သွမ့်လင်းထျန်၏ မောက်မာမှုကြောင့် ချန်ရွှမ်ပနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။
လူရွှင်တော်လား...
တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ပထမအကြီးအကဲ ယိုးချွန်းဝူသည် သွမ့်လင်းထျန်က သူ့ကို သမုတ်သည့် ပုံစံကြောင့် ချက်ချင်း ဒေါသထွက်သွားသည်။ သူသည် သွမ့်လင်းထျန်ကို စူးရဲစွာ စိုက်ကြည့်လိုက်ရာ သူ၏ အကြည့်က နံရံတစ်ခုကိုပင် အပေါက်များ ဖြစ်သွားစေနိုင်သည့်အလား ထင်ရသည်။
“မင်း သေချင်နေတာပဲ”
ယိုးချွန်းဝူက လေကဲ့သို့ ရွေ့လျားရင်း အော်ဟစ်လိုက်သည်။ သူ၏ သူတော်စင်မူရင်းစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား သွမ့်လင်းထျန်ကို တိုက်ခိုက်လိုက်သည်။
ဝှစ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် ယိုးချွန်းဝူက သွမ့်လင်းထျန်၏ အနီးသို့ ရောက်ရှိလာသည်။ သူသည် သွမ့်လင်းထျန်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးတော့သည်။
သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရှုရင်း လူတိုင်း အာရုံနစ်မြောနေကြသည်။
သူ အချိန်ကိုက် လှုပ်ရှားလိုက်တာပဲ...
သွမ့်လင်းထျန်လည်း လှုပ်ရှားလိုက်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ ညာလက်ကို မြှောက်လိုက်ရာ သူ၏ အင်္ကျီလက်များ ပွင့်ဟသွားသည်။ သူ၏ လှုပ်ရှားမှုအနောက်တွင် လေတိုးသံတစ်ခုနှင့်အတူ လေပြင်းတစ်ချက် ထွက်ပေါ်လာသည်။
စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်း...
သွမ့်လင်းထျန်က အတန်ကြာကတည်းက သူ၏ အင်္ကျီလက်ထဲတွင် ဖုံးကွယ်ထားသော ကောင်းကင်အဓိပတိရတနာဖြစ်သည့် စင်္ကြဝဠာပေတံမှ နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ရင်း စိတ်ထဲမှ တွေးလိုက်သည်။
ချက်ချင်းပင် သွမ့်လင်းထျန်၏ ပတ်လည်ရှိ လေဟာနယ်မှာ ဂယက်ထကာ ပုံပျက်လာသည်။ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေသော ယိုးချွန်းဝူ၏ ပတ်လည်ရှိ လေဟာနယ်သည်လည်း ဂယက်ထကာ ပုံပျက်နေသည်။
ဒါ ဘယ်လို နည်းစနစ်မျိုးလဲ...
ယိုးချွန်းဝူသည် မျက်စိဖြင့်မမြင်မရသော စွမ်းအင်တစ်ခုက သူ့ကို မတင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းက သူ့ကို ခေါင်းမူးသွားစေပြီး အနည်းငယ် ထိတ်လန့်သွားစေသည်။ ခဏတာမျှ သူ၏ စွမ်းအားဖြင့် ထိုအင်အားကို ခုခံရန် သူ မေ့သွားခဲ့သည်။ ကံမကောင်းစွာဖြင့် ၎င်းမှာ သူ၏ နောက်ဆုံး အတွေး ဖြစ်လာရန် ကံကြမ္မာ ဖန်ခြင်း ဖြစ်သည်။
ဝုန်း...
လေထုထဲတွင် ဓားအော်သံတစ်ခုထွက်ပေါ်လာပြီး သွမ့်လင်းထျန်က သူ၏ ခန္ဓာကိုယ်ထဲရှိ နေသူတော်စင်မူရင်းစွမ်းအင်များကို အသုံးပြုကာ ယိုးချွန်းဝူကို နှစ်ပိုင်းပိုင်းလိုက်သည်။ နောက်တစ်ခဏ၌ ယိုးချွန်းဝူ၏ ကွပ်လပ်လက်စွပ်ကို ယူနေစဉ် သူ၏ ပင်ကိုဝိညာဉ်အမြစ်ကိုပါ ဝါးမျိုလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ”
တစ်ချိန်တည်းမှာပင် ပွဲကြည့်ပရိသတ်များက ဂယက်ထကာ ပုံပျက်နေသော လေဟာနယ်ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ဘာတွေ ဖြစ်ပျက်နေသည်ကို သူတို့ မမြင်နိုင်ကြပေ။
ချန်ရွှမ်ပနှင့် ယင်ရွှမ်မင်တို့ အပါအဝင် တန်ခိုးထွားမဟာမိတ်အဖွဲ့နှင့် တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့တို့မှ အဆင့်မြင့်ပုဂ္ဂိုလ်များပင်လျှင် မျက်မှောင်ကြုတ်ကာ ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ဤသို့သော နတ်ဘုရားစွမ်းရည်မျိုးကို သူတို့ မမြင်ဖူးသလို ကြားလည်း မကြားဖူးပေ။
ဤအချိန်တွင် လူတိုင်း မျှော်လင့်တကြီးဖြင့် အသက်အောင့်ထားကြသည်။
“ဒါက နတ်ဘုရားစွမ်းရည်လား”
လူအများအပြား သိချင်နေကြသည်။
“ဒါက သေချာပေါက် နတ်ဘုရားစွမ်းရည်ပဲ... ဒါ့ပြင် အရမ်း အစွမ်းထက်ပြီး ထူးခြားတဲ့ နတ်ဘုရားစွမ်းရည် ဖြစ်ပုံရတယ်”
သွမ့်လင်းထျန်က ကောင်းကင်အဓိပတိရတနာဖြစ်သော စင်္ကြဝဠာပေတံဖြင့် စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းအား အသုံးပြုသည်ကို မြင်ဖူးခဲ့သော ထိုနေရာရှိ လူများမှာ အော်ဟစ်လိုက်ကြသည်။
“အရင်က ဝတ်ရုံနက်လူ ဒီနတ်ဘုရားစွမ်းရည်ကို သုံးတာ ငါ မြင်ဖူးတယ်... ဒီလူက တကယ့် ဝတ်ရုံနက်လူအစစ် ဖြစ်ဖို့ များတယ်”
“သူက တကယ့် ဝတ်ရုံနက်လူ အစစ်ပဲ... အတုမဟုတ်ဘူး”
ယခင်က သွမ့်လင်းထျန် စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုသည်ကို မြင်ဖူးသော လူပိုများလာပြီး စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောလိုက်ကြသည်။
“ငါ သိသလောက်ဆိုရင် လေဟာနယ် ဂယက်ထတာတွေ၊ ပုံပျက်တာတွေ ပျောက်သွားတာနဲ့ သူ့ပြိုင်ဘက် သေသွားလိမ့်မယ်”
“အဲဒါ မှန်တယ်... ဒီတစ်ခါရော ကွာခြားမလား မသိဘူး... ဘာပဲဖြစ်ဖြစ် သူ့ပြိုင်ဘက်က သာမန်လူမှ မဟုတ်တာ... သူက တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ပထမအကြီးအကဲ ယိုးချွန်းဝူလေ... သူက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ ထိပ်ဆုံး အဆင့် ၂၀၀ အတွင်း ဝင်တယ်”
“ပြောရခက်တယ်”
အတိတ်က သွမ့်လင်းထျန် စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းအား အသုံးပြုသည်ကို မြင်ဖူးသော လူအများအပြားက အချင်းချင်း ဆွေးနွေးလိုက်ကြသည်။ သွမ့်လင်းထျန်၏ နတ်ဘုရားစွမ်းရည် မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ နားလည်ကြသည်။ ယခင်က သွမ့်လင်းထျန် ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီးနောက် ပြိုင်ဘက် အားလုံး သေဆုံးသွားခဲ့ကြသော်လည်း ယခုတစ်ကြိမ် သူ၏ ပြိုင်ဘက်မှာ သာမန်လူ မဟုတ်သောကြောင့် ထိုသို့ ဖြစ်လာမည် ဟုတ် မဟုတ် မသေချာကြပေ။
ဤလူများသည် စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းမှာ ထူးခြားသော်လည်း အသက်အန္တရာယ် မပေးနိုင်ကြောင်းကို ဘယ်သောအခါမျှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။ ၎င်းက ထင်ယောင်ထင်မှား ဖြစ်စေသော သက်ရောက်မှုသာ ရှိသည်။ သွမ့်လင်းထျန်အတွက် ၎င်း၏ အကြီးမားဆုံး အသုံးဝင်မှုမှာ အခြားလူများ၏ အမြင်အာရုံကို ပိတ်ဆို့နိုင်ခြင်း ဖြစ်သည်။
မီးပူဇော်ခြင်းဂိုဏ်းမှ လူအများအပြားက သွမ့်လင်းထျန် နယ်မြေ အသုံးပြုသည်ကို မြင်ဖူးကြသောကြောင့် အခြားလူများ၏ အမြင်အာရုံကို ပိတ်ဆို့ရန် သူ၏ ဓားတစ်သောင်း နယ်မြေကို အသုံးပြုခြင်းမှာ လက်တွေ့မကျပေ။ အကယ်၍ သူသာ သူ၏ နယ်မြေကို အသုံးပြုပါက သွမ့်လင်းထျန် ဖြစ်ကြောင်းကို သေချာပေါက် ပေါ် ပေါက်သွားမည် ဖြစ်သည်။
သူက တကယ့် ဝတ်ရုံနက်လူ အစစ်လား.....
သူ၏ အရှေ့တွင် ရပ်နေသော လူမှာ တကယ့် ဝတ်ရုံနက်လူ အစစ်ဖြစ်ကြောင်း သိလိုက်ရသောအခါ ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ကျီးကန်းနက်အိုကြီး၏ မျက်လုံးများ လင်းလက်သွားသည်။ သူ၏ မျက်လုံးများက ဂယက်ထကာ ပုံပျက်နေသော လေဟာနယ်ကို မျှော်လင့်တကြီး စူးစိုက်ကြည့်နေစဉ် စိတ်ထဲမှ အစွမ်းကုန် ဆုတောင်းနေသည်။
အကြီးအကဲယိုး... ခင်ဗျားရဲ့ စွမ်းအားနဲ့ သူ့ကို သေချာပေါက် သတ်နိုင်မှာပါ... ကျုပ် ခင်ဗျားကို ယုံတယ်...
သူသည် ဤစကားကို စိတ်ထဲ၌ ထပ်တလဲလဲ ရေရွတ်နေသည်။
အကယ်၍ ယိုးချွန်းဝူသာ ဝတ်ရုံနက်လူကို သတ်နိုင်ခဲ့ပါက ကျီးကန်းနက်မဟာမိတ်အဖွဲ့အတွက် သွယ်ဝိုက်သောနည်းဖြင့် လက်စားချေပြီးသား ဖြစ်သွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျီးကန်းနက်မဟာမိတ်အဖွဲ့က ဆက်ငြိမ်နေရန် မလိုအပ်တော့ပေ။ ဝတ်ရုံနက်လူ သေသွားပါက ကျီးကန်းနက်မဟာမိတ်အဖွဲ့သည် အတိတ်ကကဲ့သို့ပင် အားနည်းသူများကို အတားအဆီးမရှိ ဆက်လက်အခွင့်ကောင်းယူနိုင်မည် ဖြစ်သည်။
ဤအကြောင်းကြောင့် ယိုးချွန်းဝူက ဝတ်ရုံနက်လူကို သတ်နိုင်ရန် မျှော်လင့်နေသူမှာ ကျီးကန်းနက်အိုကြီး တစ်ယောက်တည်း မဟုတ်ပေ။ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင် အားလုံးသည်လည်း ဝတ်ရုံနက်လူ သေဆုံးရန် ပြင်းပြစွာ မျှော်လင့်နေကြသည်။
ဤအချိန်တွင် တည်ငြိမ်နေသူများမှာ တိမ်တိုက်များအထက်တွင် ဝဲပျံနေသော ထိုလူသုံးယောက်သာ ရှိသည်။ ဤလူများမှာ သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့၏ သခင်လေးအိုချင်းနှင့် အကြီးအကဲလုကျင်တို့အပြင် နှစ်တစ်ထောင် မဟာမိတ်အဖွဲ့၏ သခင်လေး ဒုံကော်ကျိတို့ ဖြစ်ကြသည်။
စောစောက သွမ့်လင်းထျန်သည် စိန့်ကောင်းကင် စတုတ္ထပုံစံကျင့်ကြံမှုအခြေခံရှိသော နှစ်တစ်ထောင် မဟာမိတ်အဖွဲ့မှ အကြီးအကဲ ဝမ်တိန့်ရှန်းအား သတ်ခဲ့သည်ကို သူတို့ မျက်မြင်တွေ့ခဲ့ရသည်။ သဘာဝကျကျပင် ယိုးချွန်းဝူက သွမ့်လင်းထျန်ကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သူတို့ သိကြသည်။
ယိုးချွန်းဝူ၏ ကျင့်ကြံမှုအခြေခံက စိန့်ကောင်းကင် တတိယပုံစံ၏ အထွတ်အထိပ်တွင် ရှိနေလျှင်တောင်မှ စိန့်ကောင်းကင် စတုတ္ထပုံစံ စွမ်းအားရှင် တစ်ဦးဖြစ်သော ဝမ်တိန့်ရှန်းနှင့် သူ ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။ ဝတ်ရုံနက်လူက ဝမ်တိန့်ရှန်းကို သတ်ခဲ့သည်ဖြစ်ရာ ယိုးချွန်းဝူက ဝတ်ရုံနက်လူကို ဘယ်လိုလုပ် သတ်နိုင်မည်နည်း။
“ထင်တဲ့အတိုင်းပဲ”
မကြာမီတွင် အိုချင်း၊ လုကျင်နှင့် ဒုံကော်ကျိတို့သည် လေဟာနယ်မှာ ဂယက်ထခြင်း၊ ပုံပျက်ခြင်း မရှိတော့ဘဲ ယခင်က ဖုံးကွယ်နေသော ပုံရိပ်နှစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူတို့ထဲမှ တစ်ယောက်မှာ လုံးဝ အကောင်းပကတိ ဖြစ်နေသည်။ သို့သော်လည်း အခြားတစ်ယောက်မှာ နှစ်ပိုင်းပြတ်နေသည်။ သူ သေသွားပြီဖြစ်ကြောင်း ထင်ရှားသည်။ သဘာဝကျကျပင် အထိအခိုက်မရှိသူမှာ သွမ့်လင်းထျန် ဖြစ်သည်။
အိုချင်းနှင့် အခြားလူနှစ်ယောက်က ၎င်းကို မျှော်လင့်ထားပြီး ဖြစ်သောကြောင့် သူတို့ အံ့အားသင့်မသွားကြပေ။
သို့သော်လည်း အခြားသူများ အားလုံးအတွက်မူ တုန်လှုပ်သွားကြသည်။
လေဟာနယ် ဂယက်ထခြင်းနှင့် ပုံပျက်ခြင်းများ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ တန်ခိုးထွားမဟာမိတ်အဖွဲ့နှင့် တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့တို့မှ အဆင့်မြင့်ပုဂ္ဂိုလ်များ အပါအဝင် လူတိုင်းက သူတို့၏ အရှေ့ရှိ မြင်ကွင်းကို တုန်လှုပ်စွာ၊ မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
ဝတ်ရုံနက်လူက သူ၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်မှာ အသက်ရှိုက်အနည်းငယ်မျှသာ ရှိသေးသည်။
သို့သော်လည်း တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ပထမအကြီးအကဲ ယိုးချွန်းဝူ သေသွားပြီလော...
ထို့ပြင် သူက နှစ်ပိုင်းတောင် ပြတ်သွားသည်လော...
အခြားတစ်ဖက်တွင် ဝတ်ရုံနက်လူမှာ အကောင်းပကတိ ရှိနေသည်။
သူက ဘယ်လောက်တောင် အစွမ်းထက်တာလဲ...
“သူက စိန့်ကောင်းကင် စတုတ္ထပုံစံ ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တဲ့ အဆင့်မှာ ရှိနေတာလား”
လူအများအပြားတွင် တူညီသော အတွေးမျိုး ရှိနေကြသည်။
လူအများစု သတိပြန်ဝင်လာသောအခါ ပင့်သက်ရှိုက်လိုက်မိကြသည်။
လူများ မိန်းမောနေဆဲဖြစ်စဉ် လေပြင်းတစ်ချက် ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ပထမအကြီးအကဲကို သတ်ရန် အသက်ရှိုက်အနည်းငယ်သာ အချိန်ယူခဲ့သော ဝတ်ရုံနက်လူက ဟင်းလင်းပြင် အက်ကွဲကြောင်းဆီသို့ ပျံသန်းပြီး ဝင်ရောက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။ သူ အက်ကွဲကြောင်းထဲသို့ ဝင်သွားသောအခါ ဧရာမ သားရဲကြီး တစ်ကောင်က မျိုချလိုက်သည့်အလား ထင်ရသည်။
“သူ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲကို ဝင်သွားပြီ”
“သူ သေရမှာကို မကြောက်ဘူးလား”
သွမ့်လင်းထျန်၏ လုပ်ရပ်က သူတို့ကို ထပ်မံ အံ့အားသင့်သွားစေသည်။ တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ပထမအကြီးအကဲကို သတ်ပြီးနောက် သူသည် တုံ့ဆိုင်းမနေဘဲ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်သွားခဲ့သည်။
ဝတ်ရုံနက်လူ၏ စရိုက်က လူအုပ်ကြီးထံမှ လေးစားမှုများစွာကို ရရှိစေခဲ့သည်။
ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ အမြန် ဝင်သွားခြင်းက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်ဟု သွမ့်လင်းထျန် ထင်သည်။ အဆုံး၌ သူ၏ နေသူတော်စင်မူရင်းစွမ်းအင်များကို သူ အကုန်နီးပါး သုံးစွဲလိုက်ပြီ ဖြစ်သည်။ တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့မှ တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပါက သာမန် အကြီးအကဲ တစ်ယောက် ဖြစ်လျှင်တောင်မှ သူ၏ နေသူတော်စင်မူရင်းစွမ်းအင် အများစုကို သုံးထားပြီးဖြစ်ရာ သွမ့်လင်းထျန်သည် ထိုလူ၏ ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။
ယခင်က ကောင်းကင်အဓိပတိရတနာဖြစ်သော နဂါးသွဲ့ကျောက်ဓားဖြင့် နှစ်တစ်ထောင် မဟာမိတ်အဖွဲ့မှ အကြီးအကဲ ဝမ်တိန့်ရှန်းကို သတ်ခဲ့စဉ်က သူ၏ နေသူတော်စင်မူရင်းစွမ်းအင် အများအပြားကို သူ အသုံးပြုခဲ့ရသည်။
သွမ့်လင်းထျန်၏ နေသူတော်စင်မူရင်းစွမ်းအင်မှာ အနည်းငယ်သာ ပြန်လည် ပြည့်ဝလာသေးစဉ် တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့၏ ပထမအကြီးအကဲ ယိုးချွန်းဝူကို သတ်ရန် အားလုံးနီးပါးကို ထပ်မံအသုံးပြုလိုက်ရပြန်သည်။ သဘာဝကျကျပင် သူသည် နောက်ဆုံး အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူ၏ လုံခြုံရေးအတွက် သွမ့်လင်းထျန်သည် တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပုဂ္ဂိုလ်များ မတုံ့ပြန်နိုင်မီ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်ရန် သူ၏ ကျန်ရှိနေသော နေသူတော်စင်မူရင်းစွမ်းအင်များကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ လောကငယ်ထဲတွင် မည်သည့်အရာများ ရှိနေသည်ကို သူ မသိသော်လည်း ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသော စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် ချန်ရစ်ခဲ့သည့် လောကငယ်ထဲသို့ သူ ဝင်သွားလိုက်သည်။ ၎င်းမှာ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
အကယ်၍ သွမ့်လင်းထျန်သာ ဆက်နေနေပါက တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့မှ သာမန်အဖွဲ့ဝင်များကို ဘေးဖယ်ထားလိုက်ဦး သူတို့၏ ခေါင်းဆောင် ယင်ရွှမ်မင်က သူ နောက်ဆုံး အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်းကို သေချာပေါက် မြင်တွေ့နိုင်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် သူ ကိုယ့်အသက်ကိုကိုယ်တောင် ကာကွယ်နိုင်မည် မဟုတ်ချေ။