“ဒီလက်အောက်ခံက မိစ္ဆာသခင်ကို ဂါရဝပြုပါတယ်...”
ဖူရှောင်ကွမ်းမှာ ပုစဉ်းရင်ကွဲမိစ္ဆာ၏ ခေါ်ဝေါ်ပုံကို ကြားလိုက်ရသဖြင့် တရားဝင် ကိစ္စဖြင့် ရောက်လာမှန်း သိလိုက်၏။
ထိပ်ဆုံးနေရာတွင် ထိုင်နေသော ဖူရှောင်ကွမ်းက မေးလိုက်သည်။
“ဘာကိစ္စ ရှိလို့လဲ...”
ပုစဉ်းရင်ကွဲမိစ္ဆာ တန်ကွေးက ဝါးစာလိပ် တစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။
“ဒါက ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ယွီတောင်တန်းရဲ့ အနောက်ဘက် တောင်ခြေကို ပြောင်းရွှေ့လာကြတဲ့ အပြင်ဘက် အင်းဆက်မိစ္ဆာတွေနဲ့ သူတို့ရဲ့ မျိုးနွယ်စုတွေ စာရင်းပါ... ဒီလက်အောက်ခံက စနစ်တကျ စီစဉ်ထားပါတယ်... မိစ္ဆာသခင် ကြည့်ရှုစစ်ဆေးပေးပါ...”
ဖူရှောင်ကွမ်းက ဝါးစာလိပ်ကို ယူ၍ လက်နှစ်ဖက်ဖြင့် ဖြန့်ကာ အမြန် အကဲခတ်ကြည့်လိုက်သည်။
မိစ္ဆာဘုရင်မ ပွဲတော် ပြီးဆုံးပြီးနောက် ယွီတောင်တန်းသို့ မိစ္ဆာများ တစ်ကောင်ပြီးတစ်ကောင် ပြောင်းရွှေ့လာခဲ့ကြပြီး အချို့က တစ်ကောင်တည်းဖြစ်ကာ အချို့က မိသားစုလိုက် ဖြစ်ကြ၏။
ယွီတောင်တန်း၏ အနောက်ဘက် တောင်ခြေတွင်လည်း အင်းဆက်မိစ္ဆာ အများအပြား တိုးလာခဲ့သည်။ သူက နေရာချထားရေး ကိစ္စများကို ပုစဉ်းရင်ကွဲမိစ္ဆာထံ လွှဲအပ်ထားခဲ့ရာ ယခုအချိန်အထိ အလုပ်ကို သေသေချာချာ လုပ်ဆောင်ထားပုံပေါ်ပြီး မှတ်တမ်းများနှင့် အနှစ်ချုပ်များက ရှင်းလင်းနေ၏။
ဖူရှောင်ကွမ်းက ဝါးစာလိပ်ကို ပိတ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မဆိုးဘူးပဲ... တန်ကွေး... မင်းက တကယ်ကို ထူးချွန်တဲ့ အရည်အချင်းရှိတယ်... မင်းရှိနေလို့ ဒီအရှင်သခင် အားစိုက်ရတာ အများကြီး သက်သာသွားတယ်... ဒီအချိန်အတွင်း မင်း အများကြီး ပင်ပန်းခဲ့ရပြီ... ပြန်ရောက်ရင် ကောင်းကောင်း အနားယူဖို့ မမေ့နဲ့ဦး...”
“အရှင်သခင်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေထမ်းဆောင်ရတာက ကျွန်တော့်ရဲ့ တာဝန်ပါ... ပင်ပန်းတယ်လို့ မဆိုနိုင်ပါဘူး...”
တန်ကွေး ထွက်မသွားသေးသည်ကို မြင်သောအခါ ဖူရှောင်ကွမ်းက မေးလိုက်၏။
“တခြားကိစ္စ ရှိသေးလို့လား...”
“ဒီလက်အောက်ခံ ကိုယ်တိုင် ဆုံးဖြတ်လို့မရဘဲ အရှင်သခင်ရဲ့ ဆုံးဖြတ်ချက် လိုအပ်နေတဲ့ ကိစ္စတစ်ခု တကယ်ပဲ ရှိနေပါတယ်...”
“ဘာကိစ္စလဲ...”
“အရှင်သခင် တံခါးပိတ် ကျင့်ကြံနေတုန်းက ပျားစိမ်း မျိုးနွယ်စုကနေ သတင်းစကား ပါးလိုက်ပါတယ်... သူတို့ မျိုးနွယ်စုရဲ့ အကိုင်းအခက်တစ်ခုကို ယွီတောင်တန်းရဲ့ အနောက်ဘက် တောင်ခြေဆီ ပြောင်းရွှေ့လာချင်တယ်လို့ မျှော်လင့်နေပါတယ်... ဒီကိစ္စက အရမ်း အရေးကြီးတာမို့ ဒီလက်အောက်ခံက ဆုံးဖြတ်ချက် မချရဲဘဲ အရှင်သခင် တာဝန်ယူဖြေရှင်းပေးဖို့ စောင့်နေခဲ့တာပါ...”
“ပျားစိမ်း မျိုးနွယ်စုက မိစ္ဆာက ဘာများပြောသွားသေးလဲ...”
တန်ကွေးက ဦးညွှတ်ကာ ပြောလိုက်သည်။
“ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်က အနောက်ဘက် တောင်ခြေကို ကိုယ်တိုင် လာရောက်ပြီး အကြောင်းရင်းကို ရှင်းပြသွားပါတယ်... သူက သူ့သမီးကို ပျားနီ မျိုးနွယ်စုနဲ့ ပေးစားဖို့ ဆန္ဒမရှိဘူးလို့ ပြောတယ်... ပျားနီ မျိုးနွယ်စုက ဝက်ဝံနက်ဘုရင်ကတစ်ဆင့် လမ်းခင်းထားလို့ ဝက်ဝံဘုရင်ကလည်း ဒီကိစ္စကို လျစ်လျူရှုထားတယ်တဲ့... နောက်ဆုံး ဘာမှမတတ်နိုင်တဲ့အဆုံး သူ့သမီးကို ခွဲထုတ်ပြီး ကျွန်တော်တို့ ယွီတောင်တန်းဆီ ပြောင်းရွှေ့ထားဖို့ စီစဉ်နေတာပါ...”
“တော်တော် ရိုးသားတာပဲ...”
“သူ့ဆီကနေ ပျားနီ မျိုးနွယ်စုနဲ့ ပတ်သက်တဲ့ သတင်းတွေ မင်း ရလိုက်သေးလား...”
“ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်က တကယ်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်... သူတို့ မျိုးနွယ်စုက အရောင်ငါးမျိုး ရွှမ်းပျား သွေးကြောဆက်ခံမှုကို ပိုင်ဆိုင်ထားတယ်... ရှေးဟောင်းခေတ် ကုန်ဆုံးပြီးနောက် ရွှမ်းပျား မျိုးနွယ်စုက အကိုင်းအခက် ငါးခု ကွဲထွက်သွားပြီး မတူညီတဲ့ နေရာတွေမှာ နေထိုင်ကြတယ်...”
“ပျားစိမ်း မျိုးနွယ်စုက ဖျင်ပြည်နယ်မှာ နေထိုင်ပြီး ပျားနီ မျိုးနွယ်စုက ကျင်းပြည်နယ်မှာ နေထိုင်ကြတယ်... ပျားဝါ မျိုးနွယ်စုကတော့ အလယ်ပိုင်းပြည်နယ်မှာ နေထိုင်ကြပြီး ကျန်တဲ့ မျိုးနွယ်စု နှစ်ခုကတော့ အလယ်ပိုင်း ကုန်းမြေနဲ့ အဝေးကြီးမှာ ရှိတယ်...”
“အလယ်ပိုင်းကုန်းမြေက ပြည်နယ်သုံးခုမှာ ကျန်ရစ်ခဲ့တဲ့ မျိုးနွယ်စု သုံးခုက အစတုန်းကတော့ အင်အားချင်း တူညီကြပေမဲ့ နှစ်ထောင်ချီ ကြာလာတဲ့အခါမှာတော့ ပျားစိမ်း မျိုးနွယ်စုက တဖြည်းဖြည်း အားနည်းလာပြီး ပျားနီ မျိုးနွယ်စုက ကြီးပွားတိုးတက်လာခဲ့တယ်... သဘာဝကျကျပဲ သူတို့ရဲ့ အဆင့်အတန်းတွေ ပြောင်းလဲသွားတာပေါ့... ပျားနီ မျိုးနွယ်စုမှာ အုပ်ချုပ်နေတဲ့ မိစ္ဆာဘုရင် မရှိပေမဲ့ ဆဋ္ဌမမြောက် ကောင်းကင်ဘုံက မိစ္ဆာသခင် နှစ်ပါး ရှိပြီး အမွေအနှစ် သက်တမ်းရှည်ကြာကာ ခိုင်မာတဲ့ အင်အားရှိတယ်...”
“လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက အဲဒီ မျိုးနွယ်စုထဲကနေ သိပ်သည်းတဲ့ ရွှမ်းပျား သွေးကြောဆက်ခံမှု ရှိတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တယ်... အနှစ်တစ်ရာလေး အတွင်းမှာပဲ သူက ပျားနီ မျိုးနွယ်စုရဲ့ ဆဋ္ဌမမြောက် ကောင်းကင်ဘုံက တတိယမြောက် မိစ္ဆာသခင် ဖြစ်လာခဲ့တယ်... ဒီတစ်ကြိမ် တောင်းရမ်းတဲ့ လက်ဆောင်တွေ ပို့လာတာက သူ့အတွက် ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးနဲ့ လက်ထပ်ဖို့ပါပဲ...”
“အဲဒီအမျိုးသမီးက ဘာထူးခြားလို့လဲ...”
“ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင် ပြောပုံအရဆိုရင်တော့ သူ့သမီးက သူတို့ မျိုးနွယ်စုရဲ့ အနှစ်တစ်ထောင်မှာ တစ်ခါပေါ်တဲ့ ပါရမီရှင်ပဲ... သူမရဲ့ ရွှမ်းပျား သွေးကြောဆက်ခံမှု သိပ်သည်းဆက ပျားစိမ်း မျိုးနွယ်စုရဲ့ မိစ္ဆာသခင် ချင်းချီထက်တောင် ပိုများသေးတယ်...”
“ရွှမ်းပျား မျိုးဆက်တွေ မိစ္ဆာဘုရင် နယ်ပယ်ကို အဆင့်တက်လှမ်းဖို့ဆိုရင် ဓာတ်ကြီးငါးပါး သွေးကြောဆက်ခံမှု အားလုံးကို စုဆောင်းပြီး အရောင်ငါးမျိုး ရွှမ်းပျား ဖြစ်လာဖို့ လိုအပ်တယ်... အဲဒီလိုမှသာ ကောင်းကင်ဘုံ ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ဖို့ ဖြစ်နိုင်ချေ ရှိတာပါ...”
“လွန်ခဲ့တဲ့ ဆယ်နှစ်က ပျားနီ မျိုးနွယ်စုက ပျားဝါ မျိုးနွယ်စုဆီကို တောင်းရမ်းခဲ့သေးတယ်... ဒါပေမဲ့ လက်ထပ်ပြီး ငါးနှစ်အကြာမှာတင် ပျားဝါ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီး သေဆုံးသွားခဲ့တယ်... အပြင်ဘက်ကိုတော့ မတော်တဆမှု ဖြစ်တယ်လို့ ပြောပြီး ပျားနီ မျိုးနွယ်စုက ပျားဝါ မျိုးနွယ်စုကို ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ အများကြီး လျော်ကြေးပေးပြီးမှသာ အဲဒီကိစ္စကို ဖိနှိပ်နိုင်ခဲ့တာ...”
“ဒါပေမဲ့ ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်က တစ်ခုခုတော့ မသင်္ကာစရာ ရှိနေတယ်လို့ ခံစားခဲ့ရတယ်... ပျားနီ မျိုးနွယ်စုက ဒီတစ်ကြိမ် တောင်းရမ်းတဲ့ လက်ဆောင်တွေ ပို့လာတဲ့အခါ သူက ကံကြမ္မာကို ဟောကိန်းထုတ်ဖို့ လျှို့ဝှက်နည်းစနစ်တစ်ခု အသုံးပြုပေးဖို့ မိစ္ဆာသခင် ချင်းချီကို တကူးတက အကူအညီ တောင်းခဲ့ပြီး ရလဒ်ကတော့ ကောင်းတာထက် ဆိုးတာက ပိုများနေတယ်တဲ့...”
“သူက ယွီတောင်တန်းကို အကူအညီ တောင်းစရာ ရှိနေတာမို့ ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်က ဘာကိုမှ ဖုံးကွယ်မထားရဲဘဲ ဇာတ်လမ်းစုံကို ပြောပြခဲ့တာပါ...”
ဖူရှောင်ကွမ်းမှာ အံ့သြသွားပြီး စားပွဲကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်လျက် နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်း ဝင်သွား၏။
ပျားစိမ်း မျိုးနွယ်စုမှာ ဖျင်ပြည်နယ်ရှိ အင်းဆက် မျိုးနွယ်စုကြီး တစ်ခုဖြစ်ပြီး နွယ်ပင်တော ရွှံ့ညွန်အိုင်တွင် နှစ်ပေါင်း နှစ်ထောင်ကျော် နေထိုင်လာခဲ့ကြသည်။ သူတို့တွင် အုပ်ချုပ်နေသော မိစ္ဆာသခင် နှစ်ပါး ရှိ၏။ ဓမ္မနယ်ပယ်၏ စတုတ္ထမြောက် ကောင်းကင်ဘုံမှ မျိုးနွယ်စုခေါင်းဆောင် တစ်ဦးနှင့် ဓမ္မနယ်ပယ်၏ ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှ မိစ္ဆာသခင် ချင်းချီတို့ ဖြစ်သည်။
နွေဦးပေါက်စတွင် ပြုလုပ်ခဲ့သော မိစ္ဆာဘုရင်မ ပွဲတော်၌ ဖူရှောင်ကွမ်းက ပျားစိမ်းမျိုးနွယ်မှ မိစ္ဆာသခင် တစ်ပါးနှင့် တစ်ကြိမ် တွေ့ဆုံဖူး၏။
“ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူမကို တိုက်ရိုက် တွေ့ဆုံခွင့်ရနိုင်တာပဲ... သူ ဘီယွင်ရေကန်ကိုရော သွားခဲ့သေးလား...”
“ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်က အရင်ဆုံး ဘီယွင်ရေကန်ကို တကယ်ပဲ သွားခဲ့ပြီး သခင်မလေးက သူ့ကို တွေ့ဆုံခွင့် ပေးခဲ့ပါတယ်... ဒါပေမဲ့ သူ့ရဲ့ တောင်းဆိုချက်ကို သခင်မလေးက တိုက်ရိုက် သဘောမတူခဲ့ပါဘူး... အဲဒီအစား သူ့ကို အနောက်ဘက် တောင်ခြေဆီ လွှတ်လိုက်ပြီး ယွီတောင်တန်း အင်းဆက်မျိုးနွယ်စုရဲ့ ကိစ္စတွေကို အရှင်သခင်ဆီ လွှဲအပ်ထားတာမို့ ဒီကိစ္စကို အရှင်သခင်ကပဲ ဆုံးဖြတ်သင့်တယ်လို့ ပြောလိုက်တာပါ...”
ထိုစကားကို ကြားသောအခါ ဖူရှောင်ကွမ်းက ဆက်လက် စဉ်းစားနေ၏။
တန်ကွေးက တစ်စုံတစ်ခုကို သတိရသွားပြီး ရုတ်တရက် ပြောလိုက်သည်။
“အဲဒီ ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်က လူမှုဆက်ဆံရေး အတော်လေး ကောင်းပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာ သိတယ်... သူက သခင်မလေးဆီရော၊ အရှင်သခင့်ဆီပါ တန်ဖိုးကြီး လက်ဆောင်တွေ ပို့ပေးခဲ့ပြီး ရလဒ်က ဘယ်လိုပဲထွက်ထွက် ပျားစိမ်း မျိုးနွယ်စုက ဘာမှ မကျေမနပ် ဖြစ်မှာမဟုတ်ဘဲ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်တယ်လို့ပဲ သတ်မှတ်မှာပါလို့ ပြောခဲ့တယ်...”
ထိုစကားကို ကြားသောအခါ ဖူရှောင်ကွမ်း၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွား၏။ မည်သည့် လက်ဆောင်များ ပို့လာသနည်းဟု သူ ချက်ချင်း မမေးခဲ့ပေ။ လက်ဆောင်များထက် ယွီတောင်တန်း၏ လုံခြုံရေးကို သူက ပို၍ တန်ဖိုးထားသည်။
သို့သော်လည်း သူက အချိန်ကြာမြင့်စွာ စဉ်းစားမနေဘဲ မကြာမီမှာပင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
“ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်ဆီ စာပြန်လိုက်ပါ... ဒီအရှင်သခင် သဘောတူတယ်လို့ ပြောလိုက်... ဒါပေမဲ့ ငါ့ရဲ့ ယွီတောင်တန်းထဲကို ဝင်လာပြီးတာနဲ့ သူတို့က အမိန့်အတိုင်း လုပ်ဆောင်ရမယ်… အရာအားလုံးမှာ ယွီတောင်တန်းကို ဦးစားပေးရမယ်... သူတို့ဖာသာ သူတို့ သဘောနဲ့သူတို့ လုပ်ဆောင်ရင်တော့ ဒီအရှင်သခင် သနားညှာတာမှု ကင်းမဲ့တယ်လို့ အပြစ်မတင်နဲ့လို့...”
“ဒီလက်အောက်ခံ အခုချက်ချင်း သွားပြီး စီစဉ်လိုက်ပါ့မယ်...”
တန်ကွေးက အမိန့်ကို ခံယူပြီး ထွက်ခွာသွား၏။
ခဏအကြာတွင် ဂျင်ဆင်းဝိညာဉ်လေးက သေတ္တာတစ်လုံး ယူလာပြီး ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင် ပေးပို့လိုက်ခြင်း ဖြစ်ကြောင်း ပြောလေသည်။
…
ဂျင်ဆင်းဝိညာဉ်လေးကို ပြန်လွှတ်လိုက်ပြီးနောက် ဖူရှောင်ကွမ်းက လက်ဆောင်များကို အလောတကြီး စစ်ဆေးမကြည့်သေးဘဲ သူ၏ အတွေးများက လည်ပတ်နေဆဲပင်။
ပျားစိမ်း မျိုးနွယ်စု ပြောင်းရွှေ့လာခြင်းကို သူ သဘောတူလိုက်ခြင်းမှာ ယွီတောင်တန်း၏ အင်အားကို တိုးတက်စေနိုင်ရုံသာမက ပျားစိမ်း မျိုးနွယ်စု တည်ရှိရာ နွယ်ပင်တော ရွှံ့ညွန်အိုင်မှာ ဖျင်ပြည်နယ်၏ လမ်းဆုံလမ်းခွတွင် တည်ရှိနေသောကြောင့်လည်း ဖြစ်သည်။
ထိုနေရာက တစ်နှစ်ပတ်လုံး အဆိပ်ငွေ့များနှင့် မြူခိုးများ ဖုံးလွှမ်းနေသော်လည်း အရင်းအမြစ်များ ပေါကြွယ်ဝပြီး ထူးခြားသော တည်နေရာ ရှိ၏။
ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်၏ သမီးမှတစ်ဆင့် သူက ယွီတောင်တန်းနှင့် နွယ်ပင်တော ရွှံ့ညွန်အိုင်အကြား ဆက်ဆံရေး တံတားတစ်စင်း တည်ဆောက်နိုင်ပြီး အရင်းအမြစ်များ ဖလှယ်ရန်နှင့် သတင်းအချက်အလက်များ စုဆောင်းရန် အဆင်ပြေစေလိမ့်မည်။ အနာဂတ်တွင် ပျားစိမ်း မျိုးနွယ်စုကို ယွီတောင်တန်း စခန်းထဲသို့ ခေါ်ဆောင်လာနိုင်မည့် အခွင့်အရေးတစ်ခုလည်း ရှိကောင်းရှိလာနိုင်ပေသည်။
ထို့အပြင် ပျားစိမ်း မျိုးနွယ်စုခေါင်းဆောင်၏ သမီးက တကယ်ပဲ ထူးကဲသော ပါရမီကို ပိုင်ဆိုင်ထားပါက အနည်းငယ် ပြုစုပျိုးထောင်ပေးလိုက်ရုံဖြင့် သူ၏ လက်အောက်တွင် နောက်ထပ် အစွမ်းထက်သော စစ်သူကြီးတစ်ဦး ရရှိလာမည် ဖြစ်၏။
ပျားနီ မျိုးနွယ်စုအတွက်တော့ သူတို့က ကျင်းပြည်နယ်ရှိ အဝေးကြီးတွင် ရှိနေသည်။ အဝေးမှရေက အနီးက ရေငတ်ခြင်းကို မပြေပျောက်စေနိုင်ပေ။ ဖျင်ပြည်နယ်တွင် သူတို့က ယွီတောင်တန်းကို ထိပ်တိုက် ရင်ဆိုင်ရဲမည် မဟုတ်သလို ခွင့်ပြုချက်မရှိဘဲ ယွီတောင်တန်းအတွင်းသို့ ဝင်ရောက်ရန်ဆိုလျှင် ပို၍ပင် မဝံ့ရဲကြချေ။
အခြားကိစ္စများကို သူ ဂရုမစိုက်နိုင်သလို ဂရုစိုက်ရန်လည်း မလိုအပ်ပေ။
အတွေးများကို ဘေးဖယ်ထားလိုက်ပြီး သူ၏ အကြည့်က အရှေ့ရှိ သေတ္တာပေါ်သို့ ကျရောက်သွား၏။ ဖူရှောင်ကွမ်းက သေတ္တာ၏ တားမြစ်ကန့်သတ်ချက်ကို ပေါ့ပေါ့ပါးပါး ဖျက်ဆီးလိုက်သည်။ အထဲတွင် ဝိညာဉ်ခြင်ဆီများအပြင် ကျောက်စိမ်းသေတ္တာ နှစ်လုံးနှင့် အိုးတစ်အိုး ပါရှိသည်။
အိုးပေါ်တွင် “ပျားစိမ်းဘုရင်ဝိုင်” ဟူသော စာလုံးကြီး လေးလုံးရေးထားသည့် တံဆိပ်တစ်ခု ကပ်ထား၏။ ထိုအရာကို မြင်သောအခါ သူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။
ပျားစိမ်း မျိုးနွယ်စုက ဖန်တီးထားသော ဝိညာဉ်ပျားရည်က ချိုမြိန်ပြီး အရသာရှိကာ မိစ္ဆာရုပ်ခန္ဓာကို အားဖြည့်ပေးနိုင်ပြီး အလှအပကိုလည်း တိုးတက်စေနိုင်သည်။ ပျားစိမ်းဘုရင်ဝိုင်ဆိုသည်က ပို၍ပင် အဖိုးတန်ပြီး ထုတ်လုပ်မှု ကန့်သတ်ထားသော ရွှမ်းအဆင့် ဝိညာဉ်ပစ္စည်း တစ်ခုပင်။
ထိုဝိုင်က သစ်သားဓာတ်သဘာဝ ကျင့်ကြံခြင်းကို အထောက်အကူ ပြုနိုင်ရုံသာမက ကုသခြင်းနှင့် သက်တမ်းတိုးခြင်း အာနိသင်များလည်း ရှိ၏။ ထိုသို့မဟုတ်ပါက ဝက်ဝံဘုရင်က ဤအရာကို ဤမျှလောက် စွဲလမ်းနေမည် မဟုတ်ပေ။
သေချာသည်ကတော့ ထိုမိစ္ဆာဘုရင်က အရသာရှိ၍သာ စားသုံးနေခြင်း ဖြစ်သည်။
သက်တမ်းတိုးစေသည့် အာနိသင်က သာမန်မျှသာ ဖြစ်သော်လည်း ဤဝိုင်က ပစ္စည်းကောင်း တစ်ခုဖြစ်နေဆဲပင်။ ဖူရှောင်ကွမ်းက ဝိုင်၏ တစ်စိတ်တစ်ပိုင်းကို အလှအပ တိုးတက်စေသော ဝိညာဉ်ပစ္စည်းများ သုတေသနလုပ်ရာတွင် အသုံးပြုရန် စီစဉ်ထားပြီး ၎င်းကို ယွီချွမ် အလုပ်ရုံနှင့် ဝမ်ချွန်း ခန်းမတို့၏ သက်တမ်းတိုး သိုင်းကျင့်စဉ်များနှင့် လဲလှယ်နိုင်ကောင်း လဲလှယ်နိုင်ပေလိမ့်မည်။
ဝိညာဉ်ဝိုင်ကို ကြည့်ပြီးနောက် ဖူရှောင်ကွမ်းက ကျောက်စိမ်းသေတ္တာ နှစ်လုံးဆီသို့ အကြည့်ရွှေ့လိုက်၏။ သူက ထိုသေတ္တာများကို ဖွင့်ကြည့်လိုက်သောအခါ အဆင့်နိမ့် ရွှမ်းအဆင့် ဝိညာဉ်ပစ္စည်း နှစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။
တစ်ခုက ပျားစိမ်းသဲ ဖြစ်ပြီး နွယ်ပင်တော ရွှံ့ညွန်အိုင်ရှိ ပေတစ်ထောင်နက်သော ရေကန်အောက်ခြေတွင်သာ ထွက်ရှိသည့် ဝိညာဉ်ပစ္စည်း တစ်မျိုး ဖြစ်၏။ မြေဓာတ်သဘာဝ မဟာမိစ္ဆာများကို မြေဓာတ်သဘာဝ နည်းစနစ်များ ကျင့်ကြံရာတွင် အထောက်အကူ ပြုနိုင်ပြီး ဤဝိညာဉ်ပစ္စည်းက ယခု သူ လိုအပ်နေသည့်အရာ အတိအကျပင် ဖြစ်သည်။
အခြားတစ်ခုကတော့ အသက်ဓာတ်နှင်းရည် ဖြစ်ပြီး အဆိပ်ငွေ့များနှင့် မြူခိုးများမှ သန့်စင်ဖန်တီးထားကာ သေခြင်းကို ရှင်ခြင်းအဖြစ် ပြောင်းလဲပေးနိုင်သော ကုသခြင်း ဝိညာဉ်ပစ္စည်း တစ်ခု ဖြစ်၏။
“ရှေးဟောင်း မျိုးနွယ်စုပီပီ အခြေခံအုတ်မြစ်က နက်ရှိုင်းပြီး တော်တော်လေး ရက်ရောတာပဲ...”
ဤမျှ ကြီးကျယ်ခမ်းနားသော ပေးကမ်းမှုက သခင်မလေး ပေးသနားထားသည်ထက် မနိမ့်ကျပေ။
ဖူရှောင်ကွမ်းက သေတ္တာကို ပိတ်၍ တားမြစ်ကန့်သတ်ချက် အသစ်တစ်ခု ပြုလုပ်ပြီးနောက် ပစ္စည်းများကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူက ဆွေရွှီးနန်းတော်မှ ထွက်လာပြီး ဘီယွင်ရေကန်ဘက်သို့ ပျံသန်းသွားသည်။
သူ့ဘာသူ ဆုံးဖြတ်ချက် တစ်ခု ချပြီးပြီ ဖြစ်သော်လည်း သခင်မလေးထံ သတင်းပို့ရန် လိုအပ်နေသေးသည် မဟုတ်ပါလား။
***