ဒုစရိုက်မြို့တော်၏ မြောက်ဘက်တွင်.....
ဟင်... လူတွေ အများကြီးပဲ...
လူအများအပြား မြောက်ဘက်သို့ ခရီးသွားနေကြသည်ကို တိမ်တိုက်များကြားမှ ငုံ့ကြည့်ရင်း သွမ့်လင်းထျန် တွေးလိုက်သည်။ ထိုနေရာတွင် စတုဒီသာကျွေးနေသည့်အလားပင်ဖြစ်သည်။
ထင်ထားတဲ့အတိုင်း စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက် ချန်ထားခဲ့တဲ့ ရတနာတွေရဲ့ သွေးဆောင်မှုက ပြင်းထန်တာပဲ.....
ဤလူများ အဘယ်ကြောင့် မြောက်ဘက်သို့ သွားနေကြလဲဆိုတာကို သွမ့်လင်းထျန် သဘာဝကျကျပင် သိသည်။ အဆုံး၌ ဂိုဏ်းမဲ့ကျင့်ကြံသူများ ဒုစရိုက်မြို့တော်တွင် စုဝေးကြခြင်း၏ အကြောင်းရင်းတစ်ခုမှာ ဒုစရိုက်မြို့တော်သည် ထိပ်သီးစွမ်းအားရှင်များ ချန်ရစ်ခဲ့သော ရတနာသိုက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲတမ်း အရင်ဆုံးရရှိလေ့ရှိသောကြောင့် ဖြစ်သည်။ စိန့်ကောင်းကင် နဝမပုံစံတွင် ရှိသော ဤထိပ်သီးစွမ်းအားရှင် အများစုမှာ ဂိုဏ်းမဲ့ကျင့်ကြံသူများ ဖြစ်ကြသည်။
ဟိုလူတွေက ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေ မလား.....
မကြာမီတွင် တိမ်တိုက်အောက်မှ ခရီးသွားအုပ်စုတစ်စုက သွမ့်လင်းထျန်၏ အာရုံကို ဖမ်းစားသွားသည်။ သွမ့်လင်းထျန်သည် သူတို့၏ ဝတ်စုံများနှင့် ရင်းနှီးနေသည်။ ၎င်းမှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ၏ ဝတ်စုံများ ဖြစ်သည်။
အနက်ရောင် ဝတ်ရုံကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော လူတစ်ဦးက လူအုပ်စုကို ဦးဆောင်နေသည်။
သူက ကျီးကန်းနက်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ကျီးကန်းနက်အိုကြီးလား...
သွမ့်လင်းထျန်သည် အနက်ရောင်၀တ်ရုံနှင့်လူ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း ခန့်မှန်းလိုက်သည်။
လွန်ခဲ့သော ခြောက်လက သွမ့်လင်းထျန်သည် ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ကျောင်ကျန်းကို သတ်ခဲ့ပြီးနောက် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများသည် ဒုစရိုက်မြို့တော်ရှိ လူများအား အခွင့်ကောင်းယူခြင်းကို ရပ်တန့်သွားခဲ့ကြသည်။ ညတွင်းချင်း သူတို့၏ ယုတ်မာသော အကျင့်များကို ပြောင်းလဲလိုက်ကြသကဲ့သို့ပင်ဖြစ်သည်။
အစပိုင်းတွင် သူတို့ အကျင့်ပြောင်းသွားရခြင်း၏ အကြောင်းရင်းမှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် မရှိသောကြောင့်ဟု သွမ့်လင်းထျန် ကြားခဲ့ရသည်။ နောက်ပိုင်းတွင် ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဒုစရိုက်မြို့တော်သို့ ပြန်ရောက်လာသော်လည်း သွမ့်လင်းထျန်ကို ပြဿနာ လာမရှာကြောင်း သူ ကြားခဲ့ရသည်။ လူများက အားနည်းနေချိန် သို့မဟုတ် ဒဏ်ရာရနေချိန်တွင် အခွင့်ကောင်းယူသည့် သူတို့၏ ယုတ်မာသော အကျင့်များကို ရပ်တန့်လိုက်ရုံသာမက မြို့ထဲတွင်လည်း သူတို့ကို တွေ့ရခဲသွားသည်။
ထိုအချိန်က ဒုစရိုက်မြို့တော်ရှိ လူအများအပြားက ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ကျီးကန်းနက်အိုကြီးသည် သူ့ကို ကြောက်ရွံ့နေသည်ဟု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် သူတို့အားလုံး အကျင့်ပြောင်းသွားကြခြင်း ဖြစ်သည်။
ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများ တခြားသူများကို အခွင့်ကောင်းယူတာ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန်လည်း သူတို့အား ပြဿနာရှာခြင်းကို ရပ်တန့်လိုက်သည်။ တကယ်တော့ သူတို့က ဆက်ဆံရေးကောင်း ရှိသွားသလိုပင် ဖြစ်သည်။
သို့သော်လည်း တကယ်တမ်းတွင် သွမ့်လင်းထျန်က ၎င်းကို အလွန် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ ယခု သူတို့ အကျင့်ပြောင်းသွားပြီဖြစ်ရာ သူတို့၏ ပင်ကိုဝိညာဉ်အမြစ်များကို သူ မည်သို့ ဝါးမျိုနိုင်မည်နည်း။ ထိုအကြောင်းကြောင့် သွမ့်လင်းထျန် အတန်ကြာ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် အခြားလူများ၏ ပင်ကိုဝိညာဉ်အမြစ်များကို အလွယ်တကူ ဝါးမျိုလေ့မရှိသူ ဖြစ်သောကြောင့် သူတို့၏ ပင်ကိုဝိညာဉ်အမြစ်များကို ဝါးမျိုရန် အခြားယုတ်မာသော လူများကို ရှာဖွေခဲ့ရသည်။ အဆုံး၌ သူသည် ကိုယ်ပိုင်မူဝါဒရှိသော လူတစ်ယောက် ဖြစ်သည်။
ဝှစ်...
သွမ့်လင်းထျန်သည် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်လက် ထွက်ခွာသွားသည်။ သူသည် ကြယ်ပျံတစ်စင်းကဲ့သို့ မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။
.................
ဒုစရိုက်မြို့တော်၏ မြောက်ဘက်ရှိ တောင်ကြောတစ်ခုတွင် လူအများအပြား စုဝေးနေကြသည်။
ထိုလူများသည် လက်ရှိတွင် တောင်ကြားတစ်ခုကို ဝန်းရံနေကြသည်။ ပို၍ တိကျစွာ ဆိုရလျှင် သူတို့သည် တောင်ကြားအထက်ရှိ လေဟာနယ်ကို ဝန်းရံနေကြခြင်း ဖြစ်သည်။
လေဟာနယ်တွင် ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခု ရှိနေသည်။ ၎င်းမှာ အကျည်းတန်သော အက်ကွဲကြောင်းရှည်တစ်ခု ဖြစ်ပြီး ဝင်ပေါက်တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း အတွင်းသို့ ကြည့်လိုက်လျှင်တောင်မှ မည်သည့်အရာကိုမျှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
လူအုပ်ထဲတွင် သာမန်ရုပ်ရည်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အကျည်းတန်သော အက်ကွဲကြောင်းကို ကြည့်ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
“ဒါ... ဒါက တကယ်ပဲ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက် ချန်ထားခဲ့တဲ့ ရတနာသိုက်လား... ငါ ဘာလို့ အဲဒါကို ကြည့်လိုက်တာနဲ့ စိုးရိမ်စိတ်တွေ ဝင်လာတာလဲ မသိဘူး”
“ငါလည်း အဲဒီလိုပဲ ခံစားရတယ်... ဒီအက်ကွဲကြောင်းက ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင်ရဲ့ သွေးတွေ ပေကျံနေတဲ့ ပါးစပ်ကြီးနဲ့ တူတယ်”
နောက်တစ်ယောက်က သတိထားကာ ပြောလိုက်သည်။
“စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင်တွေ ချန်ထားခဲ့တဲ့ ရတနာသိုက်တွေရဲ့ ဝင်ပေါက်က ဒီလိုပုံစံမျိုး ရှိတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိလို့လား”
လူအများအပြားက အချင်းချင်း တီးတိုး ပြောဆိုလိုက်ကြသည်။
“ငါ လွန်ခဲ့တဲ့ နှစ်တစ်ရာက စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက် ချန်ထားခဲ့တဲ့ ရတနာသိုက်ထဲကို ဝင်ခွင့်ရခဲ့ပြီး အဲဒီကနေ ရတနာတချို့ ရခဲ့တယ်... ဒါပေမဲ့ အဲဒီ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် ချန်ထားခဲ့တဲ့ ရတနာသိုက်က မြေအောက်မှာ ရှိတာ... အဲဒီမှာ အစီအရင်တွေ အများကြီး ရှိပေမဲ့ ဝင်ပေါက်ကတော့ ပုံမှန်ပါပဲ... ဒီလိုပုံစံမျိုး မဟုတ်ဘူး”
အဘိုးအို တစ်ဦးက ပြောလိုက်သည်။ သူ၏ အသံအရ သူသည်လည်း လေဟာနယ်ထဲရှိ အက်ကွဲကြောင်းကို သတိထားနေပုံရကြောင်း သိသာသည်။
“ခင်ဗျားတို့ အားလုံး အလကားနေရင်း စိုးရိမ်နေကြတာလို့ ကျုပ် ထင်တယ်”
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ကာ ရုတ်တရက် ပြောလိုက်သည်။
“သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့၊ နှစ်တစ်ထောင် မဟာမိတ်အဖွဲ့နဲ့ ထာဝရ မဟာမိတ်အဖွဲ့က အဆင့်မြင့်ပုဂ္ဂိုလ်တွေ အဲဒီထဲကို ဝင်သွားတာကို ခင်ဗျားတို့ မမြင်လိုက်ဘူးလား... တကယ်လို့ ဟင်းလင်းပြင် အက်ကွဲကြောင်းက အန္တရာယ်များတယ်ဆိုရင် သူတို့က ပေါ့ပေါ့ဆဆ ဝင်သွားပါ့မလား”
လူအများအပြားက ဤအမျိုးသား၏ စကားများကို သဘောတူလိုက်ကြသည်။
“ဟုတ်တယ်... ဒုစရိုက်မြို့တော်ရဲ့ အသန်မာဆုံး မဟာမိတ်အဖွဲ့ သုံးခုက ခေါင်းဆောင်တွေနဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေတောင် ဝင်သွားကြပြီပဲ... ငါတို့က ဘာကို ကြောက်နေရဦးမှာလဲ”
“သူတို့ ဝင်သွားကြမှတော့ ငါတို့ ဝင်ရင်လည်း အန္တရာယ်မများလောက်ဘူး မဟုတ်လား”
“ငါလည်း အဲဒီလို ထင်တယ်”
လူအများအပြား သဘောတူလာကြသော်လည်း မည်သူကမျှ ဝင်ရန် လှုပ်ရှားခြင်း မရှိကြပေ။
အဆုံး၌ ဟင်းလင်းပြင် အက်ကွဲကြောင်းမှာ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ဦး ချန်ရစ်ခဲ့သော ရတနာသိုက်၏ ဝင်ပေါက်ဖြစ်သည်ဟု ခန့်မှန်းရုံသာ ခန့်မှန်းရသေးခြင်း ဖြစ်သည်။
စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ဦး၏ ရတနာသိုက်ထဲရှိ ရတနာများမှာ ကြီးမားသော သွေးဆောင်မှု ရှိသည်။ သို့သော်လည်း လူတစ်ယောက်၏ အသက်က ပို၍ အရေးကြီးသည်မှာ သံသယဖြစ်စရာ မရှိပေ။
ရတနာ မရလျှင် ကိစ္စမရှိသော်လည်း သေသွားပါက အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်သည်။
ရုတ်တရက် လူငယ်တစ်ဦးက ရှေ့သို့ ထွက်လာပြီး လူတိုင်း အလကားနေရင်း စိုးရိမ်နေကြသည်ဟု ထင်နေသော သက်လတ်ပိုင်းအမျိုးသားကို ပြောလိုက်သည်။
“ဟေ့... ကျုပ်တို့တွေ အလကားနေရင်း စိုးရိမ်နေကြတာလို့ ခင်ဗျား ထင်နေမှတော့ ခင်ဗျားပဲ ဦးဆောင်ပြီး အရင် ဝင်သွားပါလား... ခင်ဗျား ဝင်ရင် ကျုပ်လည်း လိုက်ဝင်မယ်... ဘယ်လိုလဲ”
လူငယ် စကားပြောပြီးနောက် လူတိုင်းက သက်လတ်ပိုင်းအမျိုးသားကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
“အမှန်ပဲ... စိုးရိမ်စရာ ဘာမှမရှိဘူးလို့ ခင်ဗျား ပြောမှတော့... ခင်ဗျား လုပ်နိုင်တယ် ထင်ရင် ခင်ဗျားပဲ အရင် ဝင်သွားပါလား”
“သွားလေ... ဘာကို စောင့်နေတာလဲ... အန္တရာယ် မများဘူးလို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား”
“ဟုတ်တယ်... ဒုစရိုက်မြို့တော်ရဲ့ အသန်မာဆုံး မဟာမိတ်အဖွဲ့ သုံးခုက အဆင့်မြင့်ပုဂ္ဂိုလ်တွေ ဝင်သွားပြီမလို့ အန္တရာယ် မများဘူးလို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား... ဘာလို့ မဝင်သေးတာလဲ”
“ခင်ဗျား ကြောက်နေတာလား”
“ကြောက်နေရင် ဘာမှ စိုးရိမ်စရာမရှိဘူးလို့ ဘယ်လိုလုပ် ပြောရဲတာလဲ... ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာ မဟုတ်ဘူးလား”
ဤစကားများ အားလုံးမှာ စိုးရိမ်စရာ ဘာမှမရှိဟု သူတို့ကို ပြောခဲ့သော သက်လတ်ပိုင်းအမျိုးသားကို ရည်ရွယ်ပြောဆိုနေကြခြင်း ဖြစ်သည်။