အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် လေးရာကျော် နေရာ၌ ရှိနေသော သွမ့်လင်းထျန်မှာ မီးပူဇော်ခြင်းဂိုဏ်း၏ ပါရမီရှင် သွမ့်လင်းထျန် ပင်ဖြစ်သည်။
မီးပူဇော်ခြင်းဂိုဏ်းရှိ လူအများစုအတွက် ဂိုဏ်းအတွင်း၌ နာမည်ကျော်ကြားလာသော ထိုသို့သော ပါရမီရှင် တပည့်တစ်ဦး ရှိနေခြင်းအတွက် သူတို့ ဂုဏ်ယူကြသည်။ သွမ့်လင်းထျန်သည် မီးပူဇော်ခြင်းဂိုဏ်း၏ ဂုဏ်အသရေ ဖြစ်သည်။ သို့သော်လည်း သူတို့ ကြားလိုက်ရသော သတင်းများကြောင့် သူတို့ အံ့အားသင့်နေကြဆဲ ဖြစ်သည်။
မီးပူဇော်ခြင်းဂိုဏ်း၏ ပါရမီရှင် သွမ့်လင်းထျန်သည် အဓိပတိသူတော်စင်လက်နက် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ပိုင်ဆိုင်ထားသော အောက်ပိုင်းပြည်နယ်မှ သွမ့်လင်းထျန် ဖြစ်သည်။ ထို့ပြင် ထိုအချိန်က သူ့ထံမှ နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို လုယူသွားခဲ့သော အမှောင်နယ်မြေဂိုဏ်းမှ အကြီးအကဲ ရှဲကျုံကိုလည်း သူ သတ်ဖြတ်ခဲ့သည်။ ကောလာဟလများအရ သူသည် နောက်ထပ် အဓိပတိသူတော်စင်လက်နက် တစ်ခုဖြစ်သော ခြေရာမဲ့ဓားဖြင့် ရှဲကျုံကို သတ်ခဲ့သည်ဟု ဆိုသည်။ ထိုအရာမှတစ်ဆင့် မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုထဲမှ နှစ်ခုကို သွမ့်လင်းထျန် ပိုင်ဆိုင်ထားကြောင်း ယခု လူတိုင်းသိရှိသွားကြပြီ ဖြစ်သည်။
“လက်ရှိအချိန်မှာ စီနီယာအစ်ကို သွမ့်လင်းထျန်က အထက်ပိုင်းပြည်နယ်က လူတိုင်းရဲ့ ပစ်မှတ် ဖြစ်နေပြီ... သူ မီးပူဇော်ခြင်းဂိုဏ်းကို ပြန်လာပါ့မလား မသိဘူး”
“မီးပူဇော်ခြင်းဂိုဏ်းကို ပြန်လာမယ် ဟုတ်လား... အဲဒါက စိတ်ကူးယဉ်နေတာပဲ... အဲဒါ တကယ် ဖြစ်နိုင်တယ်လို့ မင်း ထင်လို့လား... မင်းသာ အဓိပတိသူတော်စင်လက်နက် နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ စီနီယာအစ်ကို သွမ့်လင်းထျန်ဆိုရင် ဂိုဏ်းကို ပြန်လာမှာလား”
“ငါသာ သူဆိုရင် သေချာပေါက် မီးပူဇော်ခြင်းဂိုဏ်းကို ပြန်လာမှာ မဟုတ်ဘူး... အပြင်ဘက်မှာ အန္တရာယ်များနိုင်ပေမဲ့ မီးပူဇော်ခြင်းဂိုဏ်းကလည်း လုံခြုံတာမှ မဟုတ်တာ... အပြင်က လူတွေက အဓိပတိသူတော်စင်လက်နက်ကို မက်မောကြသလို မီးပူဇော်ခြင်းဂိုဏ်းက လူတွေကလည်း အတူတူပဲလေ”
“သူ ဂိုဏ်းကို ပြန်လာရင် သူ့ကိုယ်သူ အန္တရာယ်ထဲ တမင် ဆွဲသွင်းနေသလိုပဲ... အဓိပတိသူတော်စင်လက်နက် နှစ်ခုကို သူ ဆက်သိမ်းထားနိုင်ဖို့ ခက်လိမ့်မယ်... အပြင်မှာဆိုရင် သူက ပစ်မှတ် ဖြစ်နေနိုင်ပေမဲ့ လူတွေက သူ့ကို ဗြောင်ကျကျတော့ လှုပ်ရှားရဲမှာ မဟုတ်ဘူး... အဲဒါက သူ့အတွက် အဓိပတိသူတော်စင်လက်နက်တွေကို သိမ်းထားဖို့ နည်းနည်း ပိုလွယ်သွားစေလိမ့်မယ်”
“ငါလည်း အဲဒီလိုပဲ ထင်တယ်”
အစပိုင်းတွင် မီးပူဇော်ခြင်းဂိုဏ်း၌ အပယ်နှင်နယ်မြေမှ မိစ္ဆာမျိုးနွယ်များအကြောင်း ဆွေးနွေးမှုများ ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ယခုအခါတွင် မီးပူဇော်ခြင်းဂိုဏ်း၏ ပါရမီရှင် သွမ့်လင်းထျန်ထံသို့ အာရုံပြောင်းသွားခဲ့သည်။ ၎င်းမှာ မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုထဲမှ နှစ်ခုနှင့် သက်ဆိုင်နေသောကြောင့် သဘာဝသာဖြစ်သည်။ ၎င်းက မီးပူဇော်ခြင်းဂိုဏ်းတွင် ကြီးမားသော ပွက်လောရိုက်မှုတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
................
အဇူရာနဂါးပရ၀ဏ်...
အဇူရာနဂါးပရ၀ဏ်၏ ပရဝဏ်ခေါင်းဆောင်၏ နေအိမ်တွင်...
“သူက အဲဒီတုန်းက အဓိပတိသူတော်စင်လက်နက် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ရခဲ့တဲ့ အောက်ပိုင်းပြည်နယ်က သွမ့်လင်းထျန်ပဲ”
အဇူရာနဂါးပရ၀ဏ်ခေါင်းဆောင် လုထျယ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်နေသည်။ မီးပူဇော်ခြင်းဂိုဏ်း၏ ပါရမီရှင် သွမ့်လင်းထျန်သည် အဆိုပါအချိန်က နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ပိုင်ဆိုင်ထားသော အောက်ပိုင်းပြည်နယ်မှ ကံကောင်းသည့် ကောင်လေး ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“သွမ့်လင်းထျန်ဆီမှာ အဓိပတိသူတော်စင်လက်နက် နှစ်ခု ရှိတယ်ပေါ့”
လုထျယ်၏ စကားကို ကြားသောအခါ ပုဟုန်မှာ မနာလိုမှုကြောင့် မျက်နှာ မည်းတက်သွားသည်။ သွမ့်လင်းထျန်သည် မဟာအဆင့်သူတော်စင်လက်နက်ဆယ်ခုထဲမှ တစ်ခုဖြစ်သော ခြေရာမဲ့ဓားကို ပိုင်ဆိုင်ထားကြောင်း သူ သိရှိလိုက်ရချိန်ကတည်းက မနာလိုမှုများ ပြည့်နှက်နေခဲ့ပြီးသား ဖြစ်သည်။ ယခု သွမ့်လင်းထျန်၌ နောက်ထပ် အဓိပတိသူတော်စင်လက်နက်ဖြစ်သော နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကိုပါ ပိုင်ဆိုင်ထားကြောင်း သူ သိလိုက်ရသောအခါ သူ ရူးသွပ်သွားတော့မည့်အလား ခံစားလိုက်ရပြီး သေချင်စိတ်ပင် ပေါက်သွားသည်။ သူ၏ ကျင့်ကြံမှုအဆင့် ဆက်လက် မတိုးတက်နိုင်တော့ကြောင်း သတိရမိသောအခါ ပို၍ပင် ဆိုးရွားစွာ ခံစားလိုက်ရသည်။
“ဆရာသခင်... သွမ့်လင်းထျန်ဆီမှာ အဓိပတိသူတော်စင်လက်နက် ခြေရာမဲ့ဓား ရှိနေတယ်ဆိုတဲ့အကြောင်း ပေါ်ပေါက်သွားလိမ့်မယ်လို့ ကျနော် မထင်ထားခဲ့ဘူး... ဒီအခြေအနေမှာ သူ့အပေါ် စွဲဆိုထားတဲ့ အပြစ်တွေကို ရုပ်သိမ်းလိုက်တာ ဆရာသခင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿ ဖြစ်သွားပြီ... ကျနော်တို့ သူ့ကို အလွယ်တကူ လွှတ်ပေးလိုက်မိတာပဲ”
ပုဟုန်သည် သူ၏ ဆရာသခင်က သွမ့်လင်းထျန်အပေါ် စွဲဆိုထားသော အပြစ်များကို ရုပ်သိမ်းခဲ့ကြောင်း တွေးမိသောအခါ မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။ သူ အသက်ရှင်နေရန်အတွက် မည်သည့်အရာမျှ မကျန်တော့သကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ပင်ကိုဝိညာဉ်အမြစ်ကို ဖျက်ဆီးခဲ့သောကြောင့် သွမ့်လင်းထျန်အပေါ် စွဲဆိုထားသော အပြစ်များကို ရုပ်သိမ်းရန် စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ သူ၏ ဆရာသခင် သွားခဲ့ခြင်းမှာ သွမ့်လင်းထျန် စည်းကမ်းထိန်းသိမ်းရေးခန်းမ၌ သေဆုံးသွားပြီး သူတို့အနေဖြင့် အဓိပတိသူတော်စင်လက်နက် ခြေရာမဲ့ဓားကို ရယူနိုင်မည့် အခွင့်အရေး ဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ယခုအခါ သွမ့်လင်းထျန်၌ အဓိပတိသူတော်စင်လက်နက် ခြေရာမဲ့ဓား ရှိနေကြောင်း သတင်းများနှင့်အတူ သူသည် နောက်ထပ် အဓိပတိသူတော်စင်လက်နက်ဖြစ်သော နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကိုပါ ပိုင်ဆိုင်ထားကြောင်း သတင်းများ ထွက်ပေါ်လာပြီဖြစ်ရာ ပုဟုန်၏ ဆရာသခင်အတွက် ခြေရာမဲ့ဓားကို ရယူရန် ပို၍ ခက်ခဲသွားပြီ ဖြစ်သည်။
အထူးသဖြင့် သူ့အပေါ် စွဲဆိုထားသော အပြစ်များကို သူတို့ ရုပ်သိမ်းလိုက်ပြီဖြစ်ရာ ၎င်းမှာ သွမ့်လင်းထျန်ကို အရမ်း လွယ်လွယ်ကူကူ လွတ်မြောက်ခွင့် ပေးလိုက်ခြင်း မဟုတ်ပါလော...
“သွမ့်လင်းထျန်မှာ အဓိပတိသူတော်စင်လက်နက် ခြေရာမဲ့ဓား ရှိတဲ့သတင်း ပေါက်ကြားသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ပုဟုန်၏ စကားကို ကြားသောအခါ လုထျယ်၏ မျက်နှာထား မှုန်ကုပ်သွားသည်။
“ဒါပေမဲ့ လက်ရှိ အခြေအနေကို ကြည့်ရရင် ငါတို့ စွဲချက်တွေကို ရုပ်သိမ်းလိုက်တာနဲ့ မရုပ်သိမ်းလိုက်တာက ဘာမှ ကွာခြားသွားမှာ မဟုတ်ပါဘူး... ကိစ္စတွေက ဒီအခြေအနေထိ ကြီးထွားလာပြီဆိုတော့ သူ မီးပူဇော်ခြင်းဂိုဏ်းကို ပြန်လာဦးမယ်လို့ မင်း တကယ် ထင်နေတာလား... ဂိုဏ်းကို ပြန်လာရင် အဓိပတိသူတော်စင်လက်နက် နှစ်ခု သေချာပေါက် အသိမ်းခံရမယ်ဆိုတာကို သူ သိမှာပေါ့... ဒါကြောင့် သူ မီးပူဇော်ခြင်းဂိုဏ်းကို ပြန်မလာဘူးဆိုတာ ငါ သေချာပေါက် ပြောရဲတယ်”
လုထျယ်က ဤကိစ္စအပေါ် အလွန် သေချာနေပုံရသည်။
လုထျယ်၏ စကားကို ကြားသောအခါ ပုဟုန် တိတ်ဆိတ်သွားသည်။ သူ၏ ဆရာသခင် ပြောသော စကားများကို သူ သဘောတူသည်။
မီးပူဇော်ခြင်းဂိုဏ်း၏ သူတော်စင်နယ်မြေ...
စည်းကမ်းထိန်းသိမ်းရေးခန်းမတွင်...
“အဖေ...”
သွမ့်လင်းထျန် မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူသည် အဓိပတိသူတော်စင်လက်နက် နှစ်ခုကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသောအခါ တုံလင်သည် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဒုခန်းမသခင် ဖြစ်သူ သူ၏ ဖခင် တုံယွမ်ကျင်ကို ချက်ချင်း သွားရှာလိုက်သည်။
“မင်းက သွမ့်လင်းထျန်ကြောင့် လာတာလား”
သူ့ကို တွေ့ရန် တုံလင် ရောက်လာသည်ကို မြင်သောအခါ တုံယွမ်ကျင်က မေးလိုက်သည်။
“အဖေ သတင်း ကြားပြီးပြီလား”
တုံလင် ခေါင်းညိတ်လိုက်သည်။
“အင်း”
တုံယွမ်ကျင် ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။
“အဲဒီတုန်းက နတ်ဆိုးချိပ်ပိတ်ကျောက်ပြား ရထားတဲ့ လူက သူ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဒါ့ပြင် သူက အမှောင်နယ်မြေဂိုဏ်းက ရွှေခြင်္သေ့ဘုရင်ရဲ့ သားဆီကနေ ပြန်လုနိုင်ခဲ့သေးတယ်... အဲဒါတင် မကသေးဘူး... သူက ခြေရာမဲ့ဓားဆိုတဲ့ နောက်ထပ် အဓိပတိသူတော်စင်လက်နက် တစ်ခုကိုပါ ပိုင်ဆိုင်ထားသေးတယ်... ရန်ဝမ်ကို သူ သတ်နိုင်ခဲ့တာ၊ ဝမ်ယန်ကို အနိုင်ယူနိုင်ခဲ့တာ၊ ပုဟုန်ကို အနိုင်ယူနိုင်ခဲ့တာ မဆန်းတော့ပါဘူး... ဒါက ခြေရာမဲ့ဓားကြောင့် ဖြစ်ရမယ်”
အဆုံး၌ တုံယွမ်ကျင်သည် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဒုခန်းမသခင် ဖြစ်သည်။ သွမ့်လင်းထျန်က အဓိပတိသူတော်စင်လက်နက် ခြေရာမဲ့ဓားကို ပိုင်ဆိုင်ထားကြောင်း ကြားသောအခါ သူ ထိုသို့ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။
“အဲ့လို ဖြစ်ရမယ်”
“တခြားသူတွေက သူ အစွမ်းထက်တဲ့ ဓားပညာတစ်ခုကို ကျွမ်းကျင်ထားလို့လို့ ထင်နေကြတာ... သူ့ရဲ့ တိုက်ခိုက်မှုတွေက အဓိပတိသူတော်စင်လက်နက် ခြေရာမဲ့ဓားကြောင့်ပဲ အစွမ်းထက်နေတယ်ဆိုတာကို သူတို့ မသိကြဘူး”
ခြေရာမဲ့ဓားအကြောင်း ပြောသောအခါ သူ မနာလို ဖြစ်နေကြောင်း သူ၏ မျက်နှာအမူအရာတွင် သိသာထင်ရှားနေသည်။
မီးပူဇော်ခြင်းဂိုဏ်းတွင် လုထျယ်နှင့် သူ၏ တပည့်၊ တုံ သားအဖတို့အပြင် သွမ့်လင်းထျန်က အဓိပတိသူတော်စင်လက်နက် နှစ်ခု ပိုင်ဆိုင်ထားကြောင်း သတင်းများက အခြားသူများကိုလည်း အံ့အားသင့်စေခဲ့သည်။ ထိုလူများအထဲတွင် ဂိုဏ်းချုပ်ထက်သာ အဆင့်နိမ့်သော မီးပူဇော်ခြင်းဂိုဏ်း၏ နာယကများပင် ပါသည်။
“အဲဒီကောင်လေးက အဓိပတိသူတော်စင်လက်နက် နှစ်ခုကို ရလောက်တဲ့အထိ ကံကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
မီးပူဇော်ခြင်းဂိုဏ်း၏ နာယကသုံးပါးထဲမှ တစ်ပါးဖြစ်ပြီး ကန်လုယန်၏ ဆရာသခင်ဖြစ်သူ ချင်ဟော်သည် သတင်းကို ကြားသောအခါ သက်ပြင်းချလိုက်မိ။ သူ၏ နှလုံးသားက ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း သူ၏ မျက်လုံးများတွင် လိုချင်တပ်မက်မှု အရိပ်အယောင်တစ်ခု ရှိနေဆဲ ဖြစ်သည်။ သူသည် မီးပူဇော်ခြင်းဂိုဏ်း၏ နာယကတစ်ဦး ဖြစ်သော်လည်း သူ့တွင် အဓိပတိသူတော်စင်လက်နက် တစ်ခုပင် မရှိပေ။ ဤအကြောင်းကြောင့် သွမ့်လင်းထျန်တွင် အဓိပတိသူတော်စင်လက်နက် နှစ်ခု ရှိနေကြောင်း သိလိုက်ရသောအခါ သူလည်း အနည်းငယ် သက်ရောက်မှု ခံလိုက်ရသည်။
ဗဟိုဒေသ... ဒုစရိုက်မြို့တော်တွင်...
သွမ့်လင်းထျန်သည် သူ အဓိပတိသူတော်စင်လက်နက် နှစ်ခု ပိုင်ဆိုင်ထားကြောင်း သတင်းများ မီးပူဇော်ခြင်းဂိုဏ်းသို့ ရောက်ရှိသွားမည်ကို စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ တကယ်တော့ သူ အစွမ်းမထက်လာသေးသရွေ့ ဂိုဏ်းသို့ ပြန်မသွားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ခူအယ်နှင့် သူတို့သမီး၏ ဘေးကင်းရေးကို စိတ်ထဲထည့်ကာ သွမ့်လင်းထျန်သည် သူ၏ ပင်ကိုဝိညာဉ်အမြစ် တိုးတက်စေရန် အာရုံစိုက်နေခဲ့သည်။ သူ၏ ပင်ကိုဝိညာဉ်အမြစ် တိုးတက်လာသရွေ့ သူ၏ သိုင်းတာအို ပင်ကိုပါရမီလည်း တိုးတက်လာမည် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအမြန်နှုန်း ပိုမြန်လာမည်ဖြစ်ပြီး သူ မြန်မြန်ဆန်ဆန် သန်မာလာမည် ဖြစ်သည်။
ဤအကြောင်းကြောင့် ဒုစရိုက်မြို့တော်တွင် ရှိနေစဉ် သွမ့်လင်းထျန်သည် ကြိုးစားပမ်းစား ကျင့်ကြံသည့်အပြင် သူ၏ ပင်ကိုဝိညာဉ်အမြစ် တိုးတက်စေမည့် အခွင့်အရေးများကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။
အချိန်များ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ဝက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သဘာဝကျကျပင် ရတနာခုနစ်ပါးနန်းဆောင်၏ စတုတ္ထထပ်တွင် မဟုတ်ဘဲ အပြင်လောကတွင် နှစ်ဝက် ကုန်လွန်သွားခြင်း ဖြစ်သည်။
“စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက် ချန်ထားခဲ့တဲ့ ရတနာသိုက်လား...”
သွမ့်လင်းထျန်သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး တည်းခိုခန်းမှ ထွက်ခွာလာချိန်တွင် ဒုစရိုက်မြို့တော်မှ ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်စု မြောက်ဘက်သို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။ သူတို့၏ စကားဝိုင်းအရ ဒုစရိုက်မြို့တော်၏ မြောက်ဘက်တွင် စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ဦး ပိုင်ဆိုင်ခဲ့သည်ဟု ယူဆရသော ရတနာသိုက်တစ်ခု ရှိကြောင်း သူ သိလိုက်ရသည်။ ဤဂိုဏ်းမဲ့ကျင့်ကြံသူလူစုသည် ထိုနေရာသို့ သွားနေကြခြင်းဖြစ်ကြောင်း သိသာသည်။
“မုတ်ဆိတ်ပျားစွဲတာပဲ... ငါ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတာနဲ့ ဒီလောက် ကောင်းတဲ့ ကိစ္စနဲ့ သွားကြုံရတယ်လို့”
ဤအကြောင်းကို ကြားသောအခါ သွမ့်လင်းထျန် နှလုံးခုန် မြန်လာပြီး တည်ငြိမ်ရန် ခက်ခဲနေသည်။
လုံး၀တုံ့ဆိုင်းခြင်းမရှိဘဲ သွမ့်လင်းထျန် လေထဲသို့ ပျံတက်သွားပြီး တိမ်တိုက်များနောက်တွင် ပုန်းကွယ်ကာ မြောက်ဘက်သို့ သွားလိုက်သည်။
“သူတို့နောက်ကို လိုက်ပြီး သွားကြည့်ရမယ်”
ဂိုဏ်းမဲ့ကျင့်ကြံသူ အများစုမှာ တိမ်တိုက်များအောက်တွင် ပျံသန်းနေကြသောကြောင့် အာရုံစိုက်မခံရစေရန် တိမ်တိုက်များအထက်မှ ပျံသန်းရန် သွမ့်လင်းထျန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အဆုံး၌ မည်သူမဆို သူ၏ လက်ရှိ အဝတ်အစားများဖြင့် သူ့ကို ဝတ်ရုံနက်လူမှန်း သိမည်ဖြစ်သည်။ ဂိုဏ်းမဲ့ကျင့်ကြံသူများက သူက တကယ့်၀တ်ရုံနက် အစစ် ဟုတ် မဟုတ် သေချာ မသိနိုင်လျှင်တောင်မှ သူတို့က သူ့အကြောင်း ပြောဆိုခြင်းနှင့် တိရစ္ဆာန်ရုံမှ မျောက်တစ်ကောင်ကဲ့သို့ ကြည့်ရှုခြင်းများကို ရပ်တန့်မည် မဟုတ်ပေ။
သွမ့်လင်းထျန်သည် ထိုခံစားချက်ကို မနှစ်သက်သောကြောင့် ထိုသို့သော အခြေအနေများကို တတ်နိုင်သမျှ ရှောင်ရှားခြင်းဖြစ်သည်။
“အာ”
ရုတ်တရက် သွမ့်လင်းထျန်၏ အနီးသို့ ချဉ်းကပ်လာသော ကျယ်လောင်သည့် လေတိုးသံ သုံးသံကို ကြားလိုက်ရသောအခါ သူ အံ့အားသင့်သွားသည်။
တိမ်တွေအထက်မှာ သွားနေတဲ့ တခြားလူတွေလည်း ရှိသေးတာလား.....
ခဏအကြာတွင် လေတိုးသံများက သူ့ထံသို့ ပို၍ နီးကပ်လာသည်။
“ဟင်... ဝတ်ရုံနက်လူ”
ဤအချိန်တွင် သွမ့်လင်းထျန်၏ အနောက်ဘက်မှ ချိုသာသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ပြီးခဲ့တဲ့ ခြောက်လအတွင်း ဝတ်ရုံနက်လူက ဒုစရိုက်မြို့တော်မှာ တောတော် နာမည်ကြီးလာတာ... အတုတွေ အများကြီး ရှိနေတော့ ဒါက ပုံမှန်ပါပဲ... ဒီလူလည်း အတုလား အစစ်လား မသိဘူး”
“ဟဲဟဲ... သခင်လေး သိချင်တယ်ဆိုရင် သခင်လေးအတွက် ကျုပ် သွားစုံစမ်းပေးပါမယ်”
တုံ့ပြန်မှုအနေဖြင့် စူးရှသော အသံတစ်သံက ပြောလိုက်သည်။
သွမ့်လင်းထျန် သူ၏ အနောက်ရှိ လူများကို သတိထားကာ လှည့်ကြည့်လိုက်စဉ် သူ၏ မျက်နှာအမူအရာ ချက်ချင်း မှုန်ကုပ်သွားသည်။
သွမ့်လင်းထျန် ချက်ချင်း သူ၏ အနောက်တွင် ပုံရိပ် သုံးခုကို မြင်လိုက်ရသည်။ ဦးဆောင်လာသူမှာ အလွန် ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။ ထိုလူငယ်၏ မျက်နှာမှာ ဖြူနုပြီး သူ၏ ခန္ဓာကိုယ်မှာ အားနည်းပုံရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မိန်းမကိစ္စနှင့် သေရည်သေစာတို့ကို အလွန်အကျွံ မှီဝဲတတ်သည့် လူပေါ် ကြော့သူဌေးသားတစ်ဦး ဖြစ်ကြောင်း သွမ့်လင်းထျန် ပြောနိုင်သည်။