လူပေါ် ကြော့သူဌေးသား၏ အနောက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အဘိုးအိုတစ်ဦးတို့ ရပ်နေကြသည်။
သက်လတ်ပိုင်းအမျိုးသားသည် စိမ်းနုရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်မှာ အနေတော်ဖြစ်ပြီး ရုပ်ရည်မှာလည်း သာမန်သာ ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။
အခြားတစ်ဖက်တွင် အဘိုးအိုက အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်က တောင့်တင်းသော်လည်း ခေါင်းက သေးငယ်နေသဖြင့် အနည်းငယ် အမြင်ဆန်းနေသည်။ လူငယ်စကားပြောပြီးနောက် ဝင်ပြောခဲ့သူမှာ ထိုအဘိုးအိုပင် ဖြစ်သည်။
ယခုအခါတွင် အနီရောင်ဝတ် အဘိုးအို၏ ခန္ဓာကိုယ်မှ အေးစက်သော အော်ရာများ ဖြာထွက်နေပြီး သူ၏ မျက်လုံးသေးသေးလေးများဖြင့် သွမ့်လင်းထျန်ကို စူးရဲစွာ စိုက်ကြည့်နေသည်။ သွမ့်လင်းထျန်က တကယ့် ၀တ်ရုံနက်လူ အစစ် ဟုတ်မဟုတ် စစ်ဆေးရန် သူ၏ သခင်လေးက အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန်ကို တိုက်ခိုက်တော့မည့်အလား ထင်ရသည်။
“အကြီးအကဲရှီက စေတနာ့၀န်ထမ်းလုပ်ချင်တယ်ဆိုမှတော့... သွားစမ်းသပ်လိုက်ပါ”
အဘိုးအို၏ စကားကို ကြားပြီး ဝတ်ရုံနက်လူက သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်သောအခါ လူပေါ် ကြော့သူဌေးသားက မျက်လုံးများကို မှေး၍ ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
လူပေါ် ကြော့သူဌေးသား စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ အနောက်တွင် ရပ်နေသော မူလက တည်ငြိမ်သော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအမျိုးသားမှာ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
အခြားတစ်ဖက်တွင်မူ သခင်လေးထံမှ အမိန့်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သော အနီရောင်ဝတ် အဘိုးအိုသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သွမ့်လင်းထျန်ဆီသို့ ပြေးဝင်သွားသည်။
“ဟုတ်ကဲ့ပါ သခင်လေး...”
အနီရောင်ဝတ် အဘိုးအို၏ အမြန်နှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်လှသည်။ သူ ရှေ့သို့ ပျံသန်းသွားသောအခါ သူ၏ စွမ်းအား အားလုံးကို ထုတ်ဖော်လိုက်သည်။ သူ ထုတ်လွှတ်လိုက်သော အော်ရာမှာ အသက်ရှူကြပ်စေလောက်အောင်ပင် ပြင်းထန်သည်။
စိန့်ကောင်းကင် တတိယပုံစံလား...
အနီရောင်ဝတ် အဘိုးအို၏ အော်ရာကို ခံစားမိသောအခါ သွမ့်လင်းထျန် မျက်လုံးများ မှေးကျဉ်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနီရောင်ဝတ် အဘိုးအိုသည် သွမ့်လင်းထျန်၏ အနီးသို့ ရောက်ရှိလာသည်။
“မင်းက ၀တ်ရုံနက်လူ အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် အရေးမကြီးဘူး... ငါ ရှီခွန်းရဲ့ လက်ထဲမှာ သေဖို့က မင်းရဲ့ ကံကြမ္မာပဲ”
ရှီခွန်းဟု ခေါ်သော အဘိုးအိုက သူ၏ လက်များကို ဝှေ့ယမ်းရင်း အော်ဟစ်လိုက်သည်။ ၎င်းတို့က လေမီးဘီးလုံးတစ်စုံအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။ လေထုထဲတွင် စူးရှသော အော်ရာတစ်ခုနှင့်အတူ မီးတောက်များ တရှဲရှဲလောင်ကျွမ်းနေသည့် အသံကို ကြားလိုက်ရသည်။
“ပြောင်းပြန်မီးဘီးအစုံ...”
လည်ပတ်နေသော သူ၏ လက်များ ရုတ်တရက် တုန်ခါသွားစဉ် အနီရောင်ဝတ် အဘိုးအိုက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
နောက်တစ်ခဏ၌...
ဝုန်း... ဝုန်း...
လေမီးဘီးလုံးများသည် မီးတောက်များ ရောယှက်နေသော သူတော်စင်မူရင်းစွမ်းအင်များအဖြစ် ပြောင်းလဲသွားပုံရပြီး သွမ့်လင်းထျန်ဆီသို့ ပစ်လွှတ်လိုက်သည်။ လေမီးဘီးလုံးများ၏ အော်ရာမှာ အသက်ပေါင်းများစွာကို နုတ်ယူခဲ့ဖူးသော အဇူရာဆေဘာတစ်လက်ကဲ့သို့ ခံစားရစေသည်။ ထိုအော်ရာမှာ ညစ်ညမ်းပြီး သွေးညှီနံ့များ စွဲထင်နေသည်။ ရှီခွန်းသည် လုံးဝ သက်ညှာခြင်းမရှိဘဲ သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို သုံးလိုက်ကြောင်း သိသာထင်ရှားသည်။
သွမ့်လင်းထျန်၏ မျက်နှာအမူအရာ ချက်ချင်း မည်းမှောင်သွားသည်။ သူ ယခင်က ရှီခွန်းနှင့် တစ်ခါမျှ မတွေ့ဖူးပေ။ သို့သော်လည်း ရှီခွန်းက သူ့ကို စတင် တိုက်ခိုက်ခဲ့ရုံသာမက အစွမ်းထက်ဆုံး တိုက်ခိုက်မှုကိုပါ အသုံးပြုခဲ့သေးသည်။ ရှီခွန်းက သူ့ကို သတ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။
သွမ့်လင်းထျန်၏ မျက်နှာအမူအရာ တင်းမာသွားသည်။ ရှီခွန်းကို ရင်ဆိုင်ရသည်မှာ လွယ်ကူမည် မဟုတ်ကြောင်း သူ သိသည်။
ရှီခွန်း တိုက်ခိုက်မှု ထုတ်ဖော်လိုက်စဉ်က အော်ရာကို အခြေခံ၍ သူ လူများစွာကို သတ်ဖြတ်ခဲ့ဖူးကြောင်း သွမ့်လင်းထျန် သိနိုင်သည်။ သို့မဟုတ်ပါက အော်ရာက ဤမျှ သွေးညှီနံ့ နံနေမည် မဟုတ်ပေ။
သိုင်းနည်းစနစ်တွေနဲ့ နတ်ဘုရားစွမ်းရည်ကို ပေါင်းစပ်ထားတဲ့ သူ့ရဲ့ တိုက်ခိုက်မှုက အတော်လေး ကောင်းတာပဲ...
ရှီခွန်း၏ တိုက်ခိုက်မှုကို မြင်သောအခါ သွမ့်လင်းထျန်က စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သည်။
သွမ့်လင်းထျန်၏ လက်ရှိစွမ်းအားမှာ လွန်ခဲ့သော ခြောက်လကကဲ့သို့ မဟုတ်တော့ပေ။ ဤအချိန်အတွင်း သူ ဗဟုသုတများစွာ ရရှိခဲ့သည်။
အနီရောင်ဝတ် အဘိုးအို၏ တိုက်ခိုက်မှုမှာ အစွမ်းထက်သော်လည်း သွမ့်လင်းထျန်က မကြောက်ပေ။
ဘယ်လောက်တောင် အစွမ်းထက်တဲ့ တိုက်ခိုက်မှုလဲ...
လေထဲတွင် မလှုပ်မယှက် ရပ်နေရင်း သွမ့်လင်းထျန်က သူ့ဘာသာ ဆက်လက် တွေးတောနေသည်။
ဝှစ်...
ဘယ်အချိန်ကမှန်း မသိဘဲ ရိုးရှင်းပြီး ကြမ်းတမ်းစွာ ပြုလုပ်ထားပုံရသော ပေတံတစ်ချောင်းက သွမ့်လင်းထျန်၏ လက်ထဲတွင် ပေါ်လာသည်။ ၎င်းမှာ သွမ့်လင်းထျန်၏ အတိတ်ဘဝ ရှေးခေတ်က ကျောင်းသားများကို ဆုံးမရာတွင် ဆရာများ အသုံးပြုလေ့ရှိသည့် သာမန် ပေတံများနှင့် တူသည်။
ပေတံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန်၏ ခန္ဓာကိုယ်ထဲတွင် ဆူပွက်နေသော နေသူတော်စင်စွမ်းအင်များက ပေတံထဲသို့ ဝင်ရောက်သွားရာ ပေတံက တုန်ခါသွားသည်။
ထို့နောက် မြန်ဆန်ပြီး စူးရှသော အော်ရာလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သွမ့်လင်းထျန်နှင့် အနီးဆုံးတွင် ရပ်နေသော ရှီခွန်းကို ရိုက်ခတ်သွားသည်။ သွမ့်လင်းထျန်၏ လက်ထဲရှိ ပေတံမှ ထုတ်လွှတ်လိုက်သော အော်ရာ မည်မျှ ကြောက်စရာကောင်းကြောင်း ရှီခွန်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ၎င်းက သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။
သူ့ရဲ့ လက်နက်က ပေတံတစ်ချောင်းလား... ဒါ့ပြင် သူ့ရဲ့ အော်ရာက တကယ်ကို ကြောက်စရာကောင်းတယ်...
ဤအချိန်တွင် သူ၏ ရှေ့၌ ရပ်နေသော ၀တ်ရုံနက်လူမှာ အတုမဟုတ်ကြောင်း ရှီခွန်း ယုံကြည်သွားပြီ ဖြစ်သည်။
စင်္ကြ၀ဠာ ပြောင်းပြန်လှန်ခြင်း...
ရှီခွန်း၏ အတွေးများကို သတိမထားမိဘဲ သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။ သူသည် သူ၏ လက်ထဲရှိ စင်္ကြ၀ဠာပေတံကို စတင် လှုပ်ရှားလိုက်သည်။
သွမ့်လင်းထျန် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန်နှင့် ရှီခွန်းတို့ ရှိနေသော လေဟာနယ်မှာ ဂယက်ထကာ စတင် တုန်ခါလာသည်။
လူပေါ် ကြော့သူဌေးသားနှင့် သက်လတ်ပိုင်းအမျိုးသားတို့မှာ သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရှုရင်း လုံး၀ နစ်မြောနေကြသည်။
သူက တကယ်ပဲ ၀တ်ရုံနက်လူလား...
သွမ့်လင်းထျန်၏ လက်ထဲရှိ ပေတံကို သတိထားမိသည့်အချိန်ထိ လူပေါ် ကြော့သူဌေးသားက သံသယရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း သွမ့်လင်းထျန်၏ လှုပ်ရှားမှုများကို မြင်သောအခါ လွန်ခဲ့သော ခြောက်လက သူ ကြားခဲ့ရသည့် ကောလာဟလကို ပြန်လည် သတိရသွားသည်။
ဝတ်ရုံနက်လူသည် ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ကျောင်ကျန်းကို သတ်ခဲ့စဉ်ကလည်း သာမန်ဟု ထင်ရသော ပေတံတစ်ချောင်းကို အသုံးပြုခဲ့သည်။ သဘာ၀ကျကျပင် ပေတံက အတုဖြစ်နေနိုင်သေးသည်။ သို့သော်လည်း ဝတ်ရုံနက်လူ၏ တိုက်ခိုက်မှုမှ အော်ရာကိုမူ အတုလုပ်၍ မရနိုင်ပေ။
လူပေါ် ကြော့သူဌေးသား အံ့အားသင့်နေဆဲမှာပင် ဓားအော်သံတစ်ခုနှင့်အတူ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။
“အား...”
သွမ့်လင်းထျန်နှင့် အနီရောင်ဝတ် အဘိုးအိုတို့ ရှိနေသော လေဟာနယ် ဂယက်ထနေခြင်း စတင် ရပ်တန့်သွားသောအခါ လူပေါ် ကြော့သူဌေးသားသည် သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းကို မြင်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ မူလက ဖြူနုနေသော သူ၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားသည်။
လူပေါ် ကြော့သူဌေးသားမှာ ပြင်းထန်စွာ တုန်ယင်နေသည်ကို တွေ့မြင်နိုင်သည်။ ထို့ပြင် သူ၏ အနီးတွင် ရပ်နေသူများမှာ သေးနံ့ကိုပင် ရနိုင်ပေလိမ့်မည်။
လူပေါ် ကြော့သူဌေးသားမှာ အလွန် ကြောက်ရွံ့သွားသဖြင့် ဘောင်းဘီထဲ သေးထွက်ကျသွားခြင်း ဖြစ်သည်။
သူ ထိုမျှ ကြောက်ရွံ့သွားလောက်အောင် သူ ဘာကို မြင်လိုက်ရသနည်း...
အဝေးတွင် သွမ့်လင်းထျန်က တည်ငြိမ်သော မျက်နှာထားဖြင့် မလှုပ်မယှက် ရပ်နေသည်။ တစ်ချိန်တည်းမှာပင် စင်္ကြ၀ဠာပေတံကို သူ ပြန်သိမ်းထားပြီးပြီ ဖြစ်သည်။
သွမ့်လင်းထျန်၏ အနီးတွင် မကြာသေးမီကမှ မောက်မာစွာ ပြုမူနေခဲ့သော ရှီခွန်းမှာ နှစ်ပိုင်းပြတ်နေပြီ ဖြစ်သည်။
ဤအရာအားလုံးက အသက်ရှိုက်အနည်းငယ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ကျင့်ကြံမှုအခြေခံ စိန့်ကောင်းကင် တတိယပုံစံတွင် ရှိနေသော ရှီခွန်းကို သွမ့်လင်းထျန်သည် အသက်ရှိုက်အနည်းငယ်အချိန်အတွင်းမှာပင် သတ်ဖြတ်နိုင်ခဲ့သည်။
လူပေါ် ကြော့သူဌေးသား၏ အနောက်တွင် ရပ်နေသော သက်လတ်ပိုင်းအမျိုးသားသည် ခဏကြာမှ သတိပြန်ဝင်လာပြီးနောက် တုန်လှုပ်စွာပင့်သက်ရှိုက်လိုက်သည်။ ထိုအချိန်တွင် သူ သေးနံ့ ရလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ရွံရှာသွားသည့်အသွင်သို့ ပြောင်းလဲသွားသည်။ သူ၏ သခင်လေးက အလွန် ကြောက်ရွံ့သွားသဖြင့် ဘောင်းဘီထဲ သေးထွက်ကျသွားကြောင်း သူ သိလိုက်သည်။
လူပေါ် ကြော့သူဌေးသားပဲ ဖြစ်ဖြစ် သက်လတ်ပိုင်းအမျိုးသားပဲ ဖြစ်ဖြစ် သူတို့ နှစ်ယောက်စလုံး သွမ့်လင်းထျန်၏ စွမ်းအားကြောင့် တုန်လှုပ်သွားကြသည်။ အဆုံး၌ သူသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၃၁၃ နေရာ၌ ရှိနေသော ရှီခွန်းကို အသက်ရှိုက်အနည်းငယ်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်။ ၎င်းကို အခြေခံ၍ သူသည် စိန့်ကောင်းကင် စတုတ္ထပုံစံသို့ ချိုးဖျက်မဝင်ရောက်နိုင်သေးလျှင်တောင်မှ သူ၏ စွမ်းအားမှာ စိန့်ကောင်းကင် တတိယပုံစံ၏ အထွတ်အထိပ်တွင် ရှိနေမည် ဖြစ်သည်။
သိုင်းတာအိုသူတော်စင်နယ်မြေတွင် သန်မာသော စိန့်ကောင်းကင် တတိယပုံစံ အထွတ်အထိပ်အဆင့်စွမ်းအားရှင်များသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် ထိပ်ဆုံး ၂၀၀ အတွင်း၀င်သည်။
သို့သော်လည်း လူပေါ် ကြော့သူဌေးသားနှင့် သက်လတ်ပိုင်းအမျိုးသားတို့ မသိသော အရာတစ်ခု ရှိနေသေးသည်။
အနီရောင်ဝတ် အဘိုးအိုကို သတ်ဖြတ်ရန်အတွက် သွမ့်လင်းထျန်သည် အသက် တစ်ရှိုက် နှစ်ရှိုက်သာ အချိန်ယူလိုက်ရပြီး ကျန်သည့် အချိန်များကို အနီရောင်ဝတ် အဘိုးအို၏ ပင်ကိုဝိညာဉ်အမြစ်ကို ဝါးမျိုရန် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ယခင်က သွမ့်လင်းထျန်၏ နေသူတော်စင်စွမ်းအင်မှာ နေသူတော်စင်မူရင်းစွမ်းအင်နှင့် ညီမျှနေပြီ ဖြစ်သည်။ သို့သော်လည်း ဤခြောက်လအတွင်း သူ၏ ကြိုးစားပမ်းစား ကျင့်ကြံမှုနှင့် ပင်ကိုပါရမီတို့ကြောင့် သူသည် စိန့်ကောင်းကင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
သွမ့်လင်းထျန် စိန့်ကောင်းကင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ ဝိညာဉ်မှာ အသွင်ပြောင်းလဲသွားပြီး အခြားလူများ၏ ပင်ကိုဝိညာဉ်အမြစ်များကို စူးစမ်းရှာဖွေနိုင်သည့် စွမ်းရည်ကို ရရှိခဲ့သည်။ ဤအကြောင်းကြောင့် ယခုအခါတွင် သူသည် ပင်ကိုဝိညာဉ်အမြစ်များကို ပို၍ ထိရောက်စွာ ဝါးမျိုနိုင်ပြီ ဖြစ်သည်။ ပင်ကိုဝိညာဉ်အမြစ် တစ်ခုကို ဝါးမျိုရန် သူ အသက်တစ်ရှိုက် နှစ်ရှိုက်သာ အချိန်ယူရန် လိုတော့သည်။
“မင်းတို့ နှစ်ယောက်ကော...”
သွမ့်လင်းထျန်သည် မိန်းမောနေသည့် လူပေါ် ကြော့သူဌေးသားနှင့် သက်လတ်ပိုင်းအမျိုးသားတို့ဘက်သို့ လှည့်ကြည့်ကာ ဂရုမစိုက်သည့် လေသံဖြင့် မေးလိုက်သည်။
“မင်းတို့ နှစ်ယောက်ကော စမ်းကြည့်ချင်သေးလား”
မင်းတို့ နှစ်ယောက်ကော စမ်းကြည့်ချင်သေးလား.....
သွမ့်လင်းထျန်သည် အလွန် မောက်မာစွာ ပြုမူနေကြောင်း သံသယဖြစ်စရာမလိုပေ။ ၎င်းက လူပေါ် ကြော့သူဌေးသားကို ရင်ထဲ၌ ဒေါသများ ဆူပွက်သွားစေသည်။ သို့သော်လည်း သွမ့်လင်းထျန်၏ စွမ်းအားကို ပြန်လည် သတိရသွားသောအခါ သူ မည်မျှပင် ဒေါသထွက်နေပါစေ တိတ်ဆိတ်စွာသာ နေလိုက်သည်။
“ဆရာဝတ်ရုံနက်...”
တစ်ချိန်တည်းမှာပင် လူပေါ် ကြော့သူဌေးသား၏ အနောက်တွင် ရပ်နေသော သက်လတ်ပိုင်းအမျိုးသားက ရှေ့သို့ ထွက်လာပြီး သွမ့်လင်းထျန်ကို လက်သီးစုကာ ပြောလိုက်သည်။
“စောစောက ကျုပ် သခင်လေးရဲ့ မောက်မာမှုအတွက် တောင်းပန်ပါတယ်... ဆရာ၀တ်ရုံနက်ကို စော်ကားတဲ့ လူကို သတ်လိုက်ပြီဆိုတော့ ဆရာ၀တ်ရုံနက်ရဲ့ ကြင်နာမှုနဲ့ သခင်လေးကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
သက်လတ်ပိုင်းအမျိုးသား၏ စကားများက ရိုးသားကြောင်း သိသာသည်။
“ခင်ဗျား...”
သက်လတ်ပိုင်းအမျိုးသားက တောင်းပန်လိမ့်မည်ဟု လူပေါ် ကြော့သူဌေးသား မထင်ထားခဲ့ပေ။ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ တစ်ခုခု ပြောတော့မည့်အလား ပါးစပ်ဟလိုက်ချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းမှာ သက်လတ်ပိုင်းအမျိုးသားက လူပေါ် ကြော့သူဌေးသားထံသို့ အသံပို့လွှတ်ကာ အလျင်အမြန် စကားပြောလိုက်သောကြောင့် ဖြစ်သည်။
“သခင်လေး... သခင်လေး ဒေါသထွက်နေတယ်ဆိုတာ ကျုပ် သိပါတယ်... ဒါပေမဲ့ ဒါက သခင်လေး ဘယ်သူလဲဆိုတာကို ထုတ်ပြောရမဲ့ အချိန် မဟုတ်ဘူး... သခင်လေးသာ ပြောလိုက်ရင် ဝတ်ရုံနက်လူက နောင်တစ်ချိန်မှာ ပြဿနာ မဖြစ်လာအောင်လို့ ကျုပ်တို့ကို သေချာပေါက် သတ်ပစ်လိမ့်မယ်... ကျုပ်က ရှီခွန်းထက် ပိုသန်မာပေမဲ့ အများကြီးမဟုတ်ဘူး... ကျုပ် ဝတ်ရုံနက်လူရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်”