သူ့ရှေ့တွင် မြေဝါရောင်အလင်းတန်းလေး ဝင်းခနဲ လင်းလက်သွားသည့်အခါ ကောဂျီမှာ ကျောက်ရုပ်တစ်ရုပ်နှယ် မလှုပ်မယှက် ရပ်နေမိသည်။ သူက အံကို တင်းတင်းကြိတ်ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ သူ၏မျက်ဝန်းများမှာ တောက်ပနေသော်လည်း မျက်ရည်တစ်စက်မှ မကျအောင် အစွမ်းကုန် ထိန်းထားခဲ့သည်။
ထို့နောက် သူက ဝမ်ဝမ်နှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံးမှာ ဆွံ့အလျက် မှင်သက်နေကြသည်။ ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။ သူတို့၏ ပုံစံမှာ စိတ်ပျက်အားငယ်နေပုံ ပေါ်နေခဲ့သည်။ ဝမ်ဝမ်က သူမ၏မျက်နှာတွင် အပြုံးတစ်ခုကို အတင်းဖန်တီးကာ သူ့အား ဂုဏ်ပြုရန် ကြိုးစားလိုက်သော်လည်း ထိုအပြုံးမှာ ကြွေထည်ပန်းကန်တစ်ခုကဲ့သို့ နုနယ်လွန်းကာ ကျကွဲလုမတတ် ဖြစ်နေခဲ့သည်။
လုချန်က ရှေ့သို့ တစ်လှမ်းတက်လိုက်ကာ ကောဂျီ၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး... "ဂုဏ်ယူပါတယ် ညီအစ်ကို" ဟု လေးနက်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "ဆက်ပြီး ကြိုးစားပါ မင်းရဲ့ အိပ်မက်တွေကို လိုက်ဖမ်းစမ်း"
ကောဂျီက ခေါင်းညိတ်လိုက်သည်။ သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေခဲ့သည်။ သူ ဘာမှပြန်မပြောသော်လည်း သူ၏ အိပ်မက်က ဘာလဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။ ၎င်းမှာ လုချန်၏ ယုံကြည်ရသော ညာလက်ရုံးတစ်ယောက် ဖြစ်လာရန်ပင်။
နောက်ဆုံးရလဒ်များကို မှတ်တမ်းတင်ပြီးနောက် လုချန်က သူတို့ကို လိုက်ပို့ပေးလိုက်သည်။ ထို့နောက်တွင်တော့ သူ ထိုနေရာတွင် ကြန့်ကြာမနေတော့ပေ။ မှောင်မလာခင် ပြင်ဆင်စရာများစွာ ရှိနေသေးသည်။
သူ အိမ်ပြန်ရောက်သည့်အခါ ဗီလာကြီးအတွင်း၌ ငြိမ်သက်အေးချမ်းသော စွမ်းအင်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ အိမ်ထဲ ခြေချလိုက်သည်နှင့် အစွမ်းထက်လှသော အငွေ့အသက် သုံးခုကို သူ ချက်ချင်း အာရုံခံမိလိုက်၏။ ၎င်းမှာ အဆင့်D ဆဋ္ဌမအလွှာ အခြေစိုက်မြို့တော်ရှိ မည်သည့် သက်ရှိမျိုးထက်မဆို ပို၍ အစွမ်းထက်ကာ မနေ့ညက မီးရှိန်းသားရဲထက်ပင် သာလွန်နေသေးသည်။
မိသားစုအတွင်းမှ လူကြီးသူမများ ရောက်ရှိနေကြပြီ ဖြစ်သည်။ ယခုအချိန်တွင် ကျယ်ဝန်းသော ဧည့်ခန်းမကြီးအတွင်း၌ လော့နျန်ဝေနှင့် သူမ၏မိခင်တို့မှာ ထမင်းစားပွဲကို ပြင်ဆင်နေကြသည်။ လက်ရာမြောက်လှသော ပန်းကန်ခွက်ယောက်များနှင့် ပုံဆောင်ခဲ ပန်းအလှဆင်ပစ္စည်းများကို စီရီစွာ ချထားကြသည်။ မျက်နှာကြက်ရှိ နွေးထွေးသော မီးရောင်များက အခန်းတစ်ခုလုံးကို သက်တောင့်သက်သာရှိပြီး နွေးထွေးသော အငွေ့အသက်များ ပေးစွမ်းနေခဲ့သည်။
ခန်းမ၏ ထောင့်တစ်နေရာတွင်မူ လုယွမ်နှင့် ဘိုးဘေးကြီး သုံးဦးတို့မှာ ဆိုဖာပေါ်တွင် ထိုင်လျက် စကားပြောနေကြသည်။ လုချန် ချဉ်းကပ်သွားသည်နှင့် သူတို့၏ စကားဝိုင်းမှာ ချက်ချင်း ရပ်တန့်သွားသည်။ လုဟုန်တောက်က ခေါင်းလှည့်ကြည့်လာကာ သူ၏ တွန့်ရှုံ့နေသော မျက်နှာတွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။
"မင်း မိန်းမကောင်းတစ်ယောက်ကို ရွေးတတ်တာပဲ"
လုဟုန်တောက်က ပြောလိုက်သည်။ သူ၏ လေသံတွင် ခံစားချက်များ ပါဝင်နေသည်။ "သူမက တကယ်ကို စိတ်နှလုံး ကောင်းမွန်တာပဲ"
လုချန်က အသာအယာ ပြုံးလိုက်ကာ... "ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး" ဟု ဆိုလိုက်သည်။ ထို့နောက် သူက လုယွမ်ကို လှည့်ကြည့်ကာ... "အဖေ... ညစာအတွက် ပြင်ဆင်တာတွေ ဘယ်လိုလဲ" ဟု မေးလိုက်သည်။
လုယွမ်က သူ၏ ဖျော်ရည်ကို တစ်ငုံသောက်ကာ ခေါင်းညိတ်ပြသည်။ "အားလုံး အဆင်ပြေပါတယ်။ ညကျရင် အသင့်ဖြစ်မှာပါ မင်း စိတ်ပူစရာ မလိုဘူး"
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
လုချန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ၏ အတွေးများက အဝေးသို့ လွင့်ပျံနေခဲ့သည်။ သူတို့က မနက်ဖြန် ထွက်ခွာကြတော့မည်။ သူက တစ်ခုခုများ လိုနေသေးသလားဟု တွေးတောနေမိသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားကာ လုဟုန်တောက်ကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
"ဘိုးဘေးကြီး... ဒီ လျှို့ဝှက်နယ်မြေ ဆိုတာက အတိအကျ ဘာကို ပြောတာလဲ"
ဤကမ္ဘာရှိ လျှို့ဝှက်နယ်မြေ များမှာ သူ၏ ယခင်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုများထဲကအတိုင်း ဖြစ်မလား သူ မသိပေ။ အဘိုးအို သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ လုဟုန်တောက်၏ အမူအရာက အနည်းငယ် တည်ကြည်သွားကာ ဝိုင်ခွက်ကို ချလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"လျှို့ဝှက်နယ်မြေ ဆိုတာက ဝှက်ထားတဲ့ ဟင်းလင်းပြင်တစ်ခုပဲ... အဲဒါကို ငါတို့ လူသားတွေရဲ့ စွမ်းဆောင်ရည်ထက် အများကြီး သာလွန်တဲ့ နည်းပညာတွေ ဒါမှမဟုတ် ငါတို့ လုံးဝ နားမလည်နိုင်တဲ့ အစွမ်းထက် စွမ်းအားတစ်ခုခုနဲ့ ဖန်တီးထားတာ..."
လုချန်က တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
"ဟင်းလင်းပြင်တိုင်းမှာ စိတ်ကူးမယဉ်နိုင်လောက်တဲ့ ရတနာတွေ ရှိနေတတ်တယ်" လုဟုန်တောက်က ဆက်ပြောသည်။ "ငါတို့ သိမ်းဆည်းရမိတဲ့ ကျင့်စဉ်တွေ၊ အဆင့်မြင့် သိပ္ပံနဲ့ နည်းပညာတွေ၊ ရှားပါးတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ၊ ရှေးဟောင်း အပျက်အစီးတွေနဲ့ အဖိုးတန် ပစ္စည်းတွေပေါ့... မင်းတို့နှစ်ယောက် မနေ့က ရှာတွေ့ခဲ့တဲ့ နေရာအတွက် ဆိုရင်တော့ ထုံးစံအတိုင်း မဟာမိတ်အဖွဲ့က ၈၀ ရာခိုင်နှုန်း ယူလိမ့်မယ် ဒါပေမဲ့ ကျန်တဲ့ ၂၀ ရာခိုင်နှုန်း ဆိုတာတောင်မှ... တွက်ချက်လို့ မရနိုင်တဲ့ ချမ်းသာကြွယ်ဝမှုပဲ... အကြမ်းဖျင်းဆိုရင် ကုသိုလ်ရမှတ် ၆ ထရီလီယံ၊ ဒါမှမဟုတ် ယွမ် ၆၀ ကွာဒရီလီယံလောက် ရှိနိုင်တယ်"
လုချန်မှာ ဤအကြောင်းကို ကြားရသည့်အခါ သူ၏ အတွေးများမှာ ဗယောက်ဗယက် ဖြစ်သွားရသည်။ ၎င်းမှာ သူဖတ်ခဲ့ဖူးသော ကျင့်ကြံခြင်း ဝတ္ထုများထဲက အတိုင်းပင်။ ရှေးဟောင်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ချိပ်ပိတ်ထားခဲ့သော လျှို့ဝှက်နယ်မြေများမှာ နောင်လာနောက်သားများ၏ ရှာဖွေတွေ့ရှိမှုကို စောင့်ဆိုင်းနေသည့်နှယ်။
"ဒါတွေက ဘယ်ကနေ ရောက်လာတာလဲဆိုတာ ဘိုးဘေးကြီးတို့ သိလား"
သူက တိုးတိုးလေး မေးလိုက်သည်။ လုဟုန်တောက်က ဆိုဖာ၏ လက်တင်ခုံကို လက်ချောင်းများဖြင့် ခေါက်နေကာ ခဏမျှ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။
"ခေတ်သစ်လူသားတွေကြားမှာတော့ အဓိက အမြင်နှစ်ခု ရှိတယ်... ပထမတစ်ခုကတော့ ငါတို့ လူသားတွေက ဒီကမ္ဘာဂြိုဟ်ရဲ့ တစ်ဦးတည်းသော ပိုင်ရှင်တွေ မဟုတ်ဘူးဆိုတာပဲ... ငါတို့ မတိုင်ခင်က တခြား ယဉ်ကျေးမှုတွေ ရှိခဲ့ဖူးတယ်... အဲဒီယဉ်ကျေးမှုတွေမှာ အစွမ်းထက်တဲ့ စွမ်းအားတွေ ရှိကောင်းရှိမယ် ဒါမှမဟုတ် ငါတို့ အခုသိထားတဲ့ သိပ္ပံပညာထက် အများကြီး သာလွန်တဲ့ နည်းပညာတွေ ရှိခဲ့လိမ့်မယ် ပြီးတော့ သူတို့တွေ ပျောက်ကွယ်သွားတယ် ဒါမှမဟုတ် ဒီဂြိုဟ်ကနေ ထွက်သွားကြတယ်... ဒါပေမဲ့ သူတို့ တစ်နေ့မှာ ပြန်လာနိုင်တယ်... အဲဒီ လျှို့ဝှက်နယ်မြေတွေဆိုတာ သူတို့ရဲ့ ဘဏ္ဍာတိုက်တွေလိုပဲ သူတို့ရဲ့ ဆက်ခံသူတွေ ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေ အမွေဆက်ခံဖို့အတွက် ချန်ထားခဲ့တာမျိုးပေါ့"
သူက ခေတ္တမျှ ရပ်လိုက်ပြီး... "ဒုတိယ သီအိုရီကတော့ ပိုရိုးရှင်းတယ်... ကမ္ဘာပြင်ပက ယဉ်ကျေးမှုတစ်ခုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီကို လာလည်ပြီး ဒီရတနာတွေကို ချန်ထားခဲ့တာပဲ တချို့ကတော့ အဲဒါတွေက ပိုမြင့်တဲ့ Dimension တစ်ခုကနေ လာတာလို့တောင် ခန့်မှန်းကြပေမဲ့ ဘယ်သူမှတော့ အသေအချာ မသိကြဘူး"
လုချန်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။ ဤ လျှို့ဝှက်နယ်မြေ များ၏ ဇာစ်မြစ်မှာ ပဟေဠိ ဖြစ်နေလင့်ကစား အချက်တစ်ချက်မှာမူ ရှင်းလင်းနေသည်။ ၎င်းတို့မှာ ခေတ်သစ်လူသားများ ချန်ထားခဲ့နိုင်သည့် အစွမ်းများ မဟုတ်ပေ။ တစ်နေ့နေ့တွင် ထိုအရာများ၏ အစစ်အမှန် ပိုင်ရှင်များ ပြန်လာခဲ့မည်ဆိုလျှင် လူသားမျိုးနွယ်မှာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်လောက်အောင် အစွမ်းထက်နေပါ့မလား။
လုချန်၏ စိတ်နှလုံးမှာ ပြန်လည် တင်းကျပ်သွားရပြန်သည်။ သူက ယခုထက် အများကြီး ပို၍ အစွမ်းထက်လာရန် လိုအပ်ပေဦးမည်။
ညဉ့်နက်လာသည်နှင့်အမျှ လုမိသားစု၏ ဗီလာကြီးမှာ လင်းထိန်နေခဲ့သည်။ ခြံဝင်းအတွင်း၌ အရောင်စုံ မီးဆိုင်းများက အမှောင်ထုထဲတွင် မီးပြတိုက်တစ်ခုကဲ့သို့ တောက်ပနေသည်။ ည ၉ နာရီတွင် ခမ်းနားထည်ဝါသော ဧည့်ခံပွဲကြီးမှာ တရားဝင် စတင်ခဲ့သည်။ အဆင့်D ဆဋ္ဌမအလွှာ အခြေစိုက်မြို့တော်ရှိ ဩဇာကြီးသော မိသားစုများနှင့် စစ်သည်တော်များအားလုံး စုရုံးရောက်ရှိလာကြကာ ဝိုင်ခွက်ချင်း တိုက်သံများ၊ ရယ်မောသံများနှင့်အတူ အလွန်ပင် စည်ကားနေခဲ့သည်။
မီးပွားအဖွဲ့ဝင်များသည်လည်း စွန်းထင်းမှုမရှိသော အမည်းရောင် ယူနီဖောင်းများကို ဝတ်ဆင်လျက် ဧည့်ခန်းမအတွင်းသို့ ဝင်ရောက်လာကြလေတော့သည်။
***