ဒုံကော်ကျိက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူ ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ၏ မှုန်ကုပ်နေသော မျက်နှာအမူအရာက ပျောက်ကွယ်သွားသည်။ သူသည် သွမ့်လင်းထျန်ကို ကြည့်ကာ မေးလိုက်သည်။
“ဆရာဝတ်ရုံနက်... ကျုပ်က ဆရာဝတ်ရုံနက်ကို သစ္စာဖောက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အစကတည်းက သတိပေးဖို့ လိုသေးလို့လား... ကျုပ် ဒီနားမှာ ပုန်းနေတာ အတန်ကြာပြီဆိုတာကို ဆရာဝတ်ရုံနက် သတိထားမိမှာပါ”
သူ၏ မျက်လုံးအိမ်အတွင်းထဲ၌ သွမ့်လင်းထျန်ကို ရည်ရွယ်သော သတ်ဖြတ်ချင်စိတ် အရိပ်အယောင်တစ်ခု ရှိနေသည်။
သတ်ဖြတ်ချင်စိတ်က ခဏလေးသာ ပေါ်လာခဲ့ခြင်းဖြစ်သော်လည်း သွမ့်လင်းထျန်သည် သူ၏ အံ့မခန်း အကဲခတ်နိုင်စွမ်းဖြင့် သတိထားမိလိုက်သည်။ ၎င်းကို အခြေခံ၍ ဒုံကော်ကျိ၏ ရည်ရွယ်ချက်မှာ မရိုးသားကြောင်း သူ သေချာသွားသည်။
“ငါ မမှားဘူးဆိုရင်...”
သွမ့်လင်းထျန်သည် ဒုံကော်ကျိကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက နှစ်တစ်ထောင် မဟာမိတ်အဖွဲ့က ဖြစ်ရမယ် မဟုတ်လား... မင်းက စေတနာနဲ့ သတိပေးနေပုံရပေမဲ့ တကယ်တမ်းကျတော့ အိုချင်းကို သတ်ဖို့ ငါ့လက်ကို ငှားချင်နေတာပဲ”
သွမ့်လင်းထျန်၏ စကားများကို ကြားသောအခါ ဒုံကော်ကျိ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီး နေရထိုင်ရ ခက်သွားသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရာအားလုံး ပျောက်ကွယ်သွားသည်။ သူ ပြန်လည် တည်ငြိမ်သွားပြီး အေးဆေးသော ပုံစံပြန်ဖြစ်သွားသည်။
သို့သော်လည်း သွမ့်လင်းထျန်သည် ဒုံကော်ကျိ၏ တုံ့ပြန်မှုကို မြင်တွေ့လိုက်ရပြီဖြစ်ရာ မည်သို့ပင် ဖုံးကွယ်နေပါစေ အလဟဿသာ ဖြစ်သည်။
ဤဘဝတွင် ကိစ္စရပ်များစွာကို ကြုံတွေ့ခဲ့ရပြီးနောက် သွမ့်လင်းထျန်က အလွန် သတိရှိလာခဲ့သည်ဟူသော အချက်ကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ၏ အတိတ်ဘဝက လက်နက်အထူကျွမ်းကျင်သူ တစ်ဦး ဖြစ်ခဲ့ခြင်းက သူ့ကို အလွန် ပါးနပ်စေခဲ့သည်။
“ခင်ဗျား အရမ်း တွေးလွန်နေတယ်လို့ မထင်ဘူးလား”
ဒုံကော်ကျိက သွမ့်လင်းထျန်အပေါ် မည်သည့် အန္တရာယ်မျှ မပြုလိုသည့်အလား အပြစ်ကင်းစင်သော မျက်နှာထားဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
ကံမကောင်းစွာဖြင့် ဒုံကော်ကျိက မည်မျှပင် ခင်မင်ရင်းနှီးဟန် ဆောင်နေပါစေ သွမ့်လင်းထျန်ကို လှည့်စားရန်မှာ မဖြစ်နိုင်ပေ။
“ဆရာဝတ်ရုံနက်...”
ဤအချိန်တွင် အိုချင်း၏ အနောက်၌ ရပ်နေသော လုကျင်က သွမ့်လင်းထျန်ကို ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“ဒီဒုံကော်ကျိက နှစ်တစ်ထောင် မဟာမိတ်အဖွဲ့ရဲ့ သခင်လေးပါ... နှစ်တစ်ထောင် မဟာမိတ်အဖွဲ့က သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့နဲ့ အမြဲတမ်း ပဋိပက္ခ ဖြစ်နေကြတာ... သူက ညစ်ပတ်တဲ့အလုပ်လုပ်ဖို့ ဆရာဝတ်ရုံနက်ရဲ့ လက်ကို ငှားဖို့ ကြိုးစားနေတာ အသေအချာပဲ”
လုကျင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဒုံကော်ကျိက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
“ညစ်ပတ်တဲ့ အလုပ် လုပ်ဖို့ လက်ငှားတယ် ဟုတ်လား... အိုချင်းက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတဲ့ အချက်ကို ဘေးဖယ်ထားလိုက်ဦး... သေသွားတဲ့ ရှီခွန်းနဲ့ ခင်ဗျားနဲ့ ပူးပေါင်းရင်တောင်မှ ခင်ဗျားတို့ နှစ်ယောက်စလုံးက ကျုပ်ဘေးမှာရှိတဲ့ အကြီးအကဲဝမ်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာမို့လို့လား”
အကြီးအကဲ၀မ်သည် သူ၏ အနောက်တွင် ရပ်နေသော အဘိုးအိုဖြစ်ကြောင်း ထင်ရှားသည်။
“မင်း ပြောတာ မှန်ပါတယ်... ငါက ရှီခွန်းနဲ့ ပူးပေါင်းရင်တောင်မှ အကြီးအကဲဝမ်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး”
လုကျင်က ဒုံကော်ကျိ၏ အနောက်တွင် ရပ်နေသော အဘိုးအိုကို စိုးရိမ်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါပေမဲ့ မင်းနဲ့ အကြီးအကဲဝမ်က ငါတို့ကို တိုက်ခိုက်ရဲလို့လား... တကယ်လို့ မင်းတို့ ငါတို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရင် ဒီနေရာမှာ ဖြစ်ပခဲ့သမျှက အသေးစား ကြေးမုံပုံရိပ် အဆောင်စာရွက်ကနေတစ်ဆင့် သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဆီကို ရောက်သွားလိမ့်မယ်... အဲဒီအချိန်ကျရင် သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့က နှစ်တစ်ထောင် မဟာမိတ်အဖွဲ့ကို မဖြိုခွင်းရမချင်း အနားယူမှာ မဟုတ်ဘူး... တကယ်လို့ ဒါမျိုး ဖြစ်လာရင် ထာဝရ မဟာမိတ်အဖွဲ့ကပဲ အကျိုးအမြတ် ရသွားလိမ့်မယ်... သခင်လေးဒုံကော်... ငါ့လို ကြမ်းကြမ်းတမ်းတမ်း လူတစ်ယောက်တောင် အဲဒါကို သိသေးတာပဲ... မင်းလို လူမျိုးက မသိဘဲ နေပါ့မလား”
လုကျင်၏ စကားများက ဒုံကော်ကျိအတွက် ငြင်းခုံစရာ နေရာမကျန်တော့ရာ သူ၏ မျက်နှာထား ပို၍ မှုန်ကုပ်သွားသည်။
လုကျင်သည် ဒုံကော်ကျိကို ဤအတိုင်း အလွတ်ပေးရန် အစီအစဉ် မရှိပေ။ သူက ဆက်ပြောလိုက်သည်။
“ဆရာဝတ်ရုံနက်... ကျုပ်နဲ့ သခင်လေး ကျိန်ခဲ့တဲ့ မိုးကြိုးပြစ်ဒဏ်မှာ ဘာဟာကွက်မှ မရှိတော့ဘူးဆိုတော့ ဒီနေ့ ဖြစ်ခဲ့တာတွေကို ကျုပ်တို့ ဖြန့်လိုက်မှာကို ဆရာဝတ်ရုံနက် စိုးရိမ်စရာ အကြောင်းမရှိတော့ပါဘူး... ဒါပေမဲ့ ပြဿနာရှာချင်နေတဲ့ နှစ်တစ်ထောင် မဟာမိတ်အဖွဲ့က သခင်လေး ဒုံကော်ကျိကတော့ ဒီနေ့ ကိစ္စကို ဒီအတိုင်း ထားလိုက်မှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် သူသာ ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဖြန့်လိုက်ရင် ဆရာဝတ်ရုံနက်က သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့ရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်... သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့က လူအများကြီး ဆရာဝတ်ရုံနက်ရဲ့ လက်ချက်နဲ့ သေရလိမ့်မယ်ဆိုတာ ကျုပ် သံသယမရှိပါဘူး... သူကတော့ အများကြီး အကျိုးအမြတ် ရသွားပြီး ဘာမှ ဆုံးရှုံးရမှာ မဟုတ်ဘူး... တကယ်လို့ သူသာ မိုးကြိုးပြစ်ဒဏ် မကျိန်ချင်ဘူးဆိုရင် သူ့ကိုရော သူ့နောက်က လူကိုပါ သတ်ပစ်ဖို့ ကျုပ် အကြံပြုပါရစေ”
အလားတူစွာပင် လုကျင်သည် သွမ့်လင်းထျန်ကို ကူညီနေပုံရသော်လည်း ဒုံကော်ကျိကဲ့သို့ပင် ဖြစ်သည်။ သူက သွမ့်လင်းထျန်ကို အခြားလူနှစ်ယောက်အား သတ်ဖြတ်ရန် သွေးထိုးနေခြင်း ဖြစ်သည်။ သဘာဝကျကျပင် လုကျင်၌လည်း သံသယများ ရှိနေသည်။ သွမ့်လင်းထျန်၏ ကျင့်ကြံမှုအခြေခံမှာ စိန့်ကောင်းကင် စတုတ္ထပုံစံ သို့မဟုတ် ထို့ထက် ပိုမြင့်မားခြင်း ရှိမရှိကို သူ မသေချာပေ။
သွမ့်လင်းထျန်သည် သူ့ထက် ပိုအစွမ်းထက်ကြောင်းကိုသာ လုကျင် သိထားရာ သွမ့်လင်းထျန်သည် စိန့်ကောင်းကင် တတိယပုံစံ၏ အထွတ်အထိပ် သို့မဟုတ် စိန့်ကောင်းကင် စတုတ္ထပုံစံ စွမ်းအားရှင် တစ်ဦး ဖြစ်နိုင်ပေသည်။
လုကျင်သည် သွမ့်လင်းထျန်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“သခင်လေးဒုံကော်ရဲ့ အနောက်မှာ ရပ်နေတဲ့ အကြီးအကဲဝမ်က နှစ်တစ်ထောင် မဟာမိတ်အဖွဲ့က အဆင့်မြင့်အကြီးအကဲတွေထဲက တစ်ယောက်ပါ... သူ့နာမည်က ဝမ်တိန့်ရှန်းပါ... သူက စိန့်ကောင်းကင် စတုတ္ထပုံစံ စွမ်းအားရှင် တစ်ယောက်ဖြစ်ပြီးတော့ အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့် ၁၅၆ နေရာမှာ ရှိပါတယ်”
လုကျင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဒုံကော်ကျိကို ကာကွယ်ပေးနေသော စွမ်းအားရှင်၏ စွမ်းအားကို ထုတ်ဖော်လိုက်ပြီးနောက် သွမ့်လင်းထျန်၏ တုံ့ပြန်မှုကို ဖမ်းမိရန် သွမ့်လင်းထျန်ကို စူးစိုက်ကြည့်နေလိုက်သည်။
သို့သော်လည်း လုကျင် အလျင်အမြန် စိတ်ပျက်သွားသည်။ အကြောင်းမှာ ခေါင်းစွပ်ဖြင့် ဖုံးကွယ်ထားသော ဝတ်ရုံနက်လူ၏ မျက်နှာကို သူ မြင်တွေ့ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ဒါပေမဲ့ ဝမ်တိန့်ရှန်းအကြောင်း ငါ ပြောပြတဲ့ အချိန်မှာတောင် သူ နည်းနည်းလေးမှ မတုန်လှုပ်သွားဘူး... ဆိုလိုတာက သူက ဝမ်တိန့်ရှန်းကို မကြောက်ဘူးပေါ့...
လုကျင်က စိတ်ထဲမှ တွေးလိုက်သည်။ သို့သော်လည်း သူ မသေချာပေ။
အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့် ၁၅၆ လား.....
လုကျင်၏ စကားများကို ကြားသောအခါ သွမ့်လင်းထျန် အာရုံလွင့်သွားကြောင်း မည်သူကမျှ မသိခဲ့ကြပေ။ အထက်ပိုင်းပြည်နယ်နှင့် မီးပူဇော်ခြင်းဂိုဏ်းသို့ သူ ပထမဆုံး ရောက်ရှိခဲ့စဉ်က အချိန်ကို သူ ပြန်တွေးမိသွားခြင်း ဖြစ်သည်။
လိပ်နက်ပရ၀ဏ်က ပထမ ငွေမီးလျှံအကြီးအကဲ လီအန်းက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့် ၁၃၉ ဆိုတာကို ငါ မှတ်မိတယ်.....
မီးပူဇော်ခြင်းဂိုဏ်း၏ ငွေမီးလျှံအကြီးအကဲ လီအန်း၏ အဆင့်မှာ ဝမ်တိန့်ရှန်း၏ အဆင့်နှင့် အတော်လေး နီးကပ်သည်။
အဲဒီတုန်းက လီအန်းရဲ့ အရှေ့မှာ ငါက ပုရွက်ဆိတ်တစ်ကောင်လိုပဲ... ငါ အခုချိန်အထိ အသက်ရှင်နိုင်ဖို့အတွက် မီးပူဇော်ခြင်းဂိုဏ်းရဲ့ စည်းမျဥ်းတွေကို အားကိုးခဲ့ရတာ... ဒါပေမဲ့ အခုတော့ ငါ လီအန်းကို မကြောက်တော့ဘူး...
သွမ့်လင်းထျန်က ယုံကြည်မှုအပြည့်ဖြင့် စိတ်ထဲမှ တွေးလိုက်သည်။
ခဏအကြာတွင် သွမ့်လင်းထျန် သတိပြန်ဝင်လာပြီး လုကျင်ကို ဂရုမစိုက်သည့် လေသံဖြင့် မေးလိုက်သည်။
“မင်းလည်း သူ့ကို သတ်ဖို့ ငါ့လက်ကို ငှားချင်နေတာပဲကို”
သွမ့်လင်းထျန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်အဓိပတိရတနာဖြစ်သော စင်္ကြဝဠာပေတံမှာ သူ၏ လက်ထဲတွင် ပေါ်လာပြီး သူ၏ အင်္ကျီလက်အောက်၌ ဝှက်ထားလိုက်သည်။ ဤအရာကို မည်သူကမျှ သတိမထားမိကြပေ။
နောက်တစ်ခဏ၌...
ဝှစ်...
လုကျင် မတုံ့ပြန်နိုင်မီ သွမ့်လင်းထျန်က သူ၏ အရှေ့သို့ ရောက်ရှိလာသည်။
“စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်း...”
မျက်စိတစ်မှိတ်အတွင်းမှာပင် သွမ့်လင်းထျန်သည် သူ၏ အင်္ကျီလက်အောက်၌ ဖုံးကွယ်ထားသော စင်္ကြဝဠာပေတံကို ကိုင်ထားသည့် လက်ကို မြှောက်လိုက်သည်။
ချက်ချင်းပင် သွမ့်လင်းထျန် ရှိနေသော နေရာလေဟာနယ်မှာ ဂယက်ထကာ ပုံပျက်လာသည်။ အနည်းဆုံးတော့ အိုချင်း၊ ဒုံကော်ကျိနှင့် ဝမ်တိန့်ရှန်းတို့အတွက် ဤသို့ မြင်တွေ့ရခြင်း ဖြစ်သည်။
ဘုန်း...
နောက်တစ်ခဏ၌ သူတို့ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီး ပုံပျက်နေသော နေရာလေဟာနယ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် လုကျင်သည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ နောက်သို့ လွင့်စင်သွားသည်ကို သူတို့ မြင်လိုက်ရသည်။ လမ်းတစ်ဝက်တွင် သူ သွေးများ အန်ထုတ်လိုက်ရသည်။ သူသည် အလွန် သနားစရာကောင်းသော အသွင်အပြင် ရှိနေသည်။
ပေါက်ကွဲသံမှာ ဝတ်ရုံနက်လူ၏ စွမ်းအားက လုကျင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့် အသံဖြစ်ကြောင်း ထင်ရှားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၉၅ နေရာ၌ ရှိနေသော လုကျင်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။
အစွမ်းထက်လိုက်တာ.....
အိုချင်းနှင့် ဒုံကော်ကျိတို့ ရင်ထဲ၌ တုန်လှုပ်သွားကြပြီး ဝမ်တိန့်ရှန်း၏ မျက်လုံးများတွင်မူ သတိထားသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။
နေရာလေဟာနယ်ကို ဂယက်ထကာ ပုံပျက်သွားစေသည်မှာ နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်မည်ဟု ဝမ်တိန့်ရှန်း ထင်လိုက်သည်။ သို့သော်လည်း သူက ၎င်းကို လုံးဝ သေချာမြင်နိုင်ခြင်း မရှိခဲ့ပေ။
သူက မည်သို့ သတိမထားဘဲ နေနိုင်တော့မည်နည်း....
လုကျင်ကို ဒဏ်ရာရစေပြီးနောက် သွမ့်လင်းထျန်သည် ဒုံကော်ကျိထံသို့ အကြည့်ပြောင်းလိုက်ပြီး ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
“သူတို့လိုပဲ မိုးကြိုးပြစ်ဒဏ် ကျိန်မလား ဒါမှမဟုတ် သေမလား”
သွမ့်လင်းထျန်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း ‘သေမလား’ ဟူသော စကားလုံးကို အလေးပေး ပြောဆိုခဲ့သည်။
ဒုံကော်ကျိ၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားသည်။
ဒုံကော်ကျိနှင့် ဝမ်တိန့်ရှန်းတို့၏ မျက်နှာများ မည်းတက်သွားသည်။ ဝမ်တိန့်ရှန်းသည် သွမ့်လင်းထျန်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည့်အလား ရှေ့သို့ ကိုင်းလိုက်သည်။ သို့သော်လည်း ဒုံကော်ကျိက သူ့ကို တားလိုက်သည်။
“အကြီးအကဲဝမ်... လောလောဆယ်တော့ သည်းခံလိုက်ပါ... ဝတ်ရုံနက်လူအကြောင်း ကျုပ်တို့ ဘာမှ မသိသေးဘူး... အကြီးအကဲဝမ် မဆင်မခြင်တိုက်ခိုက်လိုက်ရင် သူ့ကို စော်ကားမိသလို ဖြစ်သွားနိုင်တယ်... သူက အကြီးအကဲဝမ်ထက် ပိုအစွမ်းထက်နေရင် ကျုပ်တို့ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး”
ဒုံကော်ကျိက ဝမ်တိန့်ရှန်းထံသို့ အသံပို့လွှတ်လိုက်သည်။
“လောလောဆယ် ကျုပ်တို့ သူ ပြောတဲ့အတိုင်း လုပ်ကြတာပေါ့... ကျုပ် အဖေနဲ့ တွေ့ပြီးမှ သူ့ကို ရှင်းရင်လည်း အချိန်မနှောင်းသေးပါဘူး... ကျုပ်တို့ မြင်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောဘူးလို့ပဲ ကျိန်ရမှာလေ... နောက်ကျမှ သူ့ကို ပြဿနာ သွားမရှာဘူးလို့ ကျိန်ရမှာမှ မဟုတ်တာ”
၎င်းကို အခြေခံ၍ ဒုံကော်ကျိမှာ ပါးနပ်ပြီး သတိရှိသော လူတစ်ယောက် ဖြစ်ကြောင်း သိသာသည်။
ဒုံကော်ကျိက ဝမ်တိန့်ရှန်းကို အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့သည်။ အဆုံး၌ ဝမ်တိန့်ရှန်းသည်လည်း သွမ့်လင်းထျန်ကို အနိုင်ယူနိုင်ဖို့ မသေချာပေ။ သွမ့်လင်းထျန်၏ ယုံကြည်မှုက သူ့ကို သတိရှိ စေခဲ့သည်။
“ခင်ဗျား ဆန္ဒအတိုင်းပါပဲ”
ထို့နောက် ဒုံကော်ကျိနှင့် ဝမ်တိန့်ရှန်းတို့သည် ယနေ့ သူတို့ မြင်တွေ့ခဲ့ရသည်များကို မည်သူ့ကိုမျှ မပြောပြပါဟု မိုးကြိုးပြစ်ဒဏ် ကျိန်ဆိုလိုက်ကြသည်။ သို့မဟုတ်ပါက သူတို့သည် မိုးကြိုးပြစ်ဒဏ်၏ သတ်ဖြတ်ခြင်း ခံရမည် ဖြစ်သည်။
ဂျုန်း... ဂျုန်း... ဂျုန်း... ဂျုန်း... ဂျုန်း... ဂျုန်း... ဂျုန်း... ဂျုန်း... ဂျုန်း...
ကောင်းကင်တွင် မိုးချုန်းသံ ကိုးချက် ထွက်ပေါ်လာသောအခါ ကိစ္စပြီးသွားပြီဟု တွေးကာ ဒုံကော်ကျိ သက်ပြင်းချလိုက်သည်။
နောက်တစ်ခဏ၌ ဒုံကော်ကျိက ထွက်ခွာရန် ပြင်ဆင်လိုက်ပြီး ပြောလိုက်သည်။
“အကြီးအကဲဝမ်... သွားစို့”
ဒုံကော်ကျိက ဝမ်တိန့်ရှန်းကို ခေါ်ပြီး ထွက်သွားတော့မည့် အချိန်တွင် သွမ့်လင်းထျန်က သူတို့ကို တားလိုက်သည်။
“နေဦး”
သွမ့်လင်းထျန်၏ စကားကို ကြားသောအခါ ဒုံကော်ကျိ၏ မျက်နှာထား ချက်ချင်း ခက်ထန်သွားသည်။
“အကြီးအကဲဝမ်နဲ့ ကျုပ်က ခင်ဗျား ပြောတဲ့အတိုင်း အတိအကျ လုပ်ပြီး မိုးကြိုးပြစ်ဒဏ်တောင် ကျိန်ပြီးပြီလေ... ကျုပ်တို့ဆီကနေ ဘာလိုချင်သေးလို့လဲ... အရမ်း မလွန်လာပါနဲ့ ဆရာဝတ်ရုံနက်”
သူ စကားပြောသောအခါ အနည်းငယ် ဒေါသထွက်နေပုံရသည်။