင်လောက်သော အရှိန်နှုန်းဖြင့် ပြည့်စုံလာတော့၏။
…
တာအို သရုပ်ပြသမှုက ကြာရှည်မခံဘဲ လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်သာ ကြာမြင့်သည်။
မိစ္ဆာများက တစ်ကောင်ပြီးတစ်ကောင် နိုးထလာကြပြီး ထိုအတွေ့အကြုံမှ အနည်းနှင့်အများ အကျိုးအမြတ်များ ရရှိခဲ့ကြ၏။
“ကောင်းချီးမင်္ဂလာအတွက် မိစ္ဆာဘုရင်မကို ကျေးဇူးတင်ပါတယ်...”
မိစ္ဆာများက ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ကြသည်။
မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ မဟာမိစ္ဆာများက တစ်ကောင်ပြီးတစ်ကောင် ရှေ့ထွက်လာကြပြီး အသီးသီး ငှက်မွေးတစ်ချောင်း၊ သားမွေးတစ်စု သို့မဟုတ် အကြေးခွံတစ်ခုစီကို ပေးအပ်ကြ၏။ ဤပစ္စည်းများကို ပွဲတော်ခန်းမ၏ အလယ်ဗဟိုတွင် ကြိုတင်ပြင်ဆင်ထားသော ယဇ်ပလ္လင်တစ်ခုပေါ်တွင် တင်ထားလိုက်သည်။
ယဇ်ပလ္လင်ပေါ်တွင် အမွှေးတိုင်ခွက် တစ်ခုနှင့် မိစ္ဆာစာလုံးဖြင့် ရေးသားထားသော ထျန်းယီ မိစ္ဆာနတ်ဘုရားအတွက် အောက်မေ့ဖွယ် ကျောက်စာတိုင် တစ်ခု ရှိနေသည်။ ကျောက်စာတိုင်၏ ပတ်ပတ်လည်တွင် အရှေ့၊ တောင်၊ အနောက်နှင့် မြောက်ဟု မိစ္ဆာစာလုံးများဖြင့် ရေးသားထားသော အမိန့်ပေးအလံ လေးခုကို စိုက်ထူထား၏။
ဧကရီယွီလီက လက်ကို မြှောက်လိုက်ရာ အမွှေးတိုင်ခွက်မှာ ပွင့်သွားပြီး ပစ္စည်းများက အမွှေးတိုင်ခွက် အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။ ပစ္စည်းများ အမွေးတိုင်ခွက်အတွင်းသို့ ရောက်ရှိသွားသည်နှင့် မီးတောက်များ တောက်လောင်လာပြီး အစိမ်းရောင် မီးခိုးငွေ့များ လိမ်ယှက်တက်လာကာ ထျန်းယီ မိစ္ဆာနတ်ဘုရား ကျောက်စာတိုင်နှင့် အရပ်လေးမျက်နှာ အမိန့်ပေးအလံများကို ရစ်ပတ်ဖုံးလွှမ်းသွား၏။
ထို့နောက် သူမက အစီအရင်အတွင်းသို့ ဝါးရွက်တစ်ရွက်ကို ရိုက်သွင်းလိုက်ရာ မိစ္ဆာစာလုံးများက တောက်ပလာပြီး နက်နဲဆန်းကြယ်သော စွမ်းအားတစ်ခုက ယဇ်ပလ္လင်ပေါ်သို့ ကျဆင်းလာသည်။
အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာ၏။
ယဇ်ပလ္လင်မှာ ပျောက်ကွယ်သွားပြီး အမိန့်ပေးအလံများလည်း ပြယ်လွင့်သွားကာ ထျန်းယီ မိစ္ဆာနတ်ဘုရား ကျောက်စာတိုင်မှာ ပြာအဖြစ် ပြောင်းလဲသွားပြီး အစိမ်းရောင် မီးခိုးငွေ့ထဲသို့ ပေါင်းစပ်သွားသည်။ ထို့နောက် မီးခိုးငွေ့များက ဝါးရွက်ထဲသို့ စီးဝင်သွား၏။
အစိမ်းရောင် အလင်းတန်းများ တောက်ပလာမှုကြားတွင် သုံးလက်မအရွယ် ဝါးရွက်အမိန့်ပေးတံဆိပ်ပြား တစ်ခု ဖြစ်ပေါ်လာပြီး အရှေ့ဘက်တွင် 'အမိန့်' ဟူသော စာလုံးနှင့် အနောက်ဘက်တွင် 'ယွီတောင်တန်း' ဟူသော စာလုံး ရေးသားထားသည်။
ဧကရီယွီလီက လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ တံဆိပ်ပြားများ ပွားများသွားပြီး မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ မဟာမိစ္ဆာများ၏ လက်ထဲသို့ ပျံသန်းသွားတော့၏။
သူမက ပင်မ အမိန့်ပေးတံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီး အသံဩဇာကြီးမားစွာဖြင့် ပြောလိုက်သည်။
“ဒါက ငါ့ရဲ့ ယွီတောင်တန်း ဘုရင်အမိန့်တော်ပဲ... ဒီနေ့ကစပြီး ဒီတံဆိပ်ပြားကို မြင်တာက ငါ့ကို ကိုယ်တိုင် မြင်ရတာနဲ့ အတူတူပဲ... တံဆိပ်ပြား ရောက်တဲ့နေရာတိုင်းမှာ မိစ္ဆာအားလုံး အမိန့်ကို နာခံရမယ်... မဟုတ်ရင် ဒီဘုရင်မ သနားညှာတာမှု ကင်းမဲ့တယ်လို့ အပြစ်မတင်နဲ့...”
“ဘုရင်မရဲ့ အမိန့်ကို ရိုသေစွာ နာခံပါ့မယ်...”
မိစ္ဆာများက သူတို့၏ ရပ်တည်ချက်ကို ချက်ချင်း ကြေညာလိုက်ကြ၏။
“မင်းတို့ရဲ့ တံဆိပ်ပြားတွေက ယွီတောင်တန်းဆီကို သတင်းစကားတွေ ပေးပို့နိုင်တယ်... အရေးကြီးတဲ့ ကိစ္စတွေရှိရင် တံဆိပ်ပြားကတစ်ဆင့် သတင်းပို့နိုင်တယ်...”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...”
မိစ္ဆာများက ဤစကားကို ကြားသောအခါ ဝမ်းသာသွားကြပြီး ကျေးဇူးတင်စကား ပြောကြားပြီးနောက် သူတို့၏ တံဆိပ်ပြားများကို သိမ်းဆည်းလိုက်ကြသည်။ ဤပစ္စည်းနှင့်အတူ သူတို့က ယွီတောင်တန်း၏ အလံတော်အောက်သို့ တရားဝင် ရောက်ရှိသွားပြီဖြစ်ပြီး အနာဂတ်တွင် ပြဿနာ ကြုံတွေ့လာပါက အချိန်မီ အကာအကွယ် တောင်းခံနိုင်ပြီ ဖြစ်၏။
“ဂုဏ်ပြုပါတယ် မိစ္ဆာမိတ်ဆွေ...”
“ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပါတယ် မိစ္ဆာမိတ်ဆွေ...”
ကျောက်စိမ်းမြစ် နဂါးဘုရင်နှင့် ဝက်ဝံဘုရင် နှစ်ပါးစလုံးက ဂုဏ်ပြုစကား ပြောကြားကြသည်။
ဖူရှောင်ကွမ်းနှင့် အခြား မိစ္ဆာသခင် သုံးပါးကလည်း ထိုနည်းတူ လိုက်လံ ဂုဏ်ပြုကြပြီး အခြား မဟာမိစ္ဆာများကလည်း ထို့အတူပင် ဖြစ်၏။
သန်းခေါင်ယံ အချိန်တွင် ပွဲတော် တရားဝင် ပြီးဆုံးသွားသည်။
မိစ္ဆာများက အပြည့်အဝ ပျော်ရွှင်ခဲ့ကြပြီးနောက် တစ်ကောင်ပြီး တစ်ကောင် လူစုခွဲကာ အိမ်သို့ ပြန်သွားကြ၏။
မိစ္ဆာဘုရင် နှစ်ပါးက မထွက်ခွာသေးဘဲ ဧကရီယွီလီနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်ရန် အထဲသို့ ဝင်သွားကြသည်။
မိစ္ဆာသခင် လေးပါးက မိစ္ဆာဘုရင်များ၏ ကိစ္စများတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသဖြင့် မိစ္ဆာများကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် သူတို့၏ ကိုယ်ပိုင် ပိုင်နက်များဆီသို့ အသီးသီး ပြန်သွားကြ၏။
ယွီတောင်တန်း၏ အနောက်ဘက် တောင်ခြေ၊ ဆွေရွှီး နန်းတော်ရှိ လျိုနျန် ခန်းမ…
ဖူရှောင်ကွမ်းက ပြန်ရောက်သည်နှင့် တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ မူလအသွင်အပြင်သို့ ပြောင်းလဲကာ အာရုဏ်ဦး အလင်းစက်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး တာအို သရုပ်ပြသမှုကို လေ့လာရာမှ ရရှိခဲ့သည်များကို အစာခြေဖျက်ရန် အာရုံစိုက်လျက် အချိန်ရေစီးကြောင်းများဖြင့် သူ့ကို နစ်မြုပ်သွားစေ၏။
အချိန်များက ရေစီးကြောင်းကဲ့သို့ ကုန်ဆုံးသွားသည်။
နွေဦးနှောင်းပိုင်းနှင့် နွေရာသီအစ အကူးအပြောင်းကာလ ရောက်မှသာ ဖူရှောင်ကွမ်းက တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့၏။ သူက လျိုနျန် ခန်းမမှ ထွက်လာပြီး အနောက်ဘက် တောင်ခြေတွင် နေထိုင်ကာ ကျင့်ကြံနေကြသော မိစ္ဆာများ၏ အေးချမ်းသော မြင်ကွင်းကို ကြည့်လိုက်ရာ သူ၏ စိတ်ခံစားချက်က လင်းလက်သွားသည်။
တစ်လတာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူက ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့၏။ သူ၏ ကျင့်ကြံခြင်းအဆင့်က များစွာ တိုးတက်မလာသော်လည်း သူ၏ အခြေခံအုတ်မြစ်က ပိုမို နက်ရှိုင်းလာသည်။ ကိစ္စတစ်ခုကို နားလည်ပြီး အခြားအရာများနှင့် ဆက်စပ်တွေးတောခြင်းဖြင့် တာအိုလမ်းစဉ်ကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လာရ၏။
ဧကရီယွီလီ၏ တာအိုသရုပ်ပြသမှုကြောင့် သူက အချိန်တာအို လမ်းစဉ်နှင့် ပတ်သက်သော မေးခွန်းအတော်များများကို ဖြေရှင်းနိုင်ခဲ့ပြီး အလွန်အမင်း မြန်ဆန်စွာ တိုးတက်ခဲ့ကာ ကျန်ရစ်ခဲ့သော ဖုံးကွယ်နေသည့် အန္တရာယ်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ယခုအခါ သူ၏ စိတ်ထဲတွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ဘဲ တာအိုလမ်းစဉ်ကို ရှာဖွေသည့် လမ်းကြောင်းပေါ်တွင် ပိုမို ဝေးကွာစွာ လျှောက်လှမ်းနိုင်ပြီ ဖြစ်၏။
ပိုင်ဝေ့ စားသောက်ဆိုင်…
ဤသည်က ကျူးယွင် ကိုယ်တိုင် ဖွင့်လှစ်ထားသော စားသောက်ဆိုင် တစ်ဆိုင် ဖြစ်သည်။
ဝက်အမေနှင့် ခင်ပွန်းဖြစ်သူတို့က ဖူရှောင်ကွမ်းနှင့် မီးလျှံနီနောက်သို့ မလိုက်ဘဲ မိစ္ဆာဈေးတန်းတွင်သာ ဆက်နေပြီး ခိုဖူ စားသောက်ဆိုင်ကို ဆက်လက် ဖွင့်လှစ်ရန် ရွေးချယ်ခဲ့ကြ၏။ သို့သော်လည်း သူတို့က ကျူးယွင်ကိုတော့ ဖူရှောင်ကွမ်းနောက်သို့ လိုက်ခိုင်းခဲ့သည်။ အနောက်ဘက် တောင်ခြေသို့ ရောက်ရှိလာပြီးနောက် ကျူးယွင်က ရှောက်တောင်ပေါ်တွင် ဤစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်၏။
ယခုအခါ သူမ၏ ဟင်းချက်စွမ်းရည်က ဖခင်ဖြစ်သူထက် မနိမ့်ကျတော့ဘဲ ကိုယ်ပိုင် စီမံခန့်ခွဲနိုင်စွမ်း အပြည့်အဝ ရှိနေပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံများ ရရှိပြီးနောက် သူမ၏ စွမ်းရည်များက ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။
ယနေ့ညတွင် ပိုင်ဝေ့ စားသောက်ဆိုင်က ဆိုင်ဖွင့်မထားပေ။
ဖူရှောင်ကွမ်းက အိမ်ရှင်အဖြစ် သူ၏ သူငယ်ချင်းများနှင့် စုဝေးနေခြင်း ဖြစ်သည်။
ကျူးယွင်၊ ရှောင်ကျူး၊ တန်ကွေးနှင့် ကုန်းရန်ယန်တို့အပြင် ခြပုန်းမျိုးနွယ်စုမှ ပိုင်ကျင်းနှင့် ကျောက်စိမ်းမျက်နှာ ကြောင်ကတိုးမလေးတို့လည်း ရောက်လာကြ၏။
ပထမအချက်အနေဖြင့် သူတို့၏ သံယောဇဉ်ကို ထိန်းသိမ်းရန်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် အနောက်ဘက် တောင်ခြေအတွက် သူတို့၏ ပံ့ပိုးမှုများကို ကျေးဇူးတင်ရန် ဖြစ်သည်။ အနောက်ဘက် တောင်ခြေကို ဘာမှမရှိသည့် အခြေအနေမှ တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး အနာဂတ်တွင်လည်း သူတို့၏ အကူအညီအပေါ် မှီခိုရဦးမည် ဖြစ်၏။
စားသောက်ပြီးသွားသောအခါ မိစ္ဆာများမှာ ထွက်ခွာသွားကြသည်။
ဖူရှောင်ကွမ်းက လျိုနျန်ခန်းမသို့ ပြန်လာပြီး အာရုဏ်ဦး အလင်းစက်ထဲသို့ ပျံသန်းဝင်ရောက်ကာ အနားယူလိုက်၏။ မာယာအိပ်မက် ဥပဒေသက အလိုအလျောက် လည်ပတ်သွားပြီး အိပ်မက်ဆန်သော စွမ်းအားတစ်ခုက အာရုဏ်ဦး အလင်းစက်ကို လွှမ်းခြုံသွားသည်။
နောက်ပိုင်း ကာလများတွင် သူကိုယ်တိုင် ဆုံးဖြတ်ရမည့် အရေးကြီးသော ကိစ္စများမှလွဲ၍ ဖူရှောင်ကွမ်းက လုပ်ပိုင်ခွင့်များကို ပိုမို ခွဲဝေပေးလိုက်ပြီး ကျင့်ကြံခြင်းနှင့် ဝိညာဉ်ပစ္စည်းများ သုတေသနလုပ်ခြင်းတွင် ပိုမို အာရုံစိုက်လာခဲ့၏။
ချီစွမ်းအင်များ စုဆောင်းခြင်း၊ နည်းစနစ်များ လေ့လာခြင်း၊ ဇီသာတီးခတ် လေ့ကျင့်ခြင်း၊ သိုင်းပညာများ လေ့ကျင့်ခြင်း၊ ရာသီလေးခုကို ခံစားသိရှိခြင်း၊ နေရောင်ခြည် ရာသီဥတု နှစ်ဆယ့်လေးမျိုးကို တွေးတောဆင်ခြင်ခြင်း၊ ယင်နှင့် ယန်ကို နားလည်သဘောပေါက်ခြင်း၊ သိုင်းကွက်အစီအရင်များကို သုတေသနလုပ်ခြင်းတို့တွင်သာ သူက နစ်မြုပ်နေ၏။
မသိမသာဖြင့်ပင် နွေလယ်ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် ဖူရှောင်ကွမ်းက ကျင့်ကြံခြင်းနှင့် ဝိညာဉ်ပစ္စည်းများ သုတေသနလုပ်ခြင်းကို ရှားရှားပါးပါး ရပ်နားထားပြီး အသွင်ပြောင်းခြင်း ရေကန်ရှေ့တွင် စောင့်ဆိုင်းနေ၏။
နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းရှိ ဝိညာဉ်ရေကန်မှ တစ်နေ့တာပိုးများကို သူက ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သူတို့က နေရာသစ်နှင့် ကောင်းစွာ အသားကျနေကြပြီး ယခုတော့ သူတို့ အရွယ်ရောက်မည့် အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
အေးမြသော လေပြေများ တိုက်ခတ်နေပြီး ကြာရွက်များ ယိမ်းနွဲ့ကာ ကြာပန်းရနံ့များ လေထုထဲတွင် သင်းပျံ့နေစဉ် ဖူရှောင်ကွမ်းက ရေပေါ်တွင် မျောပါနေသော ကြာရွက်များနှင့် ကျောက်တုံးများပေါ်တွင် နားခိုနေသော တစ်နေ့တာပိုးငယ်များကို ကြည့်လျက် တိမ်လွှာ ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံသောက်ကာ နားနေဆောင် တစ်ခုထဲတွင် ထိုင်နေ၏။
အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်နှင့်အမျှ သူတို့က နောက်ဆုံး အသွင်ပြောင်းခြင်းကို စတင်ကြသည်။
သွယ်လျပြီး ဖြူစင်သန့်ရှင်းသော တစ်နေ့တာပိုးများမှာ တစ်ကောင်ပြီးတစ်ကောင် မွေးဖွားလာကြ၏။ နေဝင်ဆည်းဆာ အချိန်တွင် သူတို့က ဖောက်ထွင်းမြင်နိုင်သော အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ ရွှေရောင်အလင်းတန်း အစအနများက ရောင်ပြန်ဟပ်သွားသည်။
လေပြင်းတစ်ချက် တိုက်ခတ်လာသည်နှင့်အတူ သူတို့က လေထဲသို့ ပျံတက်သွားကြပြီး အကောင်ရေမှာ ရာထောင်ချီ၍ သိပ်သည်းများပြားလှသဖြင့် အသွင်ပြောင်းခြင်း ရေကန်အထက် လေထုထဲတွင် နှင်းတွေ ကျနေသကဲ့သို့ပင် ထင်ရတော့၏။
နားနေဆောင်ကို တစ်နေ့တာပိုးများက ဝန်းရံထားပြီး ဖူရှောင်ကွမ်း၏ ပတ်ပတ်လည်တွင် ကခုန်နေကြသည်။
ဤတစ်နေ့တာပိုးများကို ကြည့်၍ ဖူရှောင်ကွမ်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
နှစ်အတော်ကြာ ကြိုးစားအားထုတ်ပြီးနောက် နောက်ဆုံးတွင်တော့ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ အနည်းငယ်သော အစိတ်အပိုင်းသာ မိစ္ဆာဖြစ်လာနိုင်ပြီး အများစုက အလွန်ဆုံး တစ်လသာ အသက်ရှင်နိုင်မည် ဖြစ်သော်လည်း ဤသည်က သူ မျှော်လင့်ထားသည်ထက် ပိုမို ကောင်းမွန်နေပြီ ဖြစ်၏။
သူတို့ ထုတ်လွှတ်နေသော ရင်းနှီးမှုများနှင့် "ဘုရင်" ဟူသော ဝိညာဉ်အာရုံ လှိုင်းများကို အဆက်မပြတ် ခံစားရသောအခါ ဖူရှောင်ကွမ်းက ပို၍ပို၍ ပျော်ရွှင်လာတော့သည်။ စိတ်ကူးတစ်ချက်ဖြင့် သူက သူ၏ မူလအသွင်အပြင်သို့ ပြောင်းလဲကာ လေထဲသို့ ပျံတက်သွားရာ တစ်နေ့တာပိုးများက ချက်ချင်း နောက်မှ လိုက်ပါလာကြ၏။
သူက ပို၍ပို၍ လွတ်လပ်ပေါ့ပါးစွာ ပျံသန်းသွားပြီး သူတို့ကို ဆွေရွှီးနန်းတော်မှ ခေါ်ထုတ်ကာ အင်းဆက်တစ်သောင်း ဂူကို ဖြတ်သန်းပြီး သစ်တောထူထပ်သော နေရာကို ကျော်ဖြတ်ကာ မြစ်ကို ဖြတ်ကျော်လျက် ရှောက်တောင် တစ်ဝိုက်တွင် လှည့်ပတ် ပျံသန်းနေတော့သည်။
ဤမြင်ကွင်းကို မြင်သောအခါ အခြားမိစ္ဆာ အများစုမှာ အလွန်အမင်း ဝမ်းသာသွားကြ၏။ မိစ္ဆာသခင်က သူ၏ ကိုယ်ပိုင် မျိုးနွယ်စု ရှိလာရန် အမြဲတမ်း ဆန္ဒရှိခဲ့ကြောင်း သူတို့ သိထားကြပြီး ယခုတော့ သူ၏ ဆန္ဒ နောက်ဆုံးတွင် ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။
“မိစ္ဆာသခင်ကို ဂုဏ်ပြုပါတယ်...”
“မိစ္ဆာသခင်ရဲ့ နှလုံးသားထဲက ဆန္ဒတွေ ပြည့်ဝသွားတဲ့အတွက် ဂုဏ်ပြုပါတယ်...”
ဤမြင်ကွင်းကို မြင်တွေ့ရသော မိစ္ဆာများက တစ်ကောင်ပြီးတစ်ကောင် ဂုဏ်ပြုဆုတောင်း စကားများ ပြောကြားကြ၏။
ကျူးယွင်ကတော့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။
“ဒီလောက်တောင် ဂုဏ်ယူစရာ ဘာရှိလို့လဲ...”
သို့သော်လည်း သူမ၏ အပေါ်သို့ ကွေးတက်နေသော နှုတ်ခမ်းများကိုတော့ ဖုံးကွယ်၍ မရနိုင်သဖြင့် သူမက ဒေါသတကြီးဖြင့် ဓားမကို ကောက်ကိုင်ကာ အသားများကို စတင် ခုတ်ထစ်နေတော့ရာ သားစဉ်းတုံးက ဒုံးဒုံးဒုံးဖြင့် မြည်ဟည်းနေတော့၏။
ကျောင်းဆောင်အတွင်း၌ မိစ္ဆာငယ်များကို စာသင်ပေးနေသော ကုန်းရန်ယန်က ဤမြင်ကွင်းကို မြင်သောအခါ ဂုဏ်ပြုစကား ပြောကြားရန် မတ်တပ်ရပ်လိုက်သည်။
“ဂုဏ်ပြုပါတယ် အစ်ကိုဖူ...”
ရှောင်ကျူးကလည်း အလိုအလျောက် မီးအိမ်တစ်လုံးကို မြှောက်ကိုင်လိုက်ပြီး တန်ကွေးက ပျော်ရွှင်စွာဖြင့် ပလွေမှုတ်နေ၏။
ကျောက်စိမ်းမျက်နှာ ကြောင်ကတိုးမလေးကတော့ အင်းဆက်များအား ခုန်အုပ်ချင်စိတ်ကို ဖိနှိပ်ထားရပြီး သူမ၏ မျက်လုံးများက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
ဖူရှောင်ကွမ်းက ယခင်က တစ်ခါမှ မကြုံဖူးသော ပေါ့ပါးလွတ်လပ်မှုကို ခံစားနေရ၏။ ပျံသန်းနေစဉ်အတွင်း နက်နဲဆန်းကြယ်သော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ ဓမ္မစွမ်းအား လည်ပတ်မှု အရှိန်နှုန်းက တိုးလာကာ ဝိညာဉ်အာရုံက တဖြည်းဖြည်း မြင့်တက်လာသဖြင့် ဤလောကကြီးကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်ဟု ခံစားလာရသည်။
ဤသည်က အင်းဆက်မျိုးနွယ်စုတစ်ခု၏ အားသာချက်ဖြစ်ကြောင်း သူ သိလိုက်၏။ နွေးထွေးမှုရရန် စုရုံးနေထိုင်ခြင်းနှင့် အရေအတွက် အသာစီးဖြင့် အနိုင်ယူခြင်းပင်။
သူတို့၏ ဘုရင်အဖြစ် သူက မျိုးနွယ်စု၏ ကံကြမ္မာ မျက်နှာသာပေးမှုကို ရရှိသည်။ တစ်နေ့တာပိုး မိစ္ဆာမျိုးနွယ်စု ရှိနေသရွေ့ သူက သူတို့၏ ကံကြမ္မာ အထောက်အပံ့ကို ခံစားရမည်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းက နှစ်ဆ ပိုမို ထိရောက်လာမည် ဖြစ်၏။
တစ်နေ့တာပိုးများ၏ ခံနိုင်ရည်ကို ထည့်သွင်းစဉ်းစားပြီးနောက် ဖူရှောင်ကွမ်းက ဆွေရွှီးနန်းတော်သို့ မကြာမီ ပြန်လည် ပျံသန်းလာခဲ့သည်။ မွေးကင်းစ တစ်နေ့တာပိုးများကို ဂျင်ဆင်းဝိညာဉ်လေးနှင့် အခြားသူများထံ နေရာချထားပေးရန် လွှဲပြောင်းပေးပြီးနောက် တံခါးပိတ် ကျင့်ကြံတော့မည်ဖြစ်ကြောင်း သူ ကြေညာလိုက်၏။
လျိုနျန်ခန်းမအတွင်း၌ အာရုဏ်ဦး အလင်းစက်က ကြွယ်ဝသော ငွေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး အထဲတွင် အချိန်တာအို ဓမ္မအနှစ်သာရများ လည်ပတ်နေသည်။ ဖူရှောင်ကွမ်းက အာရုဏ်ဦး အလင်းစက် အတွင်းသို့ ပျံသန်းဝင်ရောက်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့၏။
အိုက်စပ်ပူလောင်မှုက မပျောက်ကွယ်သေးသော်လည်း ညဦးပိုင်း လေပြေက ရှင်းလင်းအေးမြနေသည်။
ဆောင်းဦးရာသီ စတင်ပြီးနောက် ယွီတောင်တန်းက တဖြည်းဖြည်း အနီရောင်နှင့် အဝါရောင်များ သန်းလာ၏။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော လျိုနျန်နန်းတော်က နောက်ဆုံးတွင်တော့ လှုပ်ရှားမှု လက္ခဏာရပ်များ ပြသလာသည်။
အာရုဏ်ဦး အလင်းစက်က ငွေရောင်အလင်းတန်း စီးကြောင်းတစ်ခုနှင့်အတူ လှိုင်းထသွားပြီး ရှစ်လက်မအရွယ် တစ်နေ့တာပိုး တစ်ကောင်က အတွင်းမှ ပျံသန်းထွက်လာ၏။ ထို့နောက် အလင်းတန်း တစ်ချက် လက်သွားကာ ငွေရောင်ဆံပင်နှင့် လူငယ်တစ်ဦးအဖြစ် အသွင်ပြောင်းသွားသည်။ သူကား ဖူရှောင်ကွမ်းပင်။
နှစ်လတာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူက အခွံထပ်မံ လဲလှယ်နိုင်ခဲ့ရုံသာမက သူ၏ ဓမ္မစွမ်းအားက နှစ်ဆ တိုးလာပြီး ဝိညာဉ်အာရုံက သုံးဆယ့်လေးကျန်းမှ သုံးဆယ့်ခြောက်ကျန်းသို့ တိုးလာကာ မိစ္ဆာရုပ်ခန္ဓာကလည်း ပိုမို သန်စွမ်းလာခဲ့၏။ သူ၏ အင်းဆက်ခန္ဓာကိုယ်နှင့် ဝိညာဉ်၏ အချိန်ပြောင်းလဲခြင်းကလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အရင်က အမျှင်အနည်းငယ်သာ ရှိခဲ့လျှင် ယခုတော့ ဆယ်ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်၏။
ထိုအကြောင်းကို တွေးမိသောအခါ ဖူရှောင်ကွမ်း၏ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှောက်တောင်၏ တောင်ခြေသို့ နေရာရွှေ့ပြောင်းသွားသည်။ သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ဖဝါးထဲမှ အချိန်မြှားများစွာ ပျံထွက်လာပြီး ငွေရောင်နဂါးခွေ တစ်ခုအဖြစ် စုစည်းကာ အဝေးသို့ ပျံသန်းသွားပြီး တောရိုင်းသစ်သီး တစ်အုပ်ကို ချက်ချင်း ရင့်မှည့်သွားစေ၏။
ဖူရှောင်ကွမ်းမှာ ယခင်ကနှင့် ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်ပြီးနောက် အလွန်အမင်း ဝမ်းသာသွားတော့သည်။
ယခင်က ဆွေရွှီးနန်းတော်မှ တောင်ခြေသို့ အနည်းဆုံး သုံးကြိမ်ခန့် နေရာရွှေ့ပြောင်းရသော်လည်း ယခုတော့ တစ်ကြိမ်တည်းနှင့် ရောက်ရှိသွားပြီ ဖြစ်၏။ ဓမ္မစွမ်းအား ကုန်ဆုံးမှုကလည်း နေရာရွှေ့ပြောင်းခြင်း တစ်ကြိမ်စာအတွက်သာ ဖြစ်သည်။
တူညီသော ဓမ္မစွမ်းအား ထုတ်လွှတ်မှုဖြင့် သူ၏ အချိန်နတ်ဘုရား စွမ်းရည်များ၏ စွမ်းအားက အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး အချိန်မြှား နတ်ဘုရားစွမ်းရည်က ရှင်းလင်းသော သက်သေပင် ဖြစ်၏။ ဤသည်က အချိန်ပြောင်းလဲခြင်း၏ အကျိုးကျေးဇူး ဖြစ်သည်။
“တစ်ကြိမ်ပဲ ဖြစ်တာကတော့ နှမြောစရာပဲ...”
ယွီတောင်တန်း တစ်နေ့တာပိုး မိစ္ဆာမျိုးနွယ်စု၏ ဖန်ဆင်းရှင်အဖြစ်ရော၊ လောကကြီးတွင် ပထမဆုံး တစ်နေ့တာပိုး မဟာမိစ္ဆာအဖြစ် ကောင်းကင်နှင့် မြေကြီးက မှတ်တမ်းတင်ထားခြင်း ခံရသူအဖြစ်ရော ဤအချက်များ ပေါင်းစပ်သွားမှုကြောင့် သူက မျိုးနွယ်စု၏ ကံကြမ္မာကို ပထမဆုံး လက်ခံရရှိချိန်တွင်သာ ဤကဲ့သို့သော အသွင်ပြောင်းလဲမှုမျိုးကို ခံစားရမည် ဖြစ်၏။
အနာဂတ်တွင် တိုးတက်မှုများ ရှိလာမည်ဖြစ်သော်လည်း ဤမျှ ကြီးမားသော ပြောင်းလဲမှုမျိုးတော့ ထပ်မံ ရှိလာတော့မည် မဟုတ်ပေ။ နှမြောစရာကောင်းသော်လည်း ဖူရှောင်ကွမ်းက ကြာရှည် အာရုံစိုက်မနေခဲ့ပေ။ ဤကဲ့သို့သော အခွင့်အရေးမျိုး တစ်ကြိမ် ရရှိခဲ့ခြင်းကပင် ကံကောင်းလှပြီ ဖြစ်၏။
စိတ်ကို ရှင်းလင်းပြီးနောက် သူ၏ စိတ်ခံစားချက်က ပေါ့ပါးသွားသည်။ သူက နန်းတော်သို့ ပြန်လည် ပျံသန်းသွားပြီး ဝိညာဉ်အစားအစာ အချို့ကို စားသောက်ပြီးချိန်မှာပင် ပုစဉ်းရင်ကွဲမိစ္ဆာက လာရောက် လည်ပတ်လေ၏။
***