“ဂျူနီယာညီမလေးချိုက်ယီရဲ့ဘဝက ကံဆိုးမိုးမောင်မှုတွေ ပြည့်နှက်နေတယ်လို့ ပြောလို့ရပါတယ်”
ချင်းချင်း ချိုက်ယီအကြောင်းပြောနေစဉ် သူမ၏မျက်နှာပေါ်တွင် စာနာသနားမှုများ ပေါ်နေသည်။
“သူ မွေးလာကတည်းက မိဘတွေက ကျင့်ကြံခြင်းကမ္ဘာက ကံကြမ္မာဖတ်သူတစ်ယောက်ကို ပင့်ဖိတ်ပြီး ကြမ္မာဖတ်ဖူးတယ်။ ဒါပေမဲ့ သူဖတ်လို့တောင် မပြီးခင်မှာပဲ ရုတ်တရက် ဒူးထောက်ပြီး ဒီမိန်းကလေးရဲ့ ကံကြမ္မာက စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူးဆိုပြီး ထအော်ပါလေရော”
“နောက်ပိုင်းမှ လူတွေက အဲဒီကံကြမ္မာဖတ်သူက ကောင်းကင်ဇာစ်မြစ်အဆင့်ကျင့်ကြံသူမှန်းသိရတယ်။ ကံကြမ္မာကြောင့် ချိုက်ယီက အသက်(၁၅)နှစ်မှာပဲ အသက်(၇၀)ကျော် ဧကရာဇ်အိုကြီးနဲ့လက်ထပ်ပြီး တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ ခြောက်လတောင်မပြည့်လိုက်ရဘူး။ အဲဒီဧကရာဇ်က နတ်ရွာစံသွားရော”
“အသစ်တက်တဲ့ ဧကရာဇ်အသစ်ကလည်း သူ့ကို နန်းတော်ကနေ မောင်းမထုတ်ခဲ့ဘူး။ အဲဒီအစား ဧကရီအဖြစ် အတင်းအကြပ် နန်းတင်ခဲ့တယ်။ အဲ့တော့ နန်းတွင်းက မျိုးရိုးမြင့်တွေ မှုးမတ်အရာခံတွေက ဒေါသထွက်သွားကြတယ်။ တိုင်းပြည်က မစည်းလုံးတော့ဘူး။ အဲတော့ ပြည်ကပျက်သွားတယ်”
“နောက်ဧကရာဇ်တစ်ပါး နန်းတက်တော့ အစက ချိုက်ယီကို ခေါင်းဖြတ်သတ်ဖို့လုပ်သေးတယ်။ ဒါပေမဲ့ သူ့အကြည့်ကို မြင်တော့ စိတ်ပြောင်းသွားပြီး မောင်းမဆောင်ထဲ သွပ်သွင်းလိုက်တယ်”
“တစ်နှစ်ကြာတော့ ဧကရာဇ်ဟောင်းရဲ့သားက ပုန်ကန်ပြီး ထီးနန်းကို ပြန်ယူနိုင်ခဲ့တယ်။ ပြီးတော့ သူ့ကို ကိုယ်လုပ်တော်အဖြစ် ထပ်ပြီးတော်ကောက်တယ်။ နှစ်ဝက်ကြာတော့ ယခင်မင်းဆက်ရဲ့ မင်းသားဟောင်းက ကျင့်ကြံခြင်းကမ္ဘာကနေ ပြန်ရောက်လာတယ်။ သူ့တိုင်းပြည် ဖျက်ဆီးခံရတာတွေ့တော့ သူ့ဆရာတူတပည့်တွေကို အကူအညီတောင်းပြီး တိုင်းပြည်သစ်ကို ဖျက်ဆီးပစ်တယ်။ သူက သစ္စာဖောက်တွေအားလုံးကို သတ်ပြစ်ပြီး ချိုက်ယီအပါအဝင် ကျန်တဲ့ကိုယ်လုပ်တော်အားလုံးကို သူ့မောင်းမဆောင်ထဲ သွပ်သွင်းတယ်”
“နောက်ထပ်နှစ်နည်းနည်းကြာတော့ အဲဒီဧကရာဇ်ရဲ့ ဆရာတူအစ်ကို နောက်ထပ်မင်းဆက်တစ်ခုရဲ့ အိမ်ရှေ့စံက ချိုက်ယီကို သဘောကျသွားပြီး သူ့တိုင်းပြည်ကို ခေါ်သွားတယ်။ ပြီးတော့ သူ့အဖေကို ဆက်သလိုက်တယ်”
“ချိုက်ယီက အင်မော်တယ်မင်းဆက်ထဲ ဝင်တော့ သူ့ဘဝလေး ငြိမ်းချမ်းပြီထင်တာ။ ဒါပေမဲ့ နှစ်နှစ်ခွဲကြာတော့ မင်းဆက်က သွေးနတ်ဘုရားဂိုဏ်းရဲ့ အမြစ်ပြတ်ချေမှုန်းတာကို ခံလိုက်ရတယ်”
“သူက ဖရိုဖရဲကြားကနေ သီသီလေးလွတ်မြောက်လာရင်း တစ်နေရာကနေ တစ်နေရာကို လှည့်လည်သွားလာနေခဲ့တယ်”
ချင်းချင်းပြောသည်ကို ကြားပြီသော် ချူဖုန်း လွှတ်ခနဲ ထုတ်ပြောမိသည်။ “ဧကရာဇ်ခြောက်ပါးရဲ့ ကိုယ်လုပ်တော်ဖြစ်ခဲ့တာပေါ့”
သူ ချိုက်ယီ၏အတွေ့အကြုံများကို ဤမျှ နက်နဲမည်ဟု မထင်ထားခဲ့။ သူမသည် ဆယ်နှစ်အတွင်းမှာပင် ဧကရာဇ်ခြောက်ပါးကို လက်ထပ်ခဲ့သည်။
ထိုကိစ္စကို သိလိုက်သည့်သူတိုင်း ဘာမှမပြောသော်လည်း တိတ်တဆိတ်လက်ခံကြ၏။
အကြီးအကဲပင်း ပထမဆုံး တုံ့ပြန်လာသည်။ “ဒီလိုသာဆိုရင် ဒီကောင်မလေးရဲ့ ကံတရားက အင်မော်တယ်မင်းဆက်တစ်ခုထက်တောင် သာလွန်တာပဲ။ သူသာ ဌာနမှူးချူနောက်ကို လိုက်ပြီး ကျင့်ကြံမယ်ဆိုရင် သူတော်စင်ဖြစ်တာ ကြာလှပြီ။ အထွတ်အထိပ်နတ်ဘုရားဘုရင်တောင် ဖြစ်လာနိုင်တယ်”
ချင်းချင်းတို့ ထိတ်လန့်တကြား မျက်လုံးပြူးသွားကြ၏။
ပြန်လည်မွေးဖွားလာသည့် သူတော်စင်တစ်ပိုင်းအဆင့် ယဲ့ပေရွှမ်ပင် ကြောင်အသွားသည်။
ချူဖုန်း ပြူံကာပြောသည်။ “မဟုတ်ဘူး။ သူက အမျိုးသမီးဧကရာဇ်တစ်ပါးရဲ့ ကံကြမ္မာမျိုးရှိတာ။ ဒါပေမဲ့ ဒီကိစ္စကတော့ ထူးခြားတယ်။ ငါ့လိုသူအတွက်တောင် စိန်ခေါ်မှုတစ်ခုပဲ”
“အမျိုးသမီးဧကရာဇ် တစ်ပါးရဲ့ကံကြမ္မာ”
အကြီးအကဲအပါအဝင် လူတိုင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အကြီးအကဲပင်ကဲ့သို့ ပါရမီရှင်ပင် အနာဂတ်တွင် အမျိုးသမီးဧကရာဇ် တစ်ပါးဖြစ်လာမည်ဟု တစ်ခါမှ မတွေးဖူးပေ။
ချူဖုန်း လက်ဖက်ရည်တစ်ငုံသောက်ပြီး တည်ငြိမ်စွာ ပြောသည်။ “မင်းတို့ဘာလို့ အံ့ဩနေကြတာလဲ။ အမျိုးသမီးဧကရာဇ်တစ်ပါးဖြစ်လာရုံပါကွာ၊ မင်းတို့လည်း အနာဂတ်မှာဖြစ်လာနိုင်တာပဲ။ ဖြစ်လာမဖြစ်လာဆိုတာ ကိုယ့်ရဲ့တာအိုနှလုံးသားပေါ်ပဲ မူတည်တယ်။”
အိပ်မက်များကို ရောင်းချသည့်နေရာ၌ ချူဖုန်းက ဒုတိယဟုပြောလျှင် မည်သူမျှ ပထမဟု မပြောရဲပေ။ မည်သို့ပင်ဆိုစေ သူက နှစ်ဘဝစာအတွေ့အကြုံရှိသူပင်။
လူတိုင်း၏မျက်လုံးများက ထိုစကားကိုကြားသော် တောက်ပသွားကြသည်။ ဧကရာဇ်တစ်ပါးဖြစ်လာရန်ဟူသော အတွေးက သူတို့နှလုံးသားထဲတွင် အမြစ်တွယ်သွားကြ၏။
အခြေအနေက အခါအခွင့်သင့်နေသည်ကိုမြင်သောအခါ ချူဖုန်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ညစာအသင့်ဖြစ်ပြီ။ ဒီနေ့ ဇာတ်လမ်းရှည်ကြီးနားထောင်လိုက်ရတော့ ငါတို့တွေ နည်းနည်းလောက် သောက်ကြတာပေ့ါ။ ချင်းအာ မြေပဲတစ်ပန်းကန်လောက်ပြင်ပေးဦး”
“ဟုတ်ကဲ့ပါဆရာ”
ချင်းချင်းတို့ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်သွားကြတော့၏။
ညတာ ကုန်ဆုံးသွားသည်။
နောက်တစ်နေ့မနက်စောစောတွင်
ယဲ့ပေရွှမ်၏အခန်းဘေးက ဟန်ပင်းသည် ယင်ယန်ရတနာအိုးကို စိတ်လှုပ်ရှားစွာ ကြည့်နေ၏။ သူ သိုလှောင်လက်စွပ်ထဲပဲ သိမ်းရမည်လား၊ အခန်းထဲပဲ ဖွက်ရမည်လား မသိပေ။
မနေ့ညက သူ့ဆရာဆီသွားသည့်အချိန်၌ ဆရာ၏အကြည့်တစ်ချက်က အရာအားလုံးကို ဖောက်မြင်သွားသည့်အလား ခံစားရ၏။
‘ဆရာက ရတနာကို တွေ့သွားရင် ယူသွားမလားမသိဘူး’
ဟန်ပင်းသည် များစွာ ပါရမီမရှိပေ။ သူ၏ကျင့်ကြံခြင်းသည် ဤယင်ယန်ရတနာအိုးပေါ်၌သာ အလုံးစုံ မှီတည်နေပါသည်။ ထိုအိုးက နေနှင့်လ၏ အနှစ်သာရကို စုပ်ယူပြီး စိတ်ဝိညာဉ်ချီများ ထုတ်လုပ်ပေးနိုင်သည်။
စိတ်ဝိညာဉ်ချီသည် စိတ်ဝိညာဉ်ဆေးပင်များ၏ ရင့်မှည့်မှုကို အရှိန်မြှင့်ပေးနိုင်သည့်အပြင် ကျင့်စဉ်အရှိန်ကိုပါ မြှင့်တင်ပေးနိုင်၏။
ဒေါက်၊ဒေါက်၊ဒေါက်
ရုတ်တရက် ဟန်ပင်း တံခါးခေါက်သံတစ်ချက် ကြားလိုက်ရသည့်အတွက် ရတနာအိုးမှာ လွတ်ပင်ကျတော့မတတ်ဖြစ်သွားရသည်။
“ဂျူနီယာညီလေးဟန်၊ နိုးပြီလား” ယဲ့ပေရွှမ်၏အသံ အပြင်ဘက်မှ ထွက်လာ၏။
ဟန်ပင်း အသက်ပြင်းပြင်းရှူလိုက်သည်။ “ကျွန်တော်နိုးနေပြီ စီနီယာအစ်ကိုယဲ့၊ ဘာဖြစ်လို့လဲ”
ယဲ့ပေရွှမ် တံခါးအပြင်ဘက်မှ ပြုံးကာ ပြော၏။ “ဂျူနီယာညီလေးဟန်၊ ငါတို့ သောင်းပြောင်းပညာရပ်ဌာနက သူတွေ ဘယ်လိုကျင့်ကြံကြလဲ မသိချင်ဘူးလား”
ထိုအခါမှ ဟန်ပင်း သက်ပြင်းရှည်ကြီးချလိုက်မိသည်။ “ကျွန်တော့် ကြည့်ချင်တာပေါ့၊ ဒါပေမဲ့ စီနီယာတွေက ခွင့်ပြုပါ့မလား။ တခြားသူကျင့်ကြံနေတုန်း ကြည့်ရင် ရိုင်းသလို မဖြစ်ဘူးလား”
သူ ယခင်က ဂိုဏ်းသုံးခု ဝင်ဖူးပါ၏။ စီနီယာများ ကျင့်ကြံနေသည်ကို ခိုးကြည့်မိသည့်တပည့်ငယ်များ မည်သို့ဖြစ်သွားကြောင်း သူမှတ်မိနေပါသေးသည်။
“အဆင်ပြေတယ်။ မင်း ကြည့်ရုံနဲ့ နားလည်မှာ မဟုတ်ဘူးလေ။ ငါက ကျင့်စဉ်ကို တိုက်ရိုက်ကြီးပြောပြနေရင်တောင် နားလည်မှာမဟုတ်ဘူး။ အများဆုံးအနေနဲ့ မင်းအတွေ့အကြုံတချို့ရရုံပဲ”
ယဲ့ပေရွှမ် ခဏရပ်ပြီး ဆက်ပြော၏။ “တကယ်လို့ ကြည့်ချင်တယ်ဆိုရင် ထွက်ခဲ့”
‘သူ ငါ့ကို ဘယ်လိုထင်နေတာလဲ’
ဟန်ပင်း ကန့်ကွက်လိုက်သည်။ သူ့ပါရမီက သာမန်သာဖြစ်သော်လည်း နားလည်နိုင်စွမ်းက ထိပ်တန်းအဆင့်ပေ။ ယင်ယန်ရတနာအိုးကို မှီခိုရုံမျှဖြင့် ဆယ်နှစ်အတွင်းမှာ တာအိုတည်ဆောက်ခြင်းအဆင့်သို့ ရောက်လာမည်မဟုတ်ပေ။
“စီနီယာအစ်ကို ကျွန်တော် အခုထွက်လာပါပြီ”
နောက်ဆုံး၌ သူ ရတနာအိုးကို သိုလှောင်အိတ်ထဲ၌သာ ထားလိုက်၏။ သူ သောင်းပြောင်းပညာရပ်ဌာန၏ ထူးခြားလှသော နည်းစနစ်များကို အမှန်တကယ် မြင်ဖူးချင်ပါသည်။
နာရီဝက်ကြာပြီးနောက်
ဌာန၏ လေ့ကျင့်ရေးတောင်ခြေ၌
ဟန်ပင်း ထိုနေရာ၌ ရပ်နေ၏။ သူ စီနီယာအစ်မချင်းနှင့် စီနီယာအစ်ကိုယဲ့တို့ ကျင့်ကြံနေသည်ကို နားမလည်နိုင်စွာ ကြည့်နေမိသည်။
သူတို့ကျင့်ကြံနေသည်မှာ အပေါ်ယံတွင် သာမန်ဆန်သော်လည်း အနှစ်သာရသည် မိုးမြေ၏စွမ်းအားကို စုစည်းနေခြင်းပေ။
ယခု စီနီယာအစ်ကိုယဲ့ သူနားမလည်နိုင်ကြောင်း အဘယ်ကြောင့်ပြောရသည်ကို နားလည်သွားတော့၏။ သူ နည်းစနစ်ကို ရှင်းပြနေလျှင်ပင် ဟန်ပင်း နားလည်နိုင်မည်မဟုတ်ချေ။
သူတို့နှစ်ဦး လေ့ကျင့်နေသည်မှာ ကောင်းကင်ကိုပင် ဆန့်ကျင့်နေပါသည်။
အချိန်တချို့ကြာပြီးနောက်
သူတို့ ကျင့်ကြံပြီးသွားသော် ယဲ့ပေရွှမ် အပြုံးကြီးတစ်ခုနှင့်အတူ ရောက်လာပြီး ဟန်ပင်း၏ပခုံးကို ပုတ်လိုက်သည်။
“ဂျူနီယာညီလေးဟန် ငါတို့ဌာနရဲ့ နည်းစနစ်တွေက အံ့ဩဖို့ကောင်းတယ်မလား”
ဟန်ပင်း ခေါင်းညိတ်၏။ “ကျွန်တော် မြင်ဖူးသမျှထဲမှာတော့ အားအကောင်းဆုံးပါပဲ။ ဒါပေမဲ့ စီနီယာအစ်ကိုနဲ့အစ်မ၊ ဘာလို့ စီနီယာတို့ရဲ့နည်းစနစ်တွေက တူညီတဲ့အချက်တစ်ခုတောင် မရှိရတာလဲ။ ကျွန်တော်တို့သောင်းပြောင်းပညာရပ်ဌာနမှာ မတူညီတဲ့နည်းစနစ်တွေအများကြီးရှိလို့လား”
ယဲ့ပေရွှမ် ပြန်မဖြေပေ။ သူ ချင်းချင်းကို ကြည့်လိုက်၏။
“အများကြီးပေါ့” ချင်းချင်း အေးဆေးစွာ ပြန်ဖြေသည်။ “နင်စိတ်ကူးထားတာထက် ပိုတယ်။ သူတော်စင်တစ်ပိုင်းအဆင့်နည်းစနစ်ကနေ နတ်ဘုရားဘုရင်အဆင့်ထိရှိတယ်။ နင် စာကြည့်တိုက်မှာ သွားရှာကြည့်လို့ရတယ်”
ဟန်ပင်း ကြောင်အသွားပြန်သည်။ ခဏကြာမှ သူပြန်ဖြေ၏။ “ကျွန်တော်တောင် စိတ်မကူးနိုင်တဲ့အထိ များတယ်ပေါ့”
“ဟုတ်တယ်”
ချင်းချင်း ပြောလိုက်ပါသည်။ “နင်စာကြည့်တိုက်ထဲမှာ ရှာမတွေ့ရင်တောင် ဆရာ့ကိုမေးလိုက်။ သူ နင့်အတွက် ခုနစ်ရက်အတွင်း ရေးပေးလိမ့်မယ်”
ဟန်ပင်း “....”
သူ မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ “စီနီယာအစ်မ ကျွန်တော်တို့ဆရာက သူတော်စင်တစ်ပိုင်းအဆင့်ဟုတ်ပါတယ်နော်၊ အင်မော်တယ်ဧကရာဇ်မဟုတ်ဘူးမလား”
ချင်းချင်း နားလည်စွာ ပြုံးလိုက်၏။ “ ဆရာဘယ်လောက်စွမ်းအားကြီးလဲဆိုတာ နောက် ကိုယ်တိုင်မေးကြည့်။ ပြီးတော့ နင် သိုလှောင်အိတ်ကို အနာဂတ်မှာ ဖွက်ထားစရာမလိုပါဘူး။ အထဲမှာ မြင့်မြတ်ပစ္စည်းရှိနေရင်တောင် ငါတို့ စိတ်မဝင်စားပါဘူး”
ထိုသည်ကို ကြားသော် ဟန်ပင်း လုံးဝအရေးနိမ့်သွားတော့သည်။ ယခု သူတွင်းတစ်ခုတူးပြီး ပုန်းချင်စိတ်ပေါက်သွား၏။
‘ငါ့ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိတာပဲ။ ဘယ်လိုလုပ်ပြီး လူကောင်းတွေကို မှားပြီးအကဲဖြတ်မိတာလဲ’
***