“ကျွန်တော် အရင်သွားမယ်”
“အလောတကြီး မလုပ်ပါနဲ့ ကျုံးချန်းဖုန်း။ ကျွန်တော်က တစ်နှစ်လုံး ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့တာ။ အခု နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို စမ်းသပ်ရတော့မယ်။ မင်း စောင့်နေတာ ပိုကောင်းမယ်”
“ငါ အရင် စင်ပေါ်တက်ပြီး မင်းတို့အတွက် စံနမူနာပြမယ်”
“ငါ အတွင်းစည်းတပည့်တွေကို ဘယ်လိုရိုက်နှက်မလဲဆိုတာ စောင့်ကြည့်နေလိုက်”
လူအများအပြားမှာ အလွန်ပင် မာနထောင်လွှားနေကြလေသည်။
တက်ကြွနေကြသော အပြင်စည်းတပည့်များကို ကြည့်ရင်း တူညီသော အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် အတွင်းစည်းတပည့်များက ဘာမှမပြောဘဲ အထင်အမြင်သေးစွာ ပြုံးလိုက်ကြသည်။
‘အတွင်းစည်းတပည့်တွေကို သင်ခန်းစာပေးနိုင်လောက်အောင် သူတို့က စွမ်းအားကြီးတယ်လို့ ထင်နေတာလား’
လူတိုင်း၏ အာရုံစိုက်မှုကို ရရှိထားသော စင်မြင့်ဒါဇင်ပေါင်းများစွာမှာ မကြာမီမှာပင် ပြည့်သွားလေသည်။
အတွင်းစည်းတပည့်များကို ရိုက်နှက်မည်ဟု ကြွေးကြော်ခဲ့သူမှာ မာနထောင်လွှားနေပုံရသော်လည်း သူ၏နှလုံးသားမှာမူ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။
‘တစ်နှစ်လုံး ကြိုးကြိုးစားစား ကျင့်ကြံပြီးနောက် စာမေးပွဲအတွက် အချိန်တန်ပြီ။ ဒီနေ့ ငါ အောင်မြင်မလား၊ ကျရှုံးမလားဆိုတာ ကြည့်ကြရအောင်’
“မင်းရယ်... မင်းရယ်... မင်းရယ်... မင်းရယ်... နဲ့ မင်း”
သူက အတွင်းစည်းတပည့် ငါးယောက်ကို ကျပန်း လက်ညှိုးထိုးရွေးချယ်လိုက်သည်။
သူက ထိုအတွင်းစည်းတပည့်များထဲမှ တစ်ယောက်ကိုမျှ မသိသလို သူတို့ကို သီးသန့်ရွေးချယ်စရာလည်း မလိုပေ။
“မင်းက တော်တော်လေး မာနကြီးတာပဲ”
အတွင်းစည်းတပည့်တစ်ဦးက စင်ပေါ်သို့ အရင်တက်လာပြီး သူ့ကို အေးစက်ခက်ထန်စွာ စိုက်ကြည့်လိုက်လေသည်။
လေထုထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး မိုးရွာပြီးနောက် တိုက်ခတ်လာသော လေပြေကဲ့သို့ လူများကို ကိုယ်ရောစိတ်ပါ အေးစက်တုန်လှုပ်သွားစေသည်။
အတွင်းစည်းတပည့်များက ပြင်ပလောကတွင် သေချာပေါက် တိုက်ပွဲဝင်လေ့ရှိကြသည်။ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် ပြုစုပျိုးထောင်ခံထားရသည့် အပြင်စည်းတပည့်များနှင့် သူတို့က ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။
သူတို့၏ အရှိန်အဝါကပင် သူတို့၏ ကွာခြားချက်များကို ပြသရန်အတွက် လုံလောက်နေပြီ ဖြစ်သည်။
ဝှစ်...
မျှော်လင့်ထားသည့်အတိုင်းပင်။
အတွင်းစည်းတပည့်က ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး သူ၏ခွန်အား တစ်ဝက်ကိုသာ အသုံးပြု၍ အတွင်းစည်းတပည့်များကို ရိုက်နှက်မည်ဟု အော်ဟစ်ခဲ့သူကို စင်ပေါ်မှ လွင့်စင်သွားစေခဲ့သည်။
ထိုလူ၏ မျက်နှာ အနည်းငယ် သွေးဆုတ်ဖြူရော်သွားလေသည်။
‘ငါတို့ကြားမှာ ဘယ်လိုလုပ် ဒီလောက်ကြီးမားတဲ့ ကွာဟချက် ရှိနေနိုင်တာလဲ’
“မင်းက အရည်အချင်း မမီသေးဘူး။ မင်းရဲ့ ဒီစွမ်းရည်လေးနဲ့ဆိုရင် ပိုပြီးတော့ ခေါင်းငုံ့နေသင့်တယ်”
သူ့ကို သင်ခန်းစာပေးပြီးနောက် အတွင်းစည်းတပည့်က ဂရုမစိုက်ဟန်ဖြင့် ထွက်ခွာသွားလေသည်။
ထိုအပြင်စည်းတပည့်၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေဆဲဖြစ်သည်။
‘ငါ မြန်မြန်ဆန်ဆန် ရှုံးသွားတာပဲ’
‘သူက အရမ်းကို စွမ်းအားကြီးတာပဲ’
တစ်ချိန်တည်းမှာပင် စင်မြင့် ဒါဇင်ပေါင်းများစွာပေါ်တွင် အတွင်းစည်းတပည့် အများအပြား ဆွေးနွေးပြောဆိုနေကြသည်။
“သူက အရမ်းကို အားနည်းလွန်းတယ်”
“တစ်နှစ်လုံး ကြိုးကြိုးစားစား ကျင့်ကြံပြီးမှ ဒီလောက်အဆင့်ပဲ ရှိတာလား။ သူက တကယ့်ကို အမှိုက်ပဲလို့ ငါ ပြောချင်တယ်”
“သူက ငါ့ဆီက လှုပ်ရှားမှု သုံးခုကိုတောင် မခံနိုင်ဘူး။ သူက ဘယ်လိုလုပ်ပြီး အတွင်းစည်းဂိုဏ်းကို ဝင်မလို့လဲ”
“အခုခေတ် အပြင်စည်းတပည့်တွေက ပိုပိုပြီး ဆိုးလာတာပဲ”
“...”
အပြင်စည်းတပည့် အများအပြား တဖြည်းဖြည်း စိတ်ဓာတ်ကျဆင်းလာကြသည်။
နေရာတစ်ခုလုံး ပို၍ပို၍ တိတ်ဆိတ်လာသည်။ နောက်ဆုံးတွင် စကားပြောသူ အလွန်တရာ နည်းပါးသွားလေသည်။
အတွင်းစည်းတပည့်များက သူတို့မှာ စွမ်းရည်အနည်းငယ်ရှိရုံဖြင့် စာမေးပွဲကို အောင်မြင်နိုင်မည်ဟု မထင်မှတ်သင့်ကြောင်း အရင်ဆုံး ပညာပေး၍ ဤလူများကို စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
“စာမေးပွဲအောင်ဖို့က အရမ်းကို ခက်ခဲလွန်းတယ်”
“ဘယ်တော့မှများ အောင်နိုင်တဲ့သူ ပေါ်လာမှာလဲ”
ဤမြို့တွင် အတော်လေး နာမည်ကျော်ကြားသော အပြင်စည်းတပည့် အများအပြားမှာ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားခဲ့ကြသည်။
သို့သော် သူတို့၏ လက်ထဲတွင် လှည့်ကွက်အချို့ အမှန်တကယ် ရှိနေသူ အတော်များများလည်း ရှိပြီး သူတို့က အတွင်းစည်းတပည့်များကို တိုက်ခိုက်ရန် အလောတကြီး မလုပ်ကြပေ။
အဘယ်ကြောင့်ဆိုသော် ကာလတိုင်း၏ အတွင်းစည်းစာမေးပွဲအတွင်း အတွင်းစည်းတပည့်များစွာက အပြင်စည်းတပည့်များကို အရင်ဆုံး အနိုင်ကျင့်ရသည်ကို အလွန်နှစ်သက်ကြကြောင်း သူတို့ သိထားသောကြောင့် ဖြစ်သည်။
ဆိုလိုသည်မှာ သူတို့က အတွင်းစည်းတပည့်များကို အရင်စိန်ခေါ်ပါက သူတို့ရှုံးနိမ့်ရန် အလားအလာ ပိုများနေပေမည်။
တဖြည်းဖြည်းနှင့် အပြင်စည်းတပည့်များက ဤအချက်ကို သတိထားမိသွားပုံရလေသည်။
မည်သူကမျှ စင်ပေါ်သို့ တက်ရန် ဆန္ဒမရှိကြတော့ပေ။
စင်မြင့်များစွာ အလွတ်ဖြစ်သွားသည်။
ဘေးတွင် ရပ်နေသော ကြီးကြပ်ရေးမှူးချုပ်က အေးစက်သော အသံဖြင့် အော်ပြောလိုက်သည်။
“မင်းတို့မှာ တိုက်ခိုက်ဖို့ သတ္တိတောင် မရှိဘူးဆိုရင် လင်ပင်လယ်ဓားဂိုဏ်းကို ဝင်ဖို့ ဘယ်လိုလုပ် အရည်အချင်းပြည့်မီမှာလဲ”
ဤအချိန်တွင် စင်ပေါ်သို့ တက်လာသူ မည်သူမဆို အာရုံစိုက်မှုဗဟိုချက် ဖြစ်လာပေလိမ့်မည်။
တစ်စုံတစ်ယောက်က အတွင်းစည်းတပည့်တစ်ဦးကို အနိုင်ယူနိုင်ခဲ့လျှင် သူတို့သည် အဆုံးမဲ့ ဂုဏ်ကျက်သရေကို ခံစားရမည်ဖြစ်ပြီး ကြီးကြပ်ရေးမှူးချုပ်ကပင်လျှင် သူတို့ကို ကွဲပြားစွာ ဆက်ဆံပေလိမ့်မည်။
သို့သော် ကျန်းဟန်က အာရုံစိုက်မှုဗဟိုချက် ဖြစ်လာရန် မကြိုးစားခဲ့ပေ။
သူက နေရာမှာတင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေခဲ့သည်။
နောက်ဆုံးတွင် မထိန်းနိုင်သူ တစ်ယောက် ထွက်ပေါ်လာလေသည်။
“ငါ စမ်းကြည့်မယ်”
အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးက စင်ပေါ်သို့ ခုန်တက်သွားပြီး အတွင်းစည်းတပည့် ငါးဦးကို လျင်မြန်စွာ လက်ညှိုးထိုးပြလိုက်သည်။
“စီနီယာအစ်ကိုတို့... ကျေးဇူးပြုပြီး သက်ညှာပေးကြပါ”
“အဲဒါ ဟန်ချမ်မန်ပဲ”
“သူပဲ။ သူတောင် မနိုင်ဘူးဆိုရင် ဒီစာမေးပွဲက... အရမ်း... အဓိပ္ပာယ်မရှိလွန်းဘူး”
လူအုပ်ထဲတွင် ဆွေးနွေးသံများစွာ ထွက်ပေါ်လာသည်။
အတွင်းစည်းတပည့် အချို့အနက်မှ တစ်ယောက်က စင်ပေါ်သို့ တက်လာသည်။
“မင်းအကြောင်း ငါ ကြားဖူးတယ်။ မင်း ဒီမှာ တော်တော်လေး ကောင်းကောင်း လုပ်နေတယ်ဆိုပေမဲ့ ငါတော့ သက်ညှာမှာ မဟုတ်ဘူး”
“အချင်းချင်း လှုပ်ရှားမှုတချို့ ဖလှယ်ကြရုံပါပဲ”
ဟန်ချမ်မန် ရယ်မောလိုက်ပြီး ညာဘက်လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာသည်။
ထန်... ထန်... ထန်...
ပြိုင်ဘက်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လေသည်။
ဆယ့်ငါးစက္ကန့်အတွင်းမှာပင် အတွင်းစည်းတပည့်က သူ၏မျက်လုံးထဲတွင် အံ့ဩမှုများဖြင့် မီတာဆယ်ကျော် နောက်ဆုတ်သွားခဲ့ရသည်။
“မဆိုးပါဘူး။ ငါက ခွန်အား (၆၀) ရာခိုင်နှုန်းလောက်ပဲ သုံးထားတဲ့အချိန်မှာ မင်းက ငါ့ကို အနိုင်ယူနိုင်တယ်။ မင်း ငါ့ရဲ့ စမ်းသပ်မှုကို အောင်သွားပြီ”
“ကျေးဇူးတင်ပါတယ်”
ဟန်ချမ်မန်က လက်နှစ်ဖက်ယှက်ပြီး နှိမ့်ချသော အမူအရာဖြင့် အရိုအသေပေးလိုက်သည်။
အပြင်စည်းတပည့်များက တဖြည်းဖြည်း စကားပိုပြောလာကြသည်။
လူအများအပြားက ဟန်ချမ်မန်ကို စိုက်ကြည့်နေကြသည်။
သူက အခြား အပြင်စည်းတပည့် လေးဦးစလုံးကို အနိုင်ရရှိခဲ့သည်။
ဤမြို့၏ အတွင်းစည်းစာမေးပွဲတွင် သူ၏ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့သော ပထမဆုံးတပည့် ပေါ်ထွက်လာပြီး သူ၏အမည်မှာ ဟန်ချမ်မန် ဖြစ်လေသည်။
တစ်ခဏအတွင်းမှာပင် သူက အဆုံးမဲ့ ဂုဏ်ကျက်သရေကို ရရှိခဲ့ပြီး မနာလိုသော စကားများစွာကို မကြာခဏ ကြားနေရလေသည်။
“အံ့ဩစရာပဲ”
မုန့်လင်းအာက ကျန်းဟန်ဆီသို့ ပြေးလာပြီး ရယ်မောကာ ပြောလိုက်သည်။ “ငါလည်း စာမေးပွဲ အောင်နိုင်ပါတယ်။ ဒါပေမဲ့ ရှင်ကတော့... ရှင် အောင်မယ်မထင်ဘူး စာကြမ်းပိုးလေးရဲ့။ ရှင် ဘာလို့ နည်းနည်းမှ မစိုးရိမ်ရတာလဲ”
ကျန်းဟန်က သူမကို လျစ်လျူရှုထားလိုက်သည်။
သို့သော် မုန့်လင်းအာက လက်မလျှော့ချင်ပေ။
“ရှင် နည်းနည်းလောက် စိတ်လှုပ်ရှားပြလို့ မရဘူးလား”
“ဟေး... ရှင် ဒီကိုရောက်ကတည်းက စကားတစ်ခွန်းများ ပြောဖူးလို့လား”
“ဘာများလဲ...”
ကျန်းဟန်က အသက်ရှူထုတ်လိုက်ပြီး ပြောလိုက်သည်။
“ဟိုအပေါ်ကို တက်သွားလိုက်”
သူက သူ၏စွမ်းအားကို အနည်းငယ် လည်ပတ်လိုက်လေသည်။
မုန့်လင်းအာက ခုခံ၍မရသော အင်အားတစ်ခုကို ခံစားလိုက်ရပြီး စင်ပေါ်သို့ ချက်ချင်း လွှင့်ပစ်ခံလိုက်ရသည်။
“သောက်ကျိုးနည်း”
မုန့်လင်းအာ ဆွံ့အသွား၏။
‘ဘာတွေ ဖြစ်နေတာလဲ’
‘ဒီလူက... သောက်ကျိုးနည်း... သူက အရမ်းစွမ်းအားကြီးတာပဲ’
“ဘာစောင့်နေတာလဲ။ မင်းရဲ့ ပြိုင်ဘက်တွေကို အခုချက်ချင်း ရွေးလိုက်”
အတွင်းစည်းတပည့်များထဲမှ တစ်ဦးက မုန့်လင်းအာကို အော်ဟစ်တိုက်တွန်းလိုက်သည်။
သူမက သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ဘာလောနေတာလဲ။ ကျွန်မ ရှင့်ကို ရွေးမယ်။ ဒီကိုလာခဲ့... ရှင့်ကို သတ်ပစ်မယ်”
သူမက အခြားလေးယောက်ကိုပါ ဆက်လက်ရွေးချယ်လိုက်သည်။
သူမ၏ တိုက်ပွဲများ စတင်တော့သည်။
ပထမအချီတွင် သူမ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရသော်လည်း နောက်ဆုံးတွင် အနိုင်ရရှိခဲ့လေသည်။
နောက်ဆုံးတွင် သူမက လေးပွဲနိုင်ပြီး တစ်ပွဲရှုံးခဲ့သည်။ သူမ စာမေးပွဲ အောင်မြင်သွားလေပြီ။
အချိန်ကြာလာသည်နှင့်အမျှ တပည့်များ ပိုပိုပြီး အောင်မြင်လာကြသည်။
အတွင်းစည်းတပည့်များ၏ တိုက်ခိုက်မှုများကလည်း ယခင်ကလောက် မပြင်းထန်တော့ပေ။
၎င်းက စင်ပေါ်သို့ ပထမဆုံးခုန်တက်ခဲ့သော တပည့်ကို အလွန်စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။
“ငါ အဲဒီအပေါ်ကို အရမ်းစောစော မတက်ခဲ့သင့်ဘူး”
နောက်ဆုံးတွင် လူအနည်းငယ် ဒါဇင်ခန့်သာ ကျန်ရှိတော့သည်။
“စင်ပေါ်ကို မြန်မြန်တက်ခဲ့ကြ။ စာမေးပွဲရလဒ်တွေကို ချက်ချင်း ကြေညာတော့မယ်” ဟု ကြီးကြပ်ရေးမှူးချုပ်က တိုက်တွန်းလိုက်လေသည်။
ကျန်းဟန်က လူအုပ်ကြီးနောက်သို့ လိုက်ကာ စင်တစ်ခုဆီသို့ သွားခဲ့သည်။
သူက သူ့အနီးဆုံးရှိ လူငါးယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
ပထမဆုံးလူ စင်ပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းဟန်က သူ မတ်တပ်မရပ်နိုင်မီ ညင်သာစွာ လက်သီးဖြင့် ထိုးလိုက်သည်။
၎င်းကိုမြင်သောအခါ အတွင်းစည်းတပည့်က သူ၏ဓားကို မဆွဲထုတ်ဘဲ လက်သီးတစ်ချက်ဖြင့်သာ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်လေသည်။
ဘန်း...
သူက မီတာဒါဇင်ပေါင်းများစွာ နောက်ဆုတ်သွားရပြီး စင်အစွန်းမှ လွင့်ထွက်သွားလေသည်။
“ဘာ...”
သူ၏ မျက်ဆံများ ကျဉ်းမြောင်းသွားရသည်။
“ဒီလူက အတွင်းစည်းတပည့်တစ်ယောက်ရဲ့ ခွန်အား သေချာပေါက် ရှိတယ်”
သူ့ဘေးရှိ သူငယ်ချင်းတစ်ယောက်က လှောင်ပြောင်လိုက်သည်။
“မင်း သူ့ကို အလျှော့ပေးလိုက်တာလား”
သူက စင်ပေါ်သို့ ခုန်တက်သွားပြီး ခုနကလူထက် ပိုသာကြောင်း သက်သေပြရန်အတွက် ကျန်းဟန် မလှုပ်ရှားမီ လက်သီးတစ်ချက်ဖြင့် အရင်ထိုးလိုက်သည်။
ကျန်းဟန်က နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်သည်။
ဒုတိယ အတွင်းစည်းတပည့်မှာ ပိုမြန်သော အရှိန်ဖြင့် စင်ပေါ်မှ လွင့်စဉ်သွားရလေသည်။
စင်ပေါ်မှ လွင့်ထွက်သွားသူ အလွန်အံ့အားသင့်သွားသည်။
“ငါ ခွန်အား (၇၀) ရာခိုင်နှုန်း သုံးထားတာတောင် မင်းကို အနိုင်မယူနိုင်ခဲ့ဘူး”
တတိယမြောက်လူက စင်ပေါ်သို့ လက်ခနဲ ဝင်လာသည်။ သို့သော် သုံးစက္ကန့်မပြည့်မီမှာပင် သူ စင်ပေါ်မှ လွင့်ဆင်းသွားရပြန်သည်။
“ငါ အောင်ပြီလား”
ကျန်းဟန်က မေးလိုက်သည်။
“ဟုတ်တယ်”
“ဒါဆို ငါ ဆက်မတိုက်တော့ဘူး”
ကျန်းဟန်က စာမေးပွဲကို စိတ်မဝင်စားသဖြင့် အဆင့်တက်သွားသော တပည့်များရှိသည့် လူအုပ်ကြီးဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
မုန့်လင်းအာက ဘေးတွင်ရပ်ကာ ပြောလိုက်လေသည်။
“ရှင့်မှာ တကယ့်ကို ကိုယ်ပိုင်ဟန် ရှိတာပဲ”
သို့သော် အတွင်းစည်းတပည့်များကမူ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
တစ်စုံတစ်ယောက်က သူတို့ သိချင်နေသော မေးခွန်းတစ်ခုကို မေးလိုက်ပြီး သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။
“ကျန်းဟန်ယန်က ခုနက သူ့စွမ်းအားအကုန် သုံးခဲ့တယ်လို့ မင်းတို့ထင်လား”
“သောက်ကျိုးနည်း...”
“ဘယ်သူသိမှာလဲ”
“သူ့ခွန်အားက ခန့်မှန်းရခက်တယ်”
“သူက ဟန်ဆောင်နေရင်တောင် ဒါက တုန်လှုပ်စရာကောင်းတယ်”
“အခု အောင်မြင်သူစာရင်းကို ကြေညာမယ်”
ဤနေရာကို တာဝန်ယူရသော ကြီးကြပ်ရေးမှူးချုပ်က ကျန်းဟန်ကို တစ်ချက်ကြည့်ပြီးနောက် ရှေ့ကိုကြည့်ကာ ကြေညာလိုက်လေသည်။
“ရှုံးသွားတဲ့သူတွေအတွက် မင်းတို့နဲ့ တိုက်ခိုက်ခဲ့တဲ့ အတွင်းစည်းတပည့် ငါးယောက်ဆီကနေ အမှတ်တွေ ရလိမ့်မယ်။ တစ်ယောက်ကို (၁၀) မှတ်စီ ပေးမယ်။ စုစုပေါင်း အမှတ် (၅၀) ရှိတယ်။ အမှတ် (၃၀) အထက် ရတဲ့သူတွေကို အတွင်းစည်းတပည့်တွေအဖြစ် သတ်မှတ်မယ်”
ဝုန်း...
ချက်ချင်းပင် ထိုနေရာမှာ ဆူညံသွားလေသည်။
၎င်းက ရှုံးနိမ့်သွားသော အပြင်စည်းတပည့်များအတွက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။
ပြီးခဲ့သော အတွင်းစည်းစာမေးပွဲတွင် ဤကဲ့သို့ ကောင်းမွန်သောအရာမျိုး မရှိခဲ့ပေ။
အဆင့်တက်သွားသူများ၏ စာရင်းကို ကြေညာလိုက်သည်။
နောက်ဆုံးတွင် အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရသူ အရေအတွက်မှာ အတည်ဖြစ်သွားလေသည်။
“အားလုံး ငါ့နောက်ကိုလိုက်ခဲ့။ ဂိုဏ်းကို သွားမယ်”
အဆင့်တက်သွားသူများက သယ်ယူပို့ဆောင်ရေး အာကာသယာဉ်များကို စီးနင်းခဲ့ကြသည်။ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းကာ အတွင်းခြံဝင်းသို့ နှစ်နာရီအတွင်း ရောက်ရှိသွားကြသည်။
အတွင်းခြံဝင်းတစ်ဝိုက်တွင် မြို့ကြီးများစွာ တည်ရှိနေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အတွင်းခြံဝင်းဧရိယာမှာ တောင်ထွတ်များပေါ်ရှိ ရှေးဟောင်းအဆောက်အအုံများဖြင့် ပြည့်နှက်နေကြောင်းကို ကျန်းဟန် သိလိုက်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် လက်ဆင့်ကမ်းလာသော ဂိုဏ်းများအတွက် ဤသို့ပင်ဖြစ်သည်။
“မင်းတို့ ဒီနေ့ ဧည့်ခန်းတွေမှာ အနားယူပြီး မနက်ဖြန် တောင်ထွတ်တွေကို ရွေးချယ်ရမယ်”
အာကာသယာဉ် တစ်ဒါဇင်ကျော်က အဆောက်အအုံများစွာ၏ အလယ်ဗဟိုသို့ ဆင်းသက်လာသည်။ အတွင်းစည်းတပည့်များက အဆောက်အအုံများထဲသို့ ဝင်ရောက်ပြီး စီစဉ်ပေးထားသော အခန်းများတွင် တည်းခိုခဲ့ကြသည်။
မလှမ်းမကမ်းရှိ အဆောက်အအုံတိုင်းတွင် လူများ ဝင်ထွက်သွားလာနေသည်ကို အဝေးမှ မြင်တွေ့နေရလေသည်။
အတွင်းစည်းစာမေးပွဲအတွက် အောင်ချက်ရာခိုင်နှုန်းမှာ (၁၀) ရာခိုင်နှုန်းခန့်သာ ဖြစ်သည်။
သို့သော် အောင်မြင်သူ အရေအတွက်က အလွန်များပြားနေဆဲဖြစ်သည်။ အပြင်စည်းတပည့် မည်မျှရှိမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
မဟာဂိုဏ်းကြီးများက သဘာဝကျကျပင် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ကျန်းဟန်က ဧည့်ခန်းတစ်ခုတွင် တည်းခိုပြီး တောင်ထွတ်များကို သေချာစွာ လေ့လာနားလည်ထားသည်။
ပဉ္စမမြောက် စစ်ဇုန်သို့ သွားရန် အလွယ်ကူဆုံးနည်းလမ်းမှာ ဝင်္ကပါများကို အထူးပြုသော မြေနဂါးတောင်ထွတ်သို့ သွားရန်ဖြစ်သည်။
အသစ်စုဆောင်းထားသော တပည့်များပင်လျှင် တာဝန်များကို လက်ခံယူနိုင်ပြီး ကောင်းကင်မြေပြင်ဝင်္ကပါ တည်ဆောက်ရာတွင် ကူညီရန် သို့မဟုတ် ဂိုဏ်း၏ နယ်မြေကာကွယ်ရေးလိုင်းတွင် ဝင်္ကပါအချို့ကို တပ်ဆင်ရန်အတွက် စစ်ဇုန်သို့ သွားနိုင်ပေသည်။
သူတို့ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ကြသည်။
နောက်တစ်နေ့ နေထွက်လာချိန်တွင် တောင်ထွတ်အစည်းအဝေး စတင်ခဲ့လေသည်။
တောင်ထွတ်အသီးသီးမှ ထူးချွန်သော တပည့်များရှိပြီး အနိမ့်ဆုံးမှာ ကြီးကြပ်ရေးမှူးချုပ်များနှင့် အမြင့်ဆုံးမှာ ကာကွယ်သူများ ဖြစ်ကြသည်။
သူတို့က သူတို့၏ တောင်ထွတ်များ၏ ဝိသေသလက္ခဏာများကို ကိုယ်တိုင် မိတ်ဆက်ပေးခဲ့ကြသည်။ တပည့်များကို ဆွဲဆောင်ရန်အတွက် သူတို့၏ တောင်ထွတ်များအတွက် ကောင်းမွန်သော စကားများစွာကိုလည်း မြှောက်ပင့်ပြောဆိုခဲ့ကြသည်။
ဥပမာအားဖြင့်၊ တစ်စုံတစ်ယောက်က ဤကဲ့သို့ မိတ်ဆက်ပေးခဲ့သည်။
“ပန်းပင်လယ်တောင်ထွတ်မှာ အမျိုးသမီးတပည့်တွေ အရမ်းများတယ်... အထူးသဖြင့် လှပတဲ့သူတွေပေါ့။ ကျွန်တော်တို့ တောင်ထွတ်မှာ ယောကျ်ားလေးတွေထက် မိန်းကလေးတွေက ပိုများတယ်။ ဒါကြောင့် အမျိုးသားတပည့်တချို့ လာဖို့ မျှော်လင့်ပါတယ်။ အင်း... အမျိုးသမီးတပည့် တော်တော်များများက ချိန်းတွေ့ပြီး တာအိုလက်တွဲဖော်တစ်ယောက် ရချင်တယ်လို့ ပြောကြတယ်”
“အဲဒါ အောက်တန်းကျလိုက်တာ”
“သူတို့က ဒီလိုလှည့်ကွက်မျိုးကိုတောင် သုံးရဲတယ်ပေါ့လေ”
တောင်ထွတ်ကိုယ်စားလှယ် အများအပြား ဒေါသထွက်သွားကြလေသည်။
“ငါတို့ရဲ့ ဆေးလုံးသန့်စင်ရေးတောင်ထွတ်မှာ ကျယ်ပြန့်တဲ့ နယ်မြေရှိတယ်။ တပည့်တစ်ယောက်စီက လတိုင်း ကျင့်ကြံဖို့အတွက် ဆေးလုံးသုံးလုံး ရနိုင်တယ်”
“ကြက်သွေးရောင်လေ့ကျင့်ရေးတောင်ထွတ်က အင်အားသစ်တွေ လိုအပ်တယ်။ ငါတို့ တောင်ထွတ်ကို ဝင်ရင် စိတ်ဝိညာဉ်ရတနာတစ်ခု ရနိုင်တယ်”
၎င်းက အလွန်ဆွဲဆောင်မှုရှိပုံရသော်လည်း ဆေးလုံးများနှင့် စိတ်ဝိညာဉ်လက်နက်များက မည်သည့်အဆင့်ဖြစ်သည်ကိုတော့ သူတို့ မပြောခဲ့ကြပေ။
သို့သော် လင်ပင်လယ်ဓားဂိုဏ်းက ပေးမည့်အရာမှာ မဆိုးကြောင်းကိုလည်း လူတိုင်း သိထားကြသည်။
အအေးစက်ဆုံးသူမှာ ဓားသွားတောင်ထွတ်မှ တပည့်တစ်ဦးဖြစ်သည်။ သူ စကားပြောသောအခါ ကောင်းကင်မှ ဓားအလင်းတန်းတစ်ခု စုစည်းလာပြီး ဂိုဏ်း၏ စိတ်ဆန္ဒကို ကိုယ်စားပြုနေလေသည်။
“ဂိုဏ်းမှာ ဓားသွားတောင်ထွတ်က အင်အားအကြီးဆုံးပဲ။ ငါတို့က တိုက်ပွဲတွေမှာ အထူးပြုတယ်။ သူရဲဘောကြောင်တဲ့သူတွေ ဝင်ခွင့်မရှိဘူး”
သူ၏ လေသံက အေးစက်ခက်ထန်ပြီး ဂရုမစိုက်ဟန် ပေါက်နေသည်။
သို့သော် သူက သောင်းနှင့်ချီသော တုံ့ပြန်မှုများကို ရရှိခဲ့ပြီး ဟိန်းဟောက်သံများက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေခဲ့သည်။
လင်ပင်လယ်ဓားဂိုဏ်းသို့ လာသူအများစုက ဓားသွားတောင်ထွတ်သို့ သွားကြမည်သာ ဖြစ်သည်။
၎င်းကိုမြင်သောအခါ ဓားသွားတောင်ထွတ်၏ ကိုယ်စားလှယ်က ထပ်ပြောလိုက်သည်။
“ဓားသွားတောင်ထွတ်က ဒီတစ်ခါ လူသုံးသိန်း စုဆောင်းမှာပါ။ စာရင်းသွင်းတဲ့သူ အရမ်းများတော့ ဒုတိယစာမေးပွဲကနေတစ်ဆင့် ပြန်ရွေးချယ်ဖို့ လိုတယ်”
ထိုလူများအားလုံး ဓားသွားတောင်ထွတ်သို့ သွားချင်ကြသော်လည်း အားလုံးကို လက်ခံမည်မဟုတ်ပေ။
နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာက အတွင်းစည်းစာမေးပွဲကို အောင်မြင်ကြသည်။ ဤလူများမှာ ကျယ်ပြောသောကောင်းကင် ကြယ်တာရာနယ်မြေရှိ လူငယ်မျိုးဆက်၏ အထက်တန်းလွှာများ ဖြစ်ကြသည်။
လူအများအပြား ရှိနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အောင်မြင်မှုရာခိုင်နှုန်းမှာ အလွန်နည်းပါးလှပေသည်။
သို့သော် ကျန်းဟန်က ထိုအင်အားစုများကို လုံးဝ စိတ်မဝင်စားပေ။
သူက မြေနဂါးတောင်ထွတ်သို့ တိုက်ရိုက် သွားခဲ့သည်။ ဒုတိယအဆင့် စာမေးပွဲဖြေဆိုစရာမလိုဘဲ သူက ဂိုဏ်းထဲသို့ တိုက်ရိုက် ဝင်ရောက်ခဲ့လေသည်။
ရွေးချယ်မှုများက တစ်နေ့လုံး ကြာမြင့်ခဲ့သည်။ ဓားသွားတောင်ထွတ်မှလွဲ၍ ကျန်တောင်ထွတ်များအားလုံး ရွေးချယ်မှု ပြီးစီးသွားပြီဖြစ်သည်။ ဓားသွားတောင်ထွတ်၏ ဒုတိယအကဲဖြတ်စစ်ဆေးမှု ရက်အနည်းငယ်အတွင်း ပြီးဆုံးသွားသောအခါ သူတို့သည် တပည့်တစ်သုတ်ကို ထပ်မံလက်ခံနိုင်သေးသည်။
-အခန်း (၁၉၂၄) ပြီး