“မင်း သင်ယူချင်တဲ့ ကျင့်စဉ်ကို ဆုံးဖြတ်ပြီးပြီလား”
ချူဖုန်းက နွေးထွေးသော အပြုံးဖြင့် မေးလိုက်သည်။
ဟန်ပင်းက ရိုသေစွာ ဖြေပါ၏။
“ဆုံးဖြတ်ပြီးပါပြီ ဆရာ။ တပည့်အနေနဲ့ အသက်ရှည်ရှည်နေနိုင်မဲ့ကျင့်စဉ်ကို သင်ယူလိုပါတယ်။ ဖြစ်နိုင်ရင် စိတ်ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးတဲ့ လက်စွဲစာအုပ်ကိုလည်း သင်ယူခြင်ပါတယ်”
ချူဖုန်းက နားထောင်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“မင်းရဲ့ အကြောင်းပြချက်ကို ပြောပါဦး”
ဟန်ပင်းက ဖြေသည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က စီနီယာ အစ်ကို၊ အစ်မတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ပြီးတော့ ကျွန်တော်ဟာ သာမန်လူတစ်ယောက်ပဲဆိုတာ သဘောပေါက်သွားခဲ့တယ်။ သူတို့လို ပါရမီရှင်တွေနဲ့အတူ အထွတ်အထိပ်ကို တက်လှမ်းဖို့ ကြိုးစားတာဟာ ကျွန်တော့်အတွက်တော့ ခက်ခဲလွန်းပါတယ်”
“ဒါကြောင့် ကျွန်တော့်ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ပြီး ထာဝရအသက်ရှည်မှုကို ပေးစွမ်းနိုင်မဲ့ နည်းစနစ်တစ်ခုကို သင်ယူချင်ပါတယ်။ ကျွန်တော်က စီနီယာ အစ်ကို၊ အစ်မတွေလောက် ပါရမီမပါတဲ့အတွက် အချိန်နဲ့ ကိုယ်ပိုင်ဉာဏ်ကိုပဲ အသုံးချပြီး ပိုသန်မာလာအောင် လုပ်ဆောင်သွားမယ်လို့တွေးထားပါတယ်”
“မင်းက ဒီလောက်အထိ အမြင်ရှိမယ်လို့ မမျှော်လင့်ထားမိဘူး”
ချူဖုန်း စနောက်လိုက်၏။
“နောက် ခုနစ်ရက်နေရင် ငါ့ဆီ ပြန်လာခဲ့ပါ။ အဲ့ဒီအခါကျရင် မင်းအတွက် စိတ်ကျေနပ်စရာ အဖြေတစ်ခု ရှိနေလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ဟန်ပင်းက စကားအဆုံးတွင် ထွက်ခွာသွားတော့သည်။
စာကြည့်ခန်းတံခါး ပိတ်သွားပြီးနောက် ချူဖုန်း၏ အတွေးတို့သည် ချိုက်ယီအတွက် ကျင့်စဉ်ဆီသို့ ပြန်ရောက်သွား၏။
ဝိညာဉ်ကို သန်မာစေရန်အတွက်ဆိုလျှင် ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းစနစ်တစ်ခု ဖြစ်ရပေမည်။
လွတ်လပ်စွာ အသွင်ပြောင်းခြင်း နည်းစနစ်၊ နတ်ဆိုးဘုရားပညာရပ်နှင့် အခြားသော နည်းစနစ်များက သူ၏ စိတ်ထဲတွင် ပေါ်လာ၏။
“ရပြီ”
ချူဖုန်းသည် နည်းစနစ်တစ်ခုကို ရုတ်တရက် သတိရသွားသည်။ ၎င်းမှာ ဖရိုဖရဲစိတ်ကူးပုံဖော်ခြင်း နည်းစနစ်ပင်။
၎င်းသည် ပြိုင်ဘက်ကင်း ဝိညာဉ်ကျင့်စဉ်တစ်ခု ဖြစ်၏။ ဖရိုဖရဲဟင်းလင်းပြင်ရှိ မြင့်မြတ်ကြိတ်ဆုံကျောက်ကြီး တစ်ပတ်လည်တိုင်း ဝိညာဉ်သည် အဆင့်တစ်ခု မြင့်တက်လာပြီး နောက်ဆုံးတွင် ဖျက်ဆီး၍မရသော အဆင့်သို့ ရောက်ရှိသွားပေမည်။
သို့သော်လည်း ချိုက်ယီ ကျင့်ကြံနိုင်ရန်အတွက် ၎င်းကို မွမ်းမံပြင်ဆင်ရန် လိုအပ်သည်။ အကြောင်းမှာ ချိုက်ယီသည် ထိုပညာရပ်၏ မူရင်းကျင့်ကြံသူနှင့် ကွာခြားသောကြောင့်ပင်။
ဖက်တီးလေးအတွက် ရေခဲနှင့်မီးလျှံ အင်မော်တယ်စားဖိုမှူး ကျင့်စဉ်ကို ဖန်တီးပေးခဲ့သည့် ယခင်အတွေ့အကြုံအရ ဤနည်းစနစ်ကို ပြန်လည်ပြင်ဆင်ရမည်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း ချူဖုန်း၏ စွမ်းဆောင်ရည်အတွင်း၌ပင် ရှိနေသေး၏။
မကြာမီ ချူဖုန်းသည် စက္ကူတစ်ရွက်ပေါ်တွင် စာလုံးကြီးငါးလုံးကို ရေးသားလိုက်သည်။
‘ဖရိုဖရဲနတ်ဆိုးဘုရား စိတ်ကူးပုံဖော်ခြင်း နည်းစနစ်’
ညနေစောင်းတွင် သူသည် ထိုနည်းစနစ်ကို ရေးသား၍ ပြီးဆုံးသွား၏။ သို့သော် ဤစိတ်ကူးပုံဖော်ခြင်း နည်းစနစ်သည် ဖရိုဖရဲ နတ်ဆိုးဘုရား၏ စိတ်ကူးပုံဖော်ပုံကားချပ်နှင့် တွဲဖက်ရန် လိုအပ်ပါသည်။ သို့သော် သူ ၎င်းကို ဆွဲရန် အလျင်မလိုသေးပေ။
ထို့အစား တင်ပျဉ်ခွေထိုင်လိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ဟုန်မန်ခရမ်းရောင်ချီ ကို ကြည့်ရန် နတ်ဘုရားအာရုံကို အသုံးပြုလိုက်သည်။
ထို့နောက် ဒန်တျန်း အတွင်းရှိ ဟုန်မန်ခရမ်းရောင်ချီအားလုံးကို စုစည်းကာ ဖရိုဖရဲအခြေအနေသို့ ပြောင်းလဲရန် စတင်လိုက်၏။
အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။
လကွယ်ပြီး နေထွက်လာသည်။ ပြတင်းပေါက်ကြားမှ နေရောင်ခြည်က ချူဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။
ဤအချိန်တွင် သူ၏ ဒန်တျန်းအတွင်းရှိ ဟုန်မန်ခရမ်းရောင်ချီသည် ဖရိုဖရဲ အစုအဝေးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုအရာက သူ၏ ဒန်ထျန်းအတွင်း၌ ပေါက်ကွဲတော့မည်ကို မြင်သောအခါ ချူဖုန်း ဤလုပ်ရပ်ကို ချက်ချင်းရပ်တန့်လိုက်၏။
အကယ်၍ ဖရိုဖရဲချီများသာ ပေါက်ထွက်သွားပါက သူ့ဒန်တျန်း ပေါက်ကွဲသွားလိမ့်မည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိနေပါသည်။
အနည်းဆုံး သူ၏ ဝိညာဉ်စွမ်းအင်အားလုံး ဆုံးရှုံးသွားနိုင်ပြီး အဆိုးဆုံး တစ်ကိုယ်လုံး အပိုင်းပိုင်းပြတ်သွားနိုင်၏။
သူသည် စမ်းသပ်နေခြင်းသာဖြစ်ပြီး မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ရည်ရွယ်ချက်မရှိပေ။
မကြာမီပင် ဖရိုဖရဲဖြစ်နေမှုများမှာ ဟုန်မန်ခရမ်းရောင်ချီအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
“ခရမ်းရောင်က ပိုပြီးတော့ ဆွဲဆောင်မှုရှိတာပဲ”
ချူဖုန်း တီးတိုးရေရွတ်လိုက်ပြီး ကမ္ဘာဦးမူလအစ၏ ရည်ရွယ်ချက်နှင့် တာအို၏ အနှစ်သာရကို အသုံးပြုကာ စာရွက်အလွတ်ပေါ်တွင် စတင်ရေးဆွဲတော့သည်။
ရက်အနည်းငယ်အကြာ၊ မွန်းတည့်ချိန်တွင်
အကြီးအကဲပင်း၊ ချင်းချင်းနှင့် အခြားသူများသည် ချူဖုန်း ထွက်လာမည်ကို စောင့်ရန် စာကြည့်ခန်းအပြင်ဘက်တွင် စုရုံးနေကြသည်။
ချူဖုန်း ယခုတစ်ကြိမ်တွင် ချူချိုက်ယီအား မည်သို့သော ကျင့်စဉ်မျိုး ပေးမည်ကို လူတိုင်းက သိချင်နေကြ၏။
နောက်ဆုံးတော့ သူတို့ထဲက မည်သူမှ ကခုန်ခြင်းကို အခြေခံထားသည့် ကျင့်စဉ်မျိုး တစ်ခါမှ မမြင်ဖူးကြပေ။
ကျွိ
ချူဖုန်းသည် လက်ထဲတွင် စာလိပ်နှစ်လိပ်ကို ကိုင်ဆောင်ကာ တံခါးကို တွန်းဖွင့်လိုက်သည်။
“ဆရာ့ကို ဂါရဝပြုပါတယ်”
လူတိုင်းက ချူဖုန်းကို ဦးညွှတ်နှုတ်ဆက်ကြ၏။
“ထကြပါ”
ချူဖုန်း၏ အကြည့်က လူအုပ်ထဲရှိ ချိုက်ယီပေါ်သို့ ကျရောက်သွားသည်။
ချူဖုန်း၏ အကြည့်ကို ခံစားမိသောအခါ ချိုက်ယီသည် ရှေ့သို့ တစ်လှမ်းတက်လာသည်။ သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုထက် သိလိုစိတ်က ပို၍ ပေါ်လွင်နေ၏။
သူမသည် သာမန်လူတစ်ယောက် ဖြစ်သော်လည်း ကျင့်ကြံသူများနှင့် တွေ့ဆုံဖူးသည်။ သို့သော် ကကွက်များဖြင့် ကျင့်ကြံသောသူကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“ဒါက ကုန်းစုန်းဓားအကပုံကားချပ်ပဲ။ ဒီထဲမှာ ဓားအကအတွက် ကျင့်စဉ်ပါတယ်”
ချူဖုန်းက စာလိပ်တစ်ခုကို ချိုက်ယီထံ ကမ်းပေးလိုက်သည်။
စာလိပ်ကို ရရှိပြီးနောက် ချိုက်ယီသည် ၎င်းကို ဂရုတစိုက် ဖွင့်ကြည့်လိုက်၏။
အထဲတွင် ဓားအကကို ဖျော်ဖြေနေသည့် လူတစ်စု၏ ပန်းချီကားတစ်ချပ်ကို ရေးဆွဲပြီး ၎င်း၏ ဘေးတွင် ကဗျာတစ်ပုဒ်ကို ရေးသားထားသည်။
“ရှေးယခင်အခါက ကုန်းစုန်းမျိုးနွယ်မှ လှပသော အမျိုးသမီးတစ်ဦး ရှိခဲ့ဖူး၏။ သူမ၏ ဓားအကမှာ တစ်ကမ္ဘာလုံးကို အံ့ဩမှင်သက်စေခဲ့သည်။ ယခင်ဧကရာဇ်၏ အပျိုတော်ရှစ်ထောင်တို့ထဲတွင် ကုန်းစုန်းဓားကကွက်များသည် လူအားလုံး၏ ထိပ်တွင် ရှိခဲ့သည်”
ချိုက်ယီအတွက် ၎င်းသည် သာမန်ဓားအက ပန်းချီကားတစ်ချပ်ပင်။ ထူးခြားသည့် တစ်ခုတည်းသော အရာမှာ ၎င်း၏ဘေးရှိ ကဗျာဖြစ်သည်။
ထိုကဗျာမှ ထွက်ပေါ်လာသော အားကောင်းသည့် စာပေစွမ်းအင် ကို သူမ ခံစားနိုင်၏။ ၎င်းမှာ သူမ တစ်ခါမှ မကြုံဖူးသည့် အရာပင်။
သို့သော်လည်း အခြားသူများအတွက်မူ ၎င်းသည် ထူးခြားသည့် ပန်းချီကားတစ်ချပ် ဖြစ်၏။
နီဗားနားရှင်သန်ခြင်းအဆင့် အကြီးအကဲပင်း ၎င်းကို မြင်သောအခါ ထိတ်လန့်သွားမိသည်။
ပန်းချီကားထဲရှိ ပုံရိပ်များသည် ဓားဖြင့် ကခုန်နေပုံ ပေါ်သော်လည်း အမှန်တကယ်တွင် ၎င်းသည် ပြိုင်ဘက်ကင်း ဓားပညာရပ်တစ်ခုကို ပြသနေခြင်းပင်။
သူမကိုယ်တိုင်ပင် ၎င်းကို သင်ယူလိုစိတ် ရုတ်တရက် ပေါ်ပေါက်လာသည်။
“မင်း နားမလည်တာ ရှိလား”
ချူဖုန်းက မေးလိုက်သည်။
ချိုက်ယီက ရိုသေစွာဖြင့် ဖြေပါ၏။
“ဆရာ၊ ကျွန်မ ဘာထူးခြားချက်မှ မမြင်ရပါဘူး။ ကျေးဇူးပြုပြီး လမ်းပြပေးပါဦး”
ချူဖုန်း ပြုံးလိုက်သည်။
“မင်း မမြင်ရတာ ပုံမှန်ပါပဲ။ ဒီစာလိပ်က သူ့ရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ဖို့ အားကောင်းတဲ့ နတ်ဘုရားအာရုံ လိုအပ်တယ်။ အခုလောလောဆယ်တော့ အချိန်ဖြုန်းဖို့ အရာတစ်ခု သက်သက်ပါပဲ”
လူတိုင်း နားမလည်နိုင်ဖြစ်သွားသည့်အတွက် အကြီးအကဲပင်းက မေးလိုက်၏။
“ဌာနမှူးချူ၊ ဒါက သာမန်ကားချပ် မဟုတ်ဘူးလေ။ ဘယ်လိုလုပ်ပြီး အချိန်ဖြုန်းဖို့အတွက်ပဲ သုံးနိုင်မှာလဲ”
ချူဖုန်းက ရှင်းပြသည်။
“မင်းတို့ရဲ့ နတ်ဘုရားအာရုံက လုံလောက်အောင် မသန်မာရင် ဒါက သာမန်ဓားကကွက်တစ်ခုပဲ။ မင်းရဲ့ နတ်ဘုရားအာရုံက အဆင့်တစ်ခုကို ရောက်သွားပြီဆိုရင်တော့ ဒီဓားအကကို အသုံးပြုပြီး ရန်သူတွေကို တိုက်ခိုက်သတ်ဖြတ်နိုင်လိမ့်မယ်။ ဒါကြောင့်လည်း ငါက ချိုက်ယီအတွက် ဝိညာဉ်ကျင့်စဉ်တစ်ခုကို ပြင်ဆင်ပေးထားတယ်။ အခုကစပြီး သူ့ရဲ့ အဓိက လေ့ကျင့်မှုက ဒီဝိညာဉ်ကျင့်စဉ် ဖြစ်လိမ့်မယ်၊ ဓားအကကျတော့ အထောက်အပံ့ကျင့်စဉ်ဖြစ်လိမ့်မယ်”
၎င်းကို ကြားပြီးနောက် မည်သူမျှ မှားယွင်းသည်ဟု မခံစားရပေ။ ချိုက်ယီတွင်လည်း ကန့်ကွက်စရာမရှိပေ။ သူမ၏ အကြည့်သည် အခြားစာလိပ်တစ်ခုပေါ်သို့ ကျရောက်နေ၏။
ချူဖုန်းက ထိုစာလိပ်ကို သူမထံ ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်ရာ ချိုက်ယီသည် လက်နှစ်ဖက်ဖြင့် လှမ်းယူကာ လူတိုင်း၏ရှေ့တွင် ဖွင့်လိုက်သည်။
“ဖရိုဖရဲစိတ်ကူးပုံဖော်ခြင်းနည်းစနစ်”
သူမ၏ ကျယ်ပြန့်သော အတွေ့အကြုံအရ အကြီးအကဲ ပင်းသည် ထိုစာလိပ်၏ မူလအစကို ချက်ချင်းပင် မှတ်မိသွား၏။
“မဟုတ်ဘူး။ ဒါက ဖရိုဖရဲ နတ်ဆိုးဘုရား စိတ်ကူးပုံဖော်ခြင်းနည်းစနစ်ပဲ”
ချူဖုန်းက အမှန်ပြင်ပေးလိုက်သည်။
“ဒါပေမဲ့ ဒီပန်းချီကားထဲမှာ နတ်ဆိုးဘုရားမှ မပါတာ။ သူက ဘယ်လိုလုပ်ပြီး စိတ်ကူးပုံဖော်ရမှာလဲ” အကြီးအကဲပင်း ပန်းချီကားထဲမှ ဝရုန်းသုန်းကား မြင်ကွင်းကို ကြည့်ရင်း သံသယများဖြင့် မေးလိုက်၏။
“စိတ်မပူပါနဲ့၊ မကြာခင် သိလာပါလိမ့်မယ်။”
ချူဖုန်း ပြောရင်းဆိုရင်းပင် ကမ္ဘာဦးမူလအစဆန္ဒကို ဖရိုဖရဲ နတ်ဘုရားအာရုံမျိုးစေ့တစ်ခုအဖြစ် စုစည်းပြီး ချိုက်ယီ၏ နဖူးကို အသာအယာ တို့ထိလိုက်သည်။
နောက်တစ်ခဏတွင် ချိုက်ယီ နောက်သို့ လန်ကျသွားသော်လည်း ချင်းချင်း လျင်မြန်စွာ ဖမ်းထိန်းလိုက်၏။
အကြီးအကဲပင်းက ပြောသည်။
“ဌာနမှူးချူ၊ ချိုက်ယီထဲကို နတ်ဘုရားအာရုံ မျိုးစေ့ ဘယ်လိုလုပ်ပြီး ထည့်ပေးလိုက်ရတာလဲ။ သူက သာမန်လူသားလေ။ သူ့ဝိညာဉ်က ဌာနမှူးချူရဲ့ နတ်ဘုရားအာရုံကို ဘယ်လိုမှ ခံနိုင်ရည်ရှိမှာလဲ”
သို့သော် သူမ စကားမဆုံးခင်မှာပင် ထိတ်လန့်မှုကြောင့် ဆွံ့အသွားရသည်။
နောက်တစ်စက္ကန့်တွင် ချိုက်ယီသည် အကြီးအကဲပင်း စိတ်ကူးထားသလို ခေါင်းပေါက်ကွဲထွက်မည့် လက္ခဏာမပြဘဲ မတ်မတ်ပြန်ရပ်လိုက်၏။
“ဒါ… ဒီမိန်းကလေးရဲ့ ဝိညာဉ်က သူတော်စင်တစ်ပိုင်းအဆင့်တစ်ယောက် ရဲ့ နတ်ဘုရားအာရုံကို ခံနိုင်ရည် ရှိတာလား။ သူက တကယ်ပဲ သေမျိုးလူသား ဟုတ်ရဲ့လား”
ချူဖုန်း ပြုံးပြီး ရှင်းပြလိုက်၏။
“ချိုက်ယီက တကယ်ပဲ သာမန်လူသားလေ။ ဒါပေမဲ့ သူ့ ဝိညာဉ်က တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများစုထက် ပိုပြီး သန်မာတယ်”
ပညာရပ်ကို မလွှဲပြောင်းပေးမီ၊ ချိုက်ယီ ဖရိုဖရဲ နတ်ဆိုးဘုရား စိတ်ကူးပုံဖော်ခြင်း နည်းစနစ်ကို မည်သို့ ကျင့်ကြံရမည်ကို ချူဖုန်း စဉ်းစားသေးသည်။
နောက်ဆုံးတွင် သူ ၎င်းကို နတ်ဘုရားအာရုံ မျိုးစေ့တစ်ခုဖြင့် သူမ၏ ဝိညာဉ်ပေါ်သို့ တိုက်ရိုက် မှတ်တမ်းတင်ပေးရန် ဆုံးဖြတ်လိုက်၏။
ချူဖုန်း၏ အမြင်တွင် ချိုက်ယီ၏ ဝိညာဉ်သည် အထူးအဆန်း မဟုတ်သော်လည်း အနည်းဆုံးတော့ သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များနှင့် ယှဉ်လျှင် သာမန် တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့်ယှဉ်လျှင် သူမ၏ ဝိညာဉ်သည် အဆင့်တစ်ခု မြင့်မားနေပါသည်။
ယခုအခါတွင် ချူဖုန်းသည် ချိုက်ယီ နိုးလာမည်ကိုသာ စောင့်ဆိုင်းနေတော့၏။
***