လုံချန်းသည် သူရှိနေသည့် အကျဉ်းထောင်နားသို့ တဖြည်းဖြည်း နီးကပ်လာနေသော အကြီးအကဲများကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံးမှာ သူ၏ တိုက်ကွက် အကွာအဝေးအတွင်းသို့ သေချာပေါက် ရောက်ရှိနေကြပြီ ဖြစ်သည်။
"အလုပ်စကြရအောင်" လုံချန်းက ပြုံးစစဖြင့် ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးများမှာ ကြယ်ရောင်တောက်နေသော အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး တောက်ပလာတော့သည်။ သူ၏ သိုင်းဟင်းလင်းပြင် အတွင်းရှိ ဟင်းလင်းပြင် နိယာမ ပျိုးပင်လေးမှာလည်း စတင်တောက်ပလာပြီး လုံချန်း၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို စတင်ရိုက်ခတ်လာသည်။
လုံချန်းသည် သူရှိနေသည့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ဘေးတွင်ရပ်နေသော မိန်းကလေးမှာ မှင်တက်သွားရသည်။
မိန်းကလေးက ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား လိုက်ကြည့်သော်လည်း အကျဉ်းထောင်အတွင်းတွင် သူမတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ လုံချန်းမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ ဘယ်ကိုသွားမှန်း သူမ မသိနိုင်ပေ။ သူသည် ထွက်ပြေးသည့် အဆောင်ကို အသုံးပြုပြီး ထွက်သွားသည်လော။ ကြောက်ပြီး ထွက်ပြေးသွားသည်လော။ သူမအနေဖြင့် သူမ၏ အကြီးအကဲ ဖန်တီးထားသော ဤစွမ်းရည်အကြောင်းကို ကောင်းကောင်းသိသည်။ ကောင်းကင်ဘုံအဆင့် သို့မဟုတ် ထိုထက်မြင့်သော အဆင့်ရှိသည့် မှော်ဆရာများ ပြုလုပ်ထားသည့် အဆောင်မျိုး မဟုတ်လျှင် ဤအကျဉ်းထောင်မှ ဖောက်ထွက်ရန်မှာ မဖြစ်နိုင်ပေ။
လုံချန်းတွင် ထိုမျှအထိ အစွမ်းထက်သည့် ပစ္စည်းများ ရှိနေသလားဟု သူမ တွေးတောနေစဉ်မှာပင် ညည်းတွားသံတစ်သံကို ကြားလိုက်ရသည်။
သူမသည် ဘယ်ဘက်ရှိ ကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုကျင့်ကြံသူမှာ မလှုပ်မယှက် ရပ်နေပြီး မျက်လုံးများမှာ ပြူးကျယ်လျက် ပါးစပ်မှာလည်း အနည်းငယ် ဟနေသည်။ သူ၏ မျက်နှာတွင် နာကျင်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။
သူ၏ နှုတ်ခမ်းအောက် နည်းနည်းအကွာတွင်ရှိသော လည်ပင်းမှာ ပုံမှန်မဟုတ်တော့ပေ။ သွေးများ စီးကျနေသည်။ သူ၏ လည်ပင်းကို ဖောက်ထွက်နေသည်မှာ သွေးများဖြင့် ရဲရဲနီနေသော အနီရောင်ဓားတစ်လက်ပင် ဖြစ်သည်။
ကျင့်ကြံသူ၏ နှုတ်ခမ်းများကြားမှလည်း သွေးများ စတင်စီးကျလာတော့သည်။
သူမသည် ထိုလူ၏ နောက်တွင် ရပ်နေသော ဆံပင်နက်နှင့် ကောင်လေးကို မြင်လိုက်ရသည်။ ကောင်လေး၏ ဆံပင်ရှည်များမှာ လေတိုးသဖြင့် ဝဲပျံနေသည်။ ကောင်လေးသည် လူတစ်ယောက်ကို သတ်လိုက်သော်လည်း တုန်လှုပ်ခြောက်ခြားခြင်း မရှိပေ။ သူ၏ မျက်နှာတွင် တုံ့ဆိုင်းမှု မရှိသည့်အပြင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုလေးပင် ရှိနေသလို ခံစားရသည်။
မိန်းကလေးသည် လုံချန်းကို ကြည့်ပြီး အံ့အားသင့်သွားရသည်။
သူမ နားမလည်နိုင်တော့ပေ။ သူသည် အလွန်အစွမ်းထက်သလို အကျဉ်းထောင်မှ လွတ်မြောက်နိုင်သည့် နည်းလမ်းလည်း ရှိနေသည်။ သို့သော် သူသည် ထွက်မပြေးဘဲ ရန်သူကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ထို့ထက် ပိုသည်မှာ ထိုမျှ အစွမ်းထက်ပါလျက် သူမကိုတော့ မသတ်ခဲ့ပေ။ လုံချန်းသည် သူမ၏ မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးကို သတ်လိုက်သော်လည်း သူမသည် သူ့ကို မမုန်းနိုင်ဘဲ ရှိနေသည်။ လုံချန်း၏ ရဲရင့်သော ပုံရိပ်ကြောင့် သူမ၏ နှလုံးသားမှာ ပို၍ပင် ခုန်မြန်လာရသည်။
'ငါ ဘာတွေ ဖြစ်နေတာလဲ။ ဘာတွေ တွေးနေတာလဲ။ သူက လူတွေရဲ့ ရန်သူပဲလေ။ ငါက သူ့ကို ဘယ်လိုဖြစ်ပြီး ကြိုက်နိုင်မှာလဲ။ ဒါပေမဲ့... သူက လူဆိုးတော့ မဟုတ်ပါဘူး။ သူက ဘယ်သူ့ကိုမှ အကြောင်းမဲ့ မသတ်ခဲ့ဘူး။ သူက ဒီအတိုင်း ထွက်သွားချင်တာကို တခြားသူတွေက သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာပဲ။ ဒါက သူ့အမှားလား။ သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတာပဲလေ။ ငါသာ သူ့နေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မှာပဲ။ သူ မမှားဘူး၊ သူ လုပ်တာ မှန်တယ်။ သူက အမွေဆက်ခံသူ ဖြစ်နေရင်လည်း ဘာဖြစ်လဲ။ ဒါက ဓားတစ်လက်ပဲလေ။ အဲဒီဓားကြောင့် သူက ရှန်းဝူလို မကောင်းဆိုးဝါး ဖြစ်သွားမှာ မဟုတ်ပါဘူး။ တကယ်လို့ သူက မကောင်းဆိုးဝါးဆိုရင် ငါ့ကိုလည်း သတ်မှာပေါ့။ သူက လူသတ်သမား မဟုတ်ပါဘူး။ တခြားလူတွေကသာ သူ့အပေါ် မှားနေကြတာ။ အကြောင်းမဲ့ သူ့ကို တိုက်ခိုက်နေကြတာ' နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးက တွေးရင်း လုံချန်းအတွက် စိုးရိမ်ကာ မျက်ရည်များပင် ဝဲလာတော့သည်။
သူမသည် မိမိ၏ မျိုးနွယ်စုထက် လုံချန်းကို ဘာကြောင့် ပိုစိုးရိမ်နေရသနည်းဆိုသည်ကို သူမကိုယ်တိုင်ပင် မသိပေ။ ဖြစ်နိုင်သည်မှာ သူမ၏ မျိုးနွယ်စုက သူမ၏ အသက်ကို တကယ်တမ်း ဂရုမစိုက်ခဲ့ကြ၍ ဖြစ်ပေလိမ့်မည်။ ယခု အသတ်ခံလိုက်ရသည့် အကြီးအကဲများမှာလည်း သူမကို သတ်ရန် ဝန်လေးကြမည့်သူများ မဟုတ်ပေ။ သူတို့က သူမကို ကယ်ရန် လာကြခြင်း မဟုတ်ဘဲ သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်သာ လာကြခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လူသတ်သမားဟု သတ်မှတ်ခံထားရသော လုံချန်းကသာ သူမကို ကယ်တင်ခဲ့သူ ဖြစ်သည်။ သူမသည် တွေးလေလေ လုံချန်းအပေါ် ပို၍ စွဲလမ်းလေလေ ဖြစ်နေတော့သည်။
လုံချန်း၏ ဘုရင်ဓားမှာ ကျင့်ကြံသူ၏ လည်ပင်းတွင် စိုက်ဝင်နေသည်မှာ တစ်စက္ကန့်ပင် မပြည့်သေးပေ။
လုံချန်းသည် လက်ကို လှုပ်ရှားလိုက်ပြီး လည်ပင်းတွင် စိုက်နေသော ဓားဖြင့် ဝှေ့ယမ်းခုတ်လိုက်ရာ ကျင့်ကြံသူ၏ လည်ပင်းတစ်ဝက် ပြတ်သွားတော့သည်။ သူ ထိုနေရာတွင် မရပ်တန့်ဘဲ နောက်တစ်ကြိမ် ထပ်မံခုတ်လိုက်ရာ လည်ပင်းတစ်ခုလုံး ပြတ်ထွက်သွားပြီး ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
လုံချန်းသည် ထိုလူ ပြန်လည် အသက်မရှင်နိုင်စေရန် ဦးခေါင်းကို ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။ အသက်ပေးဆေးလုံးသည် ခေါင်းမပြတ်သေးသရွေ့နှင့် သေဆုံးသွားသည်မှာ တစ်မိနစ်မကျော်သေးလျှင် မည်သူ့ကိုမဆို ပြန်လည် အသက်ရှင်စေနိုင်သည်။ ဤအဆင့် ၃ ကျင့်ကြံသူမှာ ဤနေရာတွင် အင်အားအကြီးဆုံး ဖြစ်သဖြင့် သူ ပြန်လည် အသက်မရှင်စေလိုပေ။ လုံချန်းသည် ထိုလူကို ယခုကဲ့သို့ လျင်မြန်စွာ သတ်နိုင်ခဲ့ခြင်းမှာ ထိုလူက လုံချန်းကို အထင်သေးပြီး လုံချန်းအနေဖြင့် အကျဉ်းထောင်မှ မလွတ်မြောက်နိုင်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
အကယ်၍ ထိုလူက အထင်မသေးဘဲ သတိရှိနေခဲ့လျှင် ရလဒ်မှာ ပြောင်းလဲသွားနိုင်ပြီး လုံချန်း၏ တိုက်ခိုက်မှုမှ ရှောင်တိမ်းနိုင်ပေလိမ့်မည်။
လုံချန်းသည် မိမိကိုယ်ကို ကံကောင်းသည်ဟု မှတ်ယူထားပြီး ထိုကံကောင်းမှုကို အသုံးချကာ ရန်သူအား အခွင့်အရေး မပေးတော့ပေ။ ရန်သူ ပြန်လည် နိုးထလာလျှင် သူ့အတွက် အခက်တွေ့နိုင်သဖြင့် သူသည် မည်သည့် စွန့်စားမှုကိုမျှ မပြုလုပ်လိုခြင်း ဖြစ်သည်။
အခြား အကြီးအကဲများ သတိမပြုမိခင်မှာပင် ထိုလူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူတို့ မလှုပ်ရှားရသေးခင်မှာပင် နောက်ဘက်မှ အော်ဟစ်သံများကို ကြားလိုက်ရပြန်သည်။
နောက်ဘက်က လူများ အဘယ်ကြောင့် အော်နေကြကြောင်း သူတို့ နားမလည်နိုင်ပေ။ လုံချန်းက သူတို့ရှေ့တွက် ရှိနေသည် မဟုတ်လော။ သို့ဆိုလျှင် နောက်ဘက်က လူများကို မည်သူက ဒုက္ခပေးနေသနည်း။
သူတို့ နောက်လှည့်ကြည့်ချင်သော်လည်း လုံချန်းမှာ သူတို့အတွက် တကယ့် ခြိမ်းခြောက်မှု ဖြစ်နေသဖြင့် မကြည့်ရဲကြပေ။ သူတို့သည် ဝိညာဉ်အာရုံကို အသုံးပြုကာ အဖြေ ရှာဖွေရင်း လုံချန်းအား တိုက်ခိုက်ရန် ရှေ့သို့ တိုးလာကြသည်။
သူတို့နှစ်ဦးလုံးသည် လုံချန်းကို အရင်သတ်ရန် ဆုံးဖြတ်လိုက်ကြပြီး ဝိညာဉ်အာရုံကို အသုံးပြုကာ နောက်ဘက်တွင် မည်သူက လူသတ်နေသနည်းဆိုသည်အား ကြည့်လိုက်ကြသည်။
သူတို့နှစ်ဦးလုံးက လုံချန်းရှိရာသို့ ဓားဖြင့် အစွမ်းကုန် ခုတ်လိုက်ကြသည်။ သူတို့၏ အရှိန်မှာ အလွန်မြန်သဖြင့် သာမန်မျက်စိဖြင့် ကြည့်လျှင် နေရာရွှေ့ပြောင်းခြင်း လုပ်လိုက်သကဲ့သို့ ထင်ရသော်လည်း အစစ်အမှန် နေရာရွှေ့ပြောင်းခြင်း ရှေ့တွင်မူ နှေးကွေးနေဆဲ ဖြစ်သည်။
လုံချန်းသည် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ အလွယ်တကူ ပျောက်ကွယ်သွားပြီး အခြား အကြီးအကဲတစ်ဦး၏ နောက်တွင် ပေါ်လာကာ လည်ပင်းကို ခုတ်လိုက်သည်။ သို့သော် ထိုအကြီးအကဲမှာ သတိရှိနေသဖြင့် ဓားကို နောက်သို့ လွှဲကာ လုံချန်း၏ တိုက်ကွက်အား ခုခံလိုက်နိုင်သည်။
လုံချန်းတွင် ဟင်းလင်းပြင်ကို အသုံးချနိုင်သည့် ရှားပါးစွမ်းရည်ရှိမှန်း သူတို့ သိသွားကြသဖြင့် အလွန် သတိထားနေကြပြီ ဖြစ်သည်။
ထို့အပြင် မိန်းကလေးတစ်ဦးက သူတို့၏ ကောင်းကင်အဆင့် နောက်လိုက်များကို တိုက်ခိုက်နေသည်အား မြင်သောအခါ အကြီးအကဲများမှာ အံ့အားသင့်သွားကြသည်။
ထိုမိန်းကလေးမှာ အလွန် လျင်မြန်ဖြတ်လတ်လှသည်။ သူမ၏ တိုက်စစ်မှာ သွက်လက်ပြီး ကာကွယ်ရေးမှာလည်း အပြစ်ပြောစရာ မရှိပေ။ သူမ၏ တိုက်စစ်မှာ ကောင်းကင်အဆင့် ကျင့်ကြံသူများကို သတ်ရန် မလုံလောက်သော်လည်း သူမ၏ ကာကွယ်ရေးမှာမူ ကောင်းကင်အဆင့် အထွက်အထိပ် ကျင့်ကြံသူများထက်ပင် ပိုမို အစွမ်းထက်နေပုံ ရသည်။
တကယ့် ပြဿနာမှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေသည့် ဝိညာဉ်ဓားပင် ဖြစ်သည်။ ၎င်းသည် နေရာအနှံ့ ပျံဝဲနေပြီး မိန်းကလေးက ကျင့်ကြံသူများကို အချိန်ဆွဲပေးထားစဉ် ကောင်းကင်အဆင့် ကျင့်ကြံသူများအား လိုက်လံ သတ်ဖြတ်နေသည်။
သူတို့ မသိသည်မှာ ထိုမိန်းကလေးမှာ လုံချန်းက သွေးမျိုးဆက်ကျောင်းတော်မှ ရရှိခဲ့သော ရုပ်သေးရုပ် ဖြစ်နေခြင်းပင်။
သူမ၏ ကာကွယ်ရေးမှာ အစွမ်းထက်သော်လည်း တိုက်စစ်မှာတော့ အားနည်းသည်။
ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ နှစ်ဦး၏ ခေါင်းထဲတွင် နောက်ထပ် ဇဝေဇဝါ ဖြစ်စရာတစ်ခု ရှိနေသေးသည်။ ထိုဓားမှာ လုံချန်း၏ ဓားဖြစ်မှန်း သူတို့ သိသည်။ လုံချန်းက သူတို့နှင့် တိုက်ခိုက်နေစဉ်မှာပင် ဓားက တခြားလူများကို လိုက်သတ်နေနိုင်ခြင်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။ သူသည် စိတ်အာရုံကို မည်သို့ ခွဲဝေ အသုံးပြုနေသနည်း။ တိုက်ပွဲကို အာရုံစိုက်နေစဉ်မှာပင် ဓားကို မည်သို့ ထိန်းချုပ်နေသနည်း။
'ဒါ... ဒါက တကယ့် ဝိညာဉ်ပါတဲ့ ရှားပါး ဝိညာဉ်ဓားလား' ကျင့်ကြံသူတစ်ဦးက လောဘဇောဖြင့် ရေရွတ်လိုက်သည်။
"အဲဒီလိုပဲ ဖြစ်ရမယ်။ သူ့ကို အရှင်ဖမ်းလို့ မရဘူး။ သူ့ကို သတ်ပြီး အဲဒီဓားကိုပဲ ယူကြစို့။ သူက အန္တရာယ်များလွန်းတယ်။ အရှင်ဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး" အခြား ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ဆိုသည်။
တတိယအဆင့် ကျင့်ကြံသူ၏ အစီအစဉ်မှာ မှားယွင်းနေပြီး ဤလူကို အရှင်ဖမ်းရန် မဖြစ်နိုင်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။
ထို့အပြင် သူတို့၏ အင်အားများမှာလည်း တစ်စုံတစ်ခုကြောင့် ကန့်သတ်ခံထားရသလို ခံစားနေရသည်။ သူတို့၏ အစွမ်းအစ အပြည့်အဝကို အသုံးမပြုနိုင်အောင် တစ်စုံတစ်ခုက ပိတ်ဆို့ထားသလိုမျိုး ဖြစ်နေခြင်း ဖြစ်သည်။
လုံချန်းက သူတို့ကို ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် ကျင့်ကြံသူတစ်ဦးထံမှ လေပြင်းများ ထွက်ပေါ်လာပြီး လုံချန်းကို နောက်သို့ လွင့်စဉ်သွားစေသည်။
လုံချန်းမှာ ကျောက်ခဲတစ်လုံးလို လွင့်ထွက်သွားပြီး အနီးအနားရှိ အိမ်တစ်လုံးပေါ်သို့ ပြုတ်ကျသွားတော့သည်။
***