သက်လတ်ပိုင်းအမျိုးသား၏ အသံပို့လွှတ်မှုကို ကြားပြီးနောက် လူပေါ် ကြော့သူဌေးသားသည် စိတ်ထဲ၌ ဒေါသများ ပေါက်ကွဲနေသော်လည်း သူ မဆင်မခြင် မလှုပ်ရှားရဲပေ။
အဆုံး၌ ပညာရှိဟူသည်မှာ အခြေအနေ မပေးလျှင် မတိုက်ခိုက်ပါ... ဟူသည့် ဆိုရိုးစကား ရှိသည် မဟုတ်ပါလော...
လူပေါ် ကြော့သူဌေးသားသည် ၎င်းကို ကောင်းစွာ သိသည်။ သူ၏ နောက်ခံမှာ သာမန်မဟုတ်သော်လည်း လက်ရှိအချိန်တွင် သူ့ဘေး၌ ဝတ်ရုံနက်လူကို ရင်ဆိုင်နိုင်မည့်သူ မရှိပေ။ ယခုလောလောဆယ် သူ တိတ်တိတ်နေလိုက်တာက ပိုကောင်းသည်။
လောလောဆယ်တော့ မင်းကို မောက်မာခွင့် ပေးထားလိုက်မယ်... နောင်တစ်ချိန် မင်း ဒုစရိုက်မြို့တော်မှာ ရှိနေသေးရင် မင်းကို သေချာပေါက် သတ်ပစ်မယ်...
လူပေါ် ကြော့သူဌေးသားက ခေါင်းငုံ့ထားရင်း စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် မီးတောက်နေသည်။
သက်လတ်ပိုင်းအမျိုးသားက ဝတ်ရုံနက်လူကို ကြည့်ကာ ဆက်လက် အသံပို့လွှတ်လိုက်သည်။
“စောစောက ဝတ်ရုံနက်လူ သွားနေတဲ့ ဦးတည်ရာအရဆိုရင် သူလည်း ကျုပ်တို့လိုပဲ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက် ချန်ထားခဲ့တယ်လို့ ပြောကြတဲ့ ရတနာသိုက်ဆီကို သွားနေတာ ဖြစ်ရမယ်... အခုဆိုရင် ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တွေ အဲဒီကို ရောက်နေလောက်ပြီ... သူတို့နဲ့ တွေ့တဲ့အခါ ဝတ်ရုံနက်လူကို သတ်ပေးဖို့ ခေါင်းဆောင်ကို သခင်လေး တောင်းဆိုလို့ ရတယ်လေ”
သက်လတ်ပိုင်းအမျိုးသား၏ စကားများကို ကြားသောအခါ လူပေါ် ကြော့သူဌေးသား၏ မျက်လုံးများ လင်းလက်သွားသည်။
ဟုတ်တယ်...
ဘာလို့ သူ အဲဒါကို မတွေးမိခဲ့တာလဲ...
ဝတ်ရုံနက်လူ သွားနေသော ဦးတည်ရာအရ သူသည် စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ဦး ချန်ရစ်ခဲ့သော ရတနာသိုက်ဆီသို့ သွားနေသည်မှာ ထင်ရှားသည်။ သူ လိုရာခရီးကို ရောက်သည်နှင့် တစ်ပြိုင်နက် သူ့အတွက်နှင့် ရှီခွန်းအတွက် လက်စားချေပေးရန် ဝတ်ရုံနက်လူကို သတ်ပေးဖို့ သူ၏ ဖခင်ကို တောင်းဆိုနိုင်သည်။ သူ ဒုစရိုက်မြို့တော်သို့ ပြန်ရောက်သည်အထိ စောင့်နေစရာ မလိုတော့ပေ။
လူပေါ် ကြော့သူဌေးသားသည် ဤအကြောင်းကို တွေးမိသောအခါ သူခံပြင်းမနေတော့ပေ။ ထို့အစား သူ၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်ချင်စိတ်များ လင်းလက်လာသည်။
လူပေါ် ကြော့သူဌေးသားနှင့် သက်လတ်ပိုင်းအမျိုးသားတို့ နောက်ဆုတ်သွားသည်ကို မြင်သောအခါ သွမ့်လင်းထျန် ခနဲ့တဲ့တဲ့ ပြုံးရုံသာ ပြုံးလိုက်သည်။ သူတို့ကို သူ ဆက်လက် ပြဿနာ မရှာတော့ပေ။ သူ နောက်သို့ လှည့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
အဆုံး၌ သွမ့်လင်းထျန်တွင် သူ၏ ကိုယ်ပိုင် မူဝါဒများ ရှိသည်။ လူပေါ် ကြော့သူဌေးသားနှင့် အခြားတစ်ယောက်က နောက်ဆုတ်သွားပြီဖြစ်ရာ သဘာဝကျကျပင် အနီရောင်ဝတ် အဘိုးအိုကို တိုက်ခိုက်ခဲ့သကဲ့သို့ သူတို့ကို သူ တိုက်ခိုက်မည် မဟုတ်ပေ။
အဆုံး၌ ထိုလူနှစ်ယောက်က သူ့ကို မတိုက်ခိုက်ခဲ့ကြပေ။ သူ့ကို သတ်ရန် ရည်ရွယ်ထားပုံ မပေါ်သောကြောင့် သူတို့သည် သူ၏ သည်းခံနိုင်စွမ်း ကန့်သတ်ချက်ကို မကျော်လွန်ခဲ့ဟု ယူဆနိုင်သည်။
သွမ့်လင်းထျန် ထွက်ခွာတော့မည့် အချိန်တွင် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒီအတိုင်း ထွက်သွားမယ်ဆိုရင် ရတနာသိုက်ထဲက ရတနာတွေကို ရဖို့ မပြောနဲ့ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် ချန်ထားခဲ့တဲ့ ရတနာသိုက်ထဲကို ဝင်ဖို့တောင် အသက်ရှင်နိုင်မယ်လို့ ကျုပ် မထင်ဘူး”
စကားပြောလိုက်သူမှာ ဒုစရိုက်မြို့တော်ဘက်မှ လာနေသော လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူငယ်သည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ချောမောပြီး လောကီလူသားနှင့် မတူသော အသွင်အပြင် ရှိသည်။ သူ ထုတ်လွှတ်နေသော အော်ရာမှာ မွန်မြတ်သည်။ သူ၏ ငှက်မွေးယပ်တောင်နှင့် ပိုးပဝါကြောင့် သူသည် ပညာရှင်တစ်ဦးနှင့် တူသည်။
သူ၏ အနောက်တွင် အဘိုးအို တစ်ဦး ရပ်နေသည်။ အဘိုးအိုသည် အရပ်ရှည်ပြီး တောင့်တင်းသော ခန္ဓာကိုယ် ရှိသည်။ သူသည် ပညာရှင်နှင့်တူသော လူငယ်၏ နောက်မှ အရိပ်တစ်ခုကဲ့သို့ လိုက်ပါလာပြီး လူငယ်ကို ကာကွယ်ပေးနေကြောင်း ထင်ရှားသည်။
သွမ့်လင်းထျန်သည် ထိုစကား ကြားသောအခါ ပညာရှင်ကဲ့သို့ ဝတ်ဆင်ထားသော လူငယ်ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဘာလို့ အဲဒီလို ပြောတာလဲ”
တစ်ချိန်တည်းမှာပင် ပညာရှင်ကဲ့သို့ ဝတ်ဆင်ထားသော လူငယ်မှာ သွမ့်လင်းထျန်၏ ဘေးသို့ ရောက်ရှိလာသည်။ သူ ရပ်တန့်လိုက်ပြီး လူပေါ် ကြော့သူဌေးသားကို တမင် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“သခင်လေးအိုက ဘယ်သူလဲဆိုတာကို ခင်ဗျား မသိဘူးလို့ ကျုပ် ထင်တယ်”
ပညာရှင်ကဲ့သို့ ဝတ်ဆင်ထားသော လူငယ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူပေါ် ကြော့သူဌေးသား၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားသည်။ သူက ပညာရှင်ကဲ့သို့ ဝတ်ဆင်ထားသော လူငယ်ကို စူးရဲစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒုံကော်ကျိ... မင်း ဘာလုပ်နေတယ်လို့ ထင်နေတာလဲ”
လူပေါ် ကြော့သူဌေးသား၏ အနောက်တွင် ရပ်နေသော သက်လတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။
“သခင်လေး ဒုံကော်... စကားကို ဆင်ခြင်ပြောပါ...”
သူ၏ မျက်နှာအမူအရာ တင်းမာသွားသည်။ ဒုံကော်ကျိက ဝတ်ရုံနက်လူကို သူ၏ သခင်လေး မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြောလိုက်ပါက သူနှင့် သူ၏ သခင်လေး ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် ဟုတ်မဟုတ် မသေချာတော့ပေ။
ကံမကောင်းစွာဖြင့် ဒုံကောကျိက သူ့ကို စူးရဲစွာ စိုက်ကြည့်နေသော လူပေါ် ကြော့သူဌေးသားနှင့် သက်လတ်ပိုင်းအမျိုးသားတို့ကို လုံးဝ လျစ်လျူရှုထားသည်။ သူ ပါးစပ်ဟလိုက်ပြီး လူနှစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်လိုက်သည်။
“ဒီလူနှစ်ယောက်ထဲက တစ်ယောက်က ဒုစရိုက်မြို့တော်ရဲ့ သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့ရဲ့ သခင်လေးလေ... သူ့နာမည်က အိုချင်းတဲ့... နောက်တစ်ယောက်ကတော့ သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့က အကြီးအကဲ လုကျင်ပဲ... သူက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့် ၂၉၅ နေရာမှာ ရှိတယ်... စောစောက ခင်ဗျား သတ်လိုက်တဲ့ အဘိုးကြီးကတော့ သူ့နာမည်က ရှီခွန်းတဲ့... သူလည်း သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့က အကြီးအကဲ တစ်ယောက်ပဲ... သူက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့် ၃၁၃ နေရာမှာ ရှိတယ်”
သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့.....
ဒုံကော်ကျိ၏ စကားများကို ကြားသောအခါ သွမ့်လင်းထျန် မျက်လုံးများ မှေးကျဉ်းသွားသည်။
သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့သည် ဒုစရိုက်မြို့တော်ရှိ အသန်မာဆုံး မဟာမိတ်အဖွဲ့များထဲမှ တစ်ခု ဖြစ်သည်။ သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် အိုချန်းဟိုင်မှာ စိန့်ကောင်းကင် ဆဋ္ဌမပုံစံ စွမ်းအားရှင် တစ်ဦး ဖြစ်သည်။
“သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့ရဲ့ သခင်လေးလား... အိုချင်း...”
သွမ့်လင်းထျန်၏ အာရုံက အိုချင်းထံသို့ ချက်ချင်း ပြောင်းသွားသည်။
သွမ့်လင်းထျန်၏ အာရုံက သူ့ထံသို့ ပြောင်းလာသည်ကို အိုချင်း မြင်သောအခါ သူ၏ မျက်နှာထား မည်းမှောင်သွားသည်။
“ဆိုတော့ မင်းက သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့က ခေါင်းဆောင် အိုချန်းဟိုင်ရဲ့ သားပေါ့...”
သွမ့်လင်းထျန်က အေးစက်စွာ မေးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် သတိထားမှု အရိပ်အယောင်တစ်ခုကို မြင်တွေ့နိုင်သည်။
သွမ့်လင်းထျန်က မည်သို့ သတိမထားဘဲ နေနိုင်မည်နည်း...
အိုချန်းဟိုင်သည် စိန့်ကောင်းကင် ဆဋ္ဌမပုံစံ စွမ်းအားရှင် တစ်ဦး ဖြစ်သည်။ သူ၏ လက်ရှိစွမ်းအားဖြင့် သူ၏ စွမ်းရည်အားလုံးကို ချန်လှပ်မထားဘဲ အစွမ်းကုန် သုံးလျှင်တောင်မှ အိုချန်းဟိုင်၏ ပြိုင်ဘက် မဟုတ်သေးပေ။ အိုချန်းဟိုင်က သူ့ကို သတ်ချင်ပါက ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်ရသကဲ့သို့ လွယ်ကူသည်။
“ဟုတ်တယ်... ကျုပ်က အိုချန်းဟိုင်ရဲ့သား သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့ရဲ့ သခင်လေးပဲ...”
သွမ့်လင်းထျန်၏ အမေးကို အိုချင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် သူ၏ ဝတ်ရုံထဲသို့ လက်နှိုက်ကာ တာအိုအဆောင်စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်သည်။
“ဒါက ကျုပ်အဖေ ကျုပ်ကို ပေးထားတဲ့ အသေးစား ကြေးမုံပုံရိပ် အဆောင်စာရွက်ပဲ... မင်း ကျုပ်ကို သတ်ရင် ကျုပ်အဖေ သိသွားအောင် ကျုပ်ဒါကို သုံးလိုက်မယ်...မင်း ကျုပ်ကို သတ်လိုက်တယ်ဆိုတာ ကျုပ်အဖေ သိသွားရင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ မင်း သိသင့်တယ်... မင်း သေချာပေါက် သေရလိမ့်မယ်...”
အိုချင်း စကားပြောသောအခါ သူ၏ အသံမှာ အေးစက်နေသည်။
အသေးစား ကြေးမုံပုံရိပ် အဆောင်စာရွက်ကို နှစ်ပိုင်း ဆုတ်ဖြဲလိုက်သည်နှင့် တစ်ပြိုင်နက် အသက်ဝင်လာမည် ဖြစ်သည်။
အကယ်၍ အိုချင်းက ၎င်းကို ဆုတ်ဖြဲလိုက်ပါက အသေးစား ကြေးမုံပုံရိပ် အဆောင်စာရွက်က ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို မှတ်တမ်းတင်ပြီး အကြီးစား ကြေးမုံပုံရိပ် အဆောင်စာရွက် ကိုင်ဆောင်ထားသူထံသို့ ပေးပို့မည် ဖြစ်သည်။
အိုချင်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဒုံကော်ကျိက မျက်ခုံးပင့်ကာ လုကျင်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
“လုကျင်... ဒါက ခင်ဗျား သခင်လေးအိုကို လုပ်ခိုင်းလိုက်တာလား”
ဒုံကော်ကျိ၏ အမြင်တွင် အိုချင်းကဲ့သို့ လူပေါ် ကြော့သူဌေးသားက ဤမျှ မပါးနပ်ပေ။
လုကျင်က ဒုံကော်ကျိ၏ အမေးကို လုံးဝ လျစ်လျူရှုထားသည်။
“ခင်ဗျား နှုတ်ပိတ်နေရင်တောင်မှ သခင်လေးအိုရဲ့ ဉာဏ်ရည်နဲ့ ဆရာဝတ်ရုံနက်ကို ခြိမ်းခြောက်ဖို့ ဒီလိုနည်းလမ်းမျိုးကို ဘယ်တော့မှ စဉ်းစားမိမှာ မဟုတ်ဘူးဆိုတာ ကျုပ် သိတယ်”
လုကျင်က သူ့ကို လျစ်လျူရှုထားသော်လည်း ဒုံကော်ကျိက ဆက်ပြောလိုက်သည်။ သူက မီးလောင်ရာ လေပင့်နေသကဲ့သို့ပင်ဖြစ်သည်။
ဒီဒုံကော်ကျိက သာမန် မဟုတ်ဘူး... သူက ငါ့ကို ကူညီနေပုံရပေမဲ့ အိုချင်းကို သတ်ဖို့ ငါ့ကို အသုံးချဖို့ ကြိုးစားနေတာ သိသာတယ်.....
သွမ့်လင်းထျန်က မတုံးပေ။ ဒုံကော်ကျိ၏ ရည်ရွယ်ချက်ကို သူ ကောင်းကောင်း မြင်နိုင်သည်။
ဒုံကော်ကျိ... သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့အပြင် ဒုစရိုက်မြို့တော်မှာ တခြား အစွမ်းထက်တဲ့ မဟာမိတ်အဖွဲ့ နှစ်ခု ရှိသေးတယ်... ထာဝရ မဟာမိတ်အဖွဲ့နဲ့ နှစ်တစ်ထောင် မဟာမိတ်အဖွဲ့ပဲ.....
ဒုစရိုက်မြို့တော်ရှိ အသန်မာဆုံး မဟာမိတ်အဖွဲ့ သုံးခုနှင့် ပတ်သက်၍ သူ သိရှိထားသော အချက်အလက်များကို သွမ့်လင်းထျန် ပြန်လည် စဉ်းစားလိုက်သည်။
နှစ်တစ်ထောင် မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က ဒုံကော်ယီ ဖြစ်ပုံရတယ်... ဒုံကော်ကျိက နှစ်တစ်ထောင် မဟာမိတ်အဖွဲ့က ဖြစ်ဖို့ များတယ်... ဒါ့ပြင် သူက ရာထူးမြင့်တဲ့သူ ဖြစ်ရမယ်... မဟုတ်ရင် ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားရှင်က သူ့ကို ကာကွယ်ပေးထားမှာ မဟုတ်ဘူး.....
ဒုံကော်ကျိ လှုပ်ရှားမှု ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် သူ့နောက်မှ လိုက်လာသော အဘိုးအိုသည်လည်း လှုပ်ရှားမှု ရပ်တန့်သွားသည်။ အဘိုးအိုသည် သူ၏ မျက်လုံးများကို မှိတ်ထားပြီး အနားယူနေပုံရသည်။ အစမှ အဆုံးတိုင်အောင် သူသည် တိတ်ဆိတ်စွာသာ နေနေသည်။
သို့တိုင်အောင် အဘိုးအို ထုတ်လွှတ်နေသော အန္တရာယ်ရှိသည့် အော်ရာကို သွမ့်လင်းထျန် ခံစားနိုင်သည်။ အနည်းဆုံးတော့ သူသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် ထိပ်ဆုံး ၃၀၀ အတွင်း၌ ရှိသော လုကျင်ထက် အများကြီး ပို၍ အန္တရာယ်များသည်။
“စိန့်ကောင်းကင် စတုတ္ထပုံစံ...”
ဒုံကော်ကျိ၏ အနောက်တွင် ရပ်နေသော အဘိုးအိုအကြောင်း သွမ့်လင်းထျန် မေးလိုက်သောအခါ အကြီးအကဲဟော်က ချက်ချင်း ဖြေလိုက်သည်။
ဤအကြောင်းကြောင့် နှစ်တစ်ထောင် မဟာမိတ်အဖွဲ့တွင် ဒုံကော်ကျိ၏ ရာထူးမှာ အတော်လေး မြင့်မားရမည်ဟု သွမ့်လင်းထျန် ကောက်ချက်ချလိုက်သည်။ တကယ်တော့ သူသည် နှစ်တစ်ထောင် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဒုံကော်ယီ၏ သား ဖြစ်နိုင်ခြေ အတော်များသည်။
သွမ့်လင်းထျန်သည် ဒုံကော်ကျိကို တစ်ချက်ကြည့်လိုက်ပြီးနောက် အိုချင်းဘက်သို့ လှည့်ကာ အေးစက်စွာ မေးလိုက်သည်။
“ ငါ အခု မင်းကို မသတ်ရင် မင်းအဖေက ငါ့ကို အလွတ်ပေးမယ်လို့ ဆိုလိုတာလား”
သွမ့်လင်းထျန်၏ အမေးကို ကြားသောအခါ အိုချင်း အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လုကျင်က သူ့ကို တို့လိုက်သောအခါ အလျင်အမြန် ဖြေလိုက်သည်။
“ဒါပေါ့... မင်း ကျုပ်ကို လွှတ်ပေးသရွေ့ ဒီနေ့ ဖြစ်ခဲ့တာတွေကို ကျုပ်အဖေကို မပြောဘူးလို့ မိုးကြိုးပြစ်ဒဏ် ကျိန်ရဲတယ်... ဒီအကြောင်းကို ကျုပ်အဖေ မသိရင် မင်းကို ပြဿနာ ရှာစရာ အကြောင်းမရှိဘူးလေ”
အိုချင်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန် တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်မီ သူ၏ လက်ချောင်းကို အလျင်အမြန် ဖောက်ကာ မိုးကြိုးပြစ်ဒဏ် ကျိန်ဆိုလိုက်သည်။
အိုချင်း၏ ကျိန်ဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် မိုးချုန်းသံ ကိုးချက် လေထုထဲတွင် ထွက်ပေါ်လာသောအခါ ဒုံကော်ကျိက ရယ်မောလိုက်သည်။
“ဒုံကော်ကျိ... မင်း ဘာ ရယ်နေတာလဲ”
အိုချင်း ရှက်ပြီး အနည်းငယ် ဒေါသထွက်သွားသည်။
“ဘာမှ မဟုတ်ပါဘူး... မင်းရဲ့ အစီအစဉ် ကျရှုံးသွားတာကို တွေးပြီး ရယ်နေတာပါ... မင်းက ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မင်းအဖေကို မပြောဘူးလို့ပဲ ကျိန်ခဲ့တာလေ... ဒါပေမဲ့ မင်းက ဒုခေါင်းဆောင်တွေ ဒါမှမဟုတ် သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့က တခြားလူတွေကိုတော့ ပြောပြလို့ ရတယ် မလား... သူတို့က မင်းအဖေကို ဒီအကြောင်း ပြောပြလိုက်ရင် မင်းအဖေက ဆရာဝတ်ရုံနက်ကို ပြဿနာ လာရှာဦးမှာပဲ မဟုတ်လား”
ဒုံကော်ကျိ ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီးနောက် ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
“မိုးကြိုးပြစ်ဒဏ်ကျိန်တဲ့ အချိန်မှာတောင် မင်းက မရိုးသားဘူးပဲ”
ဒုံကော်ကျိက သူ၏ အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ချလိုက်လိမ့်မည်ဟု အိုချင်း မထင်ထားခဲ့ပေ။ သူ အရှက်ရသွားသောကြောင့် ချက်ချင်း ဒေါသထွက်သွားသည်။ သို့သော်လည်း သွမ့်လင်းထျန်၏ အကြည့်က ပို၍ အေးစက်သွားပုံရသည်ကို သူ သတိထားမိလိုက်သောအခါ ဤနေ့တွင် ဖြစ်ပျက်ခဲ့သမျှကို မည်သူ့ကိုမျှ မပြောပြပါဟု နောက်ထပ် မိုးကြိုးပြစ်ဒဏ်တစ်ခုအလျင်အမြန် ကျိန်ဆိုလိုက်သည်။
အိုချင်း၏ အနောက်တွင် ရပ်နေသော လုကျင်ပင်လျှင် အတုခိုးကာ ကျိန်ဆိုလိုက်သည်။
အိုချင်းနှင့် လုကျင်တို့၏ လျင်မြန်သော လုပ်ရပ်များကို မြင်သောအခါ ဒုံကော်ကျိမှာ မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း အလျင်အမြန် မျက်မှောင်ကြုတ် ပြေသွားသည်။ သူသည် သွမ့်လင်းထျန်ဘက်သို့ လှည့်ကြည့်ကာ ပြုံးပြီး မေးလိုက်သည်။
“ဆရာဝတ်ရုံနက်... သူတို့ မိုးကြိုးပြစ်ဒဏ်ကျိန်ပြီးသွားတော့ ခင်ဗျားစိတ်သက်သာရာ ရသွားပြီလား”
သွမ့်လင်းထျန် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းနဲ့ မင်းအနောက်က လူလည်း ကျိန်သင့်တယ်”
သွမ့်လင်းထျန်၏ စကားကို ကြားသောအခါ ဒုံကော်ကျိ အံ့အားသင့်သွားသည်။ သွမ့်လင်းထျန်က သူ့ကို မိုးကြိုးပြစ်ဒဏ် ကျိန်ခိုင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သွမ့်လင်းထျန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဒုံကော်ကျိ၏ အနောက်တွင် ရပ်နေသော အဘိုးအိုသည် ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်ကာ သွမ့်လင်းထျန်ကို ကြည့်လိုက်သည်။ ၎င်းက သွမ့်လင်းထျန်ကို သတိပေးခြင်း ဖြစ်ကြောင်း သိသာသည်။