လုချန်က သူ၏ စိတ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ မွေးရာပါ ဝိညာဉ်အာရုံက မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သာမန်ပြည်သူ အများအပြား ဒဏ်ရာရထားကြပြီး ချိုက်ကျိကွမ်မှာလည်း သေလုမျောပါး ဖြစ်နေသည်။ နေရာအနှံ့တွင် အဆောက်အအုံများ ပြိုကျပျက်စီးနေကာ မီးများလည်း ကူးစက်လောင်ကျွမ်းနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။
“အရာအားလုံး ပြီးဆုံးသွားပြီ... ငါတို့ နိုင်သွားပြီ...”
အောက်ခြေမှနေ၍ အားတင်းထားရသော ကြွေးကြော်သံများ စတင်ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ ကြောက်လန့်နေသော မျက်နှာများထက်တွင် အောင်ပွဲခံသံများက ဟိန်းထွက်လာတော့သည်။ အမည်မသိ စစ်သည်တော်က အနိုင်ရရှိသွားခဲ့ပြီ မဟုတ်လား။ ချိုက်ကျိကွမ် အသက်ကို ပြင်းပြင်းရှူလိုက်သော်လည်း သူ၏ ကြေမွနေသော အဆုတ်များဆီမှ လေများ ယိုစိမ့်နေသကဲ့သို့ ခံစားနေရသည်။ သွေးစွန်းနေသော သူ၏ နှုတ်ခမ်းဖျားတွင်တော့ အပြုံးတစ်ခု ပေါ်လာသည်။
“အခု ငါ သေသွားခဲ့ရင်တောင်... နောင်တရစရာ မရှိတော့ဘူး...”
လုချန်က ဖရိုဖရဲဖြစ်နေသော မြို့တော်ကို ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ ငွေရောင် အလင်းတန်းများက သူ၏ လက်ချောင်းထိပ်များတွင် စုစည်းလာကြသည်။
“ရှပ် ရှပ် ရှပ်...”
အလင်းဓာတ်စွမ်းအင်များက ပိုးသားမျှင်များကဲ့သို့ စဉ်ဆက်မပြတ် စီးထွက်လာပြီး ကောင်းကင်ယံမှ ကျဆင်းလာသော ငွေရောင်မိုးစက် မိုးပေါက်များအလား လွင့်ပျံသွားကြသည်။ ၎င်းတို့က လမ်းမတိုင်း၊ ပျက်စီးနေသော အဆောက်အအုံတိုင်းနှင့် ဒဏ်ရာရနေသူ တိုင်းအပေါ်သို့ သက်ဆင်းသွားသည်။ လူအများမှာ အံ့အားသင့်သွားကြပြီး အသက်ရှူဖို့ပင် မေ့လျော့နေကြသည်။
“ဒါ... နတ်ဘုရားတစ်ပါးလား...”
ငွေရောင်အလင်းတန်းများ အသားပေါ်သို့ ကျရောက်သည်နှင့် မီးလောင်ဒဏ်ရာများမှာ ပြန်လည်စေ့သွားကာ၊ ကျိုးနေသော အရိုးများမှာလည်း ပြန်လည်ဆက်သွားပြီး စီးကျနေသော သွေးများမှာလည်း ချက်ချင်းပင် ခြောက်သွေ့သွားတော့သည်။ သန့်စင်သော အလင်းတန်းများအောက်တွင် မိဘများ၏ ဒဏ်ရာများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ ကလေးငယ်များမှာလည်း ဝမ်းသာအားရ ငိုကြွေးကြတော့သည်။
အောက်ခြေအဆင့် စစ်သည်တော်များ၏ ဒဏ်ရာများမှာ ချက်ချင်းပင် သက်သာသွားခဲ့သည်။ ချိုက်ကျိကွမ်ပင်လျှင် သူ၏ ရင်ဘတ်ရှိ သေလုမတတ် ဒဏ်ရာမှာ လျင်မြန်စွာ ကျန်းမာလာသည်ကို ခံစားလိုက်ရသည်။ ပျက်စီးသွားသော အင်္ဂါအစိတ်အပိုင်းများမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ မျက်နှာတွင် သွေးရောင်များ ပြန်လည်လွှမ်းလာသော်လည်း သူ၏ မျက်ဝန်းထဲတွင်တော့ မေးခွန်းများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း မည်သူကမျှ အဖြေမပေးနိုင်ခဲ့ပေ။
မြို့တော်နှင့် ဝေးရာ ကောင်းကင်ယံတွင်တော့ ဖေမိသားစုဝင် လေးယောက်မှာ မျက်နှာများ ပျက်ယွင်းနေကြသည်။ သူတို့က အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ဖေယွမ်ကျောက်၏ မေးရိုးများမှာ တင်းမာနေသည်။
“ဒါက... ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး...”
ဖေရန်ရွှန်း၏ မျက်လုံးများမှာ သွေးတက်နေသကဲ့သို့ နီရဲနေကာ အံကြိတ်ထားသဖြင့် အသံများ ထွက်ပေါ်နေသည်။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးစက်တစ်စက် ကျလာသည်။
“ဒီတိရစ္ဆာန်လေး... မင်း စောင့်နေလိုက်ဦး”
လုချန်က ပြန်လည်သက်သာလာသော်လည်း ဇဝေဇဝါ ဖြစ်နေသည့် မြို့တော်ကို တစ်ချက်ကြည့်ကာ စကားတစ်လုံးမှ မပြောဘဲ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ ခရမ်းရောင်အလင်းတန်းလေးမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ၏ ပုံရိပ်သည်လည်း အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ကျန်ရစ်ခဲ့သည်မှာတော့ အဆုံးမရှိသော ကြည်ညိုလေးစားမှုများနှင့် ကယ်တင်ခြင်းတရားတို့ပင်။
လုချန်က စစ်မြေပြင်မှ ပျောက်ကွယ်သွားပြီးနောက် လော့နျန်ဝေတို့၏ အိမ်ရှေ့တွင် ပြန်လည်ပေါ်ထွက်လာသည်။ သူ၏ ကိုယ်ပွားက သစ္စာရှိသော စစ်သည်တော်တစ်ဦးကဲ့သို့ အခန်းကို မလှုပ်မယှက် စောင့်ကြပ်နေဆဲပင်။ အိမ်ထဲတွင်တော့ လူအများမှာ မသိစိတ်ဖြင့် အိပ်ပျော်နေရာမှ တဖြည်းဖြည်း နိုးလာကြသည်။ လော့နျန်ဝေက ဆိုဖာပေါ်တွင် ကွေးကွေးလေး အိပ်နေပြီး သူမ၏ လှပသော မျက်နှာလေးမှာ မျက်ရည်များဖြင့် စိုရွှဲနေသည်။ သူမက အိပ်မက်ထဲတွင်လည်း တိုးတိုးလေး ရေရွတ်နေခဲ့သည်။
“လုချန်... ကျေးဇူးပြုပြီး မသွားပါနဲ့... နင်နဲ့ နောက်တခါ မငြင်းတော့ဘူး... နင့်ကို မအော်တော့ပါဘူး... ပြန်လာပါ လုချန်ရယ်... ငါ... ငါ နင့်ကို ချစ်တယ်...”
ထိုရှိုက်သံပါသော အသံလေးကို ကြားလိုက်ရသည့်အခါ လုချန်၏ မျက်နှာထားမှာ ချက်ချင်းပင် နူးညံ့သွားတော့သည်။
“ဒီမွဲခြောက်ခြောက် ကောင်မလေးက ဘာအိပ်မက်တွေများ မက်နေလို့လဲ...”
ခဏအကြာတွင် လူတိုင်း နိုးလာကြသည်။ လော့နျန်ဝေ မျက်လုံးဖွင့်လိုက်သည်နှင့် အခန်းထဲတွင် ပျာပျာသလဲ ရှာတော့သည်။ သူမအနားတွင် ရှိနေသော လုချန်ကို မြင်လိုက်ရသည့်အခါ တစ်စက္ကန့်မျှပင် မဆိုင်းမတွဘဲ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်ထားလိုက်တော့သည်။ လုချန်ကလည်း တုန်ယင်နေသော သူမ၏ ပခုံးလေးကို အသာအယာ ထိန်းပေးထားသည်။ လုယွမ်လည်း ထထိုင်လိုက်ကာ နဖူးကို ပွတ်ရင်း ဇဝေဇဝါ ဖြစ်နေသည်။
“လုချန်... ဘာတွေ ဖြစ်သွားတာလဲ သိလား...”
“ကျွန်တော်တို့တွေ အကုန် သတိလစ်သွားကြတာ ထင်တယ် အဖေ...” လုချန်က တည်ငြိမ်စွာပင် လိမ်ညာလိုက်သည်။ “ကျွန်တော် နိုးလာတာ မိနစ်ပိုင်းပဲ ရှိသေးတယ်... အားလုံးကတော့ သတိမရသေးဘူး...”
လုယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ “မြို့တော်တစ်ခုလုံးကို တစ်ပြိုင်တည်း သတိလစ်သွားအောင် တိုက်ခိုက်နိုင်စွမ်း ရှိတာ ဘာများလဲ...” ထိုစွမ်းရည်မျိုးက အိပ်မက်ဆိုး သားရဲများတွင်သာ ရှိကြောင်း သူသိသော်လည်း ၎င်းတို့မှာ လူသားများ မတွေ့ဖူးသလောက် ရှားပါးလှသည့် ဒဏ္ဍာရီလာ သတ္တဝါများ ဖြစ်သည်။ “စိတ်ဝိညာဉ်ဓာတ်ခံရှိသော သားရဲတစ်ကောင် ရောက်လာတာများလား...”
သူက သတင်းများ ကြည့်ရန်အတွက် ဖုန်းကို ချက်ချင်း ထုတ်လိုက်သည့်အခါ မဖြေရသေးသော ဖုန်းခေါ်ဆိုမှု ၄၀ ကျော်ကို တွေ့လိုက်ရသည်။ ထိုဖုန်းများ အားလုံးမှာ သူ၏ ဘိုးဘေးကြီး ဖြစ်သူ လုဟုန်တောက်ထံမှ ဖြစ်ပေသည်။ ဘိုးဘေးကြီးက မြို့တော်ကို သားရဲကြီး တိုက်ခိုက်သည့် သတင်းကို ကြားသွားပုံရသည်။
လုယွမ်က စိတ်ပူသွားကာ သတင်းဝက်ဘ်ဆိုက်ကို ဖွင့်လိုက်သည်။ ချန်နယ်တိုင်းတွင် မီးတောက် ဂရစ်ဖင်နှင့် မိုးကြိုးစစ်သည်တော်တို့၏ ပြင်းထန်သော တိုက်ပွဲအကြောင်းကိုသာ ပြနေကြသည်။ လူအများက ထိုစစ်သည်တော်ကို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ခေါ်ဝေါ်နေကြပြီး သူသည် သားရဲကြီးကို တစ်ကိုယ်တော် သတ်ဖြတ်ကာ နတ်ဘုရားနှင့်တူသော ကုသခြင်းအလင်းဖြင့် လူသောင်းပေါင်းများစွာကို ကယ်တင်ခဲ့သည်ဟု ဆိုကြသည်။
လုယွမ်က ထိုဗီဒီယိုကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးလာသည်။ ထိုကုသခြင်းအလင်းမှာ ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ သူ၏ အကြည့်က လုချန်ဆီသို့ ရောက်သွားသည်။ ယခုအချိန်တွင် လုချန်က ဆုန့်ယွဲနှင့် လော့နျန်ဝေတို့ကြားတွင် ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်စွာ ထိုင်နေသည်။
“မဖြစ်နိုင်တာ... လုချန်က အဆင့်E စစ်သည်တော်ပဲ ရှိသေးတာ... သူက ဘယ်လောက်ပဲ ပါရမီရှင် ဖြစ်ပါစေဦးတော့... ရက်ပိုင်းအတွင်းမှာ အဆင့်C ဒသမအလွှာကို ရောက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” သူက အတွေးများကို အတင်းဖျောက်ဖျက်ကာ မျက်လုံးလွှဲလိုက်သည်။ ဒါ တခြားတစ်ယောက်ယောက် ဖြစ်ရမည်။
ထိုအချိန်မှာပင် သူ၏ ဖုန်းက ထပ်မံ မြည်လာပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ တိုက်ရိုက် ပြန်ဖြေလိုက်သည်။
“ဘိုးဘေးကြီး... ဟုတ်ကဲ့ ကျွန်တော်တို့ အားလုံး...”
သူ စကားမဆုံးခင်မှာပင် လုဟုန်တောက်၏ အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။
“လုယွမ်... မင်းအဖေနဲ့ မင်းဦးလေး ပျောက်သွားပြီ”
လုယွမ်က ရုတ်တရက် မတ်တပ်ထရပ်လိုက်မိသည်။ သူ၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားသည်။
“ဘာပြောတာလဲ... ပျောက်သွားပြီ ဟုတ်လား။ သူတို့က အဆင့်B စစ်သည်တော်တွေလေ”
“ငါ သူတို့ကို လုချန်ရဲ့ စေ့စပ်ပွဲကို တက်ဖို့ D-6 အခြေစိုက်မြို့တော်ကို လွှတ်လိုက်တာ...” လုဟုန်တောက်က စိုးရိမ်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ မြို့အပြင်ဘက် တစ်နေရာမှာ သူတို့ရဲ့ အချက်ပြမှုတွေ အကုန် ပြတ်တောက်သွားခဲ့ပြီ” ***