ဤအချိန်တွင် တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယင်ရွှမ်မင် ဝင်စွက်ဖက်ရသည့် အကြောင်းရင်းကို လူတိုင်း နားလည်သွားကြသည်။ တကယ်တော့ သူသည် တန်ခိုးထွားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ချန်ရွှမ်ပကို အရှက်ခွဲချင်နေခြင်း ဖြစ်သည်။
“တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့နဲ့ တန်ခိုးထွားမဟာမိတ်အဖွဲ့ကြားက ရန်ငြိုးအကြောင်း ငါ ကြားဖူးတာ ကြာပြီ... ဒီနေ့တော့ ငါ ကိုယ်တိုင် မြင်ရတော့မယ်”
သက်လတ်ပိုင်းအမျိုးသား တစ်ဦးက တီးတိုး ရေရွတ်လိုက်သည်။
“တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့နဲ့ တန်ခိုးထွားမဟာမိတ်အဖွဲ့ကြားက ရန်ပွဲက ဒုစရိုက်မြို့တော်မှာ နာမည်ကြီးတယ်... မဟာမိတ်အဖွဲ့ နှစ်ခုစလုံးက တခြား မဟာမိတ်အဖွဲ့တွေ အခွင့်ကောင်းယူသွားမှာကို မကြောက်ဘူးဆိုရင် သူတို့ သေတဲ့အထိ တိုက်ခိုက်ပြီးလောက်ပြီ”
တစ်ယောက်က ပြောလိုက်သည်။
“တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က တကယ် ပါးနပ်တာပဲ... အဲဒီမှာ ရပ်နေတဲ့သူက တကယ့် ဝတ်ရုံနက်လူ အစစ်ဆိုတာ ပေါ်သွားရင်တောင် သူ့ကို ထိခိုက်မှာ မဟုတ်ဘူး... ဒါပေမဲ့ အဲဒီလူက အတုဆိုတာကို သူ ဖော်ထုတ်နိုင်ခဲ့ရင် တန်ခိုးထွားမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကို အရှက်ကွဲသွားစေမှာပဲ”
နောက်တစ်ယောက်က တီးတိုး ပြောလိုက်သည်။
လူအများအပြားက သူ၏ စကားကို သဘောတူလိုက်ကြသည်။
လူအများအပြားက ဖြစ်ပျက်နေသော မြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
ယင်ရွှမ်မင်၏ အနောက်မှ ရှေ့သို့ ထွက်လာသော လူငယ်မှာ သွမ့်လင်းထျန်နှင့် မျက်နှာချင်းဆိုင်သို့ ရွှေ့သွားသည်။ သူသည် သွမ့်လင်းထျန်နှင့် တိုက်ခိုက်ရန် ပြင်ဆင်နေပုံရသည်။
“စောစောက တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က ဒီလူကို ချွန်းဝူလို့ ခေါ်လိုက်တယ်... သူက တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲမလား”
တစ်ယောက်က ပြောလိုက်သည်။ သူ၏ စကားများက လူအများအပြားကို သတိပြန်ဝင်လာစေခဲ့သည်။
တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲလား.....
“ငါ အခု မှတ်မိပြီ... တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲက ယိုးချွန်းဝူပဲ”
“တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲ ယိုးချွန်းဝူက စိန့်ကောင်းကင် တတိယပုံစံကို ရောက်နေတာ ကြာပြီ... ဒါ့ပြင် သူက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ ထိပ်ဆုံး အဆင့် ၂၀၀ အတွင်း ဝင်တယ်”
“သူ့ရဲ့ ကျင့်ကြံမှုအခြေခံက စိန့်ကောင်းကင် တတိယပုံစံမှာ ရှိနေပေမဲ့ သူက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ ထိပ်ဆုံး အဆင့် ၂၀၀ အတွင်း ဝင်တယ်... ဆိုလိုတာက သူက သိုင်းတာအိုသူတော်စင်နယ်မြေမှာ အသန်မာဆုံး စိန့်ကောင်းကင် တတိယပုံစံ စွမ်းအားရှင်တွေထဲက တစ်ယောက်ပဲ”
“ဟုတ်တယ်... စိန့်ကောင်းကင် တတိယပုံစံမှာ ရှိတဲ့ လူနည်းနည်းလေးကပဲ သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တယ်လို့ ငါ ယုံကြည်တယ်”
ချွန်းဝူ မည်သူမည်ဝါဖြစ်ကြောင်းကို လူများ သိရှိသွားသောအခါ ချက်ချင်း ဆူညံသွားသည်။ အချို့က သက်ပြင်းချလိုက်ကြပြီး အချို့မှာ ယင်ရွှမ်မင်၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားကြသည်။
အစကတည်းက ယင်ရွှမ်မင်သည် တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့မှ ပထမအကြီးအကဲ ယိုးချွန်းဝူလိုလူမျိုးကို လှုပ်ရှားရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
“ယင်ရွှမ်မင်က တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲကို ချက်ချင်း လွှတ်လိုက်တယ်... ဒီဝတ်ရုံနက်လူက အတုဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ကို ဘေးဖယ်ထားလိုက်ဦး... သူက တကယ့် အစစ်ဖြစ်နေရင်တောင်မှ ယိုးချွန်းဝူရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာ”
ခဏအကြာတွင် တစ်ယောက်က ပြောလိုက်သည်။
“အဲဒါ မှန်တယ်... ဝတ်ရုံနက်လူရဲ့ ကျင့်ကြံမှုအခြေခံက အများဆုံးမှ စိန့်ကောင်းကင် တတိယပုံစံလို့ ဒုစရိုက်မြို့တော်မှာ ကောလာဟလ ထွက်နေတာ... သူတို့ နှစ်ယောက်စလုံးက စိန့်ကောင်းကင် တတိယပုံစံဆိုရင် ဝတ်ရုံနက်လူက တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့က ပထမအကြီးအကဲရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး”
“ဒါ သေချာတယ်... အဆုံးမှာတော့ တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲ ယိုးချွန်းဝူက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ ထိပ်ဆုံး အဆင့် ၂၀၀ အတွင်း ဝင်တဲ့ဟာကို... သာမန် စိန့်ကောင်းကင် တတိယပုံစံ စွမ်းအားရှင်တွေက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဝန်းရံထားသော နေရာတွင် ဆူညံဆဲဖြစ်နေစဉ် ပုံရိပ်သုံးခုက တိမ်တိုက်များအထက်သို့ ရောက်ရှိလာသည်။ သူတို့က အောက်သို့ ငုံ့ကြည့်လိုက်ရာ အောက်ဘက်ရှိ ဆူပူအုံကြွမှုကို မြင်တွေ့လိုက်ရသည်။
လူသုံးယောက်အတွက် ဘာတွေ ဖြစ်ပျက်နေသည်ကို သိရှိရန် မခက်ခဲပေ။ သူတို့ထဲမှ တစ်ယောက်က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
“တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲလား... သူ အဲဒီ ကြောက်စရာကောင်းတဲ့ လူကို အနိုင်ရနိုင်မယ်လို့ ထင်နေတာလား... သူ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ”
သူ စကားပြောသောအခါ သူ၏ မျက်လုံးအိမ်အတွင်းပိုင်းထဲတွင် အကြောက်တရား အရိပ်အယောင်တစ်ခု ရှိနေသည်။
အကယ်၍ သွမ့်လင်းထျန်သာ ဤနေရာတွင် ရှိနေပါက စကားပြောလိုက်သူကို မှတ်မိပေလိမ့်မည်။ သူသည် သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့၏ သခင်လေး အိုချင်း ဖြစ်သည်။
အိုချင်းနှင့် အတူရှိနေသော အခြားလူနှစ်ယောက်မှာ သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့မှ အကြီးအကဲ လုကျင်နှင့် နှစ်တစ်ထောင် မဟာမိတ်အဖွဲ့၏ သခင်လေး ဒုံကော်ကျိတို့ ဖြစ်ကြသည်။
အောက်ဘက်တွင် ရပ်နေသော ဝတ်ရုံနက်လူကို သူတို့ သုံးယောက် မြင်သောအခါ သူတို့၏ မျက်လုံးများတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော မျက်စိကန်းနေသည့်လူအတွက် သူတို့ တိတ်တဆိတ် ဝမ်းနည်းပေးလိုက်ကြသည်။ ၀တ်ရုံနက်လူက အစောကလေးတင် စိန့်ကောင်းကင် စတုတ္ထပုံစံ စွမ်းအားရှင် တစ်ဦးကို သတ်ခဲ့ကြောင်း သူ သိပုံမပေါ်ပေ။
တိမ်တိုက်များအောက်တွင် ပွဲကြည့်ရှုရန် လူပိုများလာကြသည်။ ဤလူများ အားလုံးမှာ ဒုစရိုက်မြို့တော်မှ ဖြစ်ကြသည်။ ဤလူများထဲတွင် အချို့မှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ ဖြစ်ကြသည်။
ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လူအုပ်ထဲမှ တစ်ယောက်က သူတို့၏ ခေါင်းဆောင် ကျီးကန်းနက်အိုကြီးကို အော်ပြောလိုက်သည်။
“ခေါင်းဆောင်... အဲဒါ ဝတ်ရုံနက်လူပဲ”
“ငါ သိတယ်”
ကျီးကန်းနက်အိုကြီး၏ မျက်နှာထား မှုန်ကုပ်သွားပြီး ဝတ်ရုံနက်လူကို စူးစိုက်ကြည့်နေသည်။ အခြားသူများကဲ့သို့ပင် ထိုနေရာတွင် ရပ်နေသော လူမှာ တကယ့် ဝတ်ရုံနက်လူ အစစ် ဟုတ်မဟုတ်ကို သူ မသေချာပေ။
အဆုံး၌ ဝတ်ရုံနက်လူမှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ သေရာပါရန်သူ ဖြစ်သည်။
ယခင်က ကျီးကန်းနက်အိုကြီး ဒုစရိုက်မြို့တော်သို့ ပြန်ရောက်လာပြီး ဝတ်ရုံနက်လူက ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင် အများအပြားကို သတ်ခဲ့ကြောင်း သိလိုက်ရသောအခါ သဘာဝကျကျပင် ဒေါသထွက်သွားခဲ့သည်။ သို့သော်လည်း လောလောဆယ် ငြိမ်နေရန် သူ ဆုံးဖြတ်ခဲ့သည်။
မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များကိုပင် ငြိမ်နေရန် သူ အမိန့်ပေးခဲ့သည်။ အကြောင်းမှာ ဝတ်ရုံနက်လူကို အနိုင်ယူဖို့ သူ မသေချာသောကြောင့် ဖြစ်သည်။ ထို့ပြင် လာမည့် နှစ်အနည်းငယ်အတွင်း သူ သေချာပေါက် အဆင့်တက်တော့ဖြစ်သည်။ သူ စိန့်ကောင်းကင် စတုတ္ထပုံစံသို့ အဆင့်တက်မည့်နေ့မှာ ဝတ်ရုံနက်လူ သေမည့်နေ့ပင် ဖြစ်သည်။ ၎င်းက မကြာသေးမီ ရက်များအတွင်း ကြိုးစားပမ်းစား ကျင့်ကြံရန် သူ့ကို တွန်းအားပေးခဲ့သည်။
တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲ ယိုးချွန်းဝူက လှုပ်ရှားတော့မယ်... သူက တကယ့် ဝတ်ရုံနက်လူ အစစ် ဖြစ်ဖို့ မျှော်လင့်တယ်... သူက ယိုးချွန်းဝူရဲ့ ပြိုင်ဘက် ဖြစ်မယ်လို့ ငါ မထင်ဘူး... ယိုးချွန်းဝူက သူ့ကို သတ်နိုင်ဖို့ ငါ မျှော်လင့်တယ်... ဒါဆိုရင် ငါ့လက်တွေ ညစ်ပတ်ခံစရာ မလိုတော့ဘူး...
ဝတ်ရုံနက်လူ၏ ပြိုင်ဘက်ကို မြင်သောအခါ ကျီးကန်းနက်အိုကြီး၏ မျက်လုံးများ လင်းလက်သွားသည်။
ကျီးကန်းနက်အိုကြီးသည် လာမည့် နှစ်အနည်းငယ်အတွင်း စိန့်ကောင်းကင် စတုတ္ထပုံစံသို့ အဆင့်တက်မည်ဟု ယုံကြည်မှု ရှိသော်လည်း ယခု အစွမ်းထက်နေသည်ဟု မဆိုလိုပေ။ တကယ်တော့ သူသည် စိန့်ကောင်းကင် စတုတ္ထပုံစံသို့ အဆင့်တက်ပြီးနောက်တွင်ပင် ယိုးချွန်းဝူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
ထိုလူ၏ ကျင့်ကြံမှုအခြေခံက စိန့်ကောင်းကင် တတိယပုံစံတွင် ရှိနေခြင်းအပြင် သူ၏ စွမ်းအားမှာ သိုင်းနည်းစနစ်များ၊ နတ်ဘုရားစွမ်းရည်များ၊ သူတော်စင်လက်နက်များ၊ တာအိုအဆောင်စာရွက်များနှင့် ဆေးလုံးအမျိုးမျိုးအပေါ်တွင်လည်း မူတည်နေသည်။
ဝတ်ရုံနက်လူ၏ စွမ်းအားနှင့် ပတ်သက်၍ ဒုစရိုက်မြို့တော်ရှိ လူများ၏ ခန့်မှန်းချက်များကို ကြားပြီးနောက် ဝတ်ရုံနက်လူမှာ သူ၏ကဲ့သို့ပင် စိန့်ကောင်းကင် တတိယပုံစံတွင် ရှိနေကြောင်း ကျီးကန်းနက်အိုကြီး သေချာသွားသည်။ သို့သော်လည်း ယခုအချိန်တွင် သူသည် ဝတ်ရုံနက်လူ၏ ပြိုင်ဘက်ဖြစ်မည်ဟု မထင်ပေ။
သဘာဝကျကျပင် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် ထိပ်ဆုံး အဆင့် ၂၀၀ အတွင်းဝင်သော တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ပထမအကြီးအကဲ ယိုးချွန်းဝူသည် ဝတ်ရုံနက်လူထက် ပိုမို အစွမ်းထက်မည်ဟု ကျီးကန်းနက်အိုကြီး ထင်သည်။ ထို့ကြောင့် ထိုနေရာတွင် ရပ်နေသော လူမှာ တကယ့် ဝတ်ရုံနက်လူ အစစ် ဖြစ်ရန် သူ ပြင်းပြစွာ မျှော်လင့်နေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ပထမအကြီးအကဲ ယိုးချွန်းဝူက ပြောလိုက်သည်။
“မင်းက တကယ့် ဝတ်ရုံနက်လူ အစစ် ဖြစ်ဖြစ် အတုဖြစ်ဖြစ် အရေးမကြီးဘူး... ဒီနေ့ ငါနဲ့ ရင်ဆိုင်ရပြီဆိုမှတော့ မင်း သေဖို့ပဲ ရှိတော့တယ်”
သူ၏ စကားများမှာ အလွန် မောက်မာသည်။
၎င်းက ပွဲကြည့်ပရိသတ်များကို ခဏတာ တိတ်ဆိတ်သွားစေခဲ့သည်။ သူတို့ အားလုံး၏ မျက်လုံးများက ပြဇာတ်၏ အလယ်ဗဟိုတွင် ရှိနေသော လူနှစ်ယောက်ထံ၌ စွဲကပ်နေကြသည်။
“ခေါင်းဆောင်ချန်... ခင်ဗျားရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျုပ်က လွတ်လွတ်လပ်လပ် နေရတာကို ကျင့်သားရနေပြီ... တန်ခိုးထွားမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ဆိုတာ ကျုပ်နဲ့ မသင့်တော်ပါဘူး”
သွမ့်လင်းထျန်က ချန်ရွှမ်ပ၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
သွမ့်လင်းထျန်က မောက်မာသော ယိုးချွန်းဝူကို လုံးဝ လျစ်လျူရှုထားသည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။
သွမ့်လင်းထျန်က သူ့ကို ပေါ်တင်ကြီး လျစ်လျူရှုလိုက်သည်ကို မြင်သောအခါ ယိုးချွန်းဝူ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။
ပွဲကြည့်ပရိသတ်များမှာ အံ့အားသင့်သွားကြသည်။
ဒီလူက တကယ့် ဝတ်ရုံနက်လူ အစစ် ဖြစ်နိုင်မလား... ဒါမှမဟုတ်ရင် ယိုးချွန်းဝူရဲ့ အရှေ့မှာ သူ ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နေနိုင်မှာလဲ... အဲဒါတင် မကသေးဘူး... ယိုးချွန်းဝူကိုတောင် လျစ်လျူရှုလိုက်သေးတယ်.....
“စိတ်မကောင်းစရာပဲ”
သွမ့်လင်းထျန်၏ အဖြေကို ကြားသောအခါ ချန်ရွှမ်ပ အလိုအလျောက် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သွမ့်လင်းထျန်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော ယိုးချွန်းဝူကို သူ လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ခင်ဗျားဆီကို ကျုပ် ပြဿနာ သယ်လာမိပြီ... ခင်ဗျားအတွက် ကျုပ် ဖြေရှင်းပေးပါရစေ”
ချန်ရွှမ်ပ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန်ကို တိုက်ခိုက်ရန် ပြင်နေသော ယိုးချွန်းဝူ ရပ်တန့်သွားသည်။ သူ၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများတွင် သတိထားမှု အရိပ်အယောင်တစ်ခုကို မြင်တွေ့နိုင်သည်။
တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယင်ရွှမ်မင်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ရှေ့သို့ ထွက်လာကာ ချန်ရွှမ်ပ၏ လမ်းကြောင်းကို ပိတ်ဆို့ရင်း ရပ်လိုက်သည်။
“ခေါင်းဆောင်ချန်... သူက တန်ခိုးထွားမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်မှ မဟုတ်တာ... ဒီကိစ္စကို ခင်ဗျား ဝင်မပါတာ အကောင်းဆုံးပဲ”
သွမ့်လင်းထျန်၏ လုပ်ရပ်များအပေါ် အခြေခံ၍ ထိုနေရာတွင် ရပ်နေသော လူမှာ တကယ့် ဝတ်ရုံနက်လူ အစစ် ဖြစ်ရန် အခွင့်အရေး များသည်ဟု ယင်ရွှမ်မင် ယခု ယုံကြည်သွားပြီ ဖြစ်သည်။ သို့သော်လည်း သွမ့်လင်းထျန်က တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ပထမအကြီးအကဲ ယိုးချွန်းဝူ၏ ပြိုင်ဘက်ဖြစ်မည်ဟု သူ မထင်ပေ။ ထို့ကြောင့် တိုက်ပွဲကို တားဆီးရန် သူ အစီအစဉ် မရှိပေ။ ယိုးချွန်းဝူ သွမ့်လင်းထျန်ကို တိုက်ခိုက်ရန် အခွင့်အရေးနှင့် နေရာရစေရန် ချန်ရွှမ်ပကိုပင် သူ တားဆီးခဲ့သည်။
ဝှစ်... ဝှစ်... ဝှစ်...
တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပုဂ္ဂိုလ်များလည်း ယင်ရွှမ်မင်၏ ဘေးသို့ ပျံသန်းလာကြသည်။
တစ်ချိန်တည်းမှာပင် တန်ခိုးထွားမဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပုဂ္ဂိုလ်များလည်း ချန်ရွှမ်ပ၏ ဘေးသို့ ပျံသန်းလာကြသည်။
တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့နှင့် တန်ခိုးထွားမဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပုဂ္ဂိုလ်များအကြား ရင်ဆိုင်တွေ့ဆုံမှုက လေထုကို တင်းမာသွားစေသည်။ သူတို့ တိုက်ခိုက်လုနီးပါး ဖြစ်နေကြောင်း သိသာသည်။
ပွဲကြည့်ပရိသတ်များမှာ မျှော်လင့်တကြီးဖြင့် အသက်အောင့်ထားကြစဉ်...
ရုတ်တရက်...
“ခေါင်းဆောင်ချန်က အရမ်းကြင်နာလွန်းတယ်... သူက လူရွှင်တော် တစ်ယောက်ပါ... ခေါင်းဆောင်ချန် လက်တွေ ညစ်ပတ်ခံဖို့ မလိုပါဘူး”
သွမ့်လင်းထျန်က ပျင်းတိပျင်းတွဲ ပြောလိုက်သည်။ သူ၏ အသံမှာ မကျယ်သော်လည်း သူ စကားပြောလိုက်သောအခါ တင်းမာမှုကို ချက်ချင်း ပြေပျောက်သွားစေသည်။
“လူ... လူရွှင်တော်လား”
“ဝတ်ရုံနက်လူက တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲကို တကယ် လူရွှင်တော်လို့ ခေါ်လိုက်တာလား”
“သူက တကယ့် ဝတ်ရုံနက်လူ အစစ်လို့ ငါ ထင်တယ်... တကယ့် ဝတ်ရုံနက်လူ အစစ်ကပဲ ဒီလောက် မောက်မာရဲတာ”
“သူက တကယ့် ဝတ်ရုံနက်လူ အစစ်လို့ ငါ သဘောတူတယ်... ဒါပေမဲ့ သူက ဝတ်ရုံနက်လူ ဖြစ်ရင်တောင်မှ တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲ ယိုးချွန်းဝူရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား”
တင်းမာမှုများ ပြေပျောက်သွားသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ ပွက်လောရိုက်သွားတော့သည်။