ချူချိုက်ယီ၏ အသိစိတ်မှာ အမှောင်ထုဖုံးလွှမ်းနေသော ဟင်းလင်းပြင်တစ်ခုအတွင်း လွင့်မျောနေစဉ် ရုတ်တရက် ဆရာဖြစ်သူ၏ အသံကို ကြားလိုက်ရသည်။
“ဖရိုဖရဲခေတ်ကာလမှာ မိုးမြေမပေါ်ထွန်းခင် ဖရိုဖရဲ နတ်ဆိုးဘုရား သုံးထောင်တည်ရှိခဲ့တယ်။ နတ်ဆိုးဘုရား တစ်ပါးစီတိုင်းက မဟာတာအိုတစ်ခုကို နားလည်ထားကြတယ်”
“ဒီနေ့ ငါ မင်းကို ဖရိုဖရဲနတ်ဆိုးဘုရားစိတ်ကူးပုံဖော်ခြင်းနည်းစနစ်ကို အမွေပေးမယ်။ မင်းအနေနဲ့ ဖရိုဖရဲစိတ်ကူးပုံဖော်ခြင်းကားချပ်ကို နားလည်ဆင်ခြင်ပြီး နတ်ဆိုးဘုရားတစ်ပါးရဲ့ အသိအမှတ်ပြုမှုကို ယူရမယ်။ အနည်းဆုံး တစ်ပါးပါးရဲ့ အသိအမှတ်ပြုမှုကို ရတာနဲ့ အဲဒီနတ်ဆိုးဘုရားရဲ့ တာအိုဥပဒေသနဲ့ နတ်ဘုရားစွမ်းအားကို အသုံးချနိုင်လိမ့်မယ်။ မင်းရဲ့ ဝိညာဉ်ကလည်း ပိုပြီး သန်မာလာလိမ့်မယ်”
ခြံဝင်းအတွင်း၌ တစ်နာရီတိတိ ကုန်ဆုံးသွား၏။
ထို့နောက် ချိုက်ယီ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ပြီး စိတ်တည်ငြိမ်အောင် ထိန်း၍ ချူဖုန်းကို ဦးညွှတ်ဂါရဝပြုလိုက်၏။
“ပညာရပ်ကို သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
ချူဖုန်း ပြောလိုက်သည်။
“အခုလောလောဆယ် နားမလည်တာ ရှိလား”
ချိုက်ယီ မေးမြန်းလိုက်၏။
“ဆရာ... ဖရိုဖရဲစိတ်ကူးပုံဖော်ခြင်းကားချပ်ထဲကနေ နတ်ဆိုးဘုရားတစ်ပါးရဲ့ တည်ရှိမှုကို တပည့် ဘယ်လိုရှာဖွေရမလဲ”
ချူဖုန်း ပြုံးကာ ပြောသည်။
“ငါ မင်းရဲ့ ဝိညာဉ်ထဲမှာ နတ်ဘုရားအာရုံမျိုးစေ့ တစ်ခု ချပေးထားတယ်။ မင်းသာ မိုးမြေရဲ့ အရာခပ်သိမ်းကို နှလုံးသွင်းဆင်ခြင်မယ်ဆိုရင် စိတ်ကူးပုံဖော်ခြင်းကားချပ်ထဲက နတ်ဆိုးဘုရားကို အလိုလို အာရုံခံမိပြီး ရှာတွေ့သွားလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် ဆရာ။ တပည့်မှာ နောက်ထပ် သံသယ မရှိတော့ပါဘူး”
ချိုက်ယီ စားပွဲပေါ်တွင် တင်ထားသည့် အခြားစာလိပ်တစ်ခုကို ရင်ခွင်ထဲ၌ ပိုက်ပြီး တစ်ဖက်တွင် ငြိမ်သက်စွာ ရပ်နေတော့သည်။
ထိုနေရာရှိသူများလည်း သူတို့စကားဝိုင်းကို ကြားပြီး ဖရိုဖရဲနတ်ဆိုးဘုရားစိတ်ကူးပုံဖော်ခြင်း နည်းစနစ်ကို စပ်စုချင်ကြသော်လည်း မည်သူမျှ မေးမြန်းကြပေ။
သူတို့ ချိုက်ယီ ရှေ့ဆက်ရမည့် လမ်းစဉ်ကိုသာ စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။
“ကဲ... အားလုံး လူစုခွဲလို့ ရပြီ။ ငါ ဟန်ပင်းအတွက် ကျင့်စဉ်တစ်ခု ရေးပေးဖို့ ကျန်သေးတယ်”
ချူဖုန်း ပြောပြီး စာကြည့်ခန်းအတွင်းသို့ ပြန်ဝင်သွားတော့သည်။ သူ ထိုင်လိုက်ပြီး သိပ်မကြာမီမှာပင် အကြီးအကဲပင်း လက်ဖက်ရည်အိုးကို ကိုင်ကာ ဝင်လာ၏။
“ဌာနမှူးချူ... ဒီစာကြည့်ခန်းထဲမှာ နေလာတာ ခုနစ်ရက်တောင် ရှိပြီပဲ။ စိတ်ကြည်လင်သွားအောင် လက်ဖက်ရည်လေး သောက်ပါဦး”
အကြီးအကဲပင်းက ပြောရင်း ချူဖုန်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
ချူဖုန်း လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ငုံသောက်ကာ ပြုံးလိုက်၏။
“ဟန်ပင်းကို ဘယ်လို ကျင့်စဉ် ပေးရမလဲဆိုတာ ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့် အချိန်သိပ်မယူရပါဘူး ”
ထိုစကားကို ကြားသောအခါ အကြီးအကဲပင်း အလိုလို မေးလိုက်မိသည်။ “ဒါဆိုရင် ဒီညရော ခြေထောက်ဆေးပေးရမလား”
“ဒီညတော့ မဟုတ်ဘူး... မနက်ဖြန်ကျမှ ဆေးတာပေါ့”
ချူဖုန်း လက်ဖက်ရည်နောက်တစ်ငုံ ထပ်သောက်လိုက်ပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရ၏။
စိတ်ကူးပုံဖော်ခြင်းကားချပ်ကို ရေးဆွဲခြင်းနှင့် ချိုက်ယီအတွက် ကျင့်စဉ်ရေးသားခြင်းတို့က စွမ်းအင်များစွာ ကုန်ခမ်းစေသည်။ သို့သော် ဟန်ပင်းအတွက် ကျင့်စဉ် ပြင်ဆင်ပေးခြင်းမှာ သူ့စိတ်ကို အပန်းပြေစေပါ၏။
အကြီးအကဲပင်းသည် ချူဖုန်း တွေးနေသည်ကို မသိပေ။
“ဒါဆိုရင် ဌာနမှူးချူကို အနှောင့်အယှက် မပေးတော့ပါဘူး”
“အင်း”
အကြီးအကဲပင်း ထွက်သွားပြီးနောက် ချူဖုန်း စုတ်တံကို ယူကာ စာရွက်အလွတ်တစ်ခုပေါ်တွင် အသက်ရှည်ကျမ်း ဟူသည့် စာလုံးကြီး သုံးလုံး ရေးသားလိုက်၏။
ဤကျင့်စဉ်မှာ ဒဏ္ဍာရီလာ ကွမ်ချန်ဇီ ဖန်တီးခဲ့သည်ဟု ဆိုကြသည်။ ကျင့်စဉ်ကို လေ့ကျင့်ခြင်းဖြင့် ငယ်ရွယ်သော ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်ပြီး လိပ်ပမာ အသက်ရှည်နိုင်သောကြောင့် အသက်ရှည်ကျမ်းဟု ခေါ်ကြသည်။
ချူဖုန်း အသက်ရှည်ကျမ်းကို တစ်ရက်တည်းနှင့် အပြီးသတ်လိုက်၏။
ထို့နောက် ဟန်ပင်းအတွက် လိုအပ်မည့် စိတ်ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်းဆိုင်ရာ လက်စွဲစာအုပ်ကို ပြုစုသည်။
အပြီးသတ်တွင် ထိုစာအုပ်ပေါ်၌ စာလုံးကြီး လေးလုံး ရေးလိုက်၏။
‘စိတ်ဝိညာဉ်ဆေးပင်ဆိုင်ရာ ကောက်နုတ်ချက်’
“ပြီးပြီ”
ချူဖုန်း လက်ခုပ်တစ်ချက်တီးပြီး အပြင်က ဝင်လုဆဲဆဲ နေကို ကြည့်ကာ စာအုပ်နှစ်အုပ်လုံးကို ယူ၍ စာကြည့်ခန်းထဲမှ ထွက်လာလိုက်သည်။
ထိုညတွင် အကြီးအကဲပင်းမှာ သတ်မှတ်ထားသည့် အချိန်အတိုင်း ရောက်လာ၏။
ချူဖုန်း ဖြူစင်သည့် ခြေဆေးမှုကို ပြန်ခံစားတော့သည်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် သူ ချင်းချင်း မှတစ်ဆင့် ဟန်ပင်းကို လာတွေ့ရန် ခေါ်လိုက်၏။
မကြာမီမှာ ဟန်ပင်းနှင့် ချင်းချင်းတို့ ခြံဝင်းအတွင်းသို့ ရောက်ရှိလာကြသည်။
ချူဖုန်း စာအုပ်နှစ်အုပ်ကို စားပွဲပေါ် တင်လိုက်သည်။
“ငါတို့ မြောင်တောင် မှာ ဆေးဘက်ဝင်အပင် စိုက်ခင်းတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက စွန့်ပစ်ထားတာ ကြာပြီ။ မင်းက စိတ်ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးရတာ ဝါသနာပါတယ်ဆိုတော့ စိုက်ခင်းတွေကို ဒီနေ့ကစပြီး မင်းပဲ တာဝန်ယူ စောင့်ရှောက်ရမယ်”
ဟန်ပင်း ဝမ်တောက်ကျောင်းတော်သို့ ရောက်လာသည်မှာ တစ်လခွဲပင် မပြည့်သေးမီ မြင့်မြတ်ကျင့်စဉ်တစ်ခုကို ရလိုက်ရုံသာမက စိတ်ဝိညာဉ်စိုက်ခင်းများကိုပါ လွှဲအပ်ခြင်း ခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
‘စိတ်ဝိညာဉ်ဆေးပင်တွေသာ အဆက်မပြတ် ရနေမယ်ဆိုရင် တစ်နေ့ကျရင် ငါ သေချာပေါက် မဟာသူတော်စင် တစ်ယောက် ဖြစ်လာမှာပဲ’
“သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး”
ဟန်ပင်း ချူဖုန်းကို အလေးအနက် ဦးညွှတ်ဂါရဝပြုလိုက်၏။
ချူဖုန်း ပေါ့ပေါ့ပါးပါးပင်ဆိုသည်။ “ကောင်းကောင်း ကျင့်ကြံပါ။ ငါ မင်းကို အားကိုးနေတယ်”
“ဟုတ်ကဲ့ ဆရာ။ ကျွန်တော် သွားခွင့်ပြုပါဦး”
ထိုသို့ဆိုကာ ဟန်ပင်း လှည့်ထွက်သွားတော့၏။
အကြီးအကဲပင်းသည် ထွက်ခွာသွားသော ဟန်ပင်း၏ ကျောပြင်ကို ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ဌာနမှူး... ဟန်ပင်းနဲ့ ချိုက်ယီ၊ ဘယ်သူက အနာဂတ်မှာ ပိုပြီး အောင်မြင်မှု ရလိမ့်မယ်လို့ ထင်လဲ”
ချူဖုန်းက ပြုံးလျက်ပင်။
“ဘယ်သူက ပိုခရီးပေါက်မလဲဆိုတာ တပ်အပ် မပြောနိုင်ဘူး။ ဒါပေမဲ့ ကောင်မလေးချိုက်ယီကတော့ စိတ်ဝင်စားစရာကောင်းတဲ့ အနာဂတ်တစ်ခု ရှိလာမှာ သေချာတယ်။ သူ ဘယ်လို လျှို့ဝှက်ချက်ကြီးကို ဖုံးကွယ်ထားသလဲဆိုတာ ငါတောင် သိချင်မိတယ်”
“လျှို့ဝှက်ချက်”
အကြီးအကဲပင်း၏မျက်နှာတွင် အတင်းအဖျင်း နားထောင်ချင်သည့် အရိပ်အယောင်များ ပေါ်လာ၏။
“အချိန်တန်ရင် မင်း သိလာမှာပါ”
ချူဖုန်းသည် သူမကို စိတ်လှုပ်ရှားအောင် ထပ်မလုပ်တော့ပေ။ အကြောင်းမှာ သူကိုယ်တိုင်လည်း ချိုက်ယီ၏ ခန္ဓာကိုယ်အတွင်းက အခြားဝိညာဉ်တစ်ခုနှင့် ပတ်သက်ပြီး ဘာဖြစ်နေသလဲဆိုသည်ကို သေချာမသိသေးပေ။
အကြီးအကဲပင်းလည်း အတင်းအကျပ် မမေးတော့ပါ။ သူမ ခဏတာ စပ်စုချင်စိတ်ကြောင့်သာ မေးလိုက်ခြင်း ဖြစ်၏။
တပည့်သစ်နှစ်ယောက် သောင်းပြောင်းပညာရပ်ဌာနသို့ ရောက်ရှိလာပြီးနောက် တစ်ချိန်က တိတ်ဆိတ်ခြောက်ကပ်နေသော နေရာလေးမှာ အသက်ဝင် စည်ကားလာခဲ့သည်။
နျဲ့ရှို့ယွမ်သည် အကောင်းစားဝိုင်ကို ယခုထိ မထုတ်လုပ်နိုင်သေးသော်လည်း ချူဖုန်း၏လမ်းညွှန်မှုကြောင့် ယခင်ကထက် သိသိသာသာ ပို၍ တက်ကြွလာပါ၏။
ရွှီချိုက်ချန်က ယခင်အတိုင်းပင် ညဘက်တွင် ကျင့်ကြံပြီး နေ့ဘက်တွင် အနားယူသည်။
ချိုက်ယီမှာမူ ချင်းချင်းနှင့်အတူ လေ့ကျင့်ပြီး ကျင့်ကြံခြင်းနှင့် ပတ်သက်သော မေးခွန်းများကို မကြာခဏ မေးမြန်း၏။
အားလုံးထဲတွင် အလုပ်အရှုပ်ဆုံးမှာ ဟန်ပင်းပေ။ နေ့ဘက်တွင် စိုက်ခင်းများကို ဂရုစိုက်ရပြီး ညဘက်တွင် ကျင့်ကြံရသည်။
ယဲ့ပေ့ရွှမ်တစ်ဦးတည်းသာ သောင်းပြောင်းပညာရပ်ဌာနမှ ခဏခဏ ထွက်သွားလေ့ရှိပြီး ပြန်လာတိုင်း အားအင်များ ပြည့်ဝနေတတ်၏။
တစ်လအကြာတွင်၊
ကောင်းကင်ယံမှ လူရိပ်နှစ်ခု မြောင်တောင်ပေါ်သို့ ဆင်းသက်လာကြသည်။
သူတို့ မြေပြင်ပေါ် ရောက်သည့်အခါ ယဲ့ပေ့ရွှမ်နှင့်တိုးတော့၏။
“စီနီယာအစ်ကိုကြီး၊ စီနီယာအစ်မလွီ၊ ခင်ဗျားတို့ အစောကြီး ပြန်ရောက်လာကြတာလား”
ယဲ့ပေ့ရွှမ်က ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
ထိုသူများမှာ အခြားသူမဟုတ်ဘဲ ရှောင်ချန်း နှင့် လွီယွဲ့အာတို့ ဖြစ်ပါ၏။
ရှောင်ချန်း ခေါင်းအသာ ညိတ်ပြလိုက်သည်။“ဖုန်းလိုင် ဓားဆွေးနွေးပွဲ အကြောင်းကို ငါ့ကို ပြောပြပေးလို့ ကျေးဇူးတင်တယ်ကွာ။ မဟုတ်ရင် ကံအခွင့်အလမ်းတစ်ခု ရလိုက်မှာမဟုတ်ဘူး”
ဘဝနှစ်ခုကို ဖြတ်သန်းဖူးသူ ဖြစ်သည့်အလျောက် ယဲ့ပေ့ရွှမ်သည် ရှောင်ချန်း၏ စကားထဲက ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။
“ဂုဏ်ယူပါတယ် အစ်ကိုကြီး။ ဖုန်းလိုင်ဓားနတ်ဘုရားရဲ့ အမွေအနှစ်ကို ရခဲ့တာပေါ့”
ရှောင်ချန်း ပြုံးလိုက်၏။
“မင်း ဘယ်သွားမလို့လဲ”
ယဲ့ပေ့ရွှမ်က ပြန်ဖြေသည်။
“ကျွန်တော် ဆေးပညာဌာနကို သွားမလို့ပါ”
ရှောင်ချန်းက ပြောလိုက်၏။
“သွားလေ။ ငါ ဆရာ့ကို အရင်သွားပြီး ဂါရဝပြုလိုက်ဦးမယ်”
“ညကျမှ တွေ့ကြမယ်နော် အစ်ကိုကြီး”
ထိုသို့ဆိုကာ ယဲ့ပေ့ရွှမ်သည် ဆေးပညာဌာနဘက်သို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
လွီယွဲ့အာသည် သူ ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်၏။
“အစ်ကိုကြီး... ကြည့်ရတာ ယဲ့ပေ့ရွှမ်မှာ အခု တာအို လက်တွဲဖော် ရှိနေပြီ ထင်တယ်”
ရှောင်ချန်းက သူမစကားကို ကြားသော် ပြုံးလိုက်သည်။ “သူ အရင်ကထက် ပိုပြီး စိတ်ဓာတ်တက်ကြွတဲ့နေပုံပဲ။ ဆေးပညာဌာနက ဘယ်ဂျူနီယာညီမလေးကများ သူ့စိတ်ကို ဖမ်းစားထားတာပါလိမ့်”
သူတို့နှစ်ဦး ရယ်မောပြောဆိုရင်း ချူဖုန်း၏ ခြံဝင်းဆီသို့ ဦးတည်သွားကြ၏။
ထိုစဉ် ယဲ့ပေ့ရွှမ် ဆေးပညာဌာန၏ ရင်ပြင်သို့ ရောက်ရှိလာသည်။ ယခုဘဝတွင် နောင်တမရစေရန် သူသည် အရင်ဆုံး စတင်လှုပ်ရှားဖို့ ဆုံးဖြတ်ထားပါ၏။
ဖုန်းချုံယွီ ဆေးပညာဌာနသို့ ဝင်ရောက်ပြီး သုံးရက်မြောက်နေ့မှာပင် သူ သွားမိတ်ဆက်ထားသည်။
ယခင်ဘဝက မှတ်ဉာဏ်များကို အသုံးချကာ ယဲ့ပေ့ရွှမ်သည် ဖုန်းချုံယွီနှင့် သူငယ်ချင်းကောင်းများဖြစ်လာပြီး သူတို့၏ ဆက်ဆံရေးမှာလည်း လျင်မြန်စွာ တိုးတက်လာ၏။
သူ ဆင်းသက်လိုက်သည်နှင့် တပည့်အချို့က သူ့ကို နှုတ်ဆက်ကြသည်။
“စီနီယာအစ်ကို ယဲ့၊ ရောက်လာပြီလား။”
ယဲ့ပေ့ရွှမ် “အင်း”
“စီနီယာအစ်ကို ယဲ့၊ ထမင်းစားပြီးပြီလား”
ယဲ့ပေ့ရွှမ် “စားပြီးပြီ။”
မကြာမီမှာပင် သူ ရင်းနှီးနေသော လူရိပ်လေးကို တွေ့လိုက်ရ၏။
ဖုန်းချုံယွီသည် ယဲ့ပေ့ရွှမ်ကို မြင်သောအခါ မျက်နှာလေး ဝင်းပသွားပြီး မတ်တတ်ရပ်ကာ လက်လှမ်းပြလိုက်သည်။
“စီနီယာအစ်ကိုယဲ့၊ ကျွန်မ ဒီမှာ”
ယဲ့ပေ့ရွှမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်၏။
ဖုန်းချုံယွီ၏ အနားသို့ ရောက်ခါနီးမှာပင် အနီးအနားမှ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
“စီနီယာအစ်ကိုယဲ့၊ အစ်ကို့အတွက် စာတစ်စောင် ရောက်နေတယ်”
***