ထိုအံ့သြသံများကို နားထောင်နေရင်း မိစ္ဆာအဖိုးအိုက ခပ်ပြတ်ပြတ် ဝင်ပြောလိုက်သည်။
“အဓိပ်ပ္ပါယ်မရှိတာ”
မိစ္ဆာဂိုဏ်းသားတွေ ချက်ချင်းပဲ အဖိုးအိုကို လှည့်ကြည့်လိုက်သည်.. အဖိုးအိုက အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောလာ၏။
“မြူခိုးအရှင်၁ ရဲ့ အစွမ်းက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့အထိ ကောင်းမွန်တယ်။ သူကဘာကြောင့် မရှိရတော့မှာလဲ”
“မိစ္ဆာအိုကြီး.. ခင်ဗျားတစ်ခုခု သိထားတယ်မလား “
မိစ္ဆာအဖိုးအိုက မုတ်ဆိတ်မွှေးရှည်ကြီးကို လက်နဲ့သပ်လိုက်ပြီး ဆက်ပြောသည်။
“ငါ့ရဲ့အဖိုးက အရှင်၁ ရဲ့ လက်အောက်က စစ်သူကြီးဖြစ်ခဲ့ဖူးတယ်”
“အိုး”
အားလုံးက နားလည်သော အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြ၏။
“ဒါဆို အရှင်၁က နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တာလေ။ သူ ဘယ်ကို သွားခဲ့တာလဲ”
အဖိုးအိုက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ဆက်ပြောသည်။
“ငါသိသလောက်တော့ အရှင် ၁ ရဲ့ ပျောက်ကွယ်မှုက အကြောင်းတရား နှစ်မျိုးဖြစ်နိုင်တယ်”
“ပထမတစ်ခုက အဆုံးမဲ့တံခါးပိတ်ကျင့်ကြံခြင်းထဲ ဝင်သွားတာပဲ”
မိစ္ဆာငယ်တွေအားလုံး အံ့သြတကြီး ပင့်သက်ရှိုက်လိုက်ကြသည်။
“ အဆုံးမဲ့တံခါးပိတ် ကျင့်ကြံခြင်းဟုတ်လား။ မြူခိုးအရှင်၁က ကြီးမြတ်တဲ့ မသေမျိုးဘုရင်ကိုးယောက်ရဲ့ ခေါင်းဆောင်ဖြစ်နေပြီးသားလေ။ သူက မသေမျိုးဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်တော့မှာမလို့များလား”
“ဒါဆို.. ဒါဆိုရင် အခုသူက တံခါးပိတ် ကျင့်ကြံတာက ပြန်ထွက်လာပြီဆိုတော့ အောင်မြင်သွားတယ်လို့ ဆိုလိုတာလား”
ချက်ချင်းပဲ သူတို့အားလုံး မြူခိုးအရှင်၁ကို ပြူးပြဲပြီး ကြည့်လိုက်ကြ၏။
သို့သော် ထိုသူ၏အရောင်အဝါက ခံ့ညားဖို့ကောင်းတာ မှန်သော်လည်း မသေမျိုးဘုရင်ထက်တော့ မကျော်လွန်သေးပေ။
မသေမျိုးဘုရင် အဆင့်ကိုးမှာ ရှိနေတုန်းဖြစ်ပြီး မသေမျိုးဧကရာဇစ်တစ်ပိုင်း အဆင့်ကို မရောက်သေးဘူး။
ထို့ကြောင့် သူတို့အားလုံး အဖိုးအိုကို ပြန်ကြည့်လိုက်ကြသည်။
အဖိုးအိုက ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။
“အဲ့ဒီယူဆချက်ကို ငါအရင်ကတွေးခဲ့မိပေမဲ့ အဲ့ဒါက မှားနေခဲ့တယ်”
“ဒါဆို ဒုတိယ ယူဆချက်က ဘာလဲ မိစ္ဆာအိုကြီး”
“ဒုတိယယူဆချက်က..”
“ မြူခိုးအရှင်၁က မိစ္ဆာနတ်ဘုရားရဲ့ အမိန့်နဲ့ အထူးပစ္စည်းတစ်ခုကို သွားရှာခဲ့တာပဲ”
“အထူးပစ္စည်းဟုတ်လား၊ အဲ့ဒါဘာကြီးလဲ”
အဖိုးအို၏ မျက်နှာကချက်ချင်း မည်းမှောင်သွားသည်။
“အေး ငါသိနေရင် မင်းတို့နဲ့အတူ ဒီမှာရပ်နေအုံးမယ် ထင်လား။ မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ အဆင့်မြင့် အကြီးအကဲသွားလုပ်နေမှာပေါ့”
သို့သော် သူက ခဏလောက်နားပြီး ဆက်ပြောလိုက်သည်။
“ ငါသေချာမသိပေမဲ့ အကြမ်းဖျဥ်းတော့ မှန်းနိုင်ပါတယ်။ အဲ့ဒါက အရမ်းကိုထူးခြားတဲ့ သိုင်းကျင့်စဥ်.. ဒါမှမဟုတ် မသေမျိုးလက်နက် တစ်ခုခု ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် ကျိလန်တာအိုစည်းကြောင်းလဲ ဖြစ်နိုင်တယ်”
“ဘာကြီးပဲ ဖြစ်ဖြစ်၊ အခု မြူခိုးအရှင်၁ ပြန်ရောက်လာပြီဆိုတော့ သူ့တာဝန်ပြီးသွားလို့ပဲ မလား။ မင်းတို့အားလုံး မကြာခင် သိရမှာပါ”
မြူခိုးအရှင်၁၏ ပြန်ရောက်မှုက အများကြီး ရှင်းပြပေးသွားလေသည်.. မိစ္ဆာငယ်တွေအားလုံး နားလည်စွာ ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ကြ၏။
ထိုအချိန်မှာ မသေမျိုးဘုရင်လေးယောက်က ကျို့ကုန်းဘေးကို ရောက်လာခဲ့သည်။
“ကျို့ကုန်း၊ မိစ္ဆာနတ်ဘုရားက မင်းကို သူများတွေအပေါက်ပိတ်သွားအောင်လို့ပဲ ကျိလန်ဖယ်ထုတ်ခြင်းပွဲကို ဆောင်ရွက် ခိုင်းခဲ့တာနော်။ ဘာကိစ္စ ဒီလောက်အရစ်ရှည်ပြီး ပြဿနာတွေ အများကြီး ဖန်တီးခဲ့ရတာလဲ”
ပဟွမ်က အနားကို လျှောက်လာရင်း မည်းမှောင်နေသော မျက်နှာဖြင့် မေးခွန်းထုတ်လိုက်သည်။
ပုံမှန်အချိန်မှာ ပဟွမ် အခုလို လေသံနှင့် ပြောလာလို့ကတော့ ကျို့ကုန်း ရိုက်သတ်ပစ်မှာပေမဲ့ အခုအချိန်မှာ သူ ဒေါသထွက်ဖို့ စိတ်မကူးရဲဘူး။
သူ ချက်ချင်းပဲ လေးယောက်လုံးကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။
“ရောက်လာကြတာ ကောင်းတယ်။ သူ့ကို ကူသတ်ပေးအုံး”
ကျို့ကုန်းက ချက်ချင်းပဲ အဝေးမှာရပ်နေသော လောထျန်းကို လက်ညိုးထိုးလိုက်သည်။
ထိုစကားကြောင့် လေးယောက်သား အံ့သြစွာပဲ ကျို့ကုန်းလက်ညိုးညွှန်ရာကို ကြည့်လိုက်ကြပါ၏။
ထိုနေရာတွင် အခိုးငွေ့တွေ ထွက်နေသော ခေါင်းလောင်းကြီးကို ကိုင်ပြီး အေးတိအေးစက် ကြည့်နေသော လောထျန်း သာရှိသည်။
လောထျန်းကို အပေါ်အောက် စစ်ဆေးပြီးသည်နှင့် ပဟွမ် မျက်မှောင်ကြုတ်သွားပြီး ကျို့ကုန်းကို လှမ်းမာန်တော့သည်။
“ကျို့ကုန်း၊ မင်းဦးနှောက်ထဲ ရေဝင်နေလို့လား။ ဟိုသူတောင်းစားမှာ မသေမျိုးချီစွမ်းအင် တစ်စက်တောင်မရှိဘူး။ အဆုံးအစမဲ့နယ်ပယ်ပဲ ရှိတဲ့ အမှိုက်ကောင်ကို ငါတို့လေးယောက်ကို ပေါင်းတိုက်စေချင်တာလား”
ကျန်သုံးယောက်၏.မျက်နှာကလည်း မပျော်မရွှင်ဖြစ်နေလေ၏။
အထူးသဖြင့် မြူခိုးအရှင်၁၏ မျက်နှာက မြှောင်းပုတ်ရေလို မည်းညစ်လာတော့သည်။
“ကျို့ကုန်း၊ မင်း ဘာအဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ” သူ ခက်ထန်စွာ ပြောလိုက်သည်။
သို့သော် ကျို့ကုန်းက စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်ကျတော့မတတ် ပြောလာခဲ့၏။
“ငါ မဟုတ်တာမပြောဘူး။ ဒီကောင့်ရဲ့ သန်မာမှုအစစ်က မသေမျိုးဘုရင်ပဲ.. သူက တစ်ခြားဒေသက မသေမျိုးဘုရင် တစ်ယောက်”
သူ အလျင်စလို ပြောလိုက်သည်။
ထိုကြောင့် လေးယောက်လုံး လောထျန်းကို ပြန်လှည့်ကြည့်လိုက်သည်။
သို့သော် သေချာစစ်ဆေးပြီးသည်နှင့် ကျို့ကုန်းကို ပိုဒေါသထွက်စွာ ဝိုင်းကြည့်လာပါတော့၏။
“ကျို့ကုန်း၊ မင်းကိုယ်မင်း မသေမျိုးဘုရင်တစ်ယောက်လို့ ယူဆသေးတာလား.. ဟိုအကောင့်ကို ကြည့်လိုက်စမ်း၊ ဘယ်နားက မသေမျိုးချီစွမ်းအင်ကို တွေ့နေရလို့လဲ”
“ဟုတ်တယ် ကျို့ကုန်း၊ မင်းဘာတွေ စဥ်းစားနေလဲ ငါမသိဘူး။ ဒါပေမဲ့ ဒီလိုအချိန်မှာ လာနောက်မနေနဲ့ကွ”
တစ်ယောက်တစ်ပေါက် အပြစ်တင်သံများကြောင့် ကျို့ကုန်း၏ မျက်နှာက အလွန်မတရားခံရသလိုမျိုး ပျက်ယွင်းလာတော့သည်။
“ငါပြောတာ တကယ်အမှန်တွေပဲ.. မင်းတို့ မယုံရင် ကိုယ်တိုင်စမ်းကြည့်လိုက်” သူ အံကြိတ်ကာ ပြောလိုက်လေ၏။
ထိုစကားကြောင့် ပဟွမ် အေးစက်စွာ မျက်နှာကိုမဲ့ပြီး ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ.. ဒီကောင်က ဘာကြောင့်များ ကျို့ကုန်းကို ဒီလိုကြောက်အောင် လုပ်ထားနိုင်လဲဆိုတာ ကြည့်ရသေးတာပေါ့”
လက်မောင်အရှင်၆ကလည်း ဘေးက ဝင်ပြောလိုက်သည်။
“ကဲ မြန်မြန် အဆုံးသတ်ကြတာပေါ့။ မြူခိုးအရှင်၁က အချိန်မဖြုန်းဖို့ ပြောထားတယ်”
မြူခိုးအရှင်၁က ထောက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ပဟွမ်က ရယ်မောနေရင်းမှ ပြောလာ၏။
“စိတ်မပူနဲ့၊ ဒီကောင့်ကိုသတ်ရတာ ဘယ်လောက်မှမကြာဘူး”
သူ ချက်ချင်းပဲ လောထျန်းဘက်ကို လမ်းလျှောက်သွားလိုက်၏။
“ပဟွမ်၊ သူ့ကိုအထင်မသေးနဲ့”
ကျို့ကုန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သို့ပေမဲ့ ပဟွမ်က ရွံရှာစွာ နှုတ်ခမ်းတွန့်ရင်း ပြန်ပြောလာ၏။
“ကြည့်နေစမ်းပါ”
ဘုန်း
သူ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် အရောင်အဝါတွေ စုဝေးလာခဲ့ပြီး ဗုဒ္ဓပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်ကြောင့် ပဟွမ်၏ ခန္ဓာကိုယ်ကလည်း သိသာစွာ သန်မာသွားသည်။
သူ၏ ဒုတိယခြေလှမ်းမှာ နောက်ထပ် ဗုဒ္ဓပုံရိပ်တစ်ခု ထပ်ပေါ်လာခဲ့သည်။
သူ ခြေတစ်လှမ်းတိုးတိုင်းမှာ ပုံရိပ်တစ်ခု ထွက်ပေါ်ပြီး သူ၏ အရောင်အဝါကလည်း ပိုမိုမြင့်မားလာသည်။
ခြေလှမ်းရှစ်လှမ်းအပြီးမှာ လောထျန်းအရှေ့ကို ရောက်လာခဲ့ပြီး ဗုဒ္ဓပုံရိပ်ရှစ်ခုက အနောက်မှာရှိနေကာ သူ၏အရောင်အဝါက အမြင့်ဆုံးအနေအထားမှာ အသက်ဝင်နေသည်။
“ဒါက..ဒါက ဘာကြီးလဲ” ချီဖုန်း တစ်ယောက် အလွန်အံ့သြစွာ ပြောလိုက်သည်။
လဲ့ထျန်က တံတွေးမြိုချပြီး ပြောလာ၏။
“ပျက်ဆီးခြင်းအရှင်၈..”
“ဟမ်”
အကုန်လုံး လှည့်ကြည့်လာကြသောကြောင့် လဲ့ထျန် ရှင်းပြပေးလိုက်သည်။
“ပျက်ဆီးခြင်းအရှင်၈က မိစ္ဆာမျိုးနွယ်တွေထဲမှာ ထူးခြားတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူပဲ။ ပဟွမ်ကို ပျက်ဆီးခြင်းအရှင်၈ လို့ ခေါ်ရတဲ့အကြောင်းအရင်းက သူက ပျက်ဆီးခြင်းရှစ်သွယ်ကို ကျင့်ကြံထားလို့ပဲ”
ချီဖုန်းက တံတွေးအပြည့်မြိုချလိုက်ပြီး ဆက်မေးလိုက်သည်။
“ပျက်ဆီးခြင်းအရှင်၈က ဘာထူးခြားတာလဲ”
လဲ့ထျန် အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးမှ ဆက်ရှင်းပြလာသည်။
“ဘာထူးခြားတာလဲဆိုရင် သူ ဗုဒ္ဓရုပ်ပွားတော်တစ်ခု ဖန်တီးတိုင်း သူ့ရဲ့ သန်မာမှုက နှစ်ဆ တိုးသွားတာပဲ”
ချီဖုန်း.လန့်သွားပြီး ပဟွမ်အနောက်က ပုံရိပ်တွေကို ချက်ချင်း ရေတွက်လိုက်တော့သည်။
ထို့နောက် ထိတ်လန့်တကြား ပြောလာ၏။
“သူ့မှာ ပုံရိပ်ရှစ်ခုတောင် ရှိနေပြီ.. ဒါဆို သူက ရှစ်ဆ ပိုသန်မာသွားတဲ့ သဘောလား”
***