လုချန်က တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။ ဤသားရဲကြီး ဘယ်ကနေ ရောက်လာသည်ကို သူ မသိပေ။ သူက အနီးနားရှိ တောရိုင်းနယ်မြေအားလုံးကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ပြီးသား ဖြစ်သည်။ ထို ဦးခေါင်းသုံးလုံးပါ မြွေဟောက်ကြီးမှလွဲ၍ အခြား အဆင့်C သားရဲ တစ်ကောင်မှ မတွေ့ခဲ့ရပေ။ ယခုမူ သူက ထွက်သွားရန် လိုအပ်နေသည်။ မြို့ထဲရှိ မည်သူတစ်ဦးတစ်ယောက်မှ ဤသားရဲကြီးကို ခုခံနိုင်စွမ်း မရှိပေ။ သူက လော့နျန်ဝေနှင့် သူမ၏ မိခင်ကို လှည့်ကြည့်လိုက်သည်။
“နျန်ဝေ... အန်တီ ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် အခု သွားမှ ဖြစ်တော့မယ်...”
“မသွားပါနဲ့”
လော့နျန်ဝေက ရုတ်တရက် မတ်တပ်ထရပ်ကာ သူ၏ လက်စွပ်ကို လက်နှစ်ဖက်ဖြင့် ဆွဲထားလိုက်သည်။ သူမ၏ လေသံမှာ တုန်ယင်နေသည်။
“မသွားပါနဲ့... ဒီလောက်ပြင်းထန်တဲ့ အငွေ့အသက်မျိုးက သာမန်သားရဲဆီက ထွက်တာ မဟုတ်ဘူး။ အဲဒီအကောင်က အရမ်း အစွမ်းထက်မှာ သေချာတယ်... သွားရင်... သွားရင် သေလိမ့်မယ်။”
ဆုန့်ယွဲ၏ မျက်ဝန်းတွင်လည်း မျက်ရည်များ ဝဲလာခဲ့သည်။ “သားရယ်... မသွားပါနဲ့...”
သို့သော် လုချန်က ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အနည်းငယ် လှုပ်ခတ်လိုက်သည်။ အခန်းထဲရှိ လူအားလုံး၏ မျက်လုံးများမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ သူသာ မသွားလျှင် ဤမြို့တော်ကြီး တည်ရှိတော့မည် မဟုတ်ပေ။ သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ အခန်းထဲရှိ လူအားလုံးက ကြမ်းပြင်ပေါ်တွင် လှဲကျသွားကာ မသိစိတ်ဖြင့် အိပ်ပျော်သွားကြတော့သည်။ သူက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လော့နျန်ဝေ၏ အနားသို့ သွားကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“နှုတ်မဆက်ဘဲ ထွက်သွားမိတာ ခွင့်လွှတ်ပါ... ငါ မင်းဆီကို သေချာပေါက် ပြန်လာခဲ့မယ်လို့ ကတိပေးပါတယ်...”
ထို့နောက် သူက စိတ်စွမ်းအား ချပ်ဝတ် အတတ်ကို အသုံးပြုလိုက်သည်။ စူးရှတောက်ပသော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခရမ်းရောင် ဓာတ်သဘာဝ ကိုယ်ရံချပ်ဝတ်က ဖုံးလွှမ်းသွားသည်။ ယင်းပေါ်ရှိ လက်ရာမြောက်သော အမှတ်အသားများကြားတွင် လျှပ်စီးများ တဖျတ်ဖျတ် လက်နေသည်။ နတ်ဘုရားတစ်ပါး မြေပြင်သို့ ဆင်းသက်လာသယောင်ပင်။
သူက အခန်းထဲမှ ထွက်လာခဲ့ပြီး ဤနေရာကို ကာကွယ်ရန် သူ၏ ကိုယ်ပွားတစ်ခုကို ထားခဲ့လိုက်သည်။ ဤကမ္ဘာပေါ်တွင် သူ အချစ်ရဆုံးသော လူသားအားလုံးက ဤအခန်းလေးထဲတွင် ရှိနေကြသည် မဟုတ်လား။ ထို့နောက် သူက ဓားပေါ်သို့ တက်နင်းကာ ခရမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။
ခံတပ်၏ အနောက်ဘက် တံတိုင်းပေါ်တွင်မူ မီးခိုးများ ဖုံးလွှမ်းနေကာ ဖရိုဖရဲ ဖြစ်နေသည်။ ချိုက်ကျိကွမ်က တံတိုင်းပေါ်တွင် ရပ်နေပြီး သူ၏ အနောက်တွင် မြို့၏ အဆင့်မြင့် စစ်သည်တော်များ တန်းစီရပ်နေကြသည်။
သူတို့၏ ခေါင်းပေါ်တွင်တော့ ကြောက်မက်ဖွယ် ဂရစ်ဖင်ကြီးက ဝဲပျံနေပြီး ၎င်း၏ မျက်လုံးများထဲတွင် ရက်စက်သော မီးတောက်များ တောက်လောင်နေသည်။ ချိုက်ကျိကွမ်က မဟာမိတ်အဖွဲ့ချုပ်ထံ အကူအညီ တောင်းထားသော်လည်း စစ်ကူများ ရောက်လာရန် အချိန်တစ်ခု လိုအပ်နေသေးသည်။ သူတို့၌ အလိုအပ်ဆုံးအရာမှာ အချိန်ပင် ဖြစ်သည်။ တပ်မှူး လျန်ဝမ်ကျွင်းက တံတွေးကို အနိုင်နိုင် မျိုချလိုက်ပြီး အက်ရှရှလေသံဖြင့် မေးလိုက်သည်။
“ဆရာ... ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါ့မလား။”
ချိုက်ကျိကွမ်က ပြန်မဖြေခဲ့ပေ။ တိတ်ဆိတ်ခြင်းကပင် အဖြေဖြစ်နေသည်။ သူတို့၏ အောက်ခြေတွင်တော့ စစ်သည်တော်များက မြို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သော လေဆာ နျူကလီးယား အမြောက်ကြီး ကို အဆင်သင့် ပြင်ထားကြသည်။ လျန်ဝမ်ကျွင်းက နောက်သို့ လှည့်ကြည့်လိုက်ပြီး ပြတ်သားသော အမူအရာဖြင့် အော်ဟစ်လိုက်သည်။
“နားထောင်ကြစမ်း မင်းတို့က လူသားမျိုးနွယ်ရဲ့ ဒိုင်းလွှားတွေပဲ... ဒီနေရာက ငါတို့ရဲ့ အိမ်... ငါတို့ရဲ့ မိသားစုတွေက ဒီတံတိုင်းကြီးတွေရဲ့ အနောက်မှာ ရှိနေကြတာ... မင်းတို့ ကြောက်နေသလားဆိုတာ ငါ ဂရုမစိုက်ဘူး... မင်းတို့ လုပ်ရမှာက နောက်ဆုံးထွက်သက်အထိ အစွမ်းကုန် တိုက်ပွဲဝင်ဖို့ပဲ”
“မြေမြိုသော်လည်း အလံမလှဲ... အမိမြေကို သေသည်အထိ ကာကွယ်စောင့်ရှောက်သွားပါ့မယ်”
စစ်သည်တော်များက ပြန်လည် ကြွေးကြော်လိုက်ကြသည်။ သူတို့၏ လေသံများထဲတွင် ကြောက်စိတ်ကြောင့် တုန်ယင်နေမှုများ ရှိနေသော်လည်း အားလုံးကတော့ ပြတ်သားနေကြဆဲပင်။
“ဘုန်း...”
ဂရစ်ဖင်ကြီး၏ ရင်ဘတ်ဆီသို့ စွမ်းအင်တန်းတစ်ခု ပစ်လွှတ်လိုက်သည်။ ပြင်းထန်သော အလင်းတန်းက ပစ်မှတ်ကို ထိမှန်သွားသော်လည်း မီးတောက်များကြားတွင် ပျောက်ကွယ်သွားကာ အစင်းရာလေးတစ်ခုပင် မထင်ကျန်ခဲ့ပေ။ ဂရစ်ဖင်ကြီးက စူးရှစွာ အော်ဟစ်လိုက်၏။ ထိုအသံသည် နားကွဲမတတ် ကျယ်လောင်လှသဖြင့် မြို့ထဲရှိ ပြတင်းပေါက် မှန်ချပ်တိုင်း အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ချိုက်ကျိကွမ်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သူ၏ စစ်သုံးဓားကို ဆွဲထုတ်ကာ ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်သည်။ ခြေလှမ်းတိုင်းတွင် အဟုန်များ စုစည်းထားကာ ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်ထားသည်။ သူ၏ အပြင်းထန်ဆုံးသော တိုက်ကွက်ကို ထုတ်ဖော်လိုက်သည့်အခါ စူးရှသော အဖြူရောင် အလင်းတန်းကြီးက တိမ်တိုက်များကို ဖြတ်သန်းကာ ဂရစ်ဖင်ကြီး၏ ရင်ဘတ်ဆီသို့ ထိုးစိုက်သွားသည်။ သို့သော် ၎င်းက ဘာဒဏ်ရာမှ မရဘဲ လွင့်စင်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ဤမြို့တော်ကြီး ပျက်စီးတော့မည်ကို ချိုက်ကျိကွမ် သိလိုက်ရသည်။
“လုချန်... လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်... ကျေးဇူးပြုပြီး ဒီကို မလာပါနဲ့တော့။ ထွက်ပြေးလိုက်ပါ... အသက်ရှင်အောင် နေပါတော့...” သူက ရင်ထဲမှနေ၍ ဆုတောင်းနေမိသည်။
ဂရစ်ဖင်ကြီး၏ သွေးဆာနေသော မျက်လုံးများက ချိုက်ကျိကွမ်ကို စိုက်ကြည့်လိုက်သည်။ ၎င်း၏ ဧရာမ အတောင်ပံများကို ခတ်လိုက်သည့်အခါ ပြင်းထန်သော လေပြင်းကြီးက တိုးဝှေ့လာပြီး ချိုက်ကျိကွမ်ကို တောင်ကြီးတစ်လုံး ပိကျလာသကဲ့သို့ ခံစားရစေသည်။ သူ၏ ရင်ဘတ်မှာ ကြေကွဲသွားပြီး ခန္ဓာကိုယ်က ဥက္ကာခဲတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ဒိုင်းကနဲ ကျဆင်းသွားတော့သည်။ သူ၏ ပါးစပ်ထဲတွင် သွေးနံ့များ ပြည့်နှက်သွားကာ သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။ သူက အသက်ကို ပြင်းပြင်းရှူရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဂရစ်ဖင်ကြီးက ၎င်း၏ အတောင်ပံများကို ဖြန့်ကာ စွမ်းအင်များကို စုစည်းနေသည်။ ၎င်း၏ ပါးစပ်ကြီးကို ဟလိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည့်အခါ လေထုတစ်ခုလုံး တုန်ခါသွားသည်။ မီးနှင့် လေကို ပေါင်းစပ်ထားသည့် ဖိသိပ်ထားသော ဝဲကယောက်တစ်ခုသည် ၎င်း၏ ပါးစပ်ရှေ့တွင် လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ အကယ်၍ ဤမီးလုံးကြီးသာ မြို့ပေါ်သို့ ကျဆင်းလာခဲ့လျှင် ဖုန်မှုန့်ကလွဲ၍ ဘာမှ ကျန်ရစ်တော့မည် မဟုတ်ပေ။
မြို့သူမြို့သားများနှင့် စစ်သည်တော်များအားလုံး ဒူးထောက်ကျသွားကြသည်။ ဘယ်သူမှ မျက်လုံးမလွှဲနိုင်ကြသလို မျှော်လင့်ချက် အလင်းတန်းလေး တစ်စွန်းတစ်စပင် မရှိတော့ပေ။ သူတို့ သေရတော့မည်။
သို့သော်လည်း C-6 အခြေစိုက်မြို့တော်နှင့် အလှမ်းဝေးသော ကောင်းကင်ယံ တစ်နေရာတွင်တော့ လူရိပ်လေးခုက ကောင်းကင်တွင် ပေါ်နေပြီး အောက်ခြေမှ အဖြစ်အပျက်အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့က တခြားကမ္ဘာတစ်ခုမှ ရောက်လာသယောင်ပင်။
“ဒါ မင်းတို့အတွက် အပြစ်ပေးမှုပဲ...”
အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသည်။
“လုချန်ကို ဒီလောကထဲ ခေါ်လာမိတဲ့အတွက် ပြီးတော့ ဖေမိသားစုရဲ့ သွေးမျိုးဆက်ကို စော်ကားရဲတဲ့အတွက် ဒါမင်းတို့အတွက် အပြစ်ပေးမှုပဲ...”
ဖေရန်ရွှန်း၏ မျက်နှာမှာ နာကျင်မှုကြောင့် တွန့်ရှုံ့နေပြီး နဖူးတွင် အကြောများ ထောင်နေသည်။ သူ၏ ဘေးတွင် ဖေယွမ်ကျောက်နှင့် သူတို့မိသားစုမှ လူကြီးနှစ်ဦး ရှိနေကြသည်။ ဖေရန်ရွှန်းက အံကို တင်းတင်းကြိတ်ထားသဖြင့် သွားများပင် ကြေမွတော့မတတ် ရှိနေသည်။ သူက လုချန်ကို မိမိလက်ဖြင့် ကိုယ်တိုင် သတ်ပစ်ချင်နေသေးသည်။
“မင်းတို့အားလုံး ဒီနေ့ သေကြရတော့မယ်” သူက စူးရှစွာဖြင့် ရူးသွပ်သလို ရယ်မောလိုက်သည်။ “ဟားဟားဟားဟား”
သို့သော် အတိအကျ ထိုအချိန်မှာပင် ခရမ်းရောင် အလင်းတန်းတစ်ခုက မှောင်မိုက်သော ညယံကို ဖြတ်သန်းကာ ကမ္ဘာပေါ်သို့ ဆင်းသက်လာသော မိုးကြိုးတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာလေတော့သည်။
***