ကျန်းဟန်အနေဖြင့် မုန့်မုန့်နှင့် ဇီယန်တို့ သူနှင့် မည်မျှပင် ဝေးကွာနေပါစေ၊ မည်မျှသော အခက်အခဲများကို ဖြတ်သန်းရပါစေ သူတို့ကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားမည်သာ ဖြစ်ပေသည်။
ယခုအခါ သူတို့၏ သတင်းအစအနကို ရရှိပြီးပြီဖြစ်သဖြင့် ကျန်းဟန်မှာ အနည်းငယ် စိတ်အေးသွားရလေသည်။
“မင်းတို့ ဒီမှာပဲနေပြီး နောက်ရက်အနည်းငယ်လောက် ကောင်းကောင်း အနားယူကြ”
ကျန်းဟန်က လူအုပ်ကြီးကို လှမ်းပြောလိုက်၏။
“နောက်ထပ် လူတွေ ထပ်ရောက်လာဦးမယ်လို့ ငါထင်တယ်”
“အစ်ကို... ဘာလုပ်မလို့လဲ”
ကျန်းလီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
“ငါ နင့်ယောက်မနဲ့ တခြားသူတွေကို သွားရှာမလို့”
ကျန်းဟန်က ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီး ကျွန်တော်တို့ရဲ့ အကူအညီများ လိုအပ်မလား”
မဟာသခင်ချူက ဝင်မေးလိုက်သည်။ “စိတ်မပူပါနဲ့ အစ်ကိုကြီး။ ကျွန်တော်တို့ ကူညီပေးနိုင်တာရှိရင် ပြောပါ”
“ဟုတ်ပါတယ်။ အစ်ကိုကြီး ဘယ်သွားမလို့လဲ”
အဇူရာတောင်ထွတ် တာအိုအရှင်ကပါ လှမ်းမေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ ကျန်းဟန်က လက်ကိုမြှောက်ကာ တားဆီးလိုက်ရင်း ပြောလိုက်၏။
“မင်းတို့ ဒီမှာပဲ နေခဲ့ကြ။ ဒီနေရာကို အခြေစိုက်စခန်းအနေနဲ့ သတ်မှတ်ထားပြီး လူတွေကို တတ်နိုင်သလောက် ဆက်ရှာကြည့်ပေးကြပါ”
စကားပြောနေစဉ် ကျန်းဟန်က အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်လေသည်။
“လီလီ... နင်နဲ့ လျန်ဟောင်က ကောင်းကင်အမြွှာဂြိုဟ်ပေါ်မှာ သွားလာလို့ရတယ်။ ဒီဂြိုဟ်က သိပ်ပြီးတော့ မသေးဘူးလေ...”
ကျန်းဟန်က လူအုပ်ကြီးကို ကြည့်ကာ လိုအပ်သော ညွှန်ကြားချက်အချို့ကို ပေးအပ်လိုက်သည်။
အထူးသဖြင့် လျန်မုန့်ချီနှင့် ပတ်သက်လာလျှင် သူက အလေးအနက်ဆုံး ဖြစ်နေခဲ့သည်။ သူက သူမကို အသံနက်နက်ဖြင့် မှာကြားလိုက်၏။
“မုန့်ချီ... မင်း ကိုယ်ဝန်ပျက်ကျခဲ့တယ်ဆိုတော့ ခန္ဓာကိုယ်က နည်းနည်း ထိခိုက်သွားတယ်။ မင်းအတွက် ဆေးလုံး ၂၁ လုံး ချန်ထားခဲ့ပေးမယ်။ ငါ့ညွှန်ကြားချက်အတိုင်း သေချာသောက်ပါ။ မင်း ကျန်းမာရေး ပြန်ကောင်းလာရင် ရှောင်ဖုန်း မင်းအနားမှာ ရှိနေသရွေ့ အားလုံး အဆင်ပြေသွားမှာပါ”
“နားလည်ပါပြီ”
လျန်မုန့်ချီ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်ဝမ်းနည်းမှုရိပ်များ ထင်ဟပ်နေလေသည်။
သူမက ကျောက်ဖုန်းအတွက် သားတစ်ယောက် မွေးဖွားပေးနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤသို့သော ကံဆိုးမိုးမှောင်ကျမှုမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူမ အလွန်တရာ အကူအညီမဲ့နေသလို ခံစားနေရရှာသည်။
“ဆရာ... ကျွန်မ ဆရာနဲ့ လိုက်ခဲ့လို့ ရမလား”
ချူကျင်းယီက မေးလိုက်သည်။ သူမက ကျန်းဟန်၏ နောက်သို့ လိုက်ပါသွားချင်နေခဲ့ခြင်း ဖြစ်၏။
“ဟုတ်တယ် အစ်ကိုကြီး။ ကျွန်တော်တို့ သုံးယောက် အစ်ကိုကြီးနဲ့ လိုက်ခဲ့လို့ရတယ်။ သူတို့နှစ်ယောက်ကတော့ ဒီမှာ ကျန်ခဲ့လိမ့်မယ်။ ကျွန်တော် အစ်ကိုကြီးရဲ့ လက်ထောက်အနေနဲ့ပဲဖြစ်ဖြစ် တစ်ခုခု ကူညီပေးနိုင်ပါတယ်”
မဟာသခင်ချူက ဝင်ပြောလိုက်သည်။
သူ စကားပြောလိုက်သည်နှင့် ချူကျင်းယီလည်း ဆက်မပြောတော့ဘဲ နှုတ်ဆိတ်သွားလေသည်။
“ငါ ကျယ်ပြောသောကောင်းကင်ဂြိုဟ်ကို အရင်သွားဖြစ်မယ်ထင်တယ်”
ကျန်းဟန်က ဆုံးဖြတ်ချက်ချထားသည့်ဟန်ဖြင့် ပြောလိုက်သည်။
“ကျယ်ပြောသောကောင်းကင်ဂြိုဟ် ဟုတ်လား”
တာအိုဆရာကြီး ဟုန်ဟူ၏ မျက်နှာမှာ ခဏမျှ တောင့်တင်းသွားလေသည်။
“အပြင်လူတွေက အဲဒီနေရာကို အလွယ်တကူ ဝင်ခွင့်မရကြဘူးလေ။ ဝင်လို့ရရင်တောင် ကုန်သွယ်ရေးမြို့ အနည်းငယ်လောက်ကိုပဲ သွားခွင့်ရှိတာ။ တခြားဘယ်နေရာကိုမှ သွားလို့မရဘူး”
“အဓိကက အဲဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲဆိုတာပါပဲ။ တစ်ရက် နှစ်ရက်လောက်ဆိုရင်တော့ ကုန်သွယ်ရေးမြို့ တချို့ကို ခရီးထွက်လို့ရပါတယ်”
မဟာသခင်ချူက ရှင်းပြလိုက်သည်။
“ကျွန်တော် အရင်တုန်းက လင်ပင်လယ်ဓားဂိုဏ်းက အကြီးအကဲဂျိုနက်ဖ်ကို သိခဲ့ဖူးတယ်။ ဒါပေမဲ့ သူက တာဝန်တစ်ခု ထမ်းဆောင်နေတုန်း ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီလို့ ကြားတယ်။ အခုဆိုရင် ကျွန်တော်လည်း အဲဒီမှာ ဘယ်သူ့ကိုမှ မသိတော့ဘူး”
“ကျယ်ပြောသောကောင်းကင်ဂြိုဟ်က မဟာဂိုဏ်းကြီးလေးခုဆီ ဝင်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူးဗျ”
အဇူရာတောင်ထွတ် တာအိုအရှင်က ခါးသီးစွာ ရယ်မောလိုက်လေသည်။
“သူတို့က အပြင်က အင်အားစုတွေကိုတောင် ဂရုမစိုက်ကြဘူး။ ကျယ်ပြောသောကောင်းကင်ဂြိုဟ်ရဲ့ စည်းမျဉ်းတွေက အရမ်းကို တင်းကျပ်လွန်းပြီး ဝင်ဖို့က မလွယ်ကူလှဘူး။ ဒါပေမဲ့ ဝင်ဖို့ နည်းလမ်းတစ်ခုကိုတော့ ကျွန်တော် သိထားတယ်။ ဆန်းကြယ်မျှော်စင်ရဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်နိုင်ရင် ဂိုဏ်းထဲကို ခေါ်ဆောင်သွားခံရပြီး အပြင်စည်းတပည့်တွေနဲ့အတူ စမ်းသပ်ခံရလိမ့်မယ်။ ဒါက ကျယ်ပြောသောကောင်းကင်ဂြိုဟ်ထဲကို ဝင်ရောက်နိုင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းပဲ”
ထိုစကားများကို ကြားသောအခါ ကျန်းဟန်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူ စဉ်းစားခန်းဝင်သွားလေသည်။
“ကျယ်ပြောသောကောင်းကင် ကြယ်တာရာနယ်မြေက အရမ်းကို ကြီးမားကျယ်ပြန့်ပြီး ကောင်းကင်အမြွှာဂြိုဟ်ထက် အဆသုံးသောင်းလောက် ပိုကြီးတယ်။ ကျင့်ကြံသူတော်တော်များများက ပျံသန်းပြီး ဂြိုဟ်တစ်ပတ်ပတ်ဖို့ဆိုရင်တောင် ဆယ်စုနှစ်များစွာ ကြာတတ်ကြတယ်။ ကျယ်ပြောသောကောင်းကင် ကြယ်တာရာနယ်မြေမှာ အခွင့်အလမ်းတွေ အများကြီးရှိသလို သွေးထွက်သံယို စစ်မြေပြင်တွေနဲ့ ဆန်းကြယ်သားရဲတွေ အများကြီး ကျက်စားနေတဲ့ ကြောက်စရာကောင်းတဲ့ တောင်တန်းကြီးတွေလည်း ရှိတယ်”
မဟာသခင်ချူက အခြေအနေကို ရှင်းပြလိုက်သည်။
“ကျယ်ပြောသောကောင်းကင်ဂြိုဟ်ပေါ်မှာ လူတစ်ယောက်ကို ရှာတာက ပင်လယ်ထဲ အပ်ကျတာကို ရှာတာနဲ့ တူတူပဲ။ အဓိကက သူတို့ ဘယ်မှာရှိနေလဲဆိုတာ အတိအကျသိဖို့ပဲလိုတယ်။ မဟာဂိုဏ်းကြီးလေးခုက လုံခြုံရေး အရမ်းတင်းကျပ်တယ်။ ခိုးဝင်လာတုန်း ကျွန်တော်တို့ကို တွေ့သွားရင် သေချာပေါက် ဒုက္ခရောက်လိမ့်မယ်”
ကျယ်ပြောသောကောင်းကင်ဂြိုဟ်နှင့် ပတ်သက်လာလျှင်မူ အဇူရာတောင်ထွတ် တာအိုအရှင်နှင့် အခြားသူများမှာ ထိုနေရာသို့ သွားချင်လျှင်ပင် သွားနိုင်စွမ်း ရှိမနေခဲ့ကြပေ။
ဤပြဿနာကို ဖြေရှင်းရန်အတွက် သူတို့၌ မည်သည့် အကြံအစည်မျှ မရှိခဲ့ချေ။
သူတို့၏ တစ်ဦးချင်း ခွန်အားစွမ်းရည်မှာ အတော်အတန် မြင့်မားကြသည် မှန်သော်လည်း ကျယ်ပြောသောကောင်းကင်ဂြိုဟ်ပေါ်တွင်မူ သူတို့ကို မည်သူကမျှ ဂရုစိုက်မည် မဟုတ်ပေ။
ကျန်းဟန်က အချိန်အနည်းငယ်အကြာ နှုတ်ဆိတ်နေပြီးမှ မေးလိုက်လေသည်။
“ဆန်းကြယ်မျှော်စင်တွေက ဘယ်နေရာမှာရှိတာလဲ”
သူ့ထံတွင် အတင်းအဓမ္မ ဝင်ရောက်ရန် နည်းလမ်းရှိသော်ငြား ပိုမိုလုံခြုံစိတ်ချရသော နည်းလမ်းဖြင့် ဝင်ရောက်လိုပါက စမ်းသပ်မှုများကို ဖြတ်ကျော်ပြီး သူ၏လူများကို ရှာဖွေနိုင်ရန်အတွက် တရားဝင် အဆင့်အတန်းတစ်ခုဖြင့် ဂိုဏ်းထဲသို့ ဝင်ရောက်ရပေမည်။
“ဆန်းကြယ်မျှော်စင် နှစ်ခုပဲ ရှိတယ်။ တစ်ခုက အစစ်အမှန်သိုင်းပညာဂိုဏ်းမှာရှိပြီး နောက်တစ်ခုက လင်ပင်လယ်ဓားဂိုဏ်းမှာ ရှိတယ်”
မဟာသခင်ချူက ဖြေကြားလိုက်သည်။
“အစစ်အမှန်သိုင်းပညာဂိုဏ်းမှာ အတွင်းစည်းတပည့် အရေအတွက်က အနည်းဆုံးဖြစ်ပြီး အပြင်စည်းတပည့် အရေအတွက်ထက်တောင် နည်းပါးသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ပိုပြီးအလေးထားကြလို့ပဲ။ သူတို့က ကျယ်ပြောသောကောင်းကင် ကြယ်တာရာနယ်မြေမှာ နံပါတ်တစ် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဂိုဏ်းကြီးပဲ။ လင်ပင်လယ်ဓားဂိုဏ်းကတော့ ဓားသိုင်းပညာကို အဓိကထားပြီး လူအင်အားလည်း အများကြီးရှိတယ်... ဒါပေမဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းနဲ့ တစ်နှစ်ပတ်လုံး တိုက်ခိုက်နေရတယ်။ ဂိုဏ်းနှစ်ခုစလုံးက အရည်အချင်းရှိတဲ့ တပည့်တော်တော်များများက တစ်ဖက်ဂိုဏ်းရဲ့ ပစ်မှတ်ထားတာကို ခံကြရတယ်။ အကယ်လို့ လူတစ်ယောက်က သူတို့ထဲက အဓိကလူ တစ်ယောက်ယောက်ကို သတ်နိုင်ရင် စိတ်ဝိညာဉ်ရတနာတွေ အများကြီး ဆုချခံရတယ်လို့ ကြားဖူးတယ်”
“ကျန်းလေး... လင်ပင်လယ်ဓားဂိုဏ်းရဲ့ ဆန်းကြယ်မျှော်စင်ကို ငါ့ကို ခေါ်သွားပေးပါ”
ကျန်းဟန်က ပြောလိုက်သည်။
ထိုနေရာသည် အဆက်မပြတ် တိုက်ပွဲများနှင့် ကမောက်ကမဖြစ်မှုများ ပြည့်နှက်နေသည်ဆိုသောအချက်ကပင်လျှင် သူ၏ဆန္ဒနှင့် အကိုက်ညီဆုံး ဖြစ်နေလေသည်။
“ကောင်းပါပြီ”
မဟာသခင်ချူက ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော်တို့ ဘယ်တော့လောက် ခရီးထွက်ကြမလဲ”
“အခု ချက်ချင်းပဲ”
ကျန်းဟန်က တုံ့ဆိုင်းနေခြင်းအလျင်းမရှိဘဲ ပြောလိုက်သည်။
ဤစကားကြောင့် မဟာသခင်ချူ ဆွံ့အသွားရ၏။
‘ငါတို့ အခု ချက်ချင်း ထွက်သွားမှာလား’
‘သူက အရမ်းကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်တာပဲ’
မဟာသခင်ချူက သတိဝင်လာပြီးနောက် ပြောလိုက်သည်။
“ကျွန်တော်တို့ အရင်ဆုံး အာကာသစခန်းကို သွားကြမယ်။ အလင်းတော်အဖွဲ့မှာ S102 အဆင့်ရှိတဲ့ ရေစီးကြောင်းလို့ခေါ်တဲ့ ဘုရင်အဆင့် အာကာသယာဉ် တစ်စင်းရှိပြီး အရမ်းမြန်တယ်။ အဲဒီအာကာသယာဉ်နဲ့ သွားမယ်ဆိုရင် ဆယ်ရက်လောက်နေရင် ခရီးစဉ်ကို ရောက်နိုင်လောက်တယ်”
“ကောင်းပြီလေ”
ကျန်းဟန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ သွေးဆုတ်ဖြူရော်နေသော မျက်နှာဖြင့် သူက လူအုပ်ကြီးကို တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်၏။
“မင်းတို့ ဒီမှာ သေချာအနားယူကြ။ ဟုန်ဟူနဲ့ အဇူရာတောင်ထွတ် ရှိနေမှတော့ မင်းတို့ ဘေးကင်းမှာပါ။ တစ်ခုခုလိုရင် သူတို့ကို အကူအညီတောင်းလို့ရတယ်”
“ဟုတ်ကဲ့ပါ။ သူတို့ တစ်ခုခု လိုအပ်ရင် ကျွန်တော်တို့ကို ပြောလို့ရပါတယ်”
အဇူရာတောင်ထွတ် တာအိုအရှင်က သူ၏ရင်ဘတ်ကိုပုတ်ကာ တာဝန်ယူလိုက်လေသည်။
“စိတ်မပူပါနဲ့ အစ်ကိုကြီး။ ကျွန်တော်တို့ ဒီကနေ စောင့်ရှောက်ပေးထားပါ့မယ်”
တာအိုဆရာကြီး ဟုန်ဟူကလည်း ဝင်ပြောလိုက်သည်။ “အစ်ကိုကြီး ပေးခဲ့တဲ့ ကျင့်စဉ်က အရမ်းကို နက်နဲသိမ်မွေ့တယ်။ ကျွန်တော် အဘိုးကြီးချူရဲ့ စံအိမ်တော်မှာပဲ နှစ်အတော်ကြာအောင် တံခါးပိတ်ကျင့်ကြံဖြစ်မယ်လို့ ထင်တယ်”
သေချာသည်မှာ သူက သူ၏ကိုယ်ပိုင်နယ်မြေသို့ပင် မပြန်တော့ဘဲ ဤနေရာ၌သာ နေထိုင်ရင်း အားလုံးကို စောင့်ရှောက်ပေးနေမည် ဖြစ်သည်။
လူအုပ်ကြီး၏ ဝမ်းနည်းဖွယ် နှုတ်ဆက်မှုများကြားတွင် မဟာသခင်ချူက ဘီးတပ်ကုလားထိုင်ကို တွန်းကာ ကျန်းဟန်နှင့်အတူ လေယာဉ်ပေါ်သို့ တက်ရောက်သွားခဲ့သည်။ လေယာဉ်ပျံကြီးက ကောင်းကင်ယံသို့ ပျံတက်သွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
ကျန်းဟန်မှာ ဇီယန်နှင့် မုန့်မုန့်ကို မရှာတွေ့နိုင်သရွေ့ မည်သည့်အခါမျှ စိတ်အေးချမ်းသာစွာ နေနိုင်မည်မဟုတ်ကြောင်းကို လျန်မုန့်ချီ၊ ကျန်းလီ၊ ချူကျင်းယီနှင့် အခြားသူများအားလုံး ကောင်းစွာ နားလည်ထားကြသည်။
ပျောက်ဆုံးနေသေးသော အခြားသူများနှင့် ပတ်သက်၍မူ ပြန်ရောက်လာသည့် လူအုပ်ကြီး ကြုံတွေ့ခဲ့ရသည့်အရာများကို အခြေခံ၍ တွေးတောကြည့်လျှင် သူတို့ အနည်းငယ် ပို၍ စိတ်အေးနိုင်ပေသည်။
သူတို့ ရောက်ရှိသွားသော နေရာများမှာ ထိုမျှလောက်အထိ ဆိုးရွားနိုင်မည်မဟုတ်ပေ။
ထို့ပြင် ထိုလူများက ပို၍ စွမ်းအားကြီးမားကြပြီး သူတို့၏ လွတ်မြောက်ရာ နည်းလမ်းများကလည်း ပို၍ အစွမ်းထက်လှသည်။ သူတို့အားလုံးမှာ ကျန်းဟန် ကိုယ်တိုင် သင်ကြားပေးထားသည့် ထိပ်တန်းတပည့်များ ဖြစ်ကြပေသည်။
ပုတ်... ပုတ်... ပုတ်...
ကျန်းလီက လျန်မုန့်ချီ၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ အားပေးလိုက်သည်။
“သိပ်မစိုးရိမ်ပါနဲ့ မုန့်ချီရယ်။ ကျောက်ဖုန်းက အပြင်မှာ ပျော်နေလောက်ပါပြီ”
“အင်းပါ”
လျန်မုန့်ချီက ပြန်ဖြေလိုက်သည်။
သို့သော် ရှေးဟောင်းမိုင်းတွင်းကြီးထဲတွင်ကား...
ရွှမ်း... ရွှမ်း... ဖန်း...
“မြန်မြန်တူးကြစမ်း”
အစောင့်အချို့က အေးစက်ခက်ထန်သော မျက်နှာများဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်ကြသည်။ အခါအားလျော်စွာ သူတို့က ကြာပွတ်များကို လေထဲဝှေ့ယမ်းကာ သတ္တုတွင်းလုပ်သားများကို ရိုက်နှက်လေ့ရှိကြသည်။
“ဟူး... ငါ ဒီလိုအဖြစ်မျိုးနဲ့ မထိုက်တန်ပါဘူးကွာ...”
ချန်းချန်ချင်က ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
“ဟင်... အစ်ကိုချင်ပါလား”
ဘေးဘက်ဆီမှ ရင်းနှီးကျွမ်းဝင်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ရှောင်ဖုန်း ဟုတ်လား”
ချန်းချန်ချင် အလွန်အံ့ဩဝမ်းသာဖြစ်သွားရသည်။
သူ့လူကို ပြန်မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲ၌ အနည်းငယ် နေလို့ထိုင်လို့ ကောင်းသွားလေသည်။
“မင်းလည်း ဒီရောက်နေတာလား”
“ဟုတ်တယ်ဗျ။ အစ်ကိုလည်း ဒီမှာရှိနေတာ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ”
“ငါ ဒီမှာဒုက္ခခံနေရတာ ဆယ်လတောင်ရှိနေပြီကွ”
“ဒါဆိုရင် ကျွန်တော်က အစ်ကို့ထက် တစ်လစောပြီး ဒီမိုင်းတွင်းကို အပို့ခံလိုက်ရတာပေါ့။ ကျွန်တော် ဒီမှာရောက်နေတာ (၁၁) လတောင် ရှိနေပြီ”
“ရှောင်ဖုန်းရာ... မင်းက ငါ့ထက်တောင် ပိုပြီး သနားစရာကောင်းနေသေးတာပဲ”
“...”
ကျန်းဟန်နှင့် ကျန်းလီတို့သည် အမှန်တကယ်ပင် သွေးသားရင်းချာ မောင်နှမများ ပီသကြပေသည်။ သူတို့က အခြားသူများ၏ အခြေအနေများနှင့် ပတ်သက်၍ အလွန်အမင်း အကောင်းမြင် ယုံကြည်လွန်ကဲနေခဲ့ကြသော်လည်း လက်တွေ့၌မူ အတိတ်နိမိတ်မကောင်းစွာဖြင့် ပြောင်းပြန်ဖြစ်နေခဲ့လေသည်။
ကျောက်ဖုန်းနှင့် ချန်းချန်ချင်တို့ သနားစရာကောင်းသော ညီအစ်ကိုနှစ်ဦးသည် ငရဲတမျှဆိုးရွားလှသော ရှေးဟောင်းမိုင်းတွင်းကြီးထဲတွင် သွားရောက်ဆုံတွေ့နေကြသည်။ သို့ရာတွင် ထိုနေရာမှ သူတို့ ထွက်ပြေးလွတ်မြောက်နိုင်ရန် အခွင့်အလမ်းမှာမူ အလွန်တရာ နည်းပါးလှပေသည်။
အခြားတစ်ဖက်တွင်မူ မဟာသခင်ချူသည် အလင်းတော်အဖွဲ့ရှိ အဆင့်အမြင့်ဆုံး ဘုရင်အဆင့် အာကာသယာဉ်ကို ငှားရမ်းရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုပေးခဲ့သည်။
“ကျယ်ပြောသော သစ်သားဂြိုဟ်ကို သွားကြရအောင်”
၎င်းမှာ အလွန်ရှည်လျားသော ခရီးစဉ်တစ်ခု ဖြစ်လာပေလိမ့်မည်။
မဟာသခင်ချူက အခြေအနေအရပ်ရပ်ကို စတင်ရှင်းပြလေသည်။
“အစ်ကိုကြီး... ကျယ်ပြောသောကောင်းကင်ဂြိုဟ်က အရင်ကနဲ့ မတူတော့ဘူး။ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ဂြိုဟ်ငါးလုံးပဲရှိပြီး ကျယ်ပြောသောရွှေဂြိုဟ်၊ ကျယ်ပြောသောသစ်သားဂြိုဟ်၊ ကျယ်ပြောသောရေဂြိုဟ်၊ ကျယ်ပြောသောမီးဂြိုဟ်နဲ့ ကျယ်ပြောသောမြေကြီးဂြိုဟ်လို့ နာမည်ပြောင်းထားတယ်။ အဲဒါတွေက မဟာဂိုဏ်းကြီးလေးခုရဲ့ ဂိုဏ်းခွဲတွေနဲ့ သဘောသဘာဝချင်း အတူတူပဲ။ ကျယ်ပြောသောရွှေဂြိုဟ်က အစစ်အမှန်သိုင်းပညာဂိုဏ်းက ပိုင်တယ်... ကျယ်ပြောသောသစ်သားဂြိုဟ်က လင်ပင်လယ်ဓားဂိုဏ်းက ပိုင်တယ်... ကျယ်ပြောသောမီးဂြိုဟ်က ကောင်းကင်မိစ္ဆာဂိုဏ်းက ပိုင်တယ်... ပြီးတော့ ကျန်တဲ့ ဂြိုဟ်နှစ်လုံးက ကြက်သွေးရောင်နေခြည်ဂိုဏ်းက ပိုင်တယ်”
“မဟာဂိုဏ်းကြီးလေးခုကြားက ပဋိပက္ခတွေကတော့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ လင်ပင်လယ်ဓားဂိုဏ်းနဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းကြားက တိုက်ပွဲတွေကတော့ အပြင်းထန်ဆုံးပဲ။ ဂိုဏ်းနှစ်ခုကြားမှာ တိုက်ပွဲကြီးတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်။ အစစ်အမှန်သိုင်းပညာဂိုဏ်းက တိုက်ပွဲတွေမှာ တစ်ခါတလေ ဝင်ရောက်စွက်ဖက်လေ့ရှိတယ်။ သူတို့က မတူညီတဲ့ အချိန်ကာလတွေမှာ သူတို့ရဲ့ တပည့်တွေကို လေ့ကျင့်ပေးပြီး လင်ပင်လယ်ဓားဂိုဏ်း ဒါမှမဟုတ် ကောင်းကင်မိစ္ဆာဂိုဏ်းကို တိုက်ခိုက်စေကြတယ်။ အဲဒါက တော်တော်လေးကို မဆင်မခြင်နိုင်လွန်းပုံပေါ်တယ်။ ကြက်သွေးရောင်နေခြည်ဂိုဏ်းမှာပဲ တိုက်ပွဲပိုနည်းတာ။ သူတို့က အကျိုးအမြတ် ပိုရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေပုံရတယ်။ သူတို့မှာ တပည့်အရေအတွက် အများဆုံးရှိပြီး တစ်ခါတလေ တခြားဂိုဏ်းတွေကို တိုက်ခိုက်လေ့ရှိပေမဲ့ အဲဒီတိုက်ပွဲတွေကို သေးငယ်တဲ့ အရွယ်အစားလောက်ပဲ ကန့်သတ်ထားလေ့ရှိတယ်”
“ကျွန်တော်တို့က လင်ပင်လယ်ဓားဂိုဏ်းကို သွားပြီး ဝင်ခွင့်စာမေးပွဲမရှိတဲ့အချိန်မှာ ဂိုဏ်းထဲကို ဝင်ချင်ရင် ဆန်းကြယ်မျှော်စင်ရဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ရမယ်။ အဲဒီမျှော်စင်မှာ အထပ် (၂၀) ရှိတယ်လို့ ဆိုကြတယ်။ အထပ် (၁၀) ထပ်ကို ကျော်ဖြတ်နိုင်ရင် အပြင်စည်းဂိုဏ်းကို ဝင်နိုင်မယ်။ (၁၅) ထပ်ကို ကျော်ဖြတ်နိုင်ရင် အတွင်းစည်းဂိုဏ်းကို ဝင်နိုင်မယ်။ (၁၈) ထပ်ကို ကျော်ဖြတ်နိုင်ရင်တော့ တပည့်ခေါင်းဆောင်တွေ ဖြစ်လာနိုင်ပြီး တောင်ထွတ်အသီးသီးက လုယက်လိုချင်တဲ့ ထိပ်တန်းပါရမီရှင်တွေ ဖြစ်လာနိုင်တယ်။ အထပ် (၂၀) စလုံးကို အပြည့်အဝ ကျော်ဖြတ်နိုင်တဲ့သူဆိုတာ တစ်ယောက်မှ မရှိသေးဘူး”
“အစ်ကိုကြီး... အစ်ကိုကြီးကတော့ အထပ် (၂၀) စလုံးကို အလွယ်တကူ ရှင်းလင်းနိုင်ပြီး တစ်ဖက်လူကို အံ့ဩသွားအောင် လုပ်နိုင်မှာ အသေအချာပဲ။ အစ်ကိုကြီး ကြိုက်တဲ့ တောင်ထွတ်ကို စိတ်ကြိုက် ရွေးချယ်နိုင်တယ်”
သို့သော် ကျန်းဟန်က ဘာမှမပြောဘဲ ခေါင်းခါရမ်းလိုက်သည်။
အထပ် (၂၀) စလုံးကို ဖြတ်ကျော်ရန်မှာ အလွန်အမင်း ပေါ်ပေါ်ထင်ထင် ဖြစ်လွန်းပေလိမ့်မည်။
ယခုလက်ရှိတွင် ကျန်းဟန်သည် သူ၏ မိသားစုကိုသာ အေးအေးချမ်းချမ်း ရှာဖွေချင်နေခဲ့သည်။
“ကျွန်တော် ပြီးခဲ့တဲ့အကြိမ် ခရီးထွက်တုန်းက ကျယ်ပြောသောရွှေဂြိုဟ်ကို ဖြတ်သွားရင်းနဲ့ ဆန်းကြယ်မျှော်စင်ကို အဝေးကနေ မြင်ခဲ့ဖူးတယ်။ အဲဒါက တိမ်တွေဆီ ရောက်တဲ့အထိကို မြင့်မားတာ။ အဲဒီကို အတွေ့အကြုံယူဖို့ ဝင်သွားတဲ့သူတွေ တန်းစီနေကြရတယ်။ နေ့တိုင်း လူတစ်သောင်းကျော်လောက် အဲဒီကို သွားပြီး စမ်းသပ်မှုတွေ ခံယူကြတယ်။ လူတစ်သောင်းမှာမှ တစ်ယောက်ပဲ အောင်မြင်နိုင်တယ်လို့ ဆိုကြတယ်။ ပျမ်းမျှအားဖြင့် ဆယ်ရက်လောက်မှာမှ စမ်းသပ်မှုတွေကို အောင်မြင်တဲ့သူ တစ်ယောက်လောက်ပဲ ပေါ်ထွက်လာလေ့ရှိတယ်”
“တန်းစီစောင့်ရတာကိုက ရက်အနည်းငယ်လောက် ကြာလိမ့်မယ်ထင်တယ်”
“အာ”
မဟာသခင်ချူ ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်လေသည်။
“ဘာဖြစ်လို့လဲ”
ကျန်းဟန်က သူ့ကို တစ်ချက် လှည့်ကြည့်လိုက်သည်။
“စမ်းသပ်မှုတွေကို ခံယူဖို့က အနည်းဆုံး အသက် (၁၀၀) အောက် ရှိရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ကျွန်တော် မေ့သွားတယ်။ အစ်ကိုကြီး... အစ်ကို့အသက် ဘယ်လောက်ရှိပြီလဲဆိုတာတောင် ကျွန်တော် မသိဘူးဗျ။ အစ်ကို သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ပြန်သွားပြီး နောက်မှ တခြားနည်းလမ်းကို ပြန်ဆွေးနွေးကြရင်ကော ဘယ်လိုလဲ”
ကျန်းဟန် မျက်လုံးများကို ထပ်မံမှိတ်လိုက်ပြီး တိုးတိုးလေး ဖြေလိုက်သည်။
“ငါ့ခန္ဓာကိုယ်က အရမ်းငယ်ပါသေးတယ်”
ထိုစကားကြောင့် မဟာသခင်ချူ၏ နှုတ်ခမ်းများ တုန်ယင်သွားရလေသည်။
‘အစ်ကိုကြီးက သူ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ထားတာလား... ဒါမှမဟုတ် တခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးထားတာများလား’
သူ မည်သို့မျှ စဉ်းစား၍မရနိုင်သဖြင့် မဟာသခင်ချူ ဆက်လက်၍ မမေးမြန်းတော့ပေ။ ကျယ်ပြောသောကောင်းကင် ကြယ်တာရာနယ်မြေနှင့် ပတ်သက်၍ သူသိသမျှ အချက်အလက်များကို ကျန်းဟန်အား ပြောပြပြီးနောက် သူ ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။
သူ ကျန်းဟန်နှင့် အတူရှိနေစဉ် သူနားမလည်သော ကျင့်စဉ်ပိုင်းဆိုင်ရာ အရာများကို လွတ်လပ်စွာ မေးမြန်းနိုင်ပြီး ၎င်းအချက်ကို သူ အလွန်သဘောကျ နှစ်ခြိုက်နေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ရက်ကျော် ကုန်လွန်သွားခဲ့လေပြီ။
မဟာသခင်ချူသည် ကျန်းဟန်ထံမှ ပညာသင်ယူမှုတွင် နစ်မြောမက်မောနေဆဲဖြစ်သည်။
“ကျွန်တော်တို့ ရောက်တော့မယ်”
အာကာသစခန်းရှိ ကင်းလှည့်ဂိတ်အချို့ကို ဖြတ်သန်းပြီးနောက် သူတို့သည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဆင်းသက်ရောက်ရှိသွားကြသည်။
မိုးထိအောင် မြင့်မားလှသော ဆန်းကြယ်မျှော်စင်ကြီးက သူတို့၏ ရှေ့မှောက်တွင် ခန့်ညားစွာ တည်ရှိနေ၏။
မဟာသခင်ချူ ပြောခဲ့သကဲ့သို့ပင် စမ်းသပ်မှုခံယူရန် တန်းစီနေသူ အများအပြား ရှိနေလေသည်။
လွန်ခဲ့သော ဆယ်ရက်တာကာလအတွင်း ကျန်းဟန်သည် ဆေးလုံး ခုနစ်လုံးကို သောက်သုံးခဲ့ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
ပင်မဝိညာဉ်၏ ဒဏ်ရာ တည်ငြိမ်သွားသရွေ့ သူ၏ ကျန်းမာရေးအတွက် ပြဿနာမရှိနိုင်တော့ပေ။
ဤအချိန်တွင် ကျန်းဟန်က မသိစိတ်၏ စေစားမှုကြောင့် ဘီးတပ်ကုလားထိုင်ကို ဆက်လက်မယူဆောင်ချင်တော့ပေ။
“အစ်ကိုကြီး... ဘာလို့ ထလာတာလဲ။ ပြန်ထိုင်ပါ။ ကျွန်တော် တွန်းပေးပါ့မယ်”
မဟာသခင်ချူက အလွန်စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဟန်၏ မျက်နှာကြီး မည်းမှောင်သွားလေသည်။
“ငါက သက်တောင့်သက်သာ အနားယူဖို့အတွက် ဘီးတပ်ကုလားထိုင်ကို ယူလာတာ။ ငါက ဒုက္ခိတမှ မဟုတ်တာ”
“ဗျာ”
မဟာသခင်ချူမှာ ပြန်ပြောစရာစကားပင် ရှာမရတော့ပေ။
သူက ကျန်းဟန်နောက်သို့ လိမ္မာရေးခြားရှိစွာ ကပ်လိုက်သွားပြီး လူများ ဆန်းကြယ်မျှော်စင်ထဲသို့ ဝင်ရန် တန်းစီနေကြသည့် လမ်းမဆီသို့ လျှောက်သွားလိုက်သည်။
မြင်ကွင်းက အလွန်အမင်း စည်ကားသိုက်မြိုက်နေ၏။ လူတွေက နိုင်ငံတော်အဆင့် စာမေးပွဲဖြေဆိုရန် မြို့တော်သို့ လာရောက်စုရုံးနေကြသည်နှင့်ပင် တူနေလေသည်။
လူအများစုက အဖော်များနှင့်အတူ လာကြခြင်း ဖြစ်သည်။ သူတို့က လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး လူအုပ်ကြီးမှာ အလွန်တရာ များပြားလှသည်။ တန်းစီနေသူများမှာ ကုန်းမြေ၏ အလယ်ဗဟိုနေရာတွင် နေရာယူထားကြသည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ ဆွေးနွေးပြောဆိုသံများကို အတိုင်းသား ကြားနေရလေသည်။
“ဒီနေ့တင် လူလေးထောင်ခြောက်ရာလောက် ကျရှုံးသွားတယ်။ အကောင်းဆုံးတစ်ယောက်ကတောင် ပဉ္စမထပ်ကိုပဲ ကျော်ဖြတ်နိုင်ခဲ့တာတဲ့”
“ကျယ်ပြောသောသစ်သားဂြိုဟ်ပေါ်က ဆန်းကြယ်မျှော်စင်ရဲ့ စမ်းသပ်မှုတွေက ပိုပြီးတော့ ခက်ခဲတယ်လေ”
“ဒါပေမဲ့ အောင်မြင်နိုင်တဲ့သူတွေက လင်ပင်လယ်ဓားဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းကို ဝင်ရောက်နိုင်ပြီး သူတို့မှာ ဂုဏ်သိက္ခာကြီးမားတဲ့ အဆင့်အတန်းတွေ ရှိလာလိမ့်မယ်”
-အခန်း (၁၉၂၂) ပြီး