တန်ခိုးထွားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ချန်ရွှမ်ပကို သွမ့်လင်းထျန် အကဲခတ်နေစဉ် ချန်ရွှမ်ပသည် သူ၏ အကြည့်ကို သတိထားမိပုံရပြီး သူ့ကို စူးစိုက်ကြည့်လာသည်။
“ခေါင်းဆောင်...”
ချန်ရွှမ်ပက သွမ့်လင်းထျန်ကို ကြည့်နေစဉ် သူ၏ အနောက်တွင် ရပ်နေသူ တစ်ဦးက ဤအရာကို သတိပြုမိပြီး ပြောလိုက်သည်။
“မကြာသေးခင်က ဒုစရိုက်မြို့တော်မှာ နာမည်ကြီးလာတဲ့ ဝတ်ရုံနက်လူက ဟိုလူ ဝတ်ထားသလို တစ်ပုံစံတည်း ဝတ်ထားတာ...”
သူ ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒုစရိုက်မြို့တော်မှာ သူ့လို ဝတ်ရတာ သဘောကျတဲ့ လူအတော်များများ ရှိတယ်... ဒါကြောင့် ဒီလူက တကယ့် ဝတ်ရုံနက်လူ အစစ် ဟုတ်မဟုတ်ဆိုတာကို ကျုပ် မသေချာဘူး”
“သူက အစစ်ပဲ”
ချန်ရွှမ်ပက သူ၏ အနောက်ရှိ လူကို ပြောလိုက်သည်။
ချန်ရွှမ်ပ၏ စကားများက တန်ခိုးထွားမဟာမိတ်အဖွဲ့၏ အဆင့်မြင့်ပုဂ္ဂိုလ်များကို ရှုပ်ထွေးသွားစေသည်။ သူတို့၏ အရှေ့တွင် ရပ်နေသော ဝတ်ရုံနက်လူမှာ အစစ်ဖြစ်ကြောင်းကို သူတို့၏ ခေါင်းဆောင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သို့ သိရှိသွားသည်ကို သူတို့ မသိကြပေ။ သူတို့၏ ခေါင်းဆောင်မှာ အတည်ပေါက်နေတတ်သော လူတစ်ယောက် ဖြစ်ကြောင်းကို သူတို့ မသိပါက သူတို့နှင့် နောက်ပြောင်နေသည်ဟုသာ ထင်ကြမည် ဖြစ်သည်။
“ခေါင်းဆောင်... သူက တကယ့် ဝတ်ရုံနက်လူ အစစ်ဆိုတာကို ခေါင်းဆောင်က ဘယ်လိုလုပ် သိတာလဲ... ဘယ်လို ခွဲခြားနိုင်တာလဲ”
ချန်ရွှမ်ပ၏ အနောက်တွင် ရပ်နေသော အဘိုးအို တစ်ဦးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
ထိုအဘိုးအိုမှာ သာမန်ပုံပေါက်သော်လည်း တန်ခိုးထွားမဟာမိတ်အဖွဲ့၏ အသန်မာဆုံး ဒုခေါင်းဆောင် သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ စွမ်းအားမှာ တန်ခိုးထွားမဟာမိတ်အဖွဲ့တွင် ချန်ရွှမ်ပ၏ အောက်၌သာ ရှိသည်။ သူသည် စိန့်ကောင်းကင် စတုတ္ထပုံစံသို့ ရောက်ထားသည်မှာ ကြာပြီ ဖြစ်သည်။
စိန့်ကောင်းကင် စတုတ္ထပုံစံတွင် ရှိသော ဤအဘိုးအိုမှာ သွမ့်လင်းထျန် သတ်ခဲ့သော နှစ်တစ်ထောင် မဟာမိတ်အဖွဲ့မှ ဝမ်တိန့်ရှန်းနှင့် ကျင့်ကြံမှုအခြေခံ တူညီသော်လည်း စွမ်းအားလုံးဝ မတူပေ။
ဝမ်တိန့်ရှန်းမှာ အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၁၅၀ အောက်၌ ရှိသည်။ သူ့ကို အားအနည်းဆုံး စိန့်ကောင်းကင် စတုတ္ထပုံစံ စွမ်းအားရှင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
အခြားတစ်ဖက်တွင် တန်ခိုးထွားမဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်မှာ အဓိပတိသူတော်စင်အဆင့်စာရင်းတွင် ထိပ်ဆုံး အဆင့် ၁၀၀ အတွင်း၌ ရှိသည်။ သိုင်းတာအိုသူတော်စင်နယ်မြေရှိ စိန့်ကောင်းကင် စတုတ္ထပုံစံ စွမ်းအားရှင်များထဲတွင်ပင် သူ့ကို အသန်မာဆုံး စွမ်းအားရှင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ ဆွန်းဟွာဟူသော သူ၏ နာမည်မှာ သူ၏ အသွင်အပြင်ကဲ့သို့ပင် သာမန်ဆန်လှသည်။
ဆွန်းဟွာ အပါအဝင် တန်ခိုးထွားမဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပုဂ္ဂိုလ် အားလုံးက ချန်ရွှမ်ပကို ကြည့်လိုက်ကြသောအခါ ချန်ရွှမ်ပက ပြောလိုက်သည်။
“ငါ့ရဲ့ အလိုလို သိစိတ်အရပဲ”
အလိုလိုသိစိတ်အရ.....
ချန်ရွှမ်ပ၏ အဖြေကို ကြားသောအခါ လူတိုင်း ဆွံ့အသွားကြသည်။ သူတို့ ကိုယ်တိုင် မကြားခဲ့ရပါက ဤအရာမှာ သူတို့ ခေါင်းဆောင်၏ အဖြေဖြစ်သည်ကို ယုံကြည်ကြမည် မဟုတ်ပေ။
ထိုလူသည် ဒုစရိုက်မြို့တော်၏ တကယ့် ဝတ်ရုံနက်လူ အစစ် ဖြစ်သည်ဟူသော ခံစားချက်ကို ချန်ရွှမ်ပ ပြင်းပြင်းထန်ထန် ရရှိနေသည်မှာ တကယ်အမှန်ပင် ဖြစ်သည်။
ဒုစရိုက်မြို့တော်တွင် ဝတ်ရုံနက်လူအကြောင်းကို လူတိုင်းနီးပါး သိကြပြီး ကြားဖူးကြသည်။
လွန်ခဲ့သော ခြောက်လအတွင်း လူတစ်ထောင် မဟုတ်လျှင်တောင် အနည်းဆုံး ရှစ်ရာခန့်မှာ ဝတ်ရုံနက်လူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ သို့သော်လည်း သူ သတ်ခဲ့သော လူများ အားလုံးမှာ ယုတ်မာသော လူများသာ ဖြစ်ကြသည်။ သူတို့မှာ အားနည်းသူများကို အနိုင်ကျင့်သော လူများ သို့မဟုတ် ရက်စက်သော ကျင့်စဥ်များကို အသုံးပြု၍ ကျင့်ကြံကြသူများ ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဝတ်ရုံနက်လူ ပေါ်လာကတည်းက ဒုစရိုက်မြို့တော်၏ အခြေအနေမှာ တိုးတက်လာခဲ့သည်။ သူသည် ညတွင်းချင်း ဒုစရိုက်မြို့တော်ကို ပြောင်းလဲပစ်လိုက်သကဲ့သို့ပင်ဖြစ်သည်။ ဒုစရိုက်မြို့တော်တွင် သူ့ကို တရားမျှတမှု စောင့်ရှောက်သူဟု ခေါ်ဆိုကြသူများပင် ရှိသည်။
၎င်းမှာ ယုံကြည်နိုင်စရာ မရှိသော်လည်း အမှန်တရားပင် ဖြစ်သည်။
ဝှစ်...
သွမ့်လင်းထျန် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်တော့မည့် အချိန်တွင် လေပြင်းတစ်ချက် သူ့ကို ဖြတ်တိုက်သွားသည်။ ပုံရိပ်တစ်ခုက သူ၏ အရှေ့တွင် ရပ်တန့်သွားသောကြောင့် သူလည်း ရပ်တန့်လိုက်ရသည်။ သူ၏ အရှေ့တွင် ရပ်နေသော လူကို သူ ကြည့်လိုက်သည်။
သူ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သော လူကို သွမ့်လင်းထျန် ကြည့်လိုက်သောအခါ လူအများအပြားက သူတို့ထံသို့ အာရုံစိုက်လာကြသည်။
“ဒါ တန်ခိုးထွားမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ”
ဤလူမှာ အခြားသူမဟုတ်ဘဲ တန်ခိုးထွားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ချန်ရွှမ်ပ ဖြစ်သည်။
ချန်ရွှမ်ပက သွမ့်လင်းထျန်၏ အရှေ့တွင် ပေါ်လာသောအခါ သွမ့်လင်းထျန်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“ဆရာဝတ်ရုံနက်... ခင်ဗျားအကြောင်း အများကြီး ကြားဖူးပါတယ်”
သူသည် တန်ခိုးထွားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် ဟိတ်ဟန်မထုတ်ပေ။
“ခေါင်းဆောင်ချန်...”
ပြုံးနေသော လူတစ်ယောက်နှင့် တိုက်ခိုက်ရန် ခက်ခဲသည် ဟူသော ဆိုရိုး ရှိသည်မဟုတ်ပါလော။
ချန်ရွှမ်ပက ယဉ်ကျေးနေသဖြင့် သွမ့်လင်းထျန်က ရိုင်းစိုင်းရမည့် အကြောင်းရင်း မရှိပေ။
“ဆရာဝတ်ရုံနက်... ခင်ဗျားရဲ့ စွမ်းအားတွေ၊ လုပ်ရပ်တွေအကြောင်း ကျုပ် ကြားဖူးပါတယ်... ခင်ဗျား တန်ခိုးထွားမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ စိတ်ဝင်စားလား မသိဘူး... ခင်ဗျားသာ ကျုပ်တို့နဲ့ ပူးပေါင်းချင်ရင် တန်ခိုးထွားမဟာမိတ်အဖွဲ့ရဲ့ စတုတ္ထမြောက် ဒုခေါင်းဆောင် ရာထူးကို ခင်ဗျားကို ကျုပ် ပေးမယ်”
ချန်ရွှမ်ပက တည်ကြည်သော မျက်နှာထားဖြင့် သွမ့်လင်းထျန်ကို ရိုသေလေးစားစွာ ပြောလိုက်သည်။
ချန်ရွှမ်ပ၏ ကမ်းလှမ်းမှုကို ကြားသောအခါ သွမ့်လင်းထျန် အံ့အားသင့်သွားသည်။
ဒါ လုံးဝ မထင်မှတ်ထားတာပဲ.....
အခြားသူများက သွမ့်လင်းထျန် မည်သူမည်ဝါဖြစ်ကြောင်းကို သံသယရှိခဲ့ကြသည်။ သို့သော်လည်း တန်ခိုးထွားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်က သူ မည်သူမည်ဝါဖြစ်ကြောင်းကို သံသယမရှိခဲ့ရုံသာမက သူ့ကို လာရောက် နှုတ်ဆက်ခဲ့သေးသည်။ ထို့ပြင် ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် တန်ခိုးထွားမဟာမိတ်အဖွဲ့၏ စတုတ္ထမြောက် ဒုခေါင်းဆောင်အဖြစ် ပူးပေါင်းရန်ပင် သူ့ကို ဖိတ်ခေါ်နေသည်။
သွမ့်လင်းထျန် ဆွံ့အသွားသည်။
တစ်ချိန်တည်းမှာပင် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။
တန်ခိုးထွားမဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပုဂ္ဂိုလ်များသာ အံ့အားသင့်သွားကြသည် မဟုတ်ဘဲ အခြားလူများပါ အံ့အားသင့်သွားကြသည်။ သူတို့ ကြားလိုက်သည့်အရာကို မည်သူကမျှ မယုံကြည်နိုင်ကြပေ။
“ဘာ... ဘာတွေ ဖြစ်နေတာလဲ”
“သူ... သူက တကယ်ပဲ ဝတ်ရုံနက်လူ ဖြစ်နေမလား... ဒါမှမဟုတ်ရင် တန်ခိုးထွားမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် အရှင် ချန်ရွှမ်ပက ဘာလို့ သူ့ကို သူတို့ရဲ့ စတုတ္ထမြောက် ဒုခေါင်းဆောင်အဖြစ် တန်ခိုးထွားမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်ရမှာလဲ”
“အရှင် ချန်ရွှမ်ပက သူမှန်း ဘယ်လိုသိတာလဲ”
“နောက်မနေနဲ့... ဝတ်ရုံနက်လူက အမြဲတမ်း သူ့ရဲ့ အသွင်အပြင်နဲ့ အော်ရာကို ဖုံးကွယ်ထားတာလေ... ဘယ်သူက သူ့ကို မှတ်မိနိုင်မှာလဲ”
“ဒါဆို ဘာတွေ ဖြစ်နေတာလဲ... အရှင် ချန်ရွှမ်ပက နောက်နေတာ မဟုတ်ဘူး မလား”
“ငါ မသိဘူး”
အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီးနောက် လူအုပ်ကြီးသည် အချင်းချင်း ဆွေးနွေးလိုက်ကြသည်။ ဘာတွေ ဖြစ်နေသည်ကို သူတို့ နားမလည်နိုင်ကြပေ။ တကယ်တော့ သူတို့ချည်းသာ ဘာတွေ ဖြစ်နေသည်ကို နားမလည်ကြသည် မဟုတ်ပေ။
ဤအချိန်တွင် အံ့အားအသင့်ဆုံး လူများမှာ တန်ခိုးထွားမဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ စောစောက သူတို့၏ ခေါင်းဆောင်က သူ၏ အလိုလိုသိစိတ်အပေါ် အခြေခံ၍ ဝတ်ရုံနက်လူမှာ အစစ်ဖြစ်ကြောင်း ပြောခဲ့သည်ကိုက သူတို့အတွက် အံ့အားသင့်စရာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ရှားပါးလှသော်လည်း သူတို့၏ ခေါင်းဆောင်က နောက်ပြောင်နေသည်ဟုသာ သူတို့ ထင်ခဲ့ကြသည်။ သူတို့၏ ခေါင်းဆောင်က အတည်ပြောနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ဝတ်ရုံနက်လူထံသို့ ချဉ်းကပ်ကာ တန်ခိုးထွားမဟာမိတ်အဖွဲ့တွင် ပူးပေါင်းရန် ဖိတ်ခေါ်ရုံသာမက စတုတ္ထမြောက် ဒုခေါင်းဆောင် ရာထူးကိုပင် ကမ်းလှမ်းနေသည်။ မည်သူမဆို တန်ခိုးထွားမဟာမိတ်အဖွဲ့တွင် ဒုခေါင်းဆောင် ဖြစ်လာရန် ထိုက်တန်သည် မဟုတ်ပေ။
ဥပမာအားဖြင့် တန်ခိုးထွားမဟာမိတ်အဖွဲ့မှ ဒုခေါင်းဆောင် သုံးဦးကို ကြည့်ပါ။ သူတို့ အားလုံးမှာ စိန့်ကောင်းကင် စတုတ္ထပုံစံတွင် ရှိကြသည်။ စိန့်ကောင်းကင် စတုတ္ထပုံစံကျင့်ကြံမှုအခြေခံသာ မရှိပါက တန်ခိုးထွားမဟာမိတ်အဖွဲ့တွင် ဒုခေါင်းဆောင် ဖြစ်လာရန် အရည်အချင်းပြည့်မီမည် မဟုတ်ပေ။
“သူက တကယ့် ဝတ်ရုံနက်လူ ဖြစ်နိုင်မလား”
“သူက တကယ့် ဝတ်ရုံနက်လူ အစစ်သာဆိုရင် ခေါင်းဆောင်က ကျုပ်တို့ရဲ့ တန်ခိုးထွားမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်ပြီး စတုတ္ထမြောက် ဒုခေါင်းဆောင် ရာထူးကို ပေးရတဲ့ အကြောင်းရင်းကို ကျုပ် နားလည်နိုင်ပါတယ်”
“ကျုပ်တော့ နားမလည်သေးဘူး... သူက အတုမဟုတ်ဘဲ တကယ့် ဝတ်ရုံနက်လူ အစစ်ဆိုတာကို ခေါင်းဆောင်က ဘယ်လို သိတာလဲ”
တန်ခိုးထွားမဟာမိတ်အဖွဲ့၏ အဆင့်မြင့်ပုဂ္ဂိုလ်များက အချင်းချင်း ဆွေးနွေးလိုက်ကြသည်။ ဘာတွေ ဖြစ်နေသည်ကို သူတို့ စဉ်းစား၍ မရနိုင်ကြပေ။
ဤအချိန်တွင် သွမ့်လင်းထျန်သည် ချန်ရွှမ်ပ၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်ရန် ပြင်လိုက်စဉ်...
ရုတ်တရက် ရယ်မောသံတစ်သံ လေထုထဲတွင် ထွက်ပေါ်လာပြီး သွမ့်လင်းထျန်ကို နှောင့်ယှက်လိုက်သည်။ သူသည် ရယ်မောသံ ထွက်ပေါ်လာရာ အရင်းအမြစ်သို့ အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။
ရက်စက်သော အသွင်အပြင်နှင့် အနေတော် ခန္ဓာကိုယ်ရှိသည့် လူငယ်တစ်ဦး အဝေးမှ သူတို့ထံသို့ ပျံသန်းလာသည်ကို သွမ့်လင်းထျန် မြင်လိုက်ရသည်။ သူသည် မှောင်မိုက်ပြီး အေးစက်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ လူများက သူ့ကိုရော သူ့နောက်မှ လိုက်ပါလာသော လူအုပ်စုကိုပါ ကူးစက်ရောဂါတစ်ခုကဲ့သို့ ရှောင်ရှားနေကြပုံရသည်။
ဦးဆောင်လာသော အနက်ရောင်ဝတ် လူငယ်မှာ ရယ်မောနေသူ ဖြစ်သည်။
အနက်ရောင်ဝတ် လူငယ်၏ ရယ်သံ တိတ်သွားပြီး သူ၏ လူများကို ခေါ်ဆောင်ကာ သွမ့်လင်းထျန်နှင့် ချန်ရွှမ်ပတို့၏ အနီးတွင် ဆင်းသက်လိုက်သည်။
အနက်ရောင်ဝတ် လူငယ်က သွမ့်လင်းထျန်ကို လျစ်လျူရှုထားပြီး ချန်ရွှမ်ပကို ကြည့်လိုက်သည်။ သူက လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင်ချန်... မင်းက သူ့ကို တန်ခိုးထွားမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ အမြန် ဖိတ်ခေါ်ပြီး စတုတ္ထမြောက် ဒုခေါင်းဆောင် ရာထူးကိုတောင် ကမ်းလှမ်းလိုက်သေးတယ်... သူက အတုဖြစ်နေမှာကို မင်း မစိုးရိမ်ဘူးလား... ငါ သိသလောက်ဆိုရင် ဒုစရိုက်မြို့တော်မှာ ၀တ်ရုံနက်အတုတွေ အများကြီး ရှိတာကို”
အနက်ရောင်ဝတ် လူငယ်က စကားပြောပြီးသောအခါ ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ သူသည် လောကတွင် ဉာဏ်အပညာအရှိဆုံး လူတစ်ယောက်အဖြစ် အရာအားလုံးကို သိရှိနေသည့် မျက်နှာထား ရှိသည်။
တစ်ချိန်တည်းမှာပင် သူ၏ ပတ်ဝန်းကျင်ရှိ တီးတိုး စကားပြောသံများကို သွမ့်လင်းထျန် ကြားလိုက်ရပြီး အနက်ရောင်ဝတ် လူငယ် မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိရှိသွားသည်။
သူက တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ယင်ရွှမ်မင်ပဲ...
တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ကလည်း ဒုစရိုက်မြို့တော်မှာ အတော်လေး နာမည်ကြီးတဲ့ မဟာမိတ်အဖွဲ့ တစ်ခုပဲ... သူတို့က တန်ခိုးထွားမဟာမိတ်အဖွဲ့လောက် အစွမ်းထက်တယ်... တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့နဲ့ တန်ခိုးထွားမဟာမိတ်အဖွဲ့ကြားမှာ ရန်ငြိုးရှိတယ်လို့ ငါ ကြားဖူးတယ်... အခု ငါ မြင်နေရတာတွေကို အခြေခံရင် ကောလာဟလက အမှန်ဖြစ်ပုံရတယ်...
သွမ့်လင်းထျန်က စိတ်ထဲမှ တွေးလိုက်သည်။
“ယင်ရွှမ်မင်... မင်းက ငါ့ကို အကြံပေးဖို့ အရည်အချင်း မမီသေးဘူး”
ချန်ရွှမ်ပ မျက်မှောင်ကြုတ်သွားပြီး သူ၏ လက်များကို စိတ်မရှည်စွာ ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မင်း စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင်ရဲ့ ရတနာသိုက်ထဲကို ဝင်ချင်ရင် ဝင်သွားလိုက်... မဟုတ်ရင် ဘေးဖယ်နေပြီး ငါနဲ့ ဆရာဝတ်ရုံနက်ကို လာမနှောင့်ယှက်နဲ့”
ချန်ရွှမ်ပ၏ စကားများကို ကြားသောအခါ ယင်ရွှမ်မင်က ဒေါသထွက်မသွားပေ။ ထို့အစား သွမ့်လင်းထျန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဆရာဝတ်ရုံနက်...”
ယင်ရွှမ်မင် မျက်လုံးများ မှေးကျဉ်းသွားပြီး တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
“မင်းက တကယ့် ဝတ်ရုံနက်လူ အစစ် ဟုတ်မဟုတ် ငါ တကယ် သိချင်တယ်...”
နောက်တစ်ခဏ၌ ယင်ရွှမ်မင် မျက်ခုံးပင့်ကာ ခေါ်လိုက်သည်။
“ချွန်းဝူ”
ချက်ချင်းပင် တောင့်တင်းသော လူငယ်တစ်ဦးက ယင်ရွှမ်မင်၏ အနောက်မှ ရှေ့သို့ ထွက်လာသည်။ ယင်ရွှမ်မင်ကဲ့သို့ပင် သူသည်လည်း အေးစက်ပြီး မှောင်မိုက်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုအော်ရာက လူတစ်ယောက်ကို မှောင်မိုက်ပြီး အေးစက်သော ဂူတစ်ခုထဲတွင် ရှိနေသကဲ့သို့ ခံစားရစေသည်။
“ခေါင်းဆောင်ချန်... ငါ့လူက သူက တကယ့် ဝတ်ရုံနက်လူ အစစ် မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ရင် ဒီနေ့ မင်း အရှက်ကွဲရတော့မယ် ထင်တယ်”
ယင်ရွှမ်မင်က ချန်ရွှမ်ပကို လှောင်ပြောင်သည့် မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။