“စာ”
ယဲ့ပေ့ရွှမ် သူ့ထံ စာလာပို့သော တပည့်ကို ဇဝေဇဝါမျက်နှာပေးဖြင့် ကြည့်လိုက်သည်။
ထိုတပည့်က ရိုသေစွာဖြင့် ပြန်လည်ဖြေ၏။
“ဒါ ကောင်းကင်စိတ်ဝိညာဉ်ဌာနက စီနီယာအစ်ကိုယဲ့လင်ရှောင် ကျွန်တော့်ကို လာပေးခိုင်းတာပါ။ အစက သောင်းပြောင်းပညာရပ်ဌာနကို သွားပို့မလို့ပဲ၊ ဒါပေမဲ့ စီနီယာက အခုတလော ဆေးပညာဌာနမှာပဲ ရှိနေတတ်တယ်လို့ ကြားတာနဲ့ ဒီကိုပဲ တိုက်ရိုက်လာခဲ့တာပါ”
“စီနီယာအစ်ကို ယဲ့လင်ရှောင်...”
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ယဲ့ပေ့ရွှမ်၏ မျက်ဝန်းများမှာ အံ့အားသင့်မှုတို့ဖြင့် တောက်ပသွားသည်။
ယဲ့လင်ရှောင်ကို သူ ကောင်းကောင်းသိပါ၏။ ထိုသူက ယဲ့မျိုးနွယ်စု၏ လူငယ်မျိုးဆက်တွင် ထိပ်တန်းပါရမီရှင်တစ်ဦးပေ။
အကယ်၍ ယခုဘဝတွင် သူ့စီနီယာအစ်ကိုကြီး သာ ရုတ်တရက် ထွက်ပေါ်မလာခဲ့လျှင် ယဲ့လင်ရှောင်သည် နှစ်တစ်ရာအတွင်း ဝမ်တောက် ကျောင်းတော်၏ ထိပ်သီးပါရမီရှင် ဖြစ်လာပေလိမ့်မည်။
ထို့အပြင် သူသည် ဓားသူတော်စင်ဘိုင်ယွင်ပြီးနောက် ယဲ့မျိုးနွယ်စုမှ ဓားသူတော်စင် ဖြစ်လာနိုင်ခြေရှိသည့် တစ်ဦးတည်းသောသူလည်း ဖြစ်၏။
ယခင်ဘဝက ယဲ့ပေ့ရွှမ် သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိချိန်တွင် ယဲ့လင်ရှောင်လည်း ထိုအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အနေအထားတွင် ရှိခဲ့သည်။
သူတို့နှစ်ဦးကို ဘိုင်ယွင်မြို့တော် ယဲ့မျိုးနွယ်စု၏ ဝပ်နေသောနဂါးနှင့် ပုန်းကွယ်နေသောဖီးနစ် ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြ၏။
သို့သော် ယခင်ဘဝ၌ သူသည် ဤမျိုးနွယ်တူအစ်ကိုနှင့် နှစ်တစ်ရာကျော်ကြာမှသာ အဆက်အဆံ ရှိခဲ့ခြင်းဖြစ်သည်။
ဘိုင်ယွင်မြို့ ယဲ့မျိုးနွယ်စုနှင့် ဝမ်တောက်ကျောင်းတော်၏ ထိပ်တန်းပါရမီရှင်ဖြစ်သည့် ယဲ့လင်ရှောင်သည် ယဲ့ပေ့ရွှမ်တို့ကဲ့သို့ မျိုးနွယ်စုခွဲများကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လေ့ရှိ၏။
ယခုလို သူ့ထံမှ စာတစ်စောင် ရလာခြင်းမှာ မျှော်လင့်မထားသော ကိစ္စပင်။
“ကျေးဇူးပဲ ဂျူနီယာညီလေး။ ညီလေးနာမည် ဘယ်လိုခေါ်လဲ”
“ကျွန်တော့်နာမည် လီဝေ ပါ။ စီနီယာအစ်ကိုကြီး နှစ်ယောက်အတွက် အလုပ်လုပ်ပေးရတာ ဂုဏ်ယူပါတယ်ခင်ဗျာ”
ယဲ့ပေ့ရွှမ် ခေါင်းအသာ ညိတ်ပြလိုက်၏။
“လာပို့ပေးတဲ့အတွက် ကျေးဇူးပါ ညီလေးလီ။ နောက်ကျရင် ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် ငါ့ဆီလာခဲ့၊ အခမဲ့ လမ်းညွှန်ပေးမယ်”
သူသည် တစ်ပါးသူအပေါ် ကျေးဇူးတင်ရမည်က်ို မနှစ်သက်သဖြင့် အသေးအဖွဲလေးပင် ဖြစ်ပါစေ ချက်ချင်းပင် ပြန်လည်ပေးဆပ်တတ်သူ ဖြစ်၏။
လီဝေ၏ မျက်နှာတွင် ဝမ်းသာပီတိများ ဖုန်းလွှမ်းသွားတော့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုယဲ့။ နောက်ဆိုရင် လမ်းညွှန်မှုခံယူဖို့ သေချာပေါက် လာခဲ့ပါ့မယ်”
သူသည် ဂျူနီယာညီမလေးဖုန်းကို တစ်ချက်ကြည့်ကာ အလိုက်တသိဖြင့် ပြော၏။ “စီနီယာအစ်ကို... ကျွန်တော် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ သွားခွင့်ပြုပါဦး”
“ကောင်းပါပြီ။ ဂရုစိုက်သွားပါ”
လီဝေ ထွက်သွားသည်ကို ကြည့်ပြီး ယဲ့ပေ့ရွှမ် သူ့လက်ထဲမှ စာအိတ်ကြီးကို ကြည့်လိုက်သည်။
ဖုန်းချုံယွီ စပ်စုလိုစိတ်ဖြင့် အနားသို့ လျှောက်လာပါ၏။
“စီနီယာအစ်ကို... အစ်ကိုက ကောင်းကင်စိတ်ဝိညာဉ်ဌာနရဲ့ ထိပ်တန်းပါရမီရှင်တွေနဲ့ အဆက်အသွယ် ရှိတာလားဟင်”
သောင်းပြောင်းပညာရပ်ဌာနသည် တစ်တိုင်းပြည်လုံးတွင် နာမည်ကျော်ကြားသော်လည်း ကောင်းကင်စိတ်ဝိညာဉ်ဌာနမှာ ဝမ်တောက်ကျောင်းတော်၏ အခြေခံအုတ်မြစ်ကြီး ဖြစ်နေဆဲပင်။
တပည့်အများစု၏ စိတ်တွင် ကောင်းကင်စိတ်ဝိညာဉ်ဌာနသည် သောင်းပြောင်းပညာရပ်ဌာန နည်းတူ အကောင်းမွန်သည်ဟု ယူဆထားကြ၏။
ယဲ့ပေ့ရွှမ် ခေါင်းအသာ ညိတ်လိုက်သည်။ “ကိုယ်တို့က မျိုးနွယ်တူ ညီအစ်ကိုတွေလေ။ ဒါပေမဲ့ သူက တိုက်ရိုက်မျိုးဆက်က ဆင်းသက်လာတာ၊ ကိုယ်ကတော့ မျိုးနွယ်စုခွဲကလေ”
ပြောပြောဆိုဆိုနှင့် စာအိတ်ကို ဖွင့်လိုက်သည်။ အထဲတွင် ရွှေရောင်အနားကွပ် ဖိတ်စာတစ်စောင်နှင့် စာတစ်စောင် ပါရှိနေ၏။
ဖိတ်စာကို ခဏဘေးဖယ်ထားကာ စာကိုသာ အရင်ဖွင့်၍ သေချာစွာ ဖတ်လိုက်သည်။
‘ညီလေး ပေ့ရွှမ် ထံသို့၊
ဒီနှစ် ရှစ်လပိုင်း ဆယ့်ငါးရက်နေ့မှာ ဆယ်စုနှစ်တစ်ခုမှာ တစ်ကြိမ် ကျင်းပတဲ့ ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော်ကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပသွားမှာ။ ငါတို့နှစ်ယောက်စလုံးက ယဲ့မျိုးနွယ်စုရဲ့ ဂုဏ်ဆောင်တွေ ဖြစ်လို့ မျိုးနွယ်စုကို ကိုယ်စား ပြုသင့်တယ်လို့ ထင်တယ်။ မင်းအနေနဲ့ အဆင်ပြေမယ်ဆိုရင် ဆရာတူတပည့်တွေကို ဖိတ်ခေါ်ပြီး ဘိုင်ယွင်မြို့ကို အတူတူသွားကြရအောင်။ ဒါမှလည်း မင်းတို့ မျိုးနွယ်ခွဲက ပင်မမျိုးနွယ်ထဲကို ပြန်လည် ပူးပေါင်းနိုင်မှာ’
စာဖတ်ပြီးနောက် ယဲ့ပေ့ရွှမ်၏ မျက်နှာတွင် စဉ်းစားတွေးတောဟန် ပေါ်လာသည်။ ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော် အကြောင်းကို သူ ကောင်းကောင်း သိထားပါ၏။
ဘိုင်ယွင်မြို့သည် ဘိုင်ယွင်တောင်တန်း၏ ထိပ်တွင် တည်ရှိပြီး စိတ်ဝိညာဉ်ဆေးပင်များနှင့် ရှားပါးသတ္တုရိုင်းများ ပေါကြွယ်ဝပါသည်။
ပွဲတော်ကျင်းပသည့် အချိန်တွင် ရှားပါးရတနာများနှင့် ဆေးလုံးများကို ထုတ်ဖော်ပြသတတ်၏။
သူ့မိသားစုမှာ သံနက်လျှိုမြောင်တွင် နေထိုင်ကြပြီး ထိုနေရာမှာ အဆင့်မြင့် သံရိုင်းများ ထွက်သည်။ ထို့ကြောင့် သူတို့မျိုးနွယ်ခွဲသည် ထိုနေရာ၌ ရာစုနှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ကြ၏။
သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သံနက်လျှိုမြောင်၌ အဆင့်မြင့်သံရိုင်းများ ရှာဖွေရန် ခက်ခဲလာသဖြင့် ယဲ့မျိုးနွယ်စုအတွင်း သူတို့အဆင့်အတန်းမှာ အလျင်အမြန် ကျဆင်းသွားပြီး ပင်မမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံခဲ့ရသည်။
ရလဒ်အနေဖြင့် သံနက်လျှိုမြောင်မှ ယဲ့မျိုးနွယ်စုဝင်များမှာ ဘဝရပ်တည်နိုင်ရန် အလွန်ခက်ခဲလာပြီး အနီးနားရှိ အင်အားစုများထံ၌ ဖိနှိပ်ခံရတော့၏။
“ဝိုး...”
ဖုန်းချုံယွီက စိတ်လှုပ်ရှားစွာဖြင့်ပြောသည်။ “စီနီယာအစ်ကို ပေ့ရွှမ်၊ အစ်ကိုက ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော် ရဲ့ ဖိတ်စာကို တကယ်ရတာပဲ။ ကျွန်မကိုလည်း ဗဟုသုတရအောင် ခေါ်သွားလို့ ရမလားဟင်”
သူမ၏ အသံကြောင့် ယဲ့ပေ့ရွှမ် သတိပြန်ဝင်လာ၏။ ဖုန်းချုံယွီ၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာလေးကို ကြည့်ကာ ပြုံးပြီး ညှင်သာစွာဆိုလိုက်သည်။
“ရတာပေါ့”
“ဟေး”
ဖုန်းချုံယွီသည် ပျော်လွန်း၍ ခုန်ပေါက်နေတော့၏။ သူမ ဖုန်းချီတောင်မှာ နေစဉ်က ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော် အကြောင်း ကြားဖူးပြီး ပွဲတော်ကျင်းပတိုင်း ထူးဆန်းအံ့ဩဖွယ်ကောင်းသော ရတနာများ ထွက်ပေါ်လာတတ်သည်ကို သိထားသည်။
သူမ၏ စုဆောင်းထားသော ငွေကြေးအနည်းငယ်နှင့် ဘာမှ ဝယ်မနိုင်လျှင်တောင်မှ ဗဟုသုတအတွေ့အကြုံ ရရှိသည်ကပင် ကောင်းလှပါ၏။
ဖုန်းချုံယွီ၏ ဖြူစင်ရိုးသားသော အပြုံးကို ကြည့်ရင်း ယဲ့ပေ့ရွှမ်၏ နှုတ်ခမ်းများမှာလည်း မသိမသာ ကွေးညွှတ်သွားသည်။
ခဏအကြာတွင် ဖုန်းချုံယွီသည် သူမ၏ စိတ်လှုပ်ရှားမှုများ လျော့ပါးသွားပြီး ယဲ့ပေ့ရွှမ် သူမကို စိုက်ကြည့်နေသည်ကို သတိထားမိသွားရာ မျက်နှာလေးမှာ နီမြန်းသွားတော့၏။
စီနီယာအစ်ကိုပေ့ရွှမ်က ဘာကြောင့် သူမကို ဒီလောက်အထိ အလိုလိုက်နေသလဲဆိုတာ မသိသော်လည်း သူ၏ စိတ်ဆန္ဒကိုတော့ သိထားသည်။
သူမဘက်က ရှက်နေခြင်းသာ ဖြစ်၏။ မိခင်ဖြစ်သူကလည်း အပြင်လောကသို့ သွားလျှင် မိမိကိုယ်ကိုယ် ဂရုစိုက်ရန် ထပ်ခါတလဲလဲ သတိပေးထားသည်။
ထို့ကြောင့် ဖုန်းချုံယွီသည် စီနီယာအစ်ကိုယဲ့ကို သူမ၏ ခံစားချက်အား ဖွင့်ပြောရန် မဝံ့ရဲဖြစ်နေ၏။
ယခုကဲ့သို့ စိုက်ကြည့်ခံရသောအခါ သူမ၏ ရင်ခုန်သံများ မြန်လာပြီး စိတ်ထဲရှိရာကို လွှတ်ခနဲ ပြောလိုက်မိသည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ပေ့ရွှမ်။ အစ်ကိုက တကယ့်ကို လူကောင်းတစ်ယောက်ပါပဲ”
ပြောပြီးသည်နှင့် သူမ၏ မျက်နှာမှာ ပန်းသီးတစ်လုံးလို နီရဲသွားပြီး ယဲ့ပေ့ရွှမ်၏ အမြင်အာရုံထဲမှ ကွယ်ပျောက်အောင် ခပ်သုတ်သုတ် ပြေးထွက်သွားတော့၏။
ထိုရင်းနှီးနေသော စကားလုံးများကို ကြားလိုက်ရသည့်အခါ ယဲ့ပေ့ရွှမ်သည် ရင်ထဲ၌ ကြည်နူးသွားသည်။ ယခင်ဘဝကလည်း ချုံအာနှင့် သူ၏ ဆက်ဆံရေးမှာ “အစ်ကိုက လူကောင်းတစ်ယောက်ပါပဲ” ဆိုသည့် စကားနှင့် စတင်ခဲ့ခြင်းပင်။
ဖုန်းချုံယွီ ပြေးထွက်သွားသည်ကို ကြည့်ကာ ယဲ့ပေ့ရွှမ် နောက်မှ လိုက်မသွားတော့ပေ။ ထိုအစား ဖိတ်စာကို သိုလှောင်အိတ်ထဲ ထည့်ကာ သီချင်းလေး တအေးအေးနှင့် သောင်းပြောင်းပညာရပ်ဌာနဆီသို့ ပျံသန်းသွား တော့သည်။
“ဆရာ၊ ကျွန်တော် ပြန်လာပါပြီ။”
အဓိက နေအိမ်အတွင်း၌ ချူဖုန်းသည် ရှောင်ချန်းနှင့် စကားပြောနေစဉ် ယဲ့ပေ့ရွှမ်၏ အသံကို ကြားလိုက်ရ၏။
အားလုံးက ချက်ချင်းပင် လှည့်ကြည့်လာကြသည်။
ချူဖုန်းက လှမ်းစလိုက်၏။
“ပေ့ရွှမ်၊ မင်း ကြည့်ရတာ တော်တော် ပျော်နေပုံပဲတစ်ခုခု ကောင်းတာ ဖြစ်လာလို့လား”
ယဲ့ပေ့ရွှမ်က ပြုံးစိစိဖြင့် ဖြေသည်။“ဆရာ့မျက်စိကို ဘာမှ ဖုံးလို့မရပါဘူး။ ခုနက ချုံအာက ကျွန်တော့်ကို လူကောင်းတစ်ယောက် လို့ ပြောလိုက်လို့ပါ”
“…”
ချူဖုန်း ခေတ္တမျှ ဆွံ့အသွားပြီး ယဲ့ပေ့ရွှမ်ကို ငကြောင်တစ်ကောင်လို ကြည့်လိုက်၏။
ယဲ့ပေ့ရွှမ် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။
“ဘာဖြစ်လို့လဲ ဆရာ”
“ဘာမှမဟုတ်ပါဘူး။”
ချူဖုန်းက ပြန်ဖြေသည်။
“လူကောင်းလို့ ပြောခံရတာကို ဒီလောက်ထိ ပျော်နေတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး”
အကြီးအကဲ ပင်းက ကြားဖြတ်ကာပြောသည်။
“ဌာနမှူးချူ အဲဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား”
ချူဖုန်း ခဏတာ ပြောစရာ စကားပျောက်သွားသည်။ သူ ရှင်းပြချင်သော်လည်း ယဲ့ပေ့ရွှမ် စိတ်လှုပ်ရှားနေပုံနှင့် ဘေးနားရှိလူများ ဇဝေဇဝါဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လူကောင်းဟု ပြောခံရသည်မှာ ငြင်းပယ်ခံရခြင်း ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ထျန်ရွှမ်တိုက်ကြီးတွင်တော့ ထိုစကား မရှိသေးကြောင်း သူ သဘောပေါက်လိုက်၏။
“ဟူး... ဘဝဆိုတာ ဆီးနှင်းတွေလိုပဲ အေးစက်ဖော်မရနိုင်ပါလား”
လူတိုင်း “....”
“ဂျူနီယာညီလေးယဲ့၊ တစ်ယောက်ယောက်က လူကောင်းလို့ ပြောရုံနဲ့ မင်း ဒီလောက်တောင် ပျော်နေတာလား”
ရှောင်ချန်းသည် ယဲ့ပေ့ရွှမ်ကို ကောင်းကောင်းသိ၏။ ဤကောင်လေးသည် တာအိုတည်ဆောက်ခြင်းအဆင့်၌ စွမ်းအားကြီးကျင့်ကြံသူများ၏ လိုက်လံဖမ်းဆီးခြင်းကိုလခံရသူဖြစ်၏။
ထိုအခါမှသာ ယဲ့ပေ့ရွှမ်သည် အရေးကြီးကိစ္စကို သတိရသွားသည်။ “စီနီယာအစ်ကိုရှောင်၊ ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော် အကြောင်း ကြားဖူးလား”
ရှောင်ချန်းက ပြန်ဖြေလိုက်သည်။
“အဲဒါက စိတ်ဝိညာဉ်ဆေးပင်တွေ၊ သတ္တုရိုင်းတွေနဲ့ ရှားပါးရတနာတွေပြတဲ့ ပွဲကြီး မဟုတ်လား”
“ဟုတ်တယ်။”
ယဲ့ပေ့ရွှမ်က ပြေလိုက်၏။
“ခုနက စီနီယာအစ်ကိုယဲ့က ကျွန်တော့်ကို ဖိတ်စာတစ်စောင် ပေးသွားတယ်။ အစ်ကို စိတ်ဝင်စားတာ ရှိရင် အတူတူ သွားကြရအောင်”
“ဘယ်တော့လဲ”
ယဲ့ပေ့ရွှမ် “ရှစ်လပိုင်း ဆယ့်ငါးရက်နေ့”
“ဒါဆို သုံးလလိုသေးတာပဲ။ သွားကြတာပေါ့”
ရှောင်ချန်း အလွယ်တကူ သဘောတူလိုက်သည်။
သူတို့ စကားပြောနေစဉ် ပြင်ပရေးရာဌာနမှ အကြီးအကဲပိုင်သည် ကြိုးကြာငှက်တစ်ကောင်ကို စီးကာ ရောက်ရှိလာပြီး ချူဖုန်းထံ ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော် ဖိတ်စာ သုံးစောင် လာပို့၏။
ထိုအထဲမှ တစ်စောင်မှာ ပုလဲရတနာများ စီခြယ်ထားသဖြင့် အထူးပင် တောက်ပနေသည်။
လက်ထဲရှိ ဖိတ်စာများကို ကြည့်ကာ ချူဖုန်း ပြုံးလိုက်သည်။
“ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲက ဒီလောက်အထိ စည်ကားလိမ့်မယ်လို့ မထင်ထားဘူး။ ငါ့ဆီတောင် တိုက်ရိုက် ဖိတ်စာပို့လိုက်တယ်ဆိုတော့”
အကြီးအကဲ ပင်းက မေးသည်။
“ဌာနမှူးချူ ကိုယ်တိုင် သွားမှာလား”
***