အကြီးအကဲဟော်၏ စကားများကို ကြားသောအခါ သွမ့်လင်းထျန် စိတ်လှုပ်ရှားစွာဖြင့် ပင့်သက်ရှိုက်လိုက်မိသည်။ ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသော စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ဦး ချန်ရစ်ခဲ့သည့် ရတနာသိုက် ရှိနေနိုင်ကြောင်း သူ သိလိုက်ရစဉ်ကတည်းက စိတ်လှုပ်ရှားနေခဲ့ပြီးသား ဖြစ်သည်။ ယခု ဤလောကငယ်ကို ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသော စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် သုံးဦး ပူးပေါင်း ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သူ သိလိုက်ရသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာသည်။
ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးတဲ့ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် သုံးယောက် ပူးပေါင်း ဖန်တီးထားတဲ့ လောကငယ်ဆိုတော့ သေချာပေါက် ဒီထဲမှာ သာမန်မဟုတ်တဲ့ ရတနာတွေ ရှိရမယ်...
သွမ့်လင်းထျန် စိတ်ထဲတွင် တွေးရင် အသက်ရှူနှုန်း မြန်ဆန်လာသည်။ တည်ငြိမ်သွားရန် အတန်ကြာ အချိန်ယူလိုက်ရသည်။ သူ အလွန် စိတ်လှုပ်ရှားနေသည်။
သူတို့က ဒေဝတာဘုံကို မတက်ခင် ဒီလောကငယ်ကို အတူတူ ဖန်တီးခဲ့ကြတာဆိုတော့ သူတို့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်... ဒေဝတာဘုံကို ယူသွားလို့ မရတဲ့အတွက် သူတို့ ပိုင်ဆိုင်သမျှ အားလုံးကို ဒီသာမန်လောကငယ်ထဲမှာပဲ ချန်ထားခဲ့ကြတာ ဖြစ်ရမယ်... ဒီပစ္စည်းတွေက ဒေဝတာဘုံမှာ သိပ်တန်ဖိုးမရှိရင်တောင်မှ သာမန်လောကငယ်မှာတော့ အရမ်း တန်ဖိုးကြီးမှာ သေချာတယ်...
တည်ငြိမ်ခါစ သွမ့်လင်းထျန်သည် ဤအကြောင်းကို တွေးမိသောအခါ ထပ်မံ စိတ်လှုပ်ရှားသွားပြန်သည်။
သွမ့်လင်းထျန်သည် လာမည့် စမ်းသပ်မှုများကို ရင်ဆိုင်ရချိန်တွင် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ တကယ်တော့ သူ အာရုံလွင့်သွားသည့် အကြိမ်အနည်းငယ်ပင် ရှိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် စမ်းသပ်မှုများမှာ သူ ကိုင်တွယ်ဖြေရှင်းရန် သိပ်မခက်ခဲခဲ့ပေ။
ပိုပိုပြီး ခက်လာပြီ... နောက်ဆုံး စမ်းသပ်မှုက တကယ်ကို ခက်ခဲလိမ့်မယ်... ဘယ်တော့များမှ ပြီးမှာလဲ မသိဘူး...
အတော်လေး ခက်ခဲသော စမ်းသပ်မှုတစ်ခုကို အောင်မြင်ပြီးနောက် သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။ သူသည် စမ်းသပ်မှုအပေါ် စတင် အာရုံစိုက်လိုက်သည်။ သူ ဆက်လက် အာရုံမပျံ့လွင့်ရဲတော့ပေ။
ဤအချိန်တွင် သွမ့်လင်းထျန်သည် စမ်းသပ်မှု အများအပြားကို အောင်မြင်ခဲ့ပြီးပြီ ဖြစ်သည်။ လောကငယ်ထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် စမ်းသပ်မှုများ စတင် ပေါ်ပေါက်လာခဲ့သည်။ သူ နောက်ဆုတ်၍ မရတော့သဖြင့် ရှေ့သို့သာ ဆက်သွားနိုင်တော့သည်။
အစပိုင်းတွင် စမ်းသပ်မှုများမှာ ရိုးရှင်းသော်လည်း တဖြည်းဖြည်း ပို၍ ခက်ခဲလာသည်။ လက်ရှိ စမ်းသပ်မှုကို သွမ့်လင်းထျန်ပင် ခက်ခဲသည်ဟု ထင်လာရသည်။ သို့သော်လည်း သူ၏ အပြည့်အဝ စွမ်းအားကို မထုတ်ဖော်ရသေးသလို သူ၏ အစွမ်းထက်သော နည်းစနစ်များ အားလုံးကိုလည်း အသုံးမပြုရသေးပေ။
“ဆက်သွားကြတာပေါ့”
နောက်ထပ် စမ်းသပ်မှုတစ်ခု ပေါ်လာသောအခါ မြေပြင်မှာ တုန်ခါသွားပုံရသည်။ သွမ့်လင်းထျန်၏ အရှေ့ရှိ လေဟာနယ်ထဲမှ ဧရာမ သားရဲကြီး ဆယ်ကောင် ပေါ်လာပြီး သူ့ကို ဖိအားပေးလာသည်။
ဤအရာကို မြင်သောအခါ သွမ့်လင်းထျန်၏ မျက်နှာ တည်ကြည်သွားသည်။ သူ အလေးအနက်ထားကာ စတင် အာရုံစိုက်လိုက်သည်။ ဖယ်ထုတ်ခံရရန်အတွက် သူ တစ်ချက်လေး အမှားလုပ်မိရန်သာ လိုအပ်သည်။ သူသာ လောကငယ်ထဲရှိ စမ်းသပ်မှုတစ်ခုခုကို ကျရှုံးပါက ချက်ချင်း ဖယ်ထုတ်ခံရပြီး အပြင်သို့ အပို့ခံရမည် ဖြစ်ကြောင်း အကြီးအကဲဟော်က သူ့ကို အသိပေးထားခဲ့သည်။ အပြင်သို့ အပို့ခံရသည်နှင့် တစ်ပြိုင်နက် လောကငယ်ထဲသို့ ပြန်ဝင်ရန် မဖြစ်နိုင်တော့ပေ။ ထိုအချိန်တွင် သူသည် ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသော စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် သုံးဦး ချန်ရစ်ခဲ့သည့် ရတနာများအား ရယူနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးရမည် ဖြစ်သည်။
ဤအကြောင်းကို တွေးမိရုံဖြင့် သွမ့်လင်းထျန် စိတ်ဆင်းရဲသွားသည်။ ထို့ကြောင့် သူ အာရုံလွင့်မခံရဲဘဲ အလေးအနက်ထားလိုက်သည်။
ဝှစ်... ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...
ဧရာမ သားရဲကြီး ဆယ်ကောင် သွမ့်လင်းထျန်ဆီသို့ ပြေးဝင်လာသောအခါ သူ၏ ပတ်လည်ရှိ လေဟာနယ်မှာ စတင်၍ မတည်မငြိမ် ဖြစ်လာသည်။ လေတိုက်ခတ်သံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။
“လိပ်နက်အတားအဆီး”
သွမ့်လင်းထျန်က သူ၏ အကာအကွယ် နတ်ဘုရားစွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်သည်။ ၎င်းမှာ သူ လောကငယ်ထဲသို့ ဝင်ရောက်ပြီးကတည်းက နတ်ဘုရားစွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ ယင်းသည် မီးပူဇော်ခြင်းဂိုဏ်း၏ အသန်မာဆုံး အကာအကွယ် နတ်ဘုရားစွမ်းရည် ဖြစ်သည်။
သွမ့်လင်းထျန် လိပ်နက်အတားအဆီးကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးခေတ်ကာလက သားရဲတစ်ကောင်နှင့် တူသော ဧရာမ လိပ်နက်ကြီး တစ်ကောင်၏ ပုံရိပ်က သွမ့်လင်းထျန်ကို ချက်ချင်း လွှမ်းခြုံကာ ကာကွယ်ပေးလိုက်သည်။ သူ့ထံသို့ ရောက်ရှိရန်အတွက် အကာအကွယ်ကို ဖောက်ထွင်းဝင်ရမည် ဖြစ်သည်။
သားရဲကြီး ဆယ်ကောင်က အော်ဟစ်၊ ဟိန်းဟောက်၊ ကြုံးဝါးရင်း သွမ့်လင်းထျန်ဆီသို့ ခုန်အုပ်လာကြသည်။ သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လေပြင်းများ တိုက်ခတ်ကာ မြေပြင်ကို တုန်ခါသွားစေသည်။ လေပြင်းများ၏ အင်အားမှာ အလွန် ပြင်းထန်လွန်းလှသဖြင့် ကောင်းကင်ကြီး ပြိုကျတော့မည့်အလား ခံစားရစေသည်။ ဧရာမ သားရဲကြီး ဆယ်ကောင် အတူတကွ တိုက်ခိုက်လိုက်သောအခါ သူတို့၏ စွမ်းအားမှာ အလွန် ပြင်းထန်သဖြင့် နေနှင့်လပင် မှေးမှိန်သွားပုံရသည်။ သူတို့၏ ပူးပေါင်းစွမ်းအားက သွမ့်လင်းထျန်ဆီသို့ ရိုက်ခတ်သွားပြီး သွမ့်လင်းထျန်ကို ကာကွယ်ပေးထားသော အကာအကွယ်ပေါ်သို့ ကျဆင်းသွားသည်။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
ချက်ချင်းပင် လေထုထဲတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ အကာအကွယ်သည် ပြင်းထန်သော လှိုင်းလုံးများ၏ ရိုက်ခတ်ခြင်းကို ခံရသည့် ရွက်လှေတစ်စင်းကဲ့သို့ ပြင်းထန်စွာ တုန်ခါလာသည်။ ခဏအကြာတွင် အကာအကွယ်မှာ ပျက်စီးလုနီးပါးဖြစ်လာသည်။
သို့သော်လည်း ဧရာမ သားရဲကြီး ဆယ်ကောင်သည်လည်း အတူတကွ တိုက်ခိုက်ပြီးနောက် သူတို့၏ စွမ်းအားများ ကုန်ခမ်းသွားပုံရသည်။
ခံနိုင်ရည် ရှိသားပဲ...
သွမ့်လင်းထျန်၏ မျက်လုံးများ လင်းလက်သွားကာ စိတ်ထဲမှ တွေးလိုက်သည်။
မီးပူဇော်ခြင်းဂိုဏ်းရဲ့ အသန်မာဆုံး အကာအကွယ် နတ်ဘုရားစွမ်းရည်လို့ အသိအမှတ်ပြုခံထားရတာ အံ့ဩစရာ မဟုတ်ဘူးပဲ... ငါက အခြေခံအဆင့်လောက်ပဲ ကျွမ်းကျင်သေးတာတောင် သူ့ရဲ့ အကာအကွယ်က အရမ်း အစွမ်းထက်တယ်...
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်၏ အတွေးတစ်ချက်ဖြင့် လိပ်နက်အတားအဆီးသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ဝှစ်...
ထို့နောက် သွမ့်လင်းထျန် သူ၏ လက်ကို မြှောက်လိုက်ရာ ကမ္ပည်းတစ်ထောင် သူတော်စင်ဓားတစ်လက် သူ၏ လက်ထဲတွင် ပေါ်လာသည်။ ထို့နောက် သူက ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို လွှတ်ပေးလိုက်ရာ ၎င်းမှာ သူ့အလိုလို ပျံသန်းသွားပြီး ဧရာမ သားရဲကြီး ဆယ်ကောင်ကို စတင် ခုတ်ပိုင်းလိုက်သည်။
၎င်းမှာ အကြွင်းမဲ့ဓားနှလုံးသား တတိယအဆင့်၏ နည်းစနစ် ဖြစ်သည်။ အကြွင်းမဲ့နှလုံးသား၏ တတိယအဆင့်ကို ဓားနှလုံးသားထိန်းချုပ်ခြင်း ဟု ခေါ်သည်။ ဓားသည် နှလုံးသားက သွားစေချင်သည့် နေရာသို့ ရောက်သွားမည်ဖြစ်သည်။
ငါ ကျွမ်းကျင်ထားတဲ့ ဒီဓားနည်းစနစ်က သိုင်းတာအိုသူတော်စင်နယ်မြေမှာ သေချာပေါက် အသန်မာဆုံး ဓားနည်းစနစ်ပဲ...
သွမ့်လင်းထျန်သည် ဤအရာနှင့် ပတ်သက်၍ အလွန် ယုံကြည်မှု ရှိသည်။
ရွှပ်...
ခဏသာ ကြာသောအခါ လေထုထဲတွင် ဓားအော်သံတစ်ခု ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ဓားအလင်းတန်းတစ်ခု ပေါ်လာသည်။ ဓားကျော်ဖြတ်သွားပြီးနောက် ဧရာမ သားရဲကြီးများ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ထိုသို့ဖြင့် သွမ့်လင်းထျန်သည် နောက်ထပ် စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
“ပိတ်သွားပြီ”
အကြီးအကဲဟော်က ရုတ်တရက် ပြောလိုက်သည်။
သွမ့်လင်းထျန်က နားမလည်စွာဖြင့် မေးလိုက်သည်။
“ပိတ်သွားပြီ... ဘာ ပိတ်သွားတာလဲ”
“ဒီလောကငယ်ရဲ့ ဝင်ပေါက် ပိတ်သွားတာ”
အကြီးအကဲဟော်က ဖြေလိုက်သည်။
“ဝင်ပေါက် ပိတ်သွားပြီလား”
ဤစကားကို ကြားသောအခါ သွမ့်လင်းထျန်၏ မျက်လုံးများ လင်းလက်သွားသည်။
“ဒါဆိုရင် ဘယ်သူမှ လောကငယ်ထဲကို ဝင်လို့ မရတော့ဘူးပေါ့”
“ဟုတ်တယ်”
အကြီးအကဲဟော်က ပြန်ဖြေလိုက်သည်။
သဘာ၀ကျကျပင် ထိုစကားကို ကြားသောအခါ သွမ့်လင်းထျန် အလွန် ဝမ်းသာသွားသည်။ အဆုံး၌ ဝင်ပေါက် ပိတ်သွားသည်နှင့် တစ်ပြိုင်နက် မည်သူမျှ ဝင်နိုင်တော့မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူ၏ ပြိုင်ဘက်များ နည်းသွားမည် ဖြစ်သည်။ သူ့အတွက် ဝင်ပေါက် ပိတ်သွားခြင်းက အကျိုးသာရှိစေပြီး ဆုံးရှုံးစရာ ဘာမှမရှိပေ။
ငါ ဒီလောကငယ်ထဲ ဝင်လာတာ အတော်ကြာနေပြီ... ဒါပေမဲ့ ၀င်ပေါက်က အခုမှ ပိတ်သွားတယ်... အမှောင်နယ်မြေဂိုဏ်းလိုမျိုး ဒုစရိုက်မြို့တော်အနီးက အင်အားစုတွေ ဒီသတင်းကို ကြားသွားလောက်ပြီ... သူတို့ရဲ့ လူတွေကိုတောင် အထဲကို လွှတ်လိုက်လောက်တယ်...
ဤအကြောင်းကို တွေးမိသောအခါ သွမ့်လင်းထျန် မျက်မှောင်ကြုတ်သွားသည်။
ရုတ်တရက် လေပြင်းတိုက်ခတ်သံများကို ကြားလိုက်ရသည်။ သွမ့်လင်းထျန် သူ၏ နောက်ထပ် စမ်းသပ်မှုကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သိလိုက်သည်။
တစ်ချိန်တည်းမှာပင် လောကငယ်၏ အပြင်ဘက်၌ ဖယ်ထုတ်ခံခဲ့ရသော လူများသည် နေရာလွတ်အက်ကွဲကြောင်း စတင် ပိတ်သွားသည်ကို စောင့်ကြည့်နေကြသည်။
ဤအရာကို မြင်သောအခါ ဝင်ပေါက်ကို စောင့်ကြပ်နေသူများမှာ အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ခဏအကြာတွင် ဒုစရိုက်မြို့တော် ပြင်ပရှိ အင်အားစုများမှ လူများ ထပ်မံ ရောက်ရှိလာကြသည်။ သူတို့ ခြေတစ်လှမ်း နောက်ကျသွားကြောင်းကို သိလိုက်ရသောအခါ သူတို့ အားလုံး အလွန် စိတ်ပျက်သွားကြသည်။
“ဘောပဲ... နည်းနည်းလေးပဲ လိုတော့တာကို”
“အသက်ဆယ်ရှိုက်လောက်ပဲ လိုသွားတဲ့ဟာကိုကွာ”
“ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးတဲ့ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက် ချန်ထားခဲ့တဲ့ ရတနာသိုက်ထဲကို ဝင်ခွင့်လွဲသွားရအောင် ငါက ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ... ဒါက တကယ် ရှားပါးတဲ့ အခွင့်အရေးဟာကို”
ခဏအကြာတွင် လူပိုများလာကြသည်။ ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသော စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ဦး ချန်ရစ်ခဲ့သည့် ရတနာသိုက်၏ ဝင်ပေါက် ပိတ်သွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ရသောအခါ သူတို့ အားလုံး စောစော မလာမိသည့်အတွက် နောင်တရသွားကြသည်။
ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လူတိုင်း၏ မျက်စိရှေ့တွင် လူငယ်နှစ်ဦး ပေါ်လာသည်။
“သခင်လေး...”
လူငယ်နှစ်ဦး ပေါ်လာသောအခါ အပြင်တွင် ရပ်နေသော လူစုနှစ်စုက သူတို့ကို ရိုသေလေးစားစွာ ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။
လူငယ်နှစ်ဦးထဲမှ တစ်ဦးမှာ သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ သူသည် ပိန်ပါးပြီး အားနည်းကာ ဖြူနုနေသည်။ သူသည် လူပေါ် ကြော့သူဌေးသား တစ်ယောက်နှင့် အတိအကျ တူသည်။ အခြား လူငယ်တစ်ဦးက ငှက်မွေးယပ်တောင်ကို ကိုင်ဆောင်ထားပြီး သူ၏ ခေါင်းပေါ်တွင် ပိုးပဝါကို ဦးထုပ်ပုံစံ ချည်ဆောင်းထားသည်။ သူသည် ပညာရှင်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း အနည်းငယ် ဆိုးဝါးသော အခြေအနေတွင် ရှိနေပုံရသည်။ သူ၏ ပုံမှန် ယဉ်ကျေးသိမ်မွေ့သော အသွင်အပြင်က ပျောက်ဆုံးနေသည်။
ဤလူငယ်နှစ်ဦးမှာ အခြားသူများမဟုတ်ဘဲ သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့နှင့် နှစ်တစ်ထောင် မဟာမိတ်အဖွဲ့တို့၏ သခင်လေးများ ဖြစ်ကြသော အိုချင်းနှင့် ဒုံကော်ကျိတို့ ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်းဖယ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။