လုံချန်းသည် ရွှင်း၏ စကားကို ကြားသောအခါ သက်ပြင်းချလိုက်မိသည်။
"ပန်းပဲပညာရှင်တစ်ယောက်ကို ရှာဖို့တင် ခက်နေတာ၊ ကောင်းကင်ဘုံအဆင့် ပန်းပဲပညာရှင်ဆိုတာ ပိုတောင် ခက်ဦးမယ်။ တကယ်လို့ ရှာတွေ့ခဲ့ရင်တောင် သူတို့က ငါ့ရဲ့ ဝိညာဉ်ဓားကို မက်မောပြီး လုယူဖို့ မကြိုးစားဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ဒါကြောင့် မြေကမ္ဘာအဆင့် ပန်းပဲပညာရှင်ဆီပဲ သွားတာ ပိုကောင်းလိမ့်မယ်။ သူတို့က ငါ့ထက် ပိုအားနည်းတော့ တစ်မျိုးတော့ စိတ်ချရတာပေါ့" လုံချန်းက ရေရွတ်ရင်း အဆိုးထဲက အကောင်းကို ရှာလိုက်သည်။
"ငါ အဆင်သင့်ဖြစ်တဲ့အခါမှ ဒီဓားကို ထပ်ပြီး အဆင့်မြှင့်လို့ ရတာပဲဥစ္စာ" သူက ဆက်ပြောလိုက်သည်။
လုံချန်းသည် မှောင်မည်းနေသော လူသွားလမ်းရှည်ကြီးထဲတွင် လျှောက်လှမ်းနေပြီး ရွှင်းကလည်း သူ့ဘေးတွင် ဝဲပျံလိုက်ပါလာသည်။ ရုတ်တရက် ရွှင်း၏ မျက်နှာရိပ်မျက်နှာကဲမှာ ပို၍ တည်ကြည်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"နေဦး... ဒီမှာ တစ်ခုခု မှားနေပြီ" ရွှင်းက ပြောလိုက်ပြီး ရပ်တန့်သွားသည်။
လုံချန်းသည်လည်း သူမစကားကြောင့် ချက်ချင်း ရပ်လိုက်ပြီး သူမ ဘာဆက်ပြောမလဲဆိုတာကို စောင့်ကြည့်နေမိသည်။
"ရှေ့က ကြမ်းပြင်ကို သေချာ ကြည့်စမ်းပါဦး" သူမက လုံချန်းကို သတိထားရန် အချက်ပေးလိုက်သည်။
လုံချန်းသည်လည်း သူမ ဘာကို သတိထားမိသွားသလဲဆိုတာကို သိချင်သဖြင့် ရှေ့က ကြမ်းပြင်ကို သေချာ အာရုံစိုက်ကြည့်လိုက်သည်။ ခဏအကြာတွင်မူ လုံချန်း၏ မျက်နှာတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။
"နင်ပြောတာ မှန်တယ်၊ ရှေ့က ကြမ်းပြင်က တစ်မျိုး ဖြစ်နေတယ်။ အခုထိ လျှောက်လာတဲ့ ကြမ်းပြင်က ညီညာနေပေမဲ့ ရှေ့က ကြမ်းပြင်ကတော့ မညီမညာ ဖြစ်နေတယ်။ မြေပြင်ထက် နည်းနည်း ကြွနေတဲ့ နေရာတွေ အများကြီးပဲ။ အဲဒါတွေက ထောင်ချောက်တွေ ဖြစ်နိုင်တယ်" လုံချန်းက ဆိုလိုက်သည်။
"ဟုတ်တယ်၊ ရှေ့မှာ ထောင်ချောက်တွေ သေချာပေါက် ရှိနေတယ်။ ငါ သိသလောက်ဆိုရင် ဒီလို ထောင်ချောက်မျိုးတွေ အများကြီး ရှိတတ်တယ်။ အဲဒီ မညီမညာ ဖြစ်နေတဲ့ နေရာတွေကို နင်းမိတာနဲ့ ထောင်ချောက်က အလုပ်လုပ်ပြီး နင် အန္တရာယ်ဖြစ်သွားလိမ့်မယ်" ရွှင်းက ပြောသည်။
"အဲဒါက ဖြစ်နိုင်ပေမဲ့ ငါ့စိတ်ထဲ တစ်မျိုးပဲ။ ဘယ်သူက ဒီလို ထောင်ချောက်မျိုးကို လုပ်ပါ့မလဲ။ ဘာလို့ ဒီလောက် သိသာအောင် လုပ်ထားရတာလဲ။ သူတို့အနေနဲ့ ကြမ်းပြင်ကို ညီအောင် လုပ်ထားရင် ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ။ ထောင်ချောက်အတွက် ကြမ်းပြင်ကို မညီမညာ လုပ်ထားဖို့ မလိုဘူး မဟုတ်လား" လုံချန်းက စဉ်းစားတွေးတောနေသည့် လေသံဖြင့် ဆိုလိုက်သည်။
"နေဦး... နင် ပြောချင်တာက..." ရွှင်း၏ မျက်နှာတွင်လည်း နားလည်သွားသည့် အမူအရာ ပေါ်လာသည်။
"အေး... ဒါက ထောင်ချောက် ဖြစ်နိုင်ပေမဲ့ နင်ထင်သလို ထောင်ချောက်မျိုး မဟုတ်လောက်ဘူး။ သူတို့က တမင်တကာ သိသာအောင် လုပ်ထားတာပဲ။ ဝင်လာတဲ့လူတွေရဲ့ ဉာဏ်စမ်းကို စမ်းသပ်တာလည်း ဖြစ်နိုင်တယ်။ ငါ ထင်တာကတော့ အဲဒီ ကြွတက်နေတဲ့ နေရာတွေကမှ တကယ့် အန္တရာယ်ကင်းတဲ့ နေရာတွေ ဖြစ်ပြီး ထောင်ချောက်ကို အလုပ်မလုပ်စေတာ ဖြစ်လိမ့်မယ်။ လူတွေ သံသယဖြစ်ဆုံး သိသာနေတဲ့ နေရာကမှ ဘေးကင်းပြီး၊ ဘေးကင်းပုံရတဲ့ ညီညာတဲ့ နေရာကမှ တကယ့် အန္တရာယ်ရှိတဲ့ နေရာ ဖြစ်နေမှာ" လုံချန်းက ပြုံးရင်း ပြောလိုက်သည်။
သူသည် တစ်ခုခုကို သိရှိသွားပြီဟု ခံစားလိုက်ရသည်။
"အဲဒါလည်း ဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ တခြား အခြေအနေတစ်ခုကော ရှိနိုင်မလား။ နင် အခု တွေးနေတာက သူတို့က ဉာဏ်ကောင်းတဲ့ လူတွေကို တွေးစေချင်တဲ့ အရာမျိုး ဖြစ်နေပြီး နင်က အဲဒီလို တွေးပြီး သိသာလွန်းတဲ့ ထောင်ချောက်တွေကို တမင် နင်းမိအောင် လုပ်ထားတာလည်း ဖြစ်နိုင်တာပဲ။ သူတို့က နင့်ကို လှောင်နေတာလည်း ဖြစ်နိုင်တယ်။ ဉာဏ်ကောင်းပါတယ်ဆိုတဲ့ လူတွေကို ဒီလို ရိုးစင်းလွန်းတဲ့ ထောင်ချောက်တွေနဲ့ သတ်ရတာလောက် ဘယ်အရာက ပိုကောင်းဦးမှာလဲ" ရွှင်းက နောက်ထပ် အခြေအနေတစ်ခုကို ပြောပြလိုက်သည်။
သူမ၏ စကားကြောင့် လုံချန်းမှာ မျက်နှာပျက်သွားသည်။ သူ ဤအခြေအနေကို မစဉ်းစားမိခဲ့ပေ။ အခုတော့ သူ ပြန်ပြီး ဇဝေဇဝါ ဖြစ်သွားရပြန်ပြီ။ သိသာနေသော ထောင်ချောက်က တကယ့် ထောင်ချောက်လော သို့မဟုတ် အန္တရာယ်ကင်းသော နေရာသည်လော။
"စဉ်းစားကြည့်ရင်တော့ အကုန်လုံးက ထောင်ချောက်လည်း ဖြစ်နိုင်သလို၊ အကုန်လုံးက အန္တရာယ်ကင်းပြီး ဝင်လာတဲ့လူတွေကို ရယ်စရာလုပ်ဖို့ ဖန်တီးထားတာလည်း ဖြစ်နိုင်တာပဲ" လုံချန်းက ခါးသက်သက် ပြုံးရင်း ဆိုလိုက်သည်။ ဤကဲ့သို့သော အတွေးများက သူ့ကို ခေါင်းခြောက်စေသည်။
"ထားလိုက်ပါတော့၊ လမ်းလျှောက်နေမယ့်အစား ပျံသွားလိုက်တာ ပိုကောင်းမယ်" လုံချန်းက ထိုအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး ပုံမှန်မဟုတ်သော နည်းလမ်းကို သုံးရန် ဆုံးဖြတ်လိုက်သည်။ သူ လမ်းလျှောက်မည် မဟုတ်ဘဲ ဝိညာဉ်ဓားကို စီးပြီး ပျံသွားမည် ဖြစ်သည်။
လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဓားကို ထုတ်လိုက်သည်။ ဓားတွင် ဓားရိုး မရှိတော့သော်လည်း အတွင်းက ဝိညာဉ်ကတော့ အကောင်းတိုင်း ရှိနေသေးသည်။ ၎င်းမှာ ကောင်းကောင်း ပျံသန်းနိုင်စွမ်း ရှိသေးရာ လုံချန်းက ၎င်းကို သုံးရန် ပြင်လိုက်သော်လည်း ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်ပျက်သွားသည်။
ဝိညာဉ်ဓားမှာ ရှေးဟောင်းလက်စွပ်ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ၎င်းမှာ ပျံသန်းနိုင်ခြင်း မရှိတော့ပေ။ လုံချန်းသည် ဓားနှင့် သူကြားရှိ မည်သည့် ဆက်နွှယ်မှုကိုမျှ ခံစား၍ မရတော့ပေ။
လုံချန်းမှာ အလွန် စိုးရိမ်သွားပြီး ရွှင်းကို ကြည့်လိုက်သည်။
"ငါ ဓားနဲ့ ဘာဆက်နွှယ်မှုမှ ခံစားလို့ မရတော့ဘူး။ အဲဒီ အဆိပ်ကြောင့်လား။ နင်က ဓားထဲက ဝိညာဉ် မထိခိုက်ဘူး ဆို။ အခု ဘာလို့ ငါ ဘာမှ ခံစားလို့ မရတော့တာလဲ။ ဘာဖြစ်တာလဲ" လုံချန်းက ရွှင်းကို မေးလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒါက စိုးရိမ်စရာ မဟုတ်ပါဘူး။ ဓားထဲက ဝိညာဉ်က အကောင်းတိုင်း ရှိပါသေးတယ်။ အပြင်မှာရှိနေတဲ့ အခြေအနေနဲ့ ဘာမှ မကွာခြားပါဘူး" ရွှင်းက ပြန်ပြောသည်။
"ဒါဆို ဘာလို့ အခုလို ဖြစ်နေရတာလဲ" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးသည်။
"ဒီဓားကို ဝန်းရံထားတဲ့ ထူးဆန်းတဲ့ အရှိန်အဝါတစ်ခုကို ငါ ခံစားနေရတယ်၊ အဲဒါက ဒီဂူသင်္ချိုင်းဆီက လာတာပဲ။ ဒီဂူသင်္ချိုင်းက ရတနာလက်နက်တွေ အသုံးပြုမှုကို ကန့်သတ်ထားတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် နင် ဓားကို အာရုံခံလို့ မရသလို သုံးလို့လည်း မရတာ ဖြစ်လိမ့်မယ်" ရွှင်းက ရှင်းပြသည်။
"အဲဒါ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ တခြား ရတနာတွေကို သုံးလို့ ရနေတုန်းပဲလေ။ ရှေးဟောင်းလက်စွပ်နဲ့ ကမ္ဘာတု လက်စွပ်တွေက အကောင်းတိုင်းပဲ။ ငါ အဲဒါတွေနဲ့ ဆက်နွှယ်နေတာကို ခံစားလို့ ရတုန်းပဲ၊ ဒါပေမဲ့ ဝိညာဉ်ဓားကတော့ လုံးဝ သေဆုံးသွားသလို ဖြစ်နေတယ်" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"နင့်ရဲ့ သာမန်ရတနာတွေကို ကမ္ဘာတုလက်စွပ်နဲ့ ဘယ်လိုလုပ် သွားနှိုင်းယှဉ်လို့ ရမှာလဲ။ ကမ္ဘာတု လက်စွပ်ဆိုတာ အင်မော်တယ်ကမ္ဘာရဲ့ အဖိုးတန်ပစ္စည်းတစ်ခုပဲ။ အဲဒီမှာတောင် ရှာဖို့ မလွယ်တဲ့ အရာမျိုးလေ။ ဒီဂူသင်္ချိုင်းလေးက အဲဒီလက်စွပ်ကို ထိခိုက်နိုင်လိမ့်မယ်လို့ ငါ မထင်ဘူး" ရွှင်းက ရှင်းပြလာသည်။
"ရှေးဟောင်းလက်စွပ်အကြောင်းဆိုရင်တော့ ငါ ထပ်ပြောဖို့ လိုဦးမလား။ အဲဒါက ငါ့ရဲ့ ရှေးဟောင်းသခင်ကြီး ဖန်တီးခဲ့တဲ့ အရာပဲ။ ဒီဂူသင်္ချိုင်း ဒါမှမဟုတ် ဝင်္ကပါတွေတင် မကဘူး၊ အင်မော်တယ် ဧကရာဇ်တောင်မှ အဲဒီလက်စွပ် အလုပ်လုပ်တာကို တားဆီးနိုင်မှာ မဟုတ်ဘူး" သူမက ဆက်ပြောသည်။
"ဒါဆို နင်ပြောချင်တာက ဒီနေရာက အဆင့်နိမ့်တဲ့ ရတနာတွေကိုပဲ ထိခိုက်စေတာပေါ့ ဟုတ်လား" လုံချန်းက မေးသည်။
"ဟုတ်တယ်၊ ဝိညာဉ်ဓားက ဒီကမ္ဘာမှာတော့ ရှားပါးပစ္စည်း ဖြစ်နိုင်ပေမဲ အင်မော်တယ် ကမ္ဘာမှာတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ အရာမျိုးပါပဲ" ရွှင်းက ပြန်ဖြေလိုက်သည်။
လုံချန်းသည် သူမ စကားကို ယုံသော်လည်း ကိုယ်တိုင် စမ်းသပ်ကြည့်ချင်သေးသည်။ သူ ခိုးယူလာခဲ့သည့် ရတနာများစွာ ရှိနေသဖြင့် အချို့ကို ထုတ်ပြီး သုံးရန် ကြိုးစားကြည့်သော်လည်း အလုပ်မဖြစ်ပေ။
ရွှင်း ခန့်မှန်းထားသည့်အတိုင်း ရတနာလက်နက်များမှာ အလုပ်မလုပ်တော့ပေ။ သို့သော် ဘုရင်ဓားကတော့ အလုပ်လုပ်နေဆဲ ဖြစ်သည်။ အခုအချိန်မှာ လုံချန်း အသုံးပြုနိုင်သည့် အရာ သုံးခုသာ ကျန်တော့သည်။ ဘုရင်ဓား၊ ကမ္ဘာတုလက်စွပ် နှင့် ရှေးဟောင်း လက်စွပ်တို့ပင် ဖြစ်သည်။
***