“ဟမ်၊ ဘယ်လိုလုပ်..”
လောထျန်းတစ်ယောက် ကြည့်နေရင်း အနည်းငယ် အံ့သြသွား၏။
ကျို့ကုန်းက လောထျန်း၏ မျက်နှာထားကြောင့် ချက်ချင်း မျက်နှာမဲ့လိုက်ကာ ဆက်ပြောသည်။
“ငါပြောပါတယ်.. ကျိလန်ဒေသမှာ မိစ္ဆာမျိုးနွယ်ဝင်တွေကို ဘယ်သူကမှ အနိုင်မယူနိုင်ဘူးလို့။ မင်းက မသေမျိုးဘုရင်တစ်ယောက် ဖြစ်နေရင်တောင်မှ မင်းမှာ သေလမ်းပဲရှိတယ်”
ဘုန်း
လေထဲက ခေါင်းလောင်းက ချက်ချင်းပဲ လောထျန်းကို ပိတ်လှောင်လိုက်၏။
ခေါင်းလောင်းပေါ်က ရွှေရောင်ထွင်းစာများက အလင်းတန်းများအဖြစ် သူ့အပေါ် ကျလာခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံးက တုန်ယင်လာကာ ပျက်ဆီးတော့မတတ်ပင်။
ကျို့ကုန်းက မျက်နှာကိုမဲ့လိုက်သည်။
“သေပေတော့”
ပြောပြီးသည်နှင့် သူကလက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး
ကျယ်လောင်သောအသံကြီးနှင့်အတူ ရှေးခေါင်းလောင်းက လောထျန်းကို ဖိချဖို့ ကြိုးစားလိုက်၏။
သို့သော် လောထျန်း မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်းမှ အသာအယာပဲ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပါသည်။
ခဏချင်းမှာပဲ ကောင်းကင်ဘုံလက်ဝါး အသက်ဝင်လာခဲ့ပြီး ရှေးခေါင်းလောင်းကို စုပ်ကိုင်လိုက်သည်။
ဝူး
“ခစ်ခစ်.. မင်းကခုခံချင်တာလား။ နောက်ကျသွားပြီကွ” ကျို့ကုန်းက ခပ်မဲ့မဲ့ပြောသည်။
သို့သော် သူ၏အပြုံးက ခဏချင်းမှာ ပျောက်ကွယ်သွားရလေပြီ။
ဘန်း
လောထျန်း၏ ကောင်းကင်ဘုံလက်ဝါး ထံမှာ စုပ်ကိုင်ခံလိုက်သည်နှင့် ရှေးခေါင်းလောင်း၏ ဖိနှိပ်မှုက တမဟုတ်ချင်း ရပ်တန့်သွားလို့ပင်။
“ဟမ်၊ ဘာတွေဖြစ်နေတာလဲ” ကျို့ကုန်း လန့်သွားတော့သည်။
ဒါဘယ်လိုအခြေအနေကြီးလဲ။
ဘာလို့ သူ့ရဲ့ရှေးခေါင်းလောင်းက မဖိနှိပ်နိုင်တော့တာလဲ။
“ချီးပဲ.. ပြန်ဖိလိုက်စမ်း” ကျို့ကုန်း အော်ဟစ်လိုက်ရင်း လက်တစ်ဖက်ကို ပြန်လှုပ်ရှားလိုက်သည်။
သို့ပေတည့် ခေါင်းလောင်းက တုတ်တုတ်တောင် မလှုပ်သေးဘူး။
“ဘာဖြစ်နေတာလဲ.. ဘာလို့လဲ”
ကျို့ကုန်း အံ့သြစွာရေရွတ်လိုက်သော်လည်း လက်တစ်ဖက်က လှုပ်ရှားနေတာ မရပ်ခဲ့ပေ။
ထွင်းစာတွေ၏ လည်ပတ်နှုန်းက မြန်သထက် မြန်လာရင်း လေတိုးသံတွေပင် ထွက်ပေါ်လာကာ ကန့်သတ်ချက်ကို ကျော်လုနီးပါး ဖြစ်လာသည်။
နောက်ဆုံးတော့..
ဖြူး
ရှေးခေါင်းလောင်းဆီကနေ အမဲရောင်အငွေ့တွေ ထွက်လာပြီး ခေါင်းလောင်းတစ်ခုလုံး တုန်ယင်သွားသည်။ ထွင်းစာတွေကလည်း အားကုန်သွားသည့်နှယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာ၏။
“ဘာ” ကျို့ကုန်း၏ မျက်လုံးက ရုတ်တရက် မယုံကြည်နိုင်ခြင်းများစွာဖြင့် ပြူးကျယ်လာတော့သည်။
သူ၏ တန်ဖိုးကြီးမသေမျိုးလက်နက်က ပျက်ဆီးသွားတာလား။
သူ အသည်းအသန်ပဲ လက်တစ်ဖက်ကို ပြန်လှုပ်ရှားလိုက်သည်။ သို့သော် ဘယ်လောက်ပဲထိန်းချုပ်ဖို့ ကြိုးစားပါစေ၊ လုံးဝ ထိန်းချုပ်မှုလွတ်ကင်းသွားခဲ့သော ရှေးခေါင်းလောင်းကြောင့် သူ ကြီးစွာ စိတ်ပျက်သွားလေတော့၏။
“မင်း.. မင်း.ဘာလုပ်လိုက်တာလဲ”
ကျို့ကုန်း တစ်ယောက် လောထျန်းကို ထိတ်လန့်စွာကြည့်ပြီး ကတုန်ကယင် ဆိုလိုက်လေရဲ့…
သို့သော် လောထျန်းက အဖက်ကိုမလုပ်ပါချေ။ ကျို့ကုန်းကို မကြားသလိုလုပ်ရင်း အခိုးထွက်နေသော ရှေးခေါင်းလောင်းကို အနားဆွဲယူလိုက်ပြီး ဂရုတစိုက် လေ့လာလေသည်။
“ဘယ်လိုပဲကြည့်ကြည့် အဆင့်ကိုးမသေမျိုး လက်နက်တစ်ခုပဲကို.. ခုနတုန်းက ဘာလို့ မူလအဆင့်မသေမျိုးလက်နက်ရဲ့ ဖိအားတွေ ထုတ်လွှတ်ခဲ့တာလဲ”
လောထျန်း တစ်ယောက် သဲလွန်စမတွေ့လေသောကြောင့် မျက်မှောင် ကြုတ်လာတော့သည်။
သူ ချက်ချင်း ခေါင်းထောင်ကာ မျက်နှာချင်းဆိုင်မှာ ရပ်နေသော ကျို့ကုန်းကို လှမ်းကြည့်လိုက်သည်။
ကျို့ကုန်း ရုတ်တရက်တုန်ယင်သွားပြီး ထိတ်လန့်စွာ ဆိုလာ၏။
“မင်း.. မင်းဘာလုပ်ချင်တာလဲ”
လောထျန်းက သူ့လက်ထဲက ရှေးခေါင်းလောင်းကို ငုံ့ကြည့်လိုက်ပြီးမှ မေးလိုက်သည်။
“ဒီပစ္စည်းက ဘာလို့အစွမ်းတိုးသွားခဲ့တာလဲ”
ထိုမေးခွန်းကိုကြားသည်နှင့် ကျို့ကုန်းက မျက်နှာမဲ့လိုက်လေကာ
“ငါကဘာကိစ္စ ပြောပြရမှာလဲ”.
လောထျန်း မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
“မပြောဘူးပေါ့လေ.. ရတယ်၊ ကျုပ်ဘာသာ အဖြေရှာရတာပေါ့”
သူ ချက်ချင်းပဲ ရှေ့တစ်လှမ်းတိုးလိုက်သည်။
ချက်ချင်းပဲ အလွန်ကြောက်ဖို့ကောင်းသော ဖိအားတစ်ခု ပျံ့လွင့်လာ၏။
သာမာန်ခြေတစ်လှမ်း တိုးရုံဖြင့်ပင် မိစ္ဆာနတ်ဘုရားနန်းတော်က မိစ္ဆာဂိုဏ်းသားတွေအားလုံးကို အသက်ရှုရခက်အောင် လုပ်သွားခဲ့သည်။
လောထျန်းက ခြေတစ်လှမ်းတိုးတာ မဟုတ်ဘဲ ကမ္ဘာနှင့်တူသည့် ဂြိုလ်ကြီးတစ်ခုလုံး လိမ့်ကျလာသလို သူတို့အားလုံး ခံစားလိုက်ရ၏။
“ဒီကောင် သူ့မှာဘာလို့ အင်အားကြီးဖိအား ရှိနေရတာလဲ”
ထိုမြင်ကွင်းကြောင့် ကျို့ကုန်း ခေါင်းမွှေးထောင်သွားပြီး ချက်ချင်း လှည့်ပြေးဖို့ ကြိုးစားတော့သည်။
သို့သော် ထိုအချိန်မှာပဲ..
ကျို့ကုန်း၏အနောက်တည့်တည့်မှာ ဟင်းလင်းပြင်တံခါးပေါက်တစ်ခု ပွင့်သွားပြီး ထိုထဲကနေ ခြောက်ခြားဖွယ် ဖိအားတွေ ထွက်လာပြန်သည်။
“ဟေး ကျို့ကုန်း၊ မင်းဘာလုပ်နေတာလဲကွ။ ဘာကိစ္စ ကျိလန်တာအိုစည်းကြောင်းရဲ့ အစွမ်းကို အသုံးပြုခဲ့တာလဲ”
ချက်ချင်းဆိုသလို မကျေနပ်ချက်တွေ ပါနေသော အက်ရှရှ အသံတစ်ခု ထွက်ပေါ်လာလေသည်။
“ဟေ့ကောင် ကျို့ကုန်း၊ ငါတို့ မိစ္ဆာနတ်ဘုရားနန်းတော်က နှစ်တစ်ရာနေမှ ကိုးကြိမ်ပဲ သုံးခွင့်ရှိတာနော်။ မင်းက ဝူရန်စီရင်စုကို သွားရုံနဲ့ အဲ့ဒီအစွမ်းကို သုံးရအောင် ဘာလုပ်ချင်နေတာလဲ”
“မိစ္ဆာနတ်ဘုရား အရမ်းစိတ်ဆိုးနေတယ်”
နောက်ထပ်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
စကားသံဆုံးသည်နှင့် ဟင်းလင်းပြင် တံခါးပေါက်ကို ဖြတ်ပြီး မိစ္ဆာလေးယောက် ထွက်လာ၏။
သူတို့၏ပုံစံ၊ အရပ်အမောင်းနှင့် ခန္ဓာကိုယ်က တော်တော်လေး ကွဲပြားကြပေမဲ့ တူညီသော အရောင်အဝါကို ထုတ်ပေးနေကြကာ..သူတို့၏ အရောင်အဝါက ကျို့ကုန်းထက် အားမနည်းပေ။
မသေမျိုးဘုရင်တွေလား ဝေ့လင်ယွီ ဘေးဘက်ကနေ မနေနိုင်စွာ ရေရွတ်မိသွားသည်။
တစ်ဖက် မိစ္ဆာနတ်ဘုရားနန်းတော်၏ မိစ္ဆာဂိုဏ်းသားတွေလည်း ထိုသူတွေကို မြင်တာနှင့် အံ့သြတကြီး အသံတွေ ထွက်လာတော့သည်။
“ဒီ..ဒီအရပ်ရှည်ရှည်နဲ့သူက ပျက်ဆီးခြင်းအရှင် ၈ လား”
“ပျက်ဆီးခြင်းအရှင် ၈ ဟုတ်လား.. သူက မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ ကြီးမြတ်တဲ့ မသေမျိုးဘုရင်ကိုးယောက်ထဲက တစ်ယောက်မလား”
“ငါကြားဖူးတာတော့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အသန်မာဆုံးဖြစ်ပြီး မိစ္ဆာနတ်ဘုရားတောင် မယှဥ်နိုင်ဘူးတဲ့”
“ဟေ့.. ဟိုဘက်က တစ်ယောက်လေ.. သူက ကံကြမ္မာအရှင် ၇ မလား။ သူကလဲ ကြီးမြတ်တဲ့မသေမျိုးဘုရင် ကိုးယောက်ထဲက တစ်ယောက်ပဲ”
“ငါသူ့ကိုတစ်ခါ တွေ့ဖူးတယ်။ သူက ကျိလန်ဒေသတစ်ခုလုံးမှာ အတော်ဆုံး မီးကျင့်ကြံသူပဲ။ ဒေသကိုးခုလုံးမှာတောင် ထိပ်သီးစားရင်းဝင်နိုင်တယ်”
“ကံကြမ္မာအရှင် ၇ နဲ့ ပျက်ဆီးခြင်း အရှင်၈ တောင် ရောက်လာတာလား။ ဒါဆို တစ်ခြားနှစ်ယောက်ကရော ဘယ်သူတွေလဲ”
မိစ္ဆာဂိုဏ်းသားတွေထဲက အရွယ်နည်းနည်းရနေသော မိစ္ဆာတစ်ယောက်က တုန်ယင်စွာ ဝင်ဖြေပေးလိုက်သည်။
“ဓားမကြီးကိုင်ထားတဲ့သူကို တွေ့သလား.. သူက လက်မောင်းအရှင် ၆ ပဲ။ သူ့ရဲ့ ဓားသိုင်းက သေလောက်တယ်.. သူများတွေ ပြောကြတာတော့ သူ့ရဲ့ဓားသိုင်းက ဒဏ္ဍာရီလာ ဓားသွားအရှင် မသေမျိုး ဧကရာဇ်ကိုတောင် နှိုင်းယှဥ်နိုင်တယ်တဲ့”
“ဘာ.. ဓားသွားအရှင် မသေမျိုးဧကရာဇ်ဟုတ်လား”
အာမေဋိတ်သံတစ်ချို့ ပျံ့လွင့်သွားပြီးနောက်မှာ အားလုံး၏ အကြည့်က နောက်ဆုံးက ပိန်ပိန်ပါးပါးတစ်ယောက်ဆီကို ကျရောက်သွားခဲ့သည်။
“ဒါဆို အဲ့ဒီသူကကော ဘယ်သူလဲ”
မိစ္ဆာငယ်တစ်ယောက်က မေးလိုက်သည်။
သို့သော် မိစ္ဆာအဖိုးအိုက မျက်မှောင်ကြုတ်ကာ ပြန်ဖြေလာ၏။
“ငါသူ့ကို တစ်ခါမှ မတွေ့ဖူးဘူး”
ထိုစကားကြောင့် အနီးက မိစ္ဆာငယ်တွေ အံ့သြသွားလေ၏။
ထိုအဖိုးကြီးသည် ဂိုဏ်းအတွင်းမှာ လေးစားခံရသူဖြစ်ပြီး သူ မမြင်ဖူးတဲ့အရာ မရှိသလောက်ပင်။
ထိုအချိန်မှာပဲ နောက်ထပ်မိစ္ဆာငယ်တစ်ယောက်က တုန်ယင်စွာ ပြောလိုက်သည်။
“ငါမြင်ဖူးတယ်”
“ဟမ်..မင်းသိတယ်လား”
“ဟေ့ကောင်၊ လျှောက်ပြောမနေစမ်းနဲ့။ မင်းအသက်က ဘယ်လောက်မလို့လဲ။ မင်းက ဘယ်လိုလုပ်သိမှာလဲ”
“ငါ သူ့ကိုလူကိုယ်တိုင် မြင်ဖူးတာမဟုတ်ဘူး. ပုံတူပန်းချီတွေ့ဖူးတာ”
“ပန်းချီ..ဟုတ်လား။ ဘယ်လိုပုံစံမျိုးလဲ”
ထိုကောင်လေးက တံတွေးတစ်ချက် မြိုချပြီးမှ ဆက်ပြောလာခဲ့သည်။
“ဘိုးဘေးခန်းမမှာ ချိတ်ထားတဲ့ ပန်းချီ”
“သူက.. မြူခိုးအရှင် ၁ ပဲ”
မိစ္ဆာအုပ်ကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး ထို့နောက်မှာ အံ့သြတကြီးအသံတွေ ကြွက်ကြွက်ညံအောင် ထွက်လာလေတော့သည်။
“ဘာ.. အရှင် ၁ လား”
“ကြီးမြတ်တဲ့မသေမျိုးဘုရင်ကိုးယောက်ရဲ့ ခေါင်းဆောင်လား”
“မိစ္ဆာနတ်ဘုရားနီးပါး.သန်မာတဲ့ အရှင် ၁ လား”
& မဖြစ်နိုင်တာ.. အရှင် ၁ က မရှိတော့ဘူးဆို.. အခု.ဘယ်လိုလုပ်”
ထိုသို့ဖြင့် မိစ္ဆာတွေ အချင်းချင်း ရှုတ်ထွေးစွာ လှည့်ကြည့်ကုန်တော့သည်။
***