"ဘိုးဘေးကြီး..." လုချန်က ရိုသေလေးစားစွာ ခေါ်လိုက်သည်။
လုဟုန်တောက်၏ မျက်နှာပေါ်တွင် အပြုံးပန်းတစ်ခု ပွင့်လန်းလာသည်။ ဤလူငယ်လေးအကြောင်းကို ပိုသိလာရလေလေ သူက ပိုပြီး သဘောကျ ကျေနပ်လာလေလေပင်။
"ကုမိသားစုက ကောင်လေးနဲ့ မင်းဖြစ်ခဲ့တဲ့ကိစ္စကို ငါ ကြားပြီးပြီ" လုဟုန်တောက်က ပြုံးလိုက်သည်။ "ဟား အဲဒီခွေးအိုကြီးလည်း သူ့ရဲ့ အသည်းအနှစ် မြေးလေး အရိုက်ခံရတာကို ဝင်မပါနိုင်ဘဲ ထိုင်ကြည့်နေရတဲ့ ခံစားချက်ကို နောက်ဆုံးတော့ မြည်းစမ်းခွင့်ရသွားပြီပေါ့"
မျိုးဆက်သစ်လူငယ်များကို ပိုမို ကာကွယ်ပေးနိုင်ရန်အတွက် A1 အခြေစိုက်မြို့တော်ရှိ ထိပ်တန်းမိသားစုကြီးများကြားတွင် ရေးသားမထားသော စည်းမျဉ်းတစ်ခု ရှိသည်။ လူကြီးများအနေဖြင့် လူငယ်များ၏ ပြဿနာများတွင် ဝင်ရောက်မစွက်ဖက်ရဟူ၍ ဖြစ်သည်။ သူ၏ အကြည့်များက အပြင်ဘက် ဥယျာဉ်ဆီသို့ လွင့်မျောသွားသည်။ သူ၏ မျက်နှာအမူအရာက အနည်းငယ် ကူကယ်ရာမဲ့နေပုံရသည်။
"အရင်တုန်းက လုမိသားစုရဲ့ ကလေးတွေ အကြိမ်ကြိမ် အနိုင်ကျင့်ခံရချိန်မှာ ငါတို့တွေ တိတ်တိတ်လေး ထိုင်ကြည့်နေခဲ့ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး ဒါပေမဲ့ အခုတော့..." သူက ကျေနပ်အားရစွာ သက်ပြင်းချလိုက်သည်။ "ဒီနေ့တော့ လေထုကတောင် အထူးတလည် မွှေးပျံ့နေသလိုပဲ"
"ဘိုးဘေးကြီး... ဒါက ကိစ္စမရှိပါဘူး" လုချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျွန်တော့်အတွက်တော့ သူက အရေးမပါတဲ့ ယင်ကောင်တစ်ကောင်ပါပဲ"
"ဟားဟားဟား..." လုဟုန်တောက်က အားရပါးရ ရယ်မောလိုက်သည်။
"ဒါကတော့ မှန်ပါတယ်... ဒါပေမဲ့ သတိတော့ထားဦး... မနက်ဖြန် ဧည့်ခံပွဲကို ချမ်းသာကြွယ်ဝတဲ့ မိသားစုကြီးတွေအားလုံးက သူတို့ရဲ့ လူငယ်မျိုးဆက်တွေ ဒါမှမဟုတ် ဆက်ခံသူတွေကိုပါ စေလွှတ်ကြလိမ့်မယ်"
"သေချာပေါက် တချို့လူတွေက မင်းကို ရန်စချင်ကြလိမ့်မယ်... ကုထျန်းယန်ကလည်း သူ့ညီအတွက် လက်စားချေဖို့ သေချာပေါက် လာလိမ့်မယ်"
"သူက တကယ့် ပါရမီရှင်စစ်စစ်ပဲ... မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေအရ အသက် ၂၅ နှစ်အောက် မည်သူ့ကိုမဆို လူငယ်မျိုးဆက်အဖြစ် သတ်မှတ်လို့ရတယ်... ဒါကြောင့် မင်းကို စိန်ခေါ်ဖို့ သူ့မှာ အရည်အချင်းပြည့်မီနေတယ်"
လုချန်က ခေါင်းညိတ်လိုက်သည်။ သူက နည်းနည်းလေးမှ စိုးရိမ်မနေခဲ့ပေ။ ဘာလူငယ်မျိုးဆက်လဲ။ အဆင့်B အောက်က ထိပ်တန်းကျွမ်းကျင်သူ အများစုတောင် သူ့ကို ယှဉ်နိုင်သးမရှိပေ။
မနက်ဖြန်ဆိုလျှင် သူ၏ စွမ်းအားများက နှစ်ဆ တိုးလာတော့မည်ဖြစ်သည်။ အဆင့်B အောက်သာဆိုလျှင် သူ၏ တိုက်ခိုက်မှုကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။ အသက် ၂၅ နှစ်အောက် လူငယ်တွေဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ပေ။ သူကသာ တခြားလူတွေကို အနိုင်ကျင့်မည့်သူပေ။ သူများကို ဘယ်လိုလုပ် အနိုင်ကျင့်ခံရမည်နည်း။
"ဒါနဲ့ ဘိုးဘေးကြီး..." သူက တည်ငြိမ်စွာ မေးလိုက်သည်။ "အကယ်၍ ကျွန်တော် အဲဒီကုထျန်းယန်ရဲ့ ခြေလက်တွေကို ချိုးပစ်လိုက်ရင် မိသားစုအတွက် ပြဿနာများ... ဖြစ်လာနိုင်မလား"
ထိုစကားကို ကြားသောအခါ လုဟုန်တောက်က မျက်တောင်တဖျတ်ဖျတ် ခတ်သွားသည်။ သူက အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် ကျောမှီကို မှီချလိုက်ပြီး အားရပါးရ ရယ်မောလိုက်လေသည်။
"ကောင်းတယ် အရမ်းကောင်းတယ်... ဒါမှ ငါတို့ လုမိသားစုက ယောက်ျားတွေမှာ ရှိသင့်တဲ့ စိတ်ဓာတ်မျိုးကွ"
"ငါတို့ လုမိသားစုက အကူအညီပေးနိုင်တဲ့ အခြေအနေမှာ ရှိနေရင်တောင် ငါတို့က ဘယ်တော့မှ သတ္တိကြောင်တဲ့လူတွေ မဟုတ်ဘူး"
သူက ခါးကို မတ်လိုက်သည်။ သူ၏ မျက်လုံးများက တောက်ပသွားသည်။
"လုံးဝ ပြဿနာမရှိဘူး... မင်းက လူကို တိုက်ရိုက် မသတ်ပစ်သရွေ့ ဘယ်လောက်ပဲ နာကျင်အောင် လုပ်လုပ် လက်ခံနိုင်တယ်... ဒါ့အပြင် စည်းမျဉ်းတွေအရ တစ်စုံတစ်ယောက်က မင်းအပေါ် သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက် ပြသလာခဲ့ရင် မင်း တိုက်ရိုက် အရေးယူနိုင်တယ်"
"နားလည်ပါပြီ"
လုချန်က ဘိုးဘေးကြီးကို နှုတ်ဆက်လိုက်သည်။ ထို့နောက် လုမိသားစုမှ သူ၏အတွက် ပြင်ဆင်ပေးထားသော အခန်းဆီသို့ ထွက်လာခဲ့သည်။ ထိုအခန်းကျယ်ကြီးက ကျယ်ဝန်းပြီး ခမ်းနားလှပသည်။ ပြီးပြည့်စုံသော လေ့ကျင့်ရေးခန်းတစ်ခုနှင့်လည်း တွဲလျက်ပါရှိသည်။ အတွင်းတွင် လေ့ကျင့်ရေး ကိရိယာမျိုးစုံ ရှိနေသည်။
ရေအမြန်ချိုးပြီးနောက် လုချန်က လေ့ကျင့်ရေးခန်းမအတွင်းရှိ အသုံးအဆောင်များကို ကျေနပ်စွာ စစ်ဆေးကြည့်လိုက်သည်။ သူ လိုအပ်သော ကိရိယာအားလုံးကို ဤနေရာတွင် တွေ့နိုင်ပေသည်။ ထို့နောက် သူက လော့နျန်ဝေထံသို့ ဖုန်းခေါ်လိုက်သည်။ လော့နျန်ဝေ၊ လော့နျန်ယင်း နှင့် ရှန်စီတို့ သက်ဆိုင်ရာ အခန်းအသီးသီးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် အားလုံး သက်သောင့်သက်သာ နေရာကျသွားသည်ကို သိရသဖြင့် လုချန် စိတ်အေးသွားခဲ့သည်။
ထို့နောက် ဘေးဘက်ရှိ အဝတ်လဲခန်းထဲသို့ ဝင်ကာ အဝတ်အစား လဲလှယ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက အနက်ရောင်ဝတ်စုံကို ရွေးချယ်ခဲ့သည်။ ၎င်းက လူကို ပိုမို ရင့်ကျက်တည်ငြိမ်သွားပုံပေါ်စေသည်။ မည်သည့် အခမ်းအနားမျိုးတွင်မဆို တရားဝင်ဆန်သော အငွေ့အသက်ကို ပေးစွမ်းနိုင်သည်။ သူ၏ မယုံနိုင်လောက်အောင် ခန့်ညားလှသော ရုပ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ ယုံကြည်မှုအပြည့်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု အပြည့်အဝ အချိုးကျနေလေသည်။
ဒါကြောင့် ဒီနေ့ညအတွက် သူက အနက်ရောင်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကိုယ်လုံးနှင့် အံကိုက်ဖြစ်သော အနက်ရောင် ကုတ်အင်္ကျီ၊ အနက်ရောင် ရှပ်အင်္ကျီအသစ်၊ ကိုယ်ကျပ် အနက်ရောင် ဘောင်းဘီရှည်နှင့် အနက်နှင့်အနီ စပ်ထားသော နက်တိုင်အသေးတစ်ကွင်းပင်။ အဝတ်လဲခန်းထဲရှိ စမတ်မှန်ကို အသုံးပြု၍ သူ့ကိုယ်သူ စကင်ဖတ်စစ်ဆေးလိုက်သောအခါ မော်နီတာ မျက်နှာပြင်ပေါ်တွင် အစိမ်းရောင် အချက်ပြမီး ချက်ချင်း လင်းလက်သွားသည်။
အကဲဖြတ်ချက် - အပြစ်ဆိုဖွယ်မရှိ
သူက အချိန်ဆွဲမနေတော့ဘဲ အခန်းထဲမှ ချက်ချင်း ထွက်လာခဲ့သည်။ ဧည့်ခံပွဲ ကျင်းပမည့် အထပ်ဆီသို့ ဓာတ်လှေကားဖြင့် ဆင်းလာခဲ့သည်။ ခန်းမဆောင်ကြီးမှာ ရယ်မောသံများနှင့် ရွှင်လန်းတက်ကြွသော သီချင်းသံများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းက အုပ်စုလိုက် စုဝေးကာ စကားစမြည် ပြောဆိုနေကြသည်။ နူးညံ့တိုးညင်းသော နောက်ခံတေးဂီတသံလေးက လေထုထဲတွင် လွင့်ပျံနေသည်။
လုချန်၏ အကြည့်များက ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ပထမဆုံးအကြိမ် လော့နျန်ဝေကို သူ မြင်လိုက်ရသည်။ သူမက သူ လက်ဆောင်ပေးထားသော ဂါဝန်ကို ဝတ်ဆင်ထားသည်။ စတိုင်ကျလှသော ရေခဲပြာရောင် ဂါဝန်လေးပင်။ သူမ၏ သွယ်လျသော ညှပ်ရိုးလေးများက အနည်းငယ် ပေါ်လွင်နေသည်။ ပခုံးသားလေးများကလည်း နူးညံ့သော အကွေ့အကောက်လေးများ ဖြစ်နေသည်။ သူမက သူ အဝတ်အစား ရွေးချယ်ပေးစဉ်က စိတ်ကူးထားခဲ့သည်ထက်ပင် ပို၍ ကျက်သရေရှိကာ ဆွဲဆောင်မှု ရှိနေလေသည်။
လော့နျန်ယင်းက သူမ၏ ဘေးတွင် ရပ်နေသည်။ သူမက အစ်မဖြစ်သူ၏ အရောင်အသွေးနှင့် လိုက်ဖက်သော ပန်းရောင်နှင့် အဖြူရောင်စပ် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ ပြုံးရွှင်နေပြီး ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ လှည့်ပတ်နေသည်။ သူမ၏ ဂါဝန်လေးကို ချာချာလည်အောင် လှည့်ကစားနေခြင်း ဖြစ်သည်။
သူတို့၏ ဘေးတွင် ဆုန့်ယွဲနှင့် ရှန်စီတို့က လုမိသားစုမှ အသက်ကြီးပိုင်း ဆွေမျိုးအချို့နှင့် စကားပြောနေကြသည်။ သူတို့က ကျက်သရေရှိပြီး တည်ငြိမ်နေကြပုံရသည်။ မေးခွန်းများနှင့် နှုတ်ဆက်စကားများကို တည်တည်ငြိမ်ငြိမ်ဖြင့် အေးဆေးစွာ ပြန်လည်ဖြေကြားနေကြသည်။ မည်သည့် အခက်အခဲမျှ ရှိမနေပေ။
လုယွမ်က တစ်ဖက်တွင် ရပ်နေသည်။ သူက သူ၏ ညီအစ်ကိုများနှင့် လုချန် မသိသော လူအချို့နှင့်အတူ အလေးအနက် စကားပြောနေသည်။ ထိုသူများက မိသားစု၏ ဆွေမျိုးဝေးများ သို့မဟုတ် သူတို့ ကုမ္ပဏီတစ်ခုခု၏ ဒါရိုက်တာတစ်ဦးဦး ဖြစ်နိုင်ပေသည်။ မကြာမီမှာပင် လုချန် ရောက်ရှိလာမှုက အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ လုကွာကွာက သူ့ကို ပထမဆုံး သတိထားမိသွားပြီး အမြန် လျှောက်လာခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင်။ လုရှောက်ဖျင်၊ လုရှောက်အန်း၊ လုလီနာ နှင့် အခြားဝမ်းကွဲမောင်နှမများ အားလုံး စုရုံးရောက်ရှိလာကြသည်။ လုလီနာမှာ အလွန် စိတ်လှုပ်ရှားနေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
"ကိုကိုလုချန်..." သူမက ဗြုန်းခနဲ အော်ပြောလိုက်သည်။ သူမ၏ မျက်လုံးများက ကြယ်ကလေးများလို တလက်လက် တောက်ပနေသည်။ "ဒီနေ့ည ကိုကိုက အရမ်းချောနေတာပဲ... ရုပ်ရှင်မင်းသားကြီး ကျနေတာပဲ ကိုကိုနဲ့ တွဲပြီး ဓာတ်ပုံရိုက်လို့ ရမလား"
လုချန်က အနည်းငယ် ပြုံးလိုက်သည်။ "ရတာပေါ့"
"ရေး" လုလီနာက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်သွားသည်။ ဆုချီးမြှင့်ခံရသော ကလေးတစ်ယောက်လိုပင်။
ထို့နောက် သူမက လက်ကောက်ဝတ်ရှိ ကွန်ပျူတာကို အမြန်မြှောက်ကာ ကင်မရာလုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်။ လုကွာကွာနှင့် အခြားဝမ်းကွဲများက ရယ်မောလိုက်ကြသည်။ သူမ ပြေးလာစဉ်က သူမ၏ ဖိနပ်ခွာနှင့် ငြိကာ လဲကျမတတ် ဖြစ်သွားခဲ့သေးသည်။
လုချန်က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးသည်။ လုလီနာက ဓာတ်ပုံ ၆ ပုံ ဆက်တိုက် ရိုက်လိုက်ပြီးမှသာ ရပ်တန့်သွားတော့သည်။ လူအုပ်စုက သူ့ကို နှုတ်ဆက်ကြပြီး ဓာတ်ပုံများ ရိုက်ကြသည်။ ထို့နောက် တဖြည်းဖြည်းနှင့် သူတို့၏ ကိုယ်ပိုင် စကားဝိုင်းများဆီသို့ အသီးသီး ပြန်သွားကြလေသည်။
ထိုအခါမှ လုချန်အတွက် နေရာလွတ်ရသွားသည်။ သူက ခန်းမကို ဖြတ်လျှောက်သွားပြီး လော့နျန်ဝေနှင့် လော့နျန်ယင်းတို့ ရှိရာသို့ သွားလိုက်သည်။ သူ နီးကပ်သွားသည်နှင့်အမျှ ဘေးနားရှိ ဝမ်းကွဲများက ယဉ်ကျေးစွာ ဘေးဖယ်ပေးကြသည်။ ၎င်းက သူတို့အတွက် သီးသန့်လွတ်လပ်ခွင့်ကို ပေးလိုက်ခြင်းဖြစ်သည်။ လော့နျန်ဝေက လှည့်ကြည့်လိုက်သည်။ သူဖြစ်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာထားက ချက်ချင်း နူးညံ့သွားသည်။
"ဒီနေရာကို သဘောကျရဲ့လား" လုချန်က မေးလိုက်သည်။
သူ၏ လေသံက ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း သူမ၏ မျက်နှာပေါ်တွင် သက်သောင့်သက်သာ မဖြစ်သည့် အရိပ်အယောင်များ ရှိမရှိကို သူက သေချာစွာ အကဲခတ်နေခဲ့သည်။ လော့နျန်ဝေ၏ အကြည့်များက ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
ဆုန့်ယွဲနှင့် ရှန်စီတို့က အနည်းငယ်လှမ်းသော စားပွဲတစ်လုံးတွင် ထိုင်ကာ လုမိသားစုမှ အမျိုးသမီးအချို့နှင့် ပြုံးရွှင်စွာ စကားပြောနေကြသည်။ လော့နျန်ယင်းကလည်း သူမ၏ ဂါဝန်စကို မကာ တခစ်ခစ် ရယ်မောနေသည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
"သူတို့အားလုံးက အရမ်း ရင်းနှီးဖော်ရွေကြတယ်... ကျွန်မ သဘောကျပါတယ်"
ထိုအခါမှ လုချန်၏ ရင်ထဲမှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသလို ခံစားလိုက်ရသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းတာပေါ့"
"ဒါ့အပြင်..." သူက ဆက်ပြောသည်။ "မနက်ဖြန်ကျရင် ပါရမီရှင် အတော်များများ လာကြလိမ့်မယ်... စတားဒူး အကယ်ဒမီကို မဝင်ခင် သူတို့ထဲက တချို့နဲ့ မိတ်ဆက်ပြီး သူငယ်ချင်း လုပ်ထားလို့ ရတာပေါ့... ဒါမှ ကျောင်းတက်တဲ့အခါ အထီးကျန်သလို ခံစားရမှာ မဟုတ်ဘူးလေ"
လော့နျန်ဝေက အနည်းငယ် ပြုံးလိုက်သည်။ "ကြည့်ရသေးတာပေါ့... သူတို့နဲ့ အဆင်ပြေပါ့မလား မသိဘူး"
လုချန်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူက အလေးအနက် တွေးတောနေပုံရသည်။ "အကယ်၍ တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးလာရင် ငါ့ကို ပြောလို့ရတယ်နော်"
သူမက တခစ်ခစ် ရယ်မောလိုက်သည်။ "ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ... ရှင်က သူတို့ လုံးဝ ရန်မစရဲတဲ့လူလို့ ကျွန်မ ထင်တယ်"
ထိုစဉ်မှာပင် လော့နျန်ယင်းက လော့နျန်ဝေ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ စားပွဲပေါ်မှ အချိုပွဲ အသေးလေးတစ်ခုကို ယူကာ မေးလိုက်သည်။
"မမ... ဒါလေး စားလို့ရမလား"
လော့နျန်ဝေက ခေါင်းညိတ်ပြလိုက်သည်။ လော့နျန်ယင်းလည်း ဝမ်းသာအားရ ထွက်သွားလေတော့သည်။ ထိုအခါ လုချန်နှင့် လော့နျန်ဝေတို့ နှစ်ယောက်တည်းသာ သူတို့၏ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် ကျန်ရစ်နေခဲ့သည်။
သူက အနီးဆုံး စားပွဲပေါ်မှ ပန်းကန်ပြားတစ်ခုကို လှမ်းယူလိုက်သည်။ ထို့နောက် ဟင်းလျာများကို စတင် မြည်းစမ်းကြည့်သည်။ အစားအသောက်များက သူ မျှော်လင့်ထားသည့်အတိုင်းပင် ခမ်းနားဇိမ်ကျလှသည်။ လတ်ဆတ်သော ပင်လယ်စာများ၊ ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး ဟင်းလျာများနှင့် ရွေးချယ်စရာ အချိုပွဲများပင်။
ထိုအချိုပွဲများက ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားသကဲ့သို့ပင်။ စားလိုက်သည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားသော သိမ်မွေ့သည့် စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
သူက အစားအစာကို ဖြည်းညင်းစွာ အရသာခံ စားသောက်နေသည်။ စားနေစဉ်အတွင်း ခန်းမကို ဝေ့ဝဲကြည့်ရန် အချိန်အနည်းငယ် ယူလိုက်သည်။ မည်သူကမျှ သူ့ထံသို့ ရုတ်တရက် မချဉ်းကပ်ရဲကြပေ။ ဧည့်သည်အများစုက သူ့ကို ဘေးကင်းသော အကွာအဝေးတစ်ခုမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေကြပုံရသည်။ မိနစ်အနည်းငယ် အကြာတွင် လုချန်က တစ်စုံတစ်ယောက် သူ၏ ပခုံးကို လာပုတ်သည်ကို ခံစားလိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ လုကွာကွာ ဖြစ်နေသည်။
"ညီလေး... ဘိုးဘေးကြီး မင်းနဲ့ စကားပြောစရာရှိလို့တဲ့" လုကွာကွာက လေးနက်စွာ ပြောလိုက်သည်။
***