ငါးရက်ကြာပြီးနောက် နံနက်ခင်း။
ယဲ့မိသားစုစံအိမ်တော်၏ ရှေ့ဝင်းပြင်တစ်ခုလုံးမှာ လူများဖြင့် ပြည့်နှက်နေပြီး စည်ကားလျက်ရှိနေ၏။
သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဘိုင်ယွင်မြို့ဖလှယ်ပွဲ ကို ယဲ့အိမ်တော်၏ ရင်ပြင်၌ ကျင်းပနေခြင်းပင်။
နယ်ပယ်အရပ်ရပ်မှ အင်အားစုကြီးငယ်မကျန် ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ကျင်းပသည့် ပွဲတော်ကြီးသို့ တက်ရောက်ရန် စုဝေးရောက်ရှိနေကြ၏။
ယနေ့တွင် ယဲ့အိမ်တော်၏ တံခါးကို ဖွင့်လှစ်ထားပြီး တက်ရောက်သူအားလုံး မီးငှက်တံခါးမှသာ ဝင်ရောက်ကြရသည်။
တံခါးဝတွင် ယဲ့မိသားစု အစောင့်များက ဧည့်သည်တစ်ဦးချင်းစီ၏ ဖိတ်စာကို သေချာစွာ စစ်ဆေးနေကြ၏။
ဖိတ်စာမပါရှိသည့် မည်သူ့ကိုမဆို ဝင်ခွင့်ကို တင်းကျပ်စွာ ပိတ်ပင်ထားသည်။
မြို့ရိုးပေါ်တွင်မူ မည်သည့်အမှားအယွင်းမျှ မရှိစေရန် ယဲ့မိသားစုမှ အဆင့်မြင့်ပညာရှင်များက စောင့်ကြပ်နေကြလေသည်။
ယဲ့အိမ်တော်အပြင်ဘက်တွင်မူ ဖလှယ်ပွဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသူများမှာ နဂါးတစ်ကောင်၏ကျောရိုးကဲ့သို့ တန်းစီနေကြ၏။
ထိုလူတန်း၏ အဆုံးတွင် ချူဖုန်း ရပ်နေသည်။
သူသည် ကျောင်းတော်သားဝတ်ရုံကို ဝတ်ဆင်ကာ လက်ထဲတွင် ခေါက်ယပ်တစ်တောင်ကို ကိုင်ဆောင်ထားပြီး မြင့်မြတ်သော သခင်လေးတစ်ဦးကဲ့သို့ပင်။
သူ့ဘေးတွင် အကြီးအကဲပင်းက ကောင်းကင်ပြာရောင် နတ်မိမယ်ဝတ်စုံကို ဝတ်ဆင်ပြီး ခေါက်ယပ်တောင်ကို ကိုင်ထားကာ မျက်နှာကို ပုဝါဖြင့် ဖုံးအုပ်ထားသည်။
သူမထံမှ မြင့်မြတ်ပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။ လှပသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာတွင်ပင် သူတို့နှစ်ဦး၏ သန့်စင်သော ရုပ်ရည်နှင့် အငွေ့အသက်မှာ ထင်ရှားပေါ်လွင်နေ၏။
တစ်ခုတည်းသော အပြစ်ဆိုဖွယ်ရာမှာ သူတို့နောက်တွင် လိုက်ပါလာသည့် သာမန်ရုပ်ရည်နှင့် လင်းယုန်ကြီးပေ။၎င်းမှာ သူတို့၏ အငွေ့အသက်နှင့် လုံးဝ လိုက်ဖက်မှု မရှိပေ။
မကြာမီ ချူဖုန်းတို့အဖွဲ့ ရှေ့တံခါးဝသို့ ရောက်ရှိလာသည်။ သူက ဖိတ်စာကို အသာအယာ ထုတ်ပြလိုက်ရာ စစ်ဆေးနေသည့် အစောင့်မှာ ချက်ချင်းပင် ရိုသေသော အမူအရာဖြင့် အမြန်ပင်ပြော၏။
“ဂုဏ်သရေရှိ ဧည့်သည်တော်များ ဘယ်ဘက်ကို လာပေးပါခင်ဗျာ။ အဲ့ဒီမှာ လူတစ်ယောက်က လာရောက် ကြိုဆိုပါလိမ့်မယ်”
“အင်း”
ချူဖုန်းက အသာအယာ ပြန်ထူးလိုက်သည်။
တံခါးကို ဖြတ်ကျော်ပြီးနောက် မကြာမီမှာပင် ယဲ့မိသားစုမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လာရောက်ကြိုဆို၏။
သူသည် ချူဖုန်း၏ ဖိတ်စာကို မြင်သည်နှင့် အပြေးအလွှား ရှေ့သို့တက်လာပြီး ရိုသေစွာပြောသည်။
“ဘယ်ဂုဏ်သရေရှိ အရှင်ရဲ့ ကိုယ်စား လာရောက်တာလဲဆိုတာ သိပါရစေခင်ဗျာ”
“မမေးသင့်တာကို မမေးနဲ့။ လမ်းပဲပြပါ” ချူဖုန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ခင်ဗျာ”
ထိုသူက ရိုသေစွာ ပြန်ဖြေလ၏။ သူသည် ယဲ့မိသားစု၏ ကိုးယောက်မြောက် အကြီးအကဲ ဖြစ်သည့်အတွက် ဤဖိတ်စာကို ကောင်းစွာ သိရှိပါသည်။
၎င်းမှာ ဝမ်တောက်ကျောင်းတော် ဌာနမှူးဆယ်ဦးကို ထုတ်ပေးထားသည့် ဖိတ်စာပင်။
ဌာနမှူး ကိုယ်တိုင် တက်ရောက်လေ့မရှိသော်လည်း ၎င်းတို့၏ ဖိတ်စာကို ကိုင်ဆောင်ထားသူ မည်သူမဆို ထိုပုဂ္ဂိုလ်များ၏ ကိုယ်စားလှယ်ဖြစ်ပေမည်။
သူလုပ်နိုင်သည်မှာ လမ်းပြပေးရန်သာ ရှိတော့၏။
မကြာမီ သူတို့အဖွဲ့ ဖလှယ်ပွဲ၏ ရင်ပြင်သို့ ရောက်ရှိလာသည်။
ထိုနေရာတွင် ဆိုင်ခန်းပေါင်းများဖြင့် ပြည့်နှက်နေပြီး အမျိုးအစားစုံလင်လှသော ကုန်ပစ္စည်းများမှာ စူးရှတောက်ပလျက် ရှိပါ၏။
ချူဖုန်းက မေးလိုက်သည်။
“ဒီနှစ် ဖလှယ်ပွဲမှာ ဘယ်လို အကောင်းစားပစ္စည်းတွေ ရှိလဲ”
ကိုးယောက်မြောက် အကြီးအကဲကဖြေသည်။ “ဧည့်သည်တော်က ဘယ်လို ရတနာမျိုးကို ရှာဖွေနေတာလဲဆိုတာ ပြောပြပေးရင် ကျွန်တော် အကြံပြုပေးနိုင်ပါတယ်ခင်ဗျာ”
ချူဖုန်း ခဏမျှ စဉ်းစားလိုက်၏။
“ငါက ရှားပါးပြီး ထူးဆန်းတဲ့ အရာမျိုးတွေကို ပိုကြိုက်တယ်”
ကိုးယောက်မြောက် အကြီးအကဲ “...”
ချူဖုန်း၏ အကြိုက်မှာ မည်မျှအထိ ရှားပါးထူးဆန်းနေမည်ကို သူ ခန့်မှန်း၍ မရပေ။
သို့သော်လည်း သူက အားတင်းကာ ပြန်ဖြေလိုက်ရသည်။
“ဧည့်သည်တော်က ရှားပါးပြီးထူးဆန်းတာကို ကြိုက်တယ်ဆိုရင် ရတနာပေါင်းစုဇုန် ကို သွားကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီက ပစ္စည်းတွေက အကောင်းအဆိုး ခွဲခြားနိုင်ဖို့တော့ မျက်စိလျင်ဖို့ လိုပါလိမ့်မယ်”
ချူဖုန်းက သူ့ယပ်တောင်ကို တစ်ချက် ခတ်လိုက်၏။
“ကောင်းပြီ... လမ်းပြ”
တစ်ချိန်တည်းမှာပင် ချောင်ရို့ချန် နှင့် အခြားသူများသည်လည်း ရတနာပေါင်းစုဇုန် ဆီသို့ သွားနေကြသည်။
ရှောင်ချန်း နှင့် ယဲ့ပေ့ရွှမ်တို့မှာ ရင်ပြင်ထဲတွင် ပေါ့ပေါ့ပါးပါး လျှောက်ကြည့်နေကြပြီး နျဲ့ရှို့ယွမ် နှင့် ရွှီချိုက်ချန် တို့က စိတ်ဝိညာဉ်ဆေးပင်အပိုင်းဆီသို့ တန်းတန်းမတ်မတ် ရောက်သွားကြ၏။
ကိုးယောက်မြောက် အကြီးအကဲက စတင်မိတ်ဆက်ပေးသည်။
“ဧည့်သည်တော်၊ ဒါကတော့ ရတနာပေါင်းစုဇုန်ပါ။ ဒီမှာရှိတဲ့ အရောင်းသမားအားလုံးဟာ ယဲ့မိသားစုရဲ့ အသိအမှတ်ပြုမှုကို ရထားတဲ့သူတွေပါ။ သူတို့ရဲ့ ကုန်ပစ္စည်းတွေက သူတို့ကြွားသလောက်တော့ မကောင်းနိုင်ပေမဲ့ ယေဘုယျအားဖြင့်တော့ ကြီးကြီးမားမား ပြဿနာ မရှိပါဘူး”
ချူဖုန်းက အသာအယာ ခေါင်းညိတ်ပြပြီး ဆိုင်ခန်းများကို လိုက်ကြည့်သည်။ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့သည့်အခါတိုင်း သူသည် ကမ္ဘာပျက်မျက်ဝန်းဖြင့် တိတ်တဆိတ် အကဲခတ်နေ၏။
သို့သော် တစ်ခုချင်းစီကို စစ်ဆေးပြီးနောက် ဘာမှမဝယ်ဘဲ ကျော်သွားလေသည်။
ခဏအကြာတွင် အရှေ့ဘက်ဆီမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ရှောင်ယီ... ဒီ ခရမ်းရောင် ဆံထိုးလေးကို ကြည့်စမ်း။ မင်းရဲ့ ဝတ်စုံနဲ့ လုံးဝ လိုက်ဖက်မနေဘူးလား”
ချူဖုန်း လှမ်းကြည့်လိုက်ရာ လက်ဝတ်ရတနာဆိုင်ခန်းတစ်ခုတွင် ရင်းနှီးသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
ချောင်ရို့ချန်သည် လက်ရာမြောက်ပြီး ဆန်းပြားလှသည့် ဆံထိုးတစ်ချောင်းကို ကိုင်ကာ ပြုံးရွှင်လျက် ရှိသည်။
သူ့ဘေးတွင် စုန့်ကျောက်ယီ က ခပ်ပါးပါး ပြုံးနေပြီး သူမ မျက်လုံးလေးများမှာ လခြမ်းကွေးလေးများကဲ့သို့ပင်။
“အစ်ကိုချန်... အစ်ကို့မျက်စိက တကယ်စူးရှတာပဲ။ ကျွန်မ ဘာမှမပြောရသေးဘူး၊ အစ်ကိုက ကျွန်မ ဘာကြိုက်လဲဆိုတာ သိနေပြီ”
ဆိုင်ရှင်ကလည်း အားတက်သရော ဝင်ပြောသည်။
“ဧည့်သည်တော်... ဒါက ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ တစ်ခုပါ။ အခုလောလောဆယ်မှာတော့ ကိန်းအောင်းနေတဲ့ ဝိညာဉ်က အိပ်စက်နေပေမဲ့ သူ့ကို နိုးထစေမယ့် ကံပါသူကို စောင့်နေတာပါ။ ဒီသခင်မလေးက သဘောကျနေတယ်ဆိုတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်းပဲ ပေးပါဗျာ။ ဒါမှမဟုတ် နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်နဲ့လည်း လဲလို့ရပါတယ်”
ချောင်ရို့ချန်က ဆံထိုးကို ကစားရင်း ပြောလိုက်သည်။
“ဝိညာဉ်ကျောက်တုံး ငါးသောင်းလား။ သိပ်စျေးပေါလွန်းတယ်။ ပြောရရင် ဒါက ငါးသန်းလောက် တန်သင့်တာ”
ဆိုင်ရှင်က စိတ်မသက်မသာ ပြုံးလိုက်၏။ “ဧည့်သည်တော်... ကျွန်တော့်ကို အဲ့လို နောက်မနေပါနဲ့ဗျာ”
ချောင်ရို့ချန်၏ မျက်နှာက အေးစက်သွား၏။
“မင်းက ငါ့ကို အရင်နောက်တာလေ။ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုကို ထိပ်တန်းအဆင့် ဝိညာဉ်ရတနာလို့ ခေါ်တယ်ပေါ့။ ငါက အလိုလိုက်ခံထားရတဲ့ သခင်လေး ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ငတုံးတော့ မဟုတ်ဘူး”
ဆိုင်ရှင် “...”
ယဲ့လင်းခွန်း က သူ့ကို လက်မထောင်ပြလိုက်၏။
“သခင်လေးချန်ရဲ့ မျက်စိက တကယ်စူးရှတာပဲ”
ချောင်ရို့ချန်က ဆံထိုးကို ဆိုင်ခန်းပေါ်သို့ ပြန်ပစ်တင်လိုက်သည်။
“ငါ တစ်ခွန်းစျေးပဲ ပြောမယ်။ မင်း အဆင်ပြေမပြေ ကြည့်လိုက်”
အခုမှ အလိမ်မိသွားသည့် ဆိုင်ရှင်မှာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရသည်။
“ဧည့်သည်တော်က တကယ် မျက်စိလျင်တာပဲ။ ကျွန်တော် စောစောက မှားကြည့်မိတာနေမှာပါ။ စျေးပြောပါဦး”
ချောင်ရို့ချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။ “အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင်”
“အဲ... အဲ့ဒါက သိပ်နည်းလွန်း...”
ဆိုင်ရှင်မှာ ပူပန်သွားသည်။ သူသည် ငတုံးတစ်ယောက်ကို လိမ်ရောင်းရန် ကြံစည်ခဲ့သော်လည်း ကျွမ်းကျင်သူတစ်ဦးနှင့် တိုးသွားလေသည်။ အခုတော့ သူ ပြဿနာတက်နေပါ၏။
“ဟမ်”
ချောင်ရို့ချန်၏ နှုတ်ခမ်းအစုံက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
သူ၏ မျက်ဝန်းမှ ထွက်ပေါ်လာသော ဖိအားကြောင့် ဆိုင်ရှင်မှာ ကြက်သီးမွေးညင်းပင် ထသွားရသည်။
“က... ကောင်းပါပြီ၊ ငါးထောင်ပဲ ထားလိုက်ပါတော့”
ချောင်ရို့ချန်၏ အရှိန်အဝါကြောင့် ကြောက်ရွံ့သွားရသလို မိမိကလည်း အမှားလုပ်ထားသည်ဖြစ်ရာ ဆိုင်ရှင်မှာ သဘောတူရုံမှတစ်ပါး အခြားမရှိတော့ပေ။
ချောင်ရို့ချန်က ခါးမှ အိတ်တစ်အိတ်ကို အသာအယာ ဆွဲထုတ်ကာ ဝိညာဉ်ကျောက်တုံးများကို ရေတွက်ပြီး ဆိုင်ပေါ်သို့ ပစ်ပေးလိုက်သည်။
“စစ်ကြည့်လိုက်”
ဆိုင်ရှင်က သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရာ အထဲတွင် အလယ်အလတ်စိတ်ဝိညာဉ်ကျောက်တုံး ငါးတုံးကို တွေ့လိုက်ရ၏။ သူ ပြုံးပြီး ပြောလိုက်သည်။
“အားလုံး ပြည့်ပါတယ်ခင်ဗျာ။ ကောင်းကောင်းသွားပါ ဧည့်သည်တော်ကြီးခင်ဗျ”
ချောင်ရို့ချန်က ဘာမှပြန်မပြောဘဲ လှည့်ထွက်လာကာ ဆံထိုးကို စုန့်ကျောက်ယီ၏ ဆံပင်တွင် ထိုးပေးလိုက်သည်။
“ကျေးဇူးပါ အစ်ကိုချန်”
စုန့်ကျောက်ယီက ချိုသာစွာ ပြုံးပြလိုက်သည်။
ချောင်ရို့ချန်က ရယ်မောရင်း သူမ၏ လက်ကိုဆွဲကာ ဆိုင်ခန်းများကြား ဆက်လျှောက်တော့သည်။
သူတို့ လှည့်အထွက်တွင် ရင်းနှီးသော ပုံရိပ်အချို့ကို ရုတ်တရက် တွေ့လိုက်ရ၏။
“ဆ... ဆရာ... ဆရာကတော်...”
ထိုစကားလုံးကို ကြားသည်နှင့် ယဲ့လင်းခွန်းရော ယဲ့မိသားစု၏ ကိုးယောက်မြောက် အကြီးအကဲပါ မှင်တက်သွားသည်။
သူတို့၏ အကြည့်များမှာ ချူဖုန်းထံသို့ ချက်ချင်းပင် ရောက်သွား၏။
ချူဖုန်းက ပြုံးကာပြောသည်။
“အားနာနေဖို့ မလိုပါဘူး။ မတွေ့ရတာ ကြာပြီပဲ၊ မင်းကတော့ အရင်အတိုင်း မောက်မာတဲ့ သခင်လေးပါပဲလား”
သူ့ဘေးတွင် ရပ်နေသော အကြီးအကဲပင်းက ချောင်ရို့ချန်၏ အခေါ်ကို ငြင်းဆိုခြင်း မပြုပေ။ ပုဝါအောက်မှ သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ချောင်ရို့ချန်ကို ကြည့်သည့် အကြည့်များမှာလည်း ပိုမိုနူးညံ့လာ၏။
ချောင်ရို့ချန်က ခေါင်းကို ရှက်ရွံ့စွာ ကုတ်လိုက်သည်။
“ဆရာ... ဒီမှာ လူတွေအများကြီးပဲ။ ကျွန်တော့်ကို အရှက်မခွဲပါနဲ့ဗျာ”
ချူဖုန်း ရယ်မောလိုက်သည်။
“အော်... အခုတော့ မင်းက သိက္ခာထိန်းတတ်နေပြီပေါ့ လာပါဦး၊ မတွေ့ရတာ ကြာပြီ။ အတူတူ လမ်းလျှောက်ရအောင်”
“ဟုတ်ကဲ့ပါ ဆရာ”
ချောင်ရို့ချန်က ရှောင်ယီကို ချူဖုန်း၏ ဘေးသို့ ခေါ်လာသည်။
ယဲ့လင်းခွန်းမှာမူ သူတို့နောက်မှ ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ခေါင်းငုံ့၍ လိုက်ပါလာပြီး ရိုသေစွာ နှုတ်ဆက်လိုက်၏။
“တပည့်က အကြီးအကဲချူကို နှုတ်ဆက်ပါတယ်”
ချူဖုန်းက သူ့ကို အံ့ဩသလို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
“မင်း ငါ့ကို သိနေတာလား”
ချောင်ရို့ချန်က အမြန်ပင်ပြောသည်။
“ဆရာ... သူက ကျွန်တော့် သူငယ်ချင်းဟောင်း၊ သားရဲထိန်းဌာနက ယဲ့လင်းခွန်းပါ”
“အော်”
ချူဖုန်းက ထပ်မမေးတော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားလိုက်၏။
သူတို့နောက်မှ လိုက်လာသည့် ယဲ့မိသားစု၏ ကိုးယောက်မြောက် အကြီးအကဲမှာ အတွင်းစိတ်ထဲတွင် လုံးဝ တုန်လှုပ်သွားသည်။
ချူဖုန်း၏ ကျောပြင်ကို ကြည့်ရင်း သူ ထိတ်လန့်တကြား တွေးနေမိသည်။ ‘သူတော်စင်တစ်ပိုင်းချူ က ယဲ့မိသားစုရဲ့ ဖလှယ်ပွဲကို ကိုယ်တိုင်လာတာလား...’
‘သောက်ကျိုးနည်း... သူလာမယ်ဆိုတာ ဘာလို့ ကြိုပြီး အကြောင်းကြားစာ မရခဲ့တာလဲ ပြီးတော့ မိသားစုကလည်း ငါ့လိုလူမျိုးကိုပဲ လာကြိုခိုင်းရတယ်လို့...’
‘သူတော်စင်တစ်ပိုင်းချူက ယဲ့မိသားစုအပေါ် အငြိုးထားသွားမလား မသိဘူး...’
‘အခု ငါ ဘာလုပ်ရမလဲ’