A1 အခြေစိုက်မြို့တော်။
လုမိသားစု စံအိမ်တော်၏ ဂိတ်တံခါးအပြင်ဘက် ကောင်းကင်ယံတစ်ခုလုံးတွင် ရေတွက်၍မရနိုင်သော ပျံသန်းကားများနှင့် လေယာဉ်များက သိပ်သည်းစွာ ဖုံးလွှမ်းနေသည်။
ရဟတ်တပ်၊ ဂျက်အင်ဂျင်တပ်၊ မြေဆွဲအားဆန့်ကျင်ရေးစနစ်တပ်...
အမျိုးအစားပေါင်းစုံသော လေယာဉ်များက လေထဲတွင် ဝဲပျံနေကြသည်။ ထိုအရာများအားလုံးမှာ မဟာမိတ်အဖွဲ့ထံမှ နောက်ဆုံးပေါ် မော်ဒယ်များချည်းသာ ဖြစ်ကြသည်။ ဤအချိန်တွင် လုမိသားစု စံအိမ်တော်၏ ဂိတ်တံခါးကြီးများက ကျယ်လောင်စွာ ပွင့်ဟနေသည်။ အရပ်လေးမျက်နှာမှ ဧည့်သည်တော်များကို ကြိုဆိုနေသည်။
ပြဿနာလာရှာမည့်သူ ရှိမရှိ ဆိုသည်မှာကား အဆင့်B စစ်သည်တော် သုံးယောက်က ထိုနေရာတွင် အသင့်စောင့်ကြပ်နေသည်။ ထိုအထဲတွင် အဆင့်B နဝမအလွှာကို ရောက်ရှိနေသူတစ်ယောက်ပင် ပါဝင်သေးသည်။
၎င်းက မကောင်းသော ရည်ရွယ်ချက် ရှိသူများကို ဟန့်တားရန် လုံလောက်ရုံသာမက အဆင့်B ကျွမ်းကျင်သူ အများအပြားကိုပင် သတိထားသွားစေကာ နောက်ဆုတ်သွားရန် စဉ်းစားမိစေသည်။ လုမိသားစု၏ ဧည့်ခံပွဲတွင် မည်သူတစ်ဦးတစ်ယောက် (သို့မဟုတ်) မည်သည့် အင်အားစုကမျှ ပြဿနာ လာမရှာရဲကြပေ။
" A8 အခြေစိုက်မြို့တော်မှ စူပါမိသားစုဖြစ်သော ယွမ်မိသားစု ရောက်ရှိလာပြီး လုမိသားစု ဆက်ခံသူအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ဝိညာဉ်ဆေးမြစ်... ခရမ်းရောင်တိမ်တိုက် မှိုပွင့်ကို ပေးအပ်ပါတယ် ယွမ်မိသားစုရဲ့ ယခင် မိသားစုခေါင်းဆောင်ဟာ နာမည်ကျော် အဆင့်B ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်"
ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။ အင်အားစု အသီးသီးမှ လာရောက်ကြသူများက အချင်းချင်း တီးတိုးရေရွတ်နေကြသည်။
"လန်မိသားစု ရောက်ရှိလာပြီး လုမိသားစု ဆက်ခံသူအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ဝိညာဉ်ဇာစ်မြစ် ခြင်ဆီ တစ်ပုလင်းနဲ့ ရေခဲပုံဆောင်ခဲ သစ်သီး ခြောက်လုံးကို ပေးအပ်ပါတယ်"
"ဘုရားရေ လန်မိသားစုက ဝိညာဉ်ဇာစ်မြစ် ခြင်ဆီကိုတောင် ထုတ်ပေးလိုက်တာလား... ဒါက အမြင့်ဆုံး ကုသရေး ရတနာပဲ... ပျက်စီးနေတဲ့ ဝိညာဉ်သွေးကြောတွေကိုတောင် ပြန်လည်ကုသပေးနိုင်တယ်"
ထိုစကားကို ကြားသောအခါ လူအများအပြား၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ဤလက်ဆောင်များကို သီးခြားစီ ထုတ်ယူကြည့်မည်ဆိုလျှင်ပင် အစွမ်းထက်သူ အများအပြားကို အသေအလဲ လုယက်တိုက်ခိုက်ချင်စိတ် ပေါက်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ၎င်းတို့အားလုံးက လုမိသားစု ဆက်ခံသူအတွက် ဂုဏ်ပြုလက်ဆောင်များအဖြစ် ပေးအပ်ခံနေရသည်။ မနာလိုဖြစ်၊ မရှုဆိတ်ဖြစ်ကာ ဒေါသထွက်ဖို့ဆိုတာ မဖြစ်နိုင်သောအရာပင်။
"ကျုံးမိသားစု ရောက်ရှိလာပြီး လုမိသားစု ဆက်ခံသူအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် အဆင့်D ဓာတ်သဘာဝ လက်နက်... အေးစက်သောအလင်းဓားကို ပေးအပ်ပါတယ်"
ကြေညာသံနှင့်အတူ ဧည့်သည်တော်များ ရောက်ရှိလာသည်။ အလွန်လှပပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦးက ၁.၅ မီတာခန့် ရှည်လျားသည့် အနက်ရောင် သေတ္တာကြီးတစ်ခုကို သယ်ဆောင်ကာ ရှေ့သို့ ထွက်လာသည်။ သူမ၏ မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ရှိနေသည်။ လှပသော မျက်လုံးလေးများက တလက်လက် တောက်ပနေသလိုပင်။
"ဒါ... ကျုံးမိသားစုရဲ့ မင်းသမီးလေးလေ... သူက အရမ်းလှတာပဲ"
"ဟူး... ဒီလောက်လှတဲ့ မိန်းကလေးကို... ငါတို့ကတော့ နတ်သမီးတစ်ပါးလို အဝေးကနေ ငေးကြည့်နေရုံပဲ တတ်နိုင်တယ်... သူကတော့ လုမိသားစု ဆက်ခံသူရဲ့ မျက်နှာသာပေးမှုကို ရဖို့ ကြိုးစားနေရတယ်... ဒီလိုမျိုး လူတွေကို နှိုင်းယှဉ်ရတာ တကယ်ကို ဒေါသထွက်စရာပဲ"
နယ်ပယ်အသီးသီးမှ ထူးချွန်သော လူငယ်များစွာက စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။ သူတို့တွင် ကျုံးမိသားစု၏ မင်းသမီးလေးကို လိုက်လံပိုးပန်းရန်ပင် အရည်အချင်း မပြည့်မီကြပေ။ သို့သော် ဤနေရာသို့ ရောက်လာရသည့် သူတို့၏ အကြီးမားဆုံး ဆန္ဒမှာကား ထိုလျှို့ဝှက်ဆန်းကြယ်သော လုမိသားစု ဆက်ခံသူ၏ မျက်နှာသာပေးမှုကို ရရှိရန် မျှော်လင့်နေခြင်းပင်။
ထို့နောက် ရေတွက်၍မရနိုင်သော အင်အားစုများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်တိုက် ရောက်ရှိလာကြသည်။ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။ အခြား အခြေစိုက်မြို့တော်များမှ စူပါမိသားစုများ ရှိသလို၊ ကမ္ဘာပျက်ကြီး၏ နယ်မြေအသီးသီးမှ ကော်ပိုရေးရှင်းကြီးများနှင့် ထိပ်တန်း အကယ်ဒမီများလည်း ပါဝင်သည်။
ဖိတ်စာရရှိထားသော မည်သည့် အင်အားစုမဆို ရောက်လာကြသည်ဟု ဆိုနိုင်သည်။ ဤအင်အားစု အများစုမှာ အနည်းဆုံး အဆင့်Cကို ပိုင်ဆိုင်ထားကြသည်။ သို့မှသာ လုမိသားစု စံအိမ်တော်၏ ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်ခွင့်ရရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ အဆင့်C စစ်သည်တော်ပင် မရှိသော အင်အားစုများအတွက်မူကား လက်ဆောင် ပေးအပ်ရုံသာ တတ်နိုင်ကြသည်။ သူတို့ကို ပင်မဂိတ်တံခါး အပြင်ဘက်ရှိ ဧည့်ခံပွဲတွင် နေရာချထားပေးသည်။
သို့သော်လည်း ဤအင်အားစုများက ညည်းတွားသံ တစ်ခွန်းမျှပင် မဟရဲကြပေ။ အဘယ်ကြောင့်ဆိုသော် အတွင်းဘက်ရှိ အရေးပါသော ပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်လိုက်လျှင် သူတို့က အမှန်တကယ်ပင် အရည်အချင်း မပြည့်မီသောကြောင့် ဖြစ်သည်။
"မဟာမိတ်အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ... ဥက္ကဋ္ဌ ရှောင် ရောက်ရှိလာပါပြီ"
ကြေညာသံ ထွက်ပေါ်လာသည့် ခဏမှာပင်။ လုမိသားစု ခြံဝင်းတစ်ခုလုံး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားသည်။ ပတ်ဝန်းကျင်က အလွန် တိတ်ဆိတ်လွန်းလှသဖြင့် မိမိ၏ နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။ လုဟုန်တောက်နှင့် သူ၏ သားနှစ်ယောက်က ခန်းမဆောင်ထဲမှ အမြန် လျှောက်ထွက်လာကြသည်။
"အဲဒါ အဘိုးကြီး လုဟုန်တောက် နဲ့ သူ့ရဲ့ သားနှစ်ယောက်လေ... သူတို့ကိုယ်တိုင် ဒု-ဥက္ကဋ္ဌကို လာကြိုကြတာပဲ"
"ဒီနေ့ ဒီနေရာမှာ ရှိနေရတာ တကယ်ကို ဂုဏ်ယူစရာကောင်းတယ်... ဒီလောက် အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးကို ငါ့တစ်သက်မှာ ဒီတစ်ကြိမ်ပဲ မြင်ဖူးတာ ဖြစ်နိုင်တယ်"
အချို့သော စစ်သည်တော်များမှာ စိတ်လှုပ်ရှားနေကြသည်။ လေးလံသော ဖိအားကြီးတစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာသည်။ လုမိသားစု စံအိမ်တော် တစ်ခုလုံးရှိ လေထုက အေးခဲသွားသလိုပင်။ လူတိုင်းက အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
လုမိသားစု၏ ဂိတ်တံခါးအထက်သို့ အမည်းရောင် လေယာဉ်တစ်စင်း ရောက်ရှိလာသည်။ နေရောင်အောက်တွင် မီးတောင်ကျောက်နက် အရောင်ကဲ့သို့ တလက်လက် တောက်ပနေသည်။ လေယာဉ်က မြေပြင်သို့ မဆင်းသက်ခဲ့ပေ။ တံခါးပေါက်က တိုက်ရိုက် ပွင့်ဟသွားသည်။ ရှောင်ဝမ်လုံက ထိုနေရာမှ လျှောက်ထွက်လာသည်။
ယနေ့ သူက တရားဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ လေဟာပြင်ထဲသို့ ခြေလှမ်းလှမ်းလိုက်သည်။ သူ လေယာဉ်ခန်းထဲမှ ထွက်လာသည့် ခဏမှာပင် ထိတ်လန့်ဖွယ်ရာ ဖိအားကြီးက ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ လူအုပ်ကြီး တစ်ခုလုံးကို ဝါးမြိုတော့မည့်အလားပင်။
၎င်းက ရုပ်ပိုင်းဆိုင်ရာ ဖိအားပေးမှု မဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုထက်... ဝိညာဉ်ရေးရာအရ ဖိအားပေးမှုဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ပိုမို မြင့်မားသော သက်ရှိတစ်ခု၏ ရှေ့မှောက်တွင် အောက်တန်းစား သက်ရှိများက သဘာဝအတိုင်း ထိတ်လန့်ရိုသေသွားရခြင်းမျိုး ဖြစ်သည်။ ရှောင်ဝမ်လုံက နတ်ဘုရားတစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသည့်အလား ပေါ်ထွက်လာသည်။ ကောင်းကင်ယံမှနေ၍ တစ်လှမ်းချင်းစီ လျှောက်ဆင်းလာသည်။
ဖြည်းညင်းစွာဖြင့် သူ၏ ခြေထောက်များက မြေပြင်နှင့် ထိတွေ့သွားသည်။ လုဟုန်တောက်က အမြန် ရှေ့တိုးလာပြီး သူနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ရှောင်ဝမ်လုံက အားရပါးရ ရယ်မောလိုက်သည်။
"လုဟုန်တောက်... မင်းလို မြေခွေးအိုကြီးက ဒီလောက် မြန်မြန်ဆန်ဆန် လှုပ်ရှားလိမ့်မယ်လို့ ငါ မထင်ထားဘူး... ဒီကောင်လေးက မနေ့ကမှ ရောက်တာလေ... မင်းက ဒီလောက် ခမ်းနားတဲ့ ဧည့်ခံပွဲကြီး လုပ်ဖို့ကို မစောင့်နိုင်တော့ဘူးပေါ့... ငါ သူ့ကို လုသွားမှာ ကြောက်နေတာလား"
ရှောင်ဝမ်လုံက ဒေါသထွက်ချင်ယောင်ဆောင်ကာ ရယ်မောရင်း ဆူပူလိုက်သည်။ လုဟုန်တောက်က ဟန်လုပ်ပြုံးလိုက်သည်။
"ဒု-ဥက္ကဋ္ဌ... ခင်ဗျား ဘာတွေ ပြောနေတာလဲ ကျွန်တော် နားမလည်ပါဘူး... ဘာပဲဖြစ်ဖြစ် လုချန်က လုမိသားစုရဲ့ သွေးသားလေ... ဒါကြောင့် ကျွန်တော်က သူ့ကို ကြိုဆိုပြီး သင့်တော်တဲ့ အစီအစဉ်တွေ လုပ်ပေးရမှာပေါ့"
သူ၏ အသံထဲတွင် ဝင့်ကြွားမှု အရိပ်အယောင်လေးများ ပါဝင်နေသည်။ ရှောင်ဝမ်လုံက လက်ယမ်းပြလိုက်သည်။
"ကဲပါ ကဲပါ... ငါက မင်းရဲ့ မျက်နှာပြောင်တိုက်နေတဲ့ မျက်ခွက်အိုကြီးကို လာကြည့်တာ မဟုတ်ဘူး... ဟိုကောင်လေး ဘယ်မှာလဲ... သူ့ကို ကိုယ်တိုင်ပေးချင်တဲ့ လက်ဆောင် ရှိတယ်"
လူအများရှေ့တွင် သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို လူတိုင်း ကြားလိုက်ရသည်။ ကုထျန်းယန်လည်း ကြားလိုက်ရသည်။ လူတိုင်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိကြသည်။ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ယခင်က ထိုလျှို့ဝှက်ဆန်းကြယ်သော လုမိသားစု ဆက်ခံသူ၏ ပါရမီက မည်မျှ ထိတ်လန့်ဖွယ် ကောင်းကြောင်း ကောလာဟလ အများအပြားကို သူတို့ ကြားခဲ့ဖူးသည်။
ထိုစကားများ အများစုမှာ လုမိသားစုထံမှ စတင်ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် လူအများစုက တစ်ဖက်လူမှာ ချဲ့ကားပြောဆိုနေသည်ဟုသာ ထင်ခဲ့ကြသည်။ သို့သော် ယခု ကြည့်ရသည်မှာ ထိုကောလာဟလများက အတုအယောင်တွေ မဟုတ်ဘူးဆိုတာ ထင်ရှားနေသည်။ လူသားမျိုးနွယ်၏ အရုဏ်ဦးဟု တင်စားခေါ်ဝေါ်ခံရသော ဒု-ဥက္ကဋ္ဌရှောင် ပင်လျှင် ဤပွဲသို့ ကိုယ်တိုင် ကိုယ်ကျ တက်ရောက်လာခဲ့သည် မဟုတ်ပါလား။
သူတို့အားလုံး ယခုအခါ အလွန် သိချင်နေကြပြီ ဖြစ်သည်။
“ဒီဒဏ္ဍာရီလာ ပါရမီရှင်ဆိုတာ တကယ်တော့ ဘယ်သူများလဲ...”
***