“ဆရာ ဒီတပည့် အပြစ်ရှိပါတယ်”
ပင်မခြံဝင်းထဲ၌
ဟန်ပင်း ချူဖုန်းကိုတွေ့သည်နှင့် ချက်ချင်းဒူးထောက်လိုက်ပြီး နောင်တကြီးစွာ ပြော၏။
ဤအပြုအမူက လူတိုင်းကို ကြောင်အသွားစေသည်။ လူတိုင်း ဟန်ပင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လာကြ၏။ ချူဖုန်းပင် ကြောင်အသွားပါသည်။
“အရင်ထဦး။ ငါတို့သောင်းပြောင်းပညာရပ်ဌာနမှာ ဒီလိုတွေ လုပ်စရာမလိုပါဘူး”
ဟန်ပင်း ထိုစကားကိုကြားသော် မတ်တပ်ထလာပြီး သိုလှောင်အိတ်ထဲက ကျောက်စိမ်းအိုးတစ်လုံး ထုတ်လာသည်။
“ကျွန်တော့်အကြောင်းပြောတုန်းက ကံကောင်းမှုကြီးတစ်ခုအကြောင်း ထည့်ပြောဖို့ မေ့သွားပါတယ်”
သူ သတ္တိမွေးပြီး ရတနာကို မည်သို့မည်ပုံရခဲ့ကြောင်းနှင့် ကျင့်ကြံရာတွင် မည်သို့အသုံးဝင်ကြောင်းရှင်းပြ၏။
သို့သော် ဟန်ပင်းအံ့ဩသွားရသည်။ သူ့စကားကို ကြားပြီးသော် လူတိုင်းက သူ့ကို အံ့ဩစွာ ကြည့်မလာပေ။ ထိုအစား ထူးဆန်းစွာ ကြည့်လာသည်။
သူတို့၏အမူအရာများမှာ ဒါလေးပဲလားဟု ဆိုနေကြသည်။
“တခြားရော ဘာပြောစရာရှိလဲ”
ချူဖုန်း စပ်စုစွာ မေးသည်။
သို့သော် ဟန်ပင်းခေါင်းခါလိုက်ပြီး စိတ်ရှုပ်ထွေးသွား၏။
“ဆရာ ကျွန်တော့် အတွေ့အကြုံက မထူးဆန်းလို့လား၊ ဒါမှမဟုတ် ရတနာအိုးကပဲ အဖိုးမတန်လို့လား”
ချူဖုန်း လက်ဖက်ရည်တစ်ငုံသောက်ပြီး ဟန်ပင်းလက်ထဲက အိုးကို ကြည့်သည်။
“ချင်းအာ ရှင်းပြပေးလိုက်”
“ဟုတ်ကဲ့ပါဆရာ”
ချင်းချင်းရှေ့သို့ တက်လာပြီး ဦးညွှတ်လိုက်၏။ “ ဂျူနီယာမောင်လေးဟန်၊ အစ်မ ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်။ နင့်ရဲ့အတွေ့အကြုံက ငါတို့ဌာနမှာဆို အရမ်းကို သာမန်ဆန်တယ်။ ရတနာအိုးက ဆရာတူဦးလေးနျဲ့ရဲ့ ဘူးသီခြောက်လောက်တောင် မကောင်းဘူး”
“ဟမ့်”
ဟန်ပင်း ကြောင်အသွားသည်။ သူ အမြဲတမ်း သူ့အတွေ့အကြုံများကို အမြဲတမ်း ဆန်းကြယ်သည်ဟု ထင်ထားခဲ့သည်။ သူက ကံကြမ္မာ၏သားတော်ဟုပင် ကိုယ့်ကိုယ်ကိုယ် ထင်ထား၏။ သူ နှစ်သုံးဆယ်အတွင်းမှာ တစ်ကိုယ်တော်ကျင့်ကြံသူသာ ဖြစ်ခဲ့ပေမဲ့ သူ့ကံကြမ္မာ၏ဆန်းကြယ်မှုကြောင့်သာဟု ယုံကြည်ထားသည်။ ထိုသို့သာ မဟုတ်လျှင် ကျင့်ကြံသူသောင်းချီထဲမှ သောင်းပြောင်းပညာရပ်ဌာန၏ရွေးချယ်ခြင်းကို ခံရမည်မဟုတ်ပေ။
ချင်းချင်း ပြောသည်။ “အခု ပထမစီနီယာအစ်ကိုနဲ့ ဒုတိယာစီနီယာအစ်ကိုက ဒီမှာမရှိဘူး။ အဲ့တော့ ငါတို့တပည့်တွေရဲ့ အတွေ့အကြုံတွေကို ပြောပြမယ်”
အချိန်တချို့ကြာပြီးနော် ဟန်ပင်း စီနီယာအစ်ကိုအစ်မများ၏ ဇာတ်လမ်းကို နားထောင်ပြီး သက်ပြင်းရှည်ကြီးချလိုက်၏။ “ကျွန်တော်က တကယ့်ကို သာမန်ဆန်တာပဲ”
ချူဖုန်း ပြုံးလိုက်သည်။ “သာမန်လူတွေမှာ သာမန်လမ်း ကြောင်းရှိတယ်။ မင်းတို့တွေကတော့ ငါ့လက်အောက်ထဲ ရောက်လာပြီပဲ။ အဲတော့ တပည့်လက်ခံတဲ့ အခမ်းအနားကို စကြတာပေ့ါ”
“ဟုတ်”
ဟန်ပင်းနှင့် ချိုက်ယီ ပြန်ဖြေ၏။
အကြီးအကဲပင်း ထိုနှစ်ယောက်အတွက် လက်ဖက်ရည်နှစ်ခွက် ပြင်ပေးလိုက်ပြီး ရှေ့ထွက်လာဖို့ ပြောသည်။
ဟန်ပင်း ချိုက်ယီကို တစ်ချက်ကြည့်၏။ “စီနီယာအစ်မ အရင်သွားပါ”
ချိုက်ယီ မငြင်းပေ။ သူမ ရှေ့တက်လာပြီး ခွက်ကိုယူကာ ချူဖုန်းကို ဆက်သလိုက်သည်။
အခမ်းအနားပြီးနောက် ချူဖုန်း မေးသည်။ “ချိုက်ယီ မင်းရဲ့ မျိုးရိုးက ဘာလဲ”
ချိုက်ယီ ခေါင်းအသာ ခါလိုက်၏။ “ အရင်နာမည်ကို စွန့်လွှတ်လိုက်ပါပြီ။ ကျွန်မ အရောင်စုံအဝတ်အစားတွေ ဝတ်ကတည်းက ကျွန်မကိုယ်ကျွန်မ နာမည်အသစ်ပေးလိုက်ပါတယ်။ ဆရာက မသင့်တော်ဘူးထင်ရင် နာမည်တစ်ခု အသစ်ပေးပါ”
ချူဖုန်း ပြုံးသည်။ “ဆိုးရိုးစကားအတိုင်းပေါ့။ တစ်ရက်တာဆရာဆိုရင် တစ်ရက်တာအဖေပဲ။ အခု မင်းက င့ါတပည့်ဖြစ်လာပြီဆိုတော့ ငါ့မျိုးရိုးပဲ ယူလိုက်တော့”
“ကျေးဇူးပါဆရာ”
ချိုက်ယီ ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်သည်။
ခဏအကြာ၌ ဟန်ပင်း၏ တပည့်လက်ခံခြင်းအခမ်းအနား ပြီးသွား၏။
ချူဖုန်း မေးသည်။ “ငါ့တပည့်တွေရဲ့ ကျင့်စဉ်ရွေးချယ်မှုကို ဘယ်တုန်းကမှ မကန့်သတ်ခဲ့ဘူး။ မင်းတို့နှစ်ယောက် ကျင့်ကြံခြင်တဲ့ လမ်းစဉ်မျိုးရှိလား”
ချိုက်ယီ ခေါင်းခါသည်။ “ကျွန်မက ကျင့်ကြံခြင်းအကြောင်း ဘာမှမသိပါဘူး။ အခုထိ သာမန်လူပါပဲ။ ဆရာသင်ပေးတဲ့ ဘယ်အရာမဆို သင်ယူပါ့မယ်”
ချူဖုန်း ပြုံးကာ မေးသည်။ “ဒါဆို ဘဝမှာ ဘာကိုအနှစ်သက်ဆုံးလဲ”
“ကခုန်ရတာပါ”
ချိုက်ယီ၏ မျက်လုံးများ ထိုအကြောင်းကို ပြောချိန်တွင် တောက်ပသွား၏။
ချူဖုန်း တုံ့ဆိုင်းမနေတော့ပေ။ “ဒါဆိုလည်း ကခုန်ခြင်းတာအိုကို ရွေးတာပေါ့၊ နောက်ခုနစ်ရက်အတွင်း ငါမင်းအတွက် သင့်တော်တဲ့ကျင့်စဉ်ကို ရွေးပေးမယ်”
ဟန်ပင်း ပြောစရာ စကားပျောက်ဆုံးသွား၏။ သူ စီနီယာအစ်ကိုယဲ့ထံမှ ဆရာသန်မာကြောင်း သိထားသော်လည်း အမှန်တကယ်ကြီး ခုနစ်ရက်အတွင်း နည်းစနစ်တစ်ခု ဖန်တီးပေးနိုင်မည်ဟု မထင်ထားပေ။
“အခု မင်းအလှည့်”
ချူဖုန်း ဟန်ပင်းကို လှည့်ကာ မေးသည်။
သူ ယခင်က ဂိုဏ်းများထဲသို့ ဝင်ဖူးသော်လည်း ဓာတ်ကြီးငါးပါးကျင့်စဉ်မျိုးကိုသာ ကျင့်ကြံဖူးသည်။ ထိုအခိုက် သူဘာကိုရွေးချယ်ရမလဲ မသိတော့ပေ။
“ဆရာ ကျွန်တော် ဘာကို ကျင့်ကြံသင့်လဲ မသိဘူး”
“ဒါဆိုလည်း စဉ်းစားလိုက်ဦး၊ သုံးရက်အတွင်း အဖြေတစ်ခု ပြန်ပေး” ချူဖုန်း ပြုံးကာ ပြောသည်။
ဟန်ပင်း နောက်ပြန်ဆုတ်သွား၏။
နေ့လည်စာစားပြီးနောက်
ချူဖုန်း ချိုက်ယီအတွက် ကျင့်စဉ်ဖန်တီးရန် တွေးတောနေသည်။
ကခုန်ခြင်းတာအို၌ နည်းစနစ်များစွာ ရှိသည်။ အရေးကြီးဆုံးက အမှန်တကယ် ကျင့်ကြံရမည့် နည်းလမ်းပင်။
ချူဖုန်း အတွေးလွန်ပြီး ခေါင်းပင်ကိုက်လာသည်။ နောက်ဆုံး၌ ချိုက်ယီတွင် ပြဿနာတစ်ခုရှိသည်။ သူမအတွင်း၌ အချိန်ကိုက်ဗုံးတစ်လုံးရှိသည်။ သူမက သာမန်နည်းစနစ်များကို မကျင့်ကြံနိုင်ပေ။
အတွင်းက ဒုတိယဝိညာဉ်က သူမမွေးကတည်းက ရှိလာခြင်းလား၊ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အစီအစဉ်လား မသိသေးပေ။ တစ်ခုရှိသည်မှာ ထိုဝိညာဉ်၌ ကိုယ်ပိုင်အသိစိတ်ရှိပေသည်။
၎င်းက သူ့တပည့်ချိုက်ယီနှင့် လုံးဝကွဲပြား၏။ ယခု ချိုက်ယီက သူ့တပည့်ဖြစ်နေပေပြီ။ ဆရာတစ်ပါးအနေဖြင့် သူမဘေး၌ ရပ်တည်ပြီး သူမကို ကာကွယ်ပေးရပေမည်။
အချိန်က နှေးကွေးစွာ ကုန်လွန်သွားသည်။
ချူဖုန်း တစ်နေ့လုံး စဉ်းစားနေခဲ့၏။
ထိုအချိန်တွင်း သူ ယခင်ဘဝက ဖတ်ဖူးသည့် ပြိုင်ဘက်ကင်းနည်းစနစ်များကို စဉ်းစားထားသည့်အပြင် သောင်းပြောင်းပညာရပ်ဌာန၏စာကြည့်တိုက်မှ ယခင်ကျောင်းအုပ်ကြီး၏ မှတ်စုများကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။
ထိုမှတ်စုများက သာမန်မဟုတ်ပေ။ စိတ်ဝိညာဉ်ရတနာများပေ။
ဖတ်ရှုသူ၏ အဆင့်ပိုမြင့်လေ ပို၍ မြင်နိုင်လေဖြစ်သည်။ ယခု ချူဖုန်း နတ်ဘုရားဧကရာဇ်၏မှတ်တမ်းများကို ဖတ်နေသည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ ယခင်ကျောင်းအုပ်ကြီးက အနည်းငယ်သာ ချန်ခဲ့၏။
ထို့အပြင် ထိုစကားလုံးများကလည်း စစ်မှန်နတ်ဘုရားတံဆိပ်တော် သဘောတရားနှင့်သက်ဆိုင်သည်။
အကြီးအကဲပင်း ချူဖုန်း စဉ်းစားနေသည်ကိုမြင်သော် မနှောင့်ယှက်ပေ။
သုံးရက်ကြာပြီးနော် စာကြည့်တိုက်ထဲမှ အသံတစ်သံ ထွက်လာသည်။
“ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ။ ဝိညာဉ်ကို ဝိညာဉ်နဲ့ တိုက်ရမှာပေါ့”
ချိုက်ယီ၏ အခြားဝိညာဉ်က အတော်လေးစွမ်းအားကြီးသဖြင့် သူမလေ့ကျင့်ရမည့် နည်းစနစ်ကလည်း နတ်ဘုရားအာရုံနှင့် ဝိညာဉ်အပေါ်တွင် အထူးပြုရပေမည်။
ချိုက်ယီ၏ဝိညာဉ် ခိုင်ခန့်လာသည်နှင့်အမျှ အခြားဝိညာဉ်ကို ပို၍ တိုက်ထုတ်လာနိုင်ပေလိမ့်မည်။
၎င်းကို စဉ်းစားရင်း ချူဖုန်း ပြုံးလိုက်သည်။ “ငါ ချိတ်စည်းဆယ့်နှစ်ခုပျက်စီးသွားရင် အခြားဝိညာဉ်ရဲ့ မျက်နှာကို မြင်ချင်ပါသေးတယ်”
တိကျသည့် ဦးတည်ချက်နှင့်အတူ ချူဖုန်း ချိုက်ယီ၏နည်းစနစ်အတွက် ကန့်သတ်ချက်ကို ကျဉ်းမြောင်းပြီး ရှာတော့သည်။
သူအတွေးနက်နေစဉ် ရင်းနှီးနေသည့် အသံတစ်သံက လာရောက်နှောင့်ယှက်၏။
“တပည့်ဟန်ပင်း ဆရာ့ကို တွေ့ခွင့် တောင်းပါတယ်”
“ဝင်လာခဲ့”
ချူဖုန်း သူ့အလုပ်ကို ခဏရပ်ပြီး တံခါးကို ကြည့်လိုက်၏။ တံခါးပွင့်သံနှင့်အတူ ဟန်ပင်းက လေးစားစွာ လျှောက်ဝင်လာသည်။
***