“……”
ချူဖုန်းက အကြီးအကဲရှီကို ကြည့်ကာ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်၏။ “အကြီးအကဲရှီ၊ ခင်ဗျား ဘာတွေပြောနေတာလဲ။ စီးတော်ယာဉ်ဆိုတာ စီးဖို့မဟုတ်လို့ ဘာလုပ်ဖို့လဲ”
အကြီးအကဲရှီ နွေးထွေးစွာ ပြုံးလိုက်သည်။ “အကြီးအကဲချူက စိတ်ကူးပေါက်ပြီး ဝိညာဉ်သားရဲတစ်ကောင်ကို ကျင့်ကြံမှုမှာ လမ်းပြပေးဖို့လားလို့။ အကန့်အသတ်ကို စိန်ခေါ်ချင်နေတာလားလို့ ကျုပ် ထင်သွားတာ”
“ကျွန်တော် အဲဒီလောက်အထိ အားယားနေတယ်လို့ ထင်လား”
ချူဖုန်း ပြောရင်းနှင့် ဝိုင်တစ်ငုံ သောက်လိုက်၏။
‘ဒီလူတွေကတော့ ကောင်းကောင်းမကျင့်ကြံဘဲ အဓိပ္ပာယ်မရှိတာတွေပဲ’
“ဟဲဟဲ”
အကြီးအကဲရှီက တဟဲဟဲ ရယ်မောလိုက်သည်။ “စတာပါဗျာ။ အကြီးအကဲချူအနေနဲ့ စီးတော်ယာဉ်နဲ့ ပတ်သက်ပြီး သီးသန့်လိုချင်တဲ့ အချက်လေးများ ရှိလား”
ချူဖုန်း ခဏမျှ စဉ်းစားပြီး၏။ “ခန့်ညားရမယ်။ မြန်ရမယ်။ ဘယ်လောက်ပဲ သန်မာနေပါစေ၊ ရုပ်ရည်ခန့်ညားဖို့က အဓိကပဲ”
အကြီးအကဲရှီက ခေါင်းညိတ်ကာ အနီးနားရှိ တပည့်တစ်ဦးကို လှမ်းခေါ်လိုက်သည်။
“ငါတို့ ကျောင်းတော်ရဲ့ သားရဲမှတ်တမ်းကို သွားယူခဲ့စမ်း”
“ဟုတ်ကဲ့ အကြီးအကဲ”
ထိုတပည့်သည် အမြန်ထွက်သွားပြီးနောက် ခဏအကြာတွင် ကျောက်စိမ်းပြား တစ်ခုနှင့်အတူ ပြန်ရောက်လာ၏။
“ဆရာ... သားရဲမှတ်တမ်း ရပါပြီ”
အကြီးအကဲရှီ ကျောက်စိမ်းပြားကို ယူကာ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ပြုံးလိုက်သည်။
“ဌာနမှူးချူ၊ ခင်ဗျားရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး အဆင့်အတန်းနဲ့လည်း လိုက်ဖက်မဲ့ ဝိညာဉ်သားရဲ သုံးကောင် ရှိတယ်”
ချူဖုန်းက ဝိုင်ခွက်ကို ကစားရင်း ဆိုလိုက်၏။
“ပြောပါဦး”
“ပထမတစ်ကောင်ကတော့ ပင်လယ်ပြာနဂါးမင်းပါ။ နီဗားနားရှင်သန်ခြင်း အဆင့်ရှိတဲ့ ခြေလေးချောင်းနဂါးပါ။ တစ်နေ့ကို လီပေါင်း (၁၀၈၀၀၀) ကျော် သွားနိုင်ပါတယ်။ ကောင်းကင်ရော ပင်လယ်မှာပါ ဖြတ်သန်းသွားလာနိုင်ပါတယ်”
ချူဖုန်းက ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ “အစိမ်းရောင်က အရမ်းတောက်လွန်းတယ်။ ယောက်ျားတစ်ယောက်က အစိမ်းရောင်မဖြစ်သင့်ဘူးလေ”
(အစိမ်းရောင်ဝတ်ခြင်း သို့မဟုတ် အစိမ်းရောင်ဦးထုပ်ဆောင်းခြင်းသည် တရုတ်ယဉ်ကျေးမှုတွင် ဇနီးဖြစ်သူက ဖောက်ပြန်သည်ဟု အဓိပ္ပာယ်ရ၏။)
အကြီးအကဲရှီက ဆက်ပြောသည်။ “ဒုတိယကတော့ ဂျိုတစ်ချောင်း တိမ်လွှာမြင်း ပါ။ တစ်ကိုယ်လုံး ဖြူဖွေးနေပြီး ဦးခေါင်းမှာ ဂျိုတစ်ချောင်း ပါပါတယ်။ တိမ်တွေကို စီးနင်းနိုင်သလို လေနဲ့ မိုးကိုလည်း ထိန်းချုပ်နိုင်ပါတယ်”
“မြင်းဖြူစီးမင်းသားလား”
ချူဖုန်းက စဉ်းစားကြည့်သော်လည်း ခန့်ညားထည်ဝါမှု နည်းနေသည်ဟု ခံစားရ၏။
“တတိယတစ်ကောင်က ဘာလဲ”
“ရွှေတောင်ပံလင်းယုန်ဘုရင်ပါ။ သူက နတ်ဘုရားသားရဲ သွေးမျိုးဆက် ပါတယ်။ တောင်ပံတစ်ချက် ခတ်လိုက်ရုံနဲ့ လီပေါင်း (၁၈၀၀၀) ကျော် ပျံသန်းနိုင်ပါတယ်။ ထိပ်တန်း ပျံသန်းနိုင်တဲ့ ဝိညာဉ်သားရဲပါပဲ”
ချူဖုန်းက အလိုအလျောက်ပင် မေးလိုက်မိ၏။
“လင်းယုန်ကြီးလား”
“ဟုတ်ပါတယ်”
အကြီးအကဲရှီက ခေါင်းညိတ်ပြသည်။
“ဒါဆိုရင် အဲဒီလင်းယုန်ဘုရင်ကိုပဲ ကျွန်တော် ကြည့်ချင်တယ်။ ဒါမှ တကယ့် ယောက်ျားသားတွေ နှစ်သက်တဲ့အရာမျိုးဗျ”
ယင်းကို ကြားသောအခါ အကြီးအကဲရှီက ချူဖုန်းကို လက်မထောင်ပြလိုက်သည်။ “အကြီးအကဲချူရဲ့ အမြင်က တကယ်ကို ထက်မြက်ပါတယ်။ ဒါပေမဲ့ ရွှေတောင်ပံလင်းယုန်ဘုရင်က နည်းနည်းတော့ မာနကြီးတတ်တယ်။သူက ခင်ဗျားကို စော်ကားမိတာမျိုး ရှိရင်လည်း နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျာ”
ချူဖုန်းက ပြောသည်။
“စိတ်မပူပါနဲ့။ သူက နီဗားနားရှင်သန်ခြင်းအဆင့်ရှိတဲ့ နတ်ဆိုးဘုရင်တစ်ပါးပဲ၊ စိတ်ကြီးတာကတော့ သဘာဝပါပဲ”
အကြီးအကဲရှီ မတ်တတ်ရပ်ကာ လက်ဟန်ပြလိုက်၏။
“ဒါဆိုရင် ကျွန်တော် လမ်းပြပေးပါရစေ”
“ကျေးဇူးတင်ပါတယ် အကြီးအကဲရှီ”
ချူဖုန်းသည် သူ့နောက်မှ လိုက်ပါ၍ ခြံဝင်းအတွင်းမှ ထွက်လာ၏။
ခဏအကြာတွင်၊
သူတို့ သုံးဦးသည် ပေါကြွယ်ဝသည့် ဝိညာဉ်စွမ်းအင်များနှင့် မြင့်မားသောရှေးဟောင်းသစ်ပင်ကြီးများ ရှိရာ တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာကြသည်။
သူတို့ ခြေချလိုက်သည်နှင့် သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားမှ ထွက်ပေါ်လာသော ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
ထိုဖိအားနှင့်အတူ စိတ်တိုဒေါသထွက်နေသော အသံတစ်သံလည်း ထွက်ပေါ်သည်။
“ရှောင်ယန်ဇီ... အရေးကြီးတဲ့ကိစ္စ မရှိရင် ငါ့ကို မနှောင့်ယှက်ပါနဲ့လို့ မင်းကို မပြောထားဘူးလား။ အခုတော့ မင်းက ဒီဘုရင်ရဲ့ စကားကို လျစ်လျူရှုနေတာလား”
အကြီးအကဲရှီ၏ အမည်ပြောင် (ရှောင်ယန်ဇီ) ကို ကြားလိုက်ရသဖြင့် ချူဖုန်းမှာ အော်ဟစ်ရယ်မောလုနီးပါး ဖြစ်သွား၏။ တော်သေးသည်မှာ သူ ပညာရှင်ပီသစွာဖြင့် အောင့်ထားနိုင်ခဲ့ခြင်းပင်။
အကြီးအကဲရှီ အနေရခက်သွားသော်လည်း ယဉ်ကျေးသော အပြုံးကို ဆင်မြန်းကာ သစ်ပင်ပေါ်ရှိ အမည်းစက်လေးတစ်ခုဆီသို့ ဦးညွှတ်လိုက်သည်။
“စီနီယာရွှေတောင်ပံ... ဒီနေ့မှာ ကျောင်းတော်က ဌာနမှူးတစ်ဦးက စီနီယာနဲ့ တွေ့ဆုံချင်လို့ပါ။ စီနီယာအနေနဲ့ သူနဲ့အတူ အဖော်ပြုဖို့ ဆန္ဒရှိမရှိ သူက မေးမြန်းချင်လို့ပါခင်ဗျာ”
“ဟွန့်”
သစ်ပင်ထိပ်ဖျားမှ နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာသည်။
“ဘယ်လို မျက်စိမပါတဲ့ ကောင်က ငါ့ကို စီးတော်ယာဉ်အဖြစ် လိုချင်နေတာလဲ။ အရင်က သူတို့ရဲ့ စီနီယာတွေကို ငါပေးခဲ့တဲ့ သင်ခန်းစာတွေကို မေ့သွားကြပြီလား။ ဓားဘုရင်ရှောင်ယောင် လား။ ဒါမှမဟုတ် အဲဒီ ဓားသိုင်းပညာရှင်ကောင်လေးလား”
အကြီးအကဲရှီ၏ နဖူးမှ ချွေးစက်များ စီးကျလာပြီး ချူဖုန်းကို အားနာသလို ကြည့်လိုက်သည်။ ပြဿနာတက်မည်ဟု သူ မျှော်လင့်ထားသော်လည်း ဤလင်းယုန်မှာ အရင်ကထက်ပင် ပို၍ မာနထောင်လွှားနေလေ၏။
စဉ်းစားကြည့်လျှင်လည်း မဆန်းပါ။ဤလင်းယုန်မှာ ဝမ်တောက် ကျောင်းတော်တွင် ရှိနေသည်မှာ နှစ်ပေါင်း တစ်ထောင်ပင် ရှိနေပြီဖြစ်ရာ အကြီးအကဲချုပ်ထက်ပင် အသက်ကြီးနေသေး၏။
ပုံမှန်အားဖြင့် အားလုံးက သူ့ကို ဘိုးဘေးဝိညာဉ်တစ်ခုကဲ့သို့ ဆက်ဆံကြသည်ပင်။
ချူဖုန်းကတော့ ဒေါသမထွက်ပေ။ ထိုအစား သူသည် သူ့ စွမ်းအင်များကို အေးဆေးတည်ငြိမ်စွာပင် ထုတ်လွှတ်လိုက်၏။
တစ်ခဏချင်းမှာပင် သူတော်စင်တစ်ပိုင်း အဆင့်၏ ဖိအားက တောင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
“ဘာကြီးလဲဟ”
ကောင်းကင်ထက်မှ ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး အမည်းစက်လေးမှာ အပေါ်မှ ကျလာကာ သူတို့ရှေ့တွင် ဆင်းသက်လိုက်၏။
၎င်းမှာ အလွန်ကြီးမားသော ရွှေတောင်ပံလင်းယုန်ကြီး ဖြစ်သည်။ အမွေးအတောင်တိုင်းမှာ တောက်ပနေပြီး ရွှေရောင်တောင်ပံများမှာ နေရောင်အောက်တွင် ဝင်းလက်နေ၏။
ရွှေတောင်ပံလင်းယုန်ဘုရင်က သူ့တောင်ပံများကို အသုံးပြုကာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
“စီနီယာတစ်ယောက် ရောက်နေမှန်း ကျွန်တော် မသိလိုက်ပါဘူး။ ခုနက စော်ကားမိတာတွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ”
မာနထောင်လွှားရာမှ ရုတ်တရက် နှိမ့်ချသွားခြင်းက အကြီးအကဲရှီကို မှင်တက်သွားစေသည်။
သားရဲထိန်းဌာနတွင် သူ နေလာခဲ့သည့် ရာစုနှစ်ပေါင်းများစွာအတွင်း ရွှေတောင်ပံလင်းယုန် ယခုကဲ့သို့ ပြုမူသည်ကို တစ်ခါမျှ မမြင်ဖူးပေ။
ချူဖုန်း လင်းယုန်ကို ကြည့်ကာ ပြုံးလိုက်၏။
“တကယ်တော့ မင်းရဲ့ ခေါင်းမာပြီး မယဉ်ပါးတဲ့ ပုံစံလေးကို ငါ ပိုသဘောကျသား”
ရွှေတောင်ပံလင်းယုန်ဘုရင်က ခါးကိုပြန်မတ်ကာ သူ၏ တောင်ပံများကို ဂုဏ်ယူစွာ သိမ်းဆည်းလိုက်ပြီး ရှေ့သို့ စိုက်ကြည့်လိုက်သည်။
“စီနီယာက ဝမ်တောက်ကျောင်းတော်က ဘယ်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်လဲဆိုတာ ကျွန်တော် သိခွင့်ရှိမလားခင်ဗျာ”
ချူဖုန်းက ခေါင်းညိတ်ပြ၏။
“ငါက သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးပါ”
“ဗျာ”
လင်းယုန်မှာ ကြောင်သွားသည်။
“ကျွန်တော့်ကို မပြောနဲ့ဦး၊ အဲဒီ ကောင်လေးခုံ ဆုံးသွားပြီလား”
“မင်းက ငါ့ရဲ့ ဆရာ့ကို သိတာလား”
ချူဖုန်းက ပြန်မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းယုန်၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ဝိုင်းစက်သွားသည်။
“ခင်ဗျားက ခုံရဲ့ တပည့်လား”
“လင်းယုန်ဘုရင်၊ စကားပြောတာ ဆင်ခြင်ပါဦး”
အကြီးအကဲရှီ ချက်ချင်း ကြားဖြတ်ကာ စတင် မိတ်ဆက်ပေးတော့၏။
“အခု မင်းရှေ့မှာ ရပ်နေတဲ့သူက ဝမ်တောက်ကျောင်းတော် သမိုင်းတစ်လျှောက်မှာ အငယ်ဆုံး ဌာနမှူး၊ စာပေသူတော်စင် ရဲ့ လူဝင်စားလို့ ကောလာဟလ ထွက်ထားတဲ့သူ၊ ဧကရာဇ်ရဲ့ ကောင်းချီးကို ရရှိထားတဲ့သူ၊ အတတ်ပညာ တစ်ရာကို ပိုင်နိုင်တဲ့ သူတော်စင်ဖြစ်သလို ကျင့်ကြံတာ (၁၀)နှစ်မပြည့်ခင်မှာတင် သူတော်စင်တစ်ပိုင်း အဆင့်ကို ရောက်လာတဲ့ ဌာနမှူး ချူဖုန်းပဲ”
ထိုကဲ့သို့ ချီးမွမ်းခန်းများကို ကြားပြီးနောက် လင်းယုန်မှာ ဆွံ့အသွား၏။
သူ နေထိုင်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်အတွင်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်မျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ချူဖုန်းမှာ အကြီးအကဲရှီ၏ မြှောက်ပင့်စကားများကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
“အကြီးအကဲရှီ... အဲဒါတွေက ကောလာဟလတွေပါ။ သိပ်ပြီး အတည်မယူပါနဲ့။”
ရွှေတောင်ပံလင်းယုန်မင်းက မေးလိုက်မိသည်။
“ဒါဆို ခင်ဗျားက (၁၀)နှစ်မပြည့်ခင်မှာ သူတော်စင်တစ်ပိုင်း တကယ်ပဲ ဖြစ်လာတာလား”
ချူဖုန်းက ခေါင်းညိတ်ပြ၏။ “အကြမ်းဖျင်းအားဖြင့်တော့ ဟုတ်တယ်။ကျုပ် ဝမ်တောက် ကျောင်းတော်ကို ရောက်တာ (၁၀) နှစ်ပဲ ရှိသေးတယ်”
“ပါရမီရှင်... တကယ့်ကို ပါရမီရှင်ပဲ” လင်းယုန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
အကြီးအကဲရှီက အချိန်အခါကောင်းမှန်း သိလိုက်သဖြင့် ချက်ချင်းပင် မေးလိုက်သည်။ “လင်းယုန်ဘုရင် အခုကော အကြီးအကဲချူရဲ့ နောက်ကို လိုက်ဖို့ ဆန္ဒရှိပြီလား။”
“အကြီးအကဲချူ ဟုတ်လား။ ရှောင်ယန်ဇီ... မင်း ဘယ်လိုများ ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ရဲတာလဲ။ ဒါက ငါ့ရဲ့ မွေးစားဖခင်ကွ”
လင်းယုန်က ဒူးထောက်လိုက်၏။ “ကျွန်တော်ဟာ တစ်ဘဝလုံး တစ်ယောက်တည်း လေလွင့်လာခဲ့တာပါ၊ တကယ့် သခင်စစ်စစ်တစ်ယောက်ကို အမြဲတမ်း တောင့်တခဲ့ရတာ။ တကယ်လို့ အကြီးအကဲချူက စိတ်မရှိဘူးဆိုရင် ကျွန်တော့်ကို မွေးစားသားအဖြစ် လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်”
ချူဖုန်း ကျောထဲ၌ စိမ့်ခနဲ ခံစားလိုက်ရ၏။
“အကွက်ရွှေ့တာ တော်တော်လေး ချောမွေ့တာပဲ။ မင်း ဒါမျိုးလုပ်တာ မထမဆုံးအကြိမ် မဟုတ်ဘူး မလား”
လင်းယုန်က သူ့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေသည်။
အကြီးအကဲရှီက ရယ်မောလိုက်၏။ “အကြီးအကဲချူ ခန့်မှန်းတာ မှန်ပါတယ်။ အဲဒီတုန်းကလည်း လင်းယုန်ဘုရင်က ကျောင်းအုပ်ကို မွေးစားဖခင်အဖြစ် တောင်းဆိုခဲ့ဖူးတယ်”
“ကျောင်းအုပ်ကလည်း ဒီလင်းယုန်က သူ့ကို မိဘလို သဘောထားတယ်အထင်နဲ့ ဝမ်တောက် ကျောင်းတော်ကို ခေါ်လာခဲ့တာလေ”
“ဒါဆို ကျောင်းအုပ်က သူ့ကို မွေးစားသားအဖြစ် လက်မခံခဲ့ဘူးလား”
အကြီးအကဲရှီက တဟဲဟဲ ရယ်မောသည်။ “အဲဒီတုန်းက ကျောင်းအုပ်က သူတော်စင်တစ်ပိုင်း အဆင့် ရောက်နေပြီ၊ လင်းယုန်ဘုရင်က ဥမှ ပေါက်ခါစပဲ ရှိသေးတာ။ ကျောင်းအုပ်ကတော့ လင်းယုန်က သူ့ကို မြင်မြင်ချင်း စွဲလမ်းသွားတာလို့ပဲ ထင်ခဲ့တာနေမှာပေါ့”
“အော်... အဲဒီလိုလား။”
“ကျွန်တော်ကတော့ အဖေနေရာကနေ သရုပ်ဆောင်ရတာကို အသားမကျသေးဘူး။ မင်းကို ကျောင်းအုပ်က ခေါ်လာတာဆိုတော့ ငါတို့ အချင်းချင်း ညီအစ်ကိုတွေလိုပဲ ဆက်ဆံကြတာပေါ့။ လင်းယုန်ညီနောင်... ငါနဲ့အတူ သောင်းပြောင်းပညာရပ်ဌာနကို လိုက်ခဲ့ဖို့ ဆန္ဒရှိရဲ့လား”
ရွှေတောင်ပံလင်းယုန်ဘုရင်မှာ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်၏ ရွှေပေါင်ကို ဖက်တွယ်ခွင့် မရ၍ အနည်းငယ် စိတ်ပျက်သွားသော်လည်း အနာဂတ် သူတော်စင်တစ်ဦးနှင့် ညီအစ်ကို ဖွဲ့ရခြင်းမှာလည်း မဆိုးလှဟု တွေးလိုက်မိသည်။
“အစ်ကိုကြီးချူက ဖိတ်ခေါ်မှတော့ ကျွန်တော်က ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။ နောင်ကျရင် ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦးခင်ဗျာ”
***