လုချန်က သူ၏ လက်များကို ငုံ့ကြည့်လိုက်သည်။ လက်သီးကို အနည်းငယ် ဆုပ်လိုက်သည်။ ၎င်းအတွင်းမှ ဒီရေအလား မြင့်တက်လာကာ အဆက်မပြတ် လှုပ်ရှားနေသော ခွန်အားများကို သူ ခံစားလိုက်ရသည်။
ထို့နောက် သူက တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ ခြေလှမ်းတိုင်းက တည်ငြိမ်ပြီး အားပါလှသည်။ လေးနက်ခမ်းနားသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူ မသိလိုက်ခင်မှာပင် သူ၏ ဟန်ပန်အမူအရာက အမည်မသိ ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။ သိုင်းပညာရှင်ကြီး တစ်ဦးကဲ့သို့ပင်။
ယနေ့က လုမိသားစု၏ ဆက်ခံသူ ရွေးချယ်မည့် နေ့ဖြစ်သည်။ ထိုသူက ဤကမ္ဘာပျက်ကြီးထဲတွင် မည်သူနှင့်မျှ မတူသော မယှဉ်သာသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်ဟု ကောလာဟလ ထွက်နေသည်။ လုမိသားစုသည် လူသားကမ္ဘာတွင် ထိပ်တန်း မိသားစုကြီးများထဲမှ တစ်ခုဖြစ်သည်။ မိသားစုတစ်ခုတည်းတွင်ပင် အဆင့်B ၃ ယောက်နှင့် အဆင့်C ၄ ယောက် ရှိနေသည်။
ထို့အပြင် သူတို့၏ လက်အောက်ခံ စီးပွားရေး အဖွဲ့အစည်းများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများထဲတွင်လည်း အဆင့်-C တွေ အများအပြား ရှိနေသေးသည်။ ဒါကြောင့်မို့လို့ လုမိသားစု၏ လှုပ်ရှားမှုတိုင်းက လူသားကမ္ဘာ တစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှု ရှိနေမည်ဟု ဆိုနိုင်သည်။ ပြောနေစရာတောင် မလိုတော့ပေ။
ဤဧည့်ခံပွဲကြီး၏ အဓိက ဇာတ်ကောင်ဖြစ်သူမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော လုမိသားစု ဆက်ခံသူပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ဆယ်အတွင်း လုမိသားစု၏ တစ်ဦးတည်းသော ရွေးချယ်ခံ ဆက်ခံသူဖြစ်သောကြောင့် လုချန်က အရပ်မျက်နှာ အသီးသီးမှ အာရုံစိုက်မှုများကို အလိုအလျောက် ဆွဲဆောင်ထားနိုင်ခဲ့သည်။
ဤဧည့်ခံပွဲက လုချန်အတွက် လုမိသားစုဝင် တစ်ယောက်အနေဖြင့် လူအများရှေ့သို့ တရားဝင် ထွက်ပေါ်လာမည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူအများကို ဟိုးလေးတကျော် မဖြစ်စေရန်ဆိုသည်မှာ မဖြစ်နိုင်သောအရာပင်။
လုမိသားစုက A1 အခြေစိုက်မြို့တော်မှ စူပါအင်အားစုများကိုသာ ဖိတ်ကြားခဲ့သည် မဟုတ်ပေ။ အခြား A အခြေစိုက်မြို့တော် ခုနစ်ခုမှ စူပါမိသားစုကြီးများ၊ ကော်ပိုရေးရှင်းကြီးများ (သို့မဟုတ်) နောက်ခံမရှိသော အစွမ်းထက် အထီးကျန်ဝံပုလွေ စစ်သည်တော်များ၊ ထိပ်တန်း စစ်ပညာအကယ်ဒမီများမှ ကျောင်းအုပ်ကြီးများ စသည်တို့ကိုပါ ဖိတ်ကြားခဲ့သည်။
သီးခြားနယ်ပယ်တစ်ခုခုတွင် အထူးလွှမ်းမိုးမှုရှိပြီး အဆင့်C စစ်သည်တော်များ အုပ်ချုပ်သော အချို့ အင်အားစုများလည်း ဖိတ်စာ ရရှိခဲ့ကြသည်။ အဆင့်C အောက် အင်အားစုများ အတွက်ကတော့ သူတို့က ဖိတ်ကြားခံရရန် အရည်အချင်း မပြည့်မီကြပေ။ အကယ်၍ သူတို့က သူတို့သဘောဆန္ဒအရ လာရောက်လည်ပတ်ခဲ့လျှင် လုမိသားစုက သူတို့ကို ပြန်လွှတ်မည်တော့ မဟုတ်ပေ။ သို့သော် သူတို့ကို ခန်းမဆောင်ထဲသို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ဘဲ အပြင်ဘက်မှာသာ အခမ်းအနားကို တက်ရောက်နိုင်မည် ဖြစ်သည်။
အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ကမ္ဘာပျက်ကြီး တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ၎င်းက ကမ္ဘာပျက်ပြီးကတည်းက လူသားသမိုင်းမှာ ဤမျှ ကြီးမားသော ပုံစံဖြင့် ကျင်းပသော ပထမဆုံး စုဝေးမှုကြီး ဖြစ်သောကြောင့်ပင်။ အချိန်တွေက အလွန် မြန်ဆန်လှသည်။
မကြာမီ ညစာစားပွဲ ကျင်းပမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။ ဤနေ့တွင် လူသားကမ္ဘာ တစ်ခုလုံး၏ ကောင်းကင်ယံတွင် တဝုန်းဝုန်း မြည်ဟည်းနေသော အသံကြီးများဖြင့် ပြည့်နှက်နေသည်။ ရေတွက်၍မရနိုင်သော အင်အားစုများထံမှ အရွယ်အစား၊ ပုံသဏ္ဌာန် မျိုးစုံရှိသော လေယာဉ်ပျံများက သူတို့၏ သက်ဆိုင်ရာ အခြေစိုက်ခံတပ်များမှနေ၍ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ သူတို့က အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသည်။ သူတို့အားလုံး၌ လားရာတစ်ခုတည်းသာ ရှိသည်။
A1 အခြေစိုက်မြို့တော်၊ လုမိသားစု။
ကျုံးမိသားစုက A7 အခြေစိုက်မြို့တော်ရှိ အင်အားအကြီးဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သည်။ ဖေမိသားစုနှင့် အဆင့်အတန်းတူညီသော်လည်း ကျုံးမိသားစုက ပို၍ အစွမ်းထက်နေသေးသည်။ အကြောင်းမှာ သူတို့၏ မိသားစုခေါင်းဆောင်မှာ အဆင့်B စတုတ္ထအလွှာ စစ်သည်တော် တစ်ဦးဖြစ်သောကြောင့်ပင်။
"ကြည့်စမ်း... အဲဒါ ကျုံးမိသားစုရဲ့ မင်းသမီးလေး ကျုံးလီယာပဲ... သူကတောင် လုမိသားစု ဆက်ခံသူရဲ့ ဧည့်ခံပွဲကို ရောက်လာတာပါလား"
"ဒါပေါ့ စူပါမိသားစုကြီးတစ်ခုက ဆက်ခံသူ ရွေးချယ်တဲ့ ဒီလိုဧည့်ခံပွဲမျိုးဆိုတာ ဆယ်စုနှစ် အနည်းငယ်နေမှ တစ်ကြိမ် ကျင်းပတာလေ... ဒါမျိုးအခွင့်အရေးက အရမ်း ရှားပါးပြီး အဖိုးတန်တယ်... ဒီကမ္ဘာပျက်ကြီးထဲမှာ လုမိသားစုနဲ့ လက်ထပ်ပြီး လူမှုအဆင့်အတန်း တက်မသွားချင်တဲ့သူ ဘယ်သူရှိမှာလဲ"
ဒါက အမှန်ပင် ထိုဒဏ္ဍာရီလာ ပါရမီရှင်နဲ့ ရင်းနှီးခွင့်ရမယ့် ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်သည်။ ထိုဆက်ခံသူနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တောင် အခြား လုမိသားစုဝင်တွေနဲ့ မိတ်ဆွေဖွဲ့လို့ ရသေးသည်။
ဒါကြောင့် လုမိသားစုရဲ့ ဆက်ခံသူက လူအများရှေ့မှာ တရားဝင် ထွက်ပေါ်လာခြင်း မရှိသေးပေမယ့် သူ့ရဲ့ အဆင့်အတန်းနဲ့ ကိုယ်ပိုင်လက္ခဏာကို အခြေခံပြီးတော့တင် ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူ မိန်းကလေးတွေနဲ့ ထူးချွန်တဲ့ ပါရမီရှင် အမြောက်အမြားကို အုံ့အုံ့ကျည်ကျည် ရောက်လာစေဖို့ လုံလောက်နေပြီ ဖြစ်သည်။
အကယ်၍ လုမိသားစု ဆက်ခံသူရဲ့ မျက်နှာသာပေးမှုကို ရရှိနိုင်ခဲ့မယ်ဆိုရင်... မိမိကိုယ်တိုင်သာမက မိမိရဲ့ နောက်ကွယ်က အင်အားစုတွေပါ အမြင့်ဆုံးကို ရောက်ရှိသွားမှာ သေချာသည်။ အကျိုးအမြတ် အများကြီး ရရှိမှာ အမှန်ပင်။
ထို့ကြောင့် အင်အားစု အမျိုးမျိုးမှ အလှပန်းလေးများသည် သူတို့၏ အကောင်းဆုံး ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ဧည့်ခံပွဲကို တက်ရောက်ရန် ပြင်ဆင်နေကြသည်။ ကံစမ်းကြည့်ကြမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကုမိသားစု စံအိမ်တော်မှ ပျံသန်းကားတစ်စီး ကောင်းကင်သို့ ထိုးတက်သွားသည်။
"ဒါက ရာစုနှစ်တစ်ခုနီးပါးအတွင်း လူသားကမ္ဘာမှာ အခမ်းနားဆုံး ဧည့်ခံပွဲကြီး ဖြစ်လောက်တယ်..."
ကုမိသားစုကလည်း သဘာဝကျစွာပင် ဖိတ်စာ ရရှိခဲ့သည်။ မိသားစုနှစ်ခုကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း သူတို့က လုမိသားစု၏ ဧည့်ခံပွဲသို့ သွားရန် စီစဉ်ထားဆဲပင်။ ပျံသန်းကားလေးထဲတွင် အပြာရောင် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး စူးရှသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ခန့်ညားသော လူငယ်တစ်ဦး ရှိနေသည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်နေ၏။ သူ၏ အကြည့်များက အေးစက်လှသည်။
"သခင်လေး... သခင်ကြီးက လုမိသားစု ဆက်ခံသူရဲ့ နောက်ခံအကြောင်းကို စုံစမ်းဖို့အတွက် ဒီဧည့်ခံပွဲကို သွားဖို့ အထူး ညွှန်ကြားထားပါတယ်"
"ဖြစ်နိုင်ရင်... လူသားကမ္ဘာက အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး ရှေ့မှာ သခင်လေးထျန်းကျွင်း အတွက် လက်စားချေပေးဖို့ သူ့ကို တစ်ယောက်ချင်း တိုက်ခိုက်ဖို့ စိန်ခေါ်စေချင်နေတယ်"
သူ၏ဘေးတွင် ဆိတ်မုတ်ဆိတ်လေးနှင့် အသက်အရွယ်ကြီးရင့်သော လူကြီးတစ်ယောက်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ သူ၏ ကိုယ်ပေါ်မှ အဆင့်C စစ်သည်တော် တစ်ဦး၏ အငွေ့အသက်များ တိတ်တဆိတ် ထွက်ပေါ်နေသည်။ အဆင့်C စစ်သည်တော်များကိုပင် နောက်လိုက်အဖြစ် ထားရှိနိုင်သဖြင့် ဤလူငယ်၏ အဆင့်အတန်းမှာ ထူးခြားပြောင်မြောက်လှကြောင်း ထင်ရှားပေသည်။
"စိတ်မပူပါနဲ့ ဦးလေးချင်... ကျွန်တော့်ညီကို ရဲရဲတင်းတင်း ထိခိုက်အောင်လုပ်ခဲ့တဲ့ အဲဒီခွေးသူတောင်းစားကို ကျွန်တော် သေချာပေါက် ပေးဆပ်ခိုင်းရမှာပေါ့"
"လူတိုင်းရှေ့မှာ သူ့ကို အနိုင်ယူပြီး ဒူးထောက် အသနားခံခိုင်းပစ်မယ်"
ထိုလူငယ်က ကုမိသားစု၏ အထူးချွန်ဆုံး ပါရမီရှင် ကုထျန်းယန် ပင် ဖြစ်သည်။ သူက အလွန် အစွမ်းထက်သော ဝိညာဉ်စွမ်းရည် တစ်ခုကို နိုးထထားသူ ဖြစ်သည်။
“တိုက်ခိုက်ရေး ခန္ဓာကိုယ်...”
ဤပါရမီက သူ့ကို တိုက်ပွဲဝင်ချိန်တွင် သူ၏ ခွန်အားကို ငါးဆ တိုးပွားစေနိုင်သည်။
အသက် ၂၁ နှစ်အရွယ်တွင် သူ၏ အံ့မခန်း ခွန်အားဖြင့် အဆင့်ခြောက်ဆင့် ဆက်တိုက် ဖောက်ထွက်နိုင်ခဲ့သည်။ စမ်းသပ်မှု မျှော်စင်၏ ပထမအထပ်ကို ရှင်းလင်းနိုင်ခဲ့သည်။ ထို့ပြင် အလွန် ခိုင်မာသော အုတ်မြစ်ဖြင့် အဆင့်E သို့ ဖောက်ထွက်နိုင်ခဲ့သည်။
ငါးနှစ်နှင့် တစ်လတည်းဖြင့် သူက အဆင့်E ဒသမအလွှာသို့ ဖောက်ထွက်နိုင်ခဲ့သည်။ မကြာမီ အဆင့်D သို့ပင် ဖောက်ထွက်နိုင်တော့မည်။ ဤကာလများအတွင်း ကုထျန်းယန်က သူ့ကိုယ်သူ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။ နာမည်ကောင်းတစ်ခု ရရှိရန် ပြင်ဆင်နေခဲ့သည်။ ယနေ့ ဧည့်ခံပွဲကို သူ တက်ရောက်မည်။
၎င်းက သူ၏ စွမ်းဆောင်ရည်များကို တစ်ကမ္ဘာလုံးသို့ ပြသရန် အကောင်းဆုံး အခွင့်အရေးပင်။ လုမိသားစု ကျင်းပသော ဤဧည့်ခံပွဲကို အခွင့်ကောင်းယူကာ တစ်ကမ္ဘာလုံးကို သူ၏ နာမည် ကုထျန်းယန် ကို သိစေရမည်။
"လုချန်... မင်းနဲ့ မင်းရဲ့ လုမိသားစု တစ်ခုလုံးကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာကို ငါ တစ်လှမ်းချင်း တက်လှမ်းပြမယ်"
ကုထျန်းယန်၏ မျက်လုံးများထဲတွင် ယုံကြည်မှုနှင့် ရက်စက်မှုများက တလက်လက် တောက်ပနေသည်။ ယမန်နေ့က ကုထျန်းကျွင်းကို တိုက်ခိုက်ခဲ့သော လူငယ်က လုမိသားစု၏ ဆက်ခံသူ လုချန် ဖြစ်ကြောင်း သူ အတည်ပြုပြီးသွားပြီ ဖြစ်သည်။ ဒါက ကုမိသားစုက အလွန် ခက်ခဲကြိုးစားကာ ရှာဖွေခဲ့ရသောအရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုချန်နှင့် ပတ်သက်သည့် အချက်အလက်များအားလုံးကို အွန်လိုင်းတွင် ပိတ်ဆို့ထားသောကြောင့်ပင်။
D6 အခြေစိုက်မြို့တော်မှ သူ၏ အတိတ် ဗီဒီယိုများပင်လျှင် ဖျက်ပစ်ခြင်း ခံထားရလေသည်။
***