မြူခိုးအရှင်၁ နှင့် ကျန်နှစ်ယောက် အချင်းချင်း လှည့်ကြည့်လိုက်ကြသည်။
ကျို့ကုန်းက တကယ်ကို သူတို့ကို သတိပေးခဲ့ပါ၏။
သူတို့အရှေ့က လူက အရမ်းကိုသန်မာတာမလို့ အတူတူ တိုက်ခိုက်ကြရန် အကြိမ်ကြိမ် ပြောဆိုခဲ့သည်။
ဘယ်သူကမှ ကျို့ကုန်းကို မယုံခဲ့ကြဘူး။
သို့သော် ဒါကယုတ္တိမရှိတာတော့ မဟုတ်ပေ။
ကျိလန်ဒေသ၏မိစ္ဆာမျိုးနွယ်တွေ အမြင်မှာ လူသားမျိုးနွယ်ဆိုတာ အလွန်အားနည်းသော မျိုးနွယ်စုတစ်ခုသာ..
ထို့ကြောင့်ပဲ လောထျန်းကို မြင်တာနှင့် ဘာမှမစဥ်းစားပဲ အထင်သေးခဲ့ကြသည်။
ရလဒ်အဖြစ် အခုတော့မသေမျိုးဘုရင် တစ်ယောက် အလကား သေဆုံးသွားရပေပြီ။
“ဟွန့်.. အခုဒါတွေ ပြောရမဲ့အချိန် မဟုတ်ဘူး။ ဟိုကောင်က အခုထိ အလတ်ကြီးရှိနေသေးတယ်။ သူ့ကို အမြန်ဆုံး ဖယ်ရှားရမယ်”
လက်မောင်းအရှင်၆က ပြောပြီးတာနှင့် ကျယ်လောင်သောအသံတစ်ချက်နှင့်အတူ ပုံစံအမှန် ဖော်ထုတ်လိုက်သည်။
ဖြန်း ဖြန်း ဖြန်း
လက်မောင်းကြီး ခြောက်ဖက်ထဲမှာ ကိုင်ထားသော အဆင့်ကိုးမသေမျိုးဓားတွေကနေ အချင်းချင်း ရိုတ်ခတ်သံတွေ ထွက်ပေါ်လာ၏။
ကံကြမ္မာအရှင်၇ လည်း လက်တစ်ဖက် ဝှေ့ယမ်းလိုက်တော့သည်။
ဘုန်း
ချက်ချင်းပဲ သူ့ဦးခေါင်းမှာ တောက်လောင်နေသော မီးတောက်ကြီးတစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်အပူချိန်ကို များစွာ.မြင့်တက်စေခဲ့သည်။
ဒါကိုမြင်တော့ ကျို့ကုန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အရှင်တို့.. ငါတို့တွေကြည့်ပဲဆိုရင် ဒီကောင့်ကို ရင်ဆိုင်ဖို့ခက်ခဲမှာ စိုးရတယ်”
လက်မောင်းအရှင်၆ ချက်ချင်း မျက်မှောင်ကြုတ်သွား၏။
သူ ပြန်ပြောလိုက်ချင်ပေမဲ့ ပဟွမ်၏ မြန်ဆန်သော သေဆုံးမှုကို မြင်ယောင်လိုက်သောကြောင့် ပါးစပ် ပြန်ပိတ်လိုက်လေသည်။
ထိုအချိန်မှာပဲ ဘေးက မြူခိုးအရှင်၁က အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့သုံးယောက် ငါ့ကိုကူညီပြီး သူ့ကို အချိန်ဆွဲထားပေး”
“ဟမ်”
ကျို့ကုန်း လန့်သွားပြီး မြူခိုးအရှင်၁ ကို ချက်ချင်း လှည့်ကြည့်လိုက်၏။
မြူခိုးအရှင်၁ ၏ မျက်နှာမှာ အေးစက်သော အပြုံးတစ်ခု ရှိနေသည်။
“မင်းတို့ငါ့အစား အသက်ရှုချိန်တစ်ရာလောက် အချိန်ဆွဲပေးထားရင် ရပြီ၊ ဒီကောင်ဘာကောင်လဲ ငါမသိဘူး။ ဒါပေမဲ့ ငါတို့ မိစ္ဆာနတ်ဘုရားနန်းတော်ကို ရန်စရဲတဲ့ အတွက် ဒီနေ့သေချာပေါက် သေဆုံးရမယ်”
ကျို့ကုန်း တစ်ယောက် ချက်ချင်းပဲ မျက်လုံးများ တောက်ပသွားလေကာ
“ဒါဆို အောင်မြင်ခဲ့တယ်ပေါ့”
မြူခိုးအရှင်၁က ပြုံးလိုက်သည်။
“ဟုတ်တယ်.. ငါဒီကို မလာခင်က မိစ္ဆာနတ်ဘုရားက ငါ့ကို စထားဖို့ အမိန့်ပေးထားတယ်”
ကျို့ကုန်း၏ မူလက မသက်မသာ.ဖြစ်နေသော မျက်နှာက ချက်ချင်း စိတ်လှုပ်ရှားလာတော့သည်။
“ ဟဟ၊ ကောင်းတယ်။ ဒါဆိုဒီကောင် ဒီနေ့သေချာပေါက် သေပြီပဲ၊ ငါသူ့ကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိပေမဲ့ အချိန်ဆွဲတာကတော့ မခက်ဘူးထင်တာပဲ”
ကျို့ကုန်းက ရယ်မောရင်း ပြောလိုက်သည်။
လက်မောင်းအရှင်ခြောက် လည်း စိတ်သက်သာစွာ သက်ပြင်းချပြီး ခေါင်းညိတ်ပြလာသည်။
“ရတယ်၊ အချိန်ဆွဲတာက ရိုးရှင်းပါတယ်။ ငါအရင်တိုက်မယ်..မင်းတို့ နှစ်ယောက်က သူ့ကို ဘေးကနေ တုတ်နှောင်ဖို့ ကြိုးစားကြ”
ဝုန်း
လက်မောင်းအရှင် ၆ က လောထျန်းရှိရာကို ချက်ချင်း ပြေးဝင်သွားခဲ့သည်။
ရွှမ်..
တစ်ချိန်ထဲမှာပဲ ဓားခြောက်ချောင်း၏ အရောင်အဝါက ထိုးတက်လာပြီး အရိပ်တွေအဖြစ် တစ်ချောင်းတည်းစုဝေး သွားကာ လောထျန်းရှိရာ ရိုက်ချလိုက်သည်။
“အိုး.. ကောင်းကင်ဘုံတစ္ဆေဓားသွားလား၊ လက်မောင်းအရှင်၆က အသန်မာဆုံး ဓားသိုင်းကို ထုတ်သုံးနေမှတော့ ငါ နောက်ကောက်ကျ ကျန်ခဲ့လို့ ဘယ်ဖြစ်မလဲ”
ကံကြမ္မာအရှင်၇ က ရယ်မောလိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို စုဝေးလိုက်သည်။
ချက်ချင်းပဲ သူ့ခန္ဓာကိုယ်အနှံ့ကနေ ထွင်းစာတွေ ထွက်ပေါ်လာပြီး မျက်ခုံးစပ်ကြားကို စုဝေးဝင်ရောက်သွားသည်။
သူ့ဦးခေါင်းထက်က မီးတောက်က သေးငယ်သွားပြီး ထုတ်လွှတ်သည့်ဖိအားက အဆပေါင်းများစွာ တိုးမြှင့်လာ၏။
“ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်”
ကံကြမ္မာအရှင်၇ ကျယ်လောင်စွာ အော်လိုက်သည်။
ထိုမြင်ကွင်းကြောင့် မိစ္ဆာဂိုဏ်းသားတွေ ကြားထဲက မိစ္ဆာအိုကြီး လန့်ဖြန့်သွားလေသည်။
“နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်လား.. ကံကြမ္မာအရှင်၇ က နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်ကို လေ့ကျင့်နိုင်ခဲ့တာလား”
“နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်က ဘာမလို့လဲ”
အဖိုးအိုက တံတွေးတစ်ချက် မြိုချလိုက်ပြီးမှ ဆက်ပြောသည်။
“အဲ့ဒါက မိစ္ဆာမျိုးနွယ် ဧကရာဇ်ရဲ့ အကောင်းဆုံးသိုင်းပဲ.. သူ့ရဲ့ကြောက်ဖို့ ကောင်းတဲ့ မီးတောက်က မသေမျိုးဧကရာဇ်ကိုတောင် မီးလောင်ပြာချလိုက်လို့ရတယ်”
“ဘာ..မသေမျိုးဧကရာဇ်တစ်ယောက်ကို မီးလောင်ပြာချမယ် ဟုတ်လား။ ကံကြမ္မာအရှင်၇က ဒီလောက်တောင် သန်မာတာလား”
မိစ္ဆာဂိုဏ်းသားတွေအားလုံး ကံကြမ္မာအရှင် ၇ ကို မတူကွဲပြားစွာ ကြည့်လိုက်ကြသည်။
အဖိုးအိုက ပါးစပ်အပြည့် တံတွေးမြိုချလိုက်ပြီးမှ ဆက်ပြော၏။
“ သေချာပေါက် ကံကြမ္မာအရှင်၇က အဲ့လောက် မသန်မာသေးဘူး။ သူ ထုတ်တဲ့ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်က အရမ်းသေးတယ်.. ဒါပေမဲ့ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်ကို ဖန်တီးနိုင်တာကိုက အထင်ကြီးစရာ ကောင်းနေပြီ။ ဒါကိုကြည့်လိုက်ရင် သူက မသေမျိုးဧကရာဇစ်တစ်ပိုင်း.. မဟုတ်ဘူး မသေမျိုးဧကရာဇ်ဖြစ်လာဖို့အထိ အရည်အချင်းရှိတဲ့သူပဲ”
ထိုမှသာ ခံစားချက်တွေ ပြည့်နေသော မျက်နှာများဖြင့် သူတို့တွေ သက်ပြင်းချလိုက်တော့သည်။
ထိုအချိန်တွင် ကံကြမ္မာအရှင်၇ နဲ့ လက်မောင်းအရှင်၆ကို ကြည့်နေသော ကျို့ကုန်း၏ မျက်လုံးထဲ အံ့သြမှုတစ်ချို့ ထင်ဟပ်လာ၏။
“ ဒီနှစ်ယောက်က ဒီလောက်တောင် သန်မာကြတာလား။ ငါ့ကိုငါ သူတို့နဲ့ အတူတူပဲ ထင်နေတာ.. ငါအများကြီး နောက်ကျနေပြီမှန်း အခုမှသိတော့တယ်”
သူ့ နှလုံးသားထဲမှာ အမုန်းတရားတစ်ချို့ ဝင်ရောက်လာသလိုပဲ။
ဒီနှစ်ယောက်က လူမသိအောင် စွမ်းအားကြီးသိုင်းပညာတွေ ခိုးကျင့်ထားပြီး သူတို့ကြားက ကွာခြားချက်ကို ကြီးမားအောင် လုပ်ခဲ့သည်။
“ဒါပေမဲ့ ဒီနှစ်ကောင်သန်မာတာလဲ ကောင်းသွားပါတယ် သူတို့နဲ့ဆိုရင် လောထျန်းကို အသက်ရှုချိန်တစ်ရာ အချိန်ဆွဲဖို့ မပြောနဲ့။ သတ်လို့မရနိုင်ရင်တောင် ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်လိမ့်မယ်”
ထိုအတွေးကြောင့် ကျို့ကုန်း၏ နှလုံးသားက တဖြည်းဖြည်း တည်ငြိမ်သွားသည်။
ထိုအချိန်မှာ လက်မောင်းအရှင်၆က အရှေ့ပြေးဝင်သွားခဲ့ချေပြီ။
“ဟေ့ကောင်၊ မင်းင့ါရဲ့ ဒေသ ကိုးခုလုံးမှာ အသန်မာဆုံး ဓားတိုက်ကွက်ကို လက်ခံရဲလား”
ပြောပြီးသည်နှင့် ကြောက်မက်ဖွယ် ဖိအားအသီးသီး ရှိကြသော သူ့ဓားခြောက်ချောင်း၏ အရိပ်တွေက လောထျန်းရှိရာ ကျလာခဲ့သည်။
သူ့မျက်လုံးက တိုက်ခိုက်လိုစိတ်တို့ဖြင့် လောင်မြိုက်နေပြီး လောထျန်းကို ဖိနှိပ်ဖို့သာ စိတ်အားထက်သန်နေလေ၏။
လောထျန်းကတော့ တစ်ဖက်ကိုကြည့်နေရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဒေသကိုးခုရဲ့ အသန်မာဆုံးဓားတိုက်ကွက် ဟုတ်လား”
သူ့မျက်လုံးက အနည်းငယ် နိုးကြားသွား၏။
“ကောင်းပြီလေ၊ ကောင်းကင်ဘုံဓားသိုင်းရဲ့ အဆုံးအစမဲ့နယ်ပယ်အတွက် လေ့ကျင့်မှုကို မင်းနဲ့စရတာပေါ့”
ထိုအချိန်မှာပဲ လက်မောင်းအရှင်၆၏ ဓားအရိပ်တွေက ရောက်လာခဲ့သည်။
သူ့ဓားရိုက်ချက်မှာ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးနိုင်သော အရောင်အဝါတွေ ပြည့်နေပြီး ကြောက်ဖို့ကောင်းသော အရှိန်ဖြင့် ပြေးလွှားနေ၏။
ထိုဓားက နောက်ဆုံးတော့ လောထျန်းကို ဆုတ်ဖြဲပစ်တော့မည်။
ထိုအချိန်မှာပဲ လောထျန်းက ကိုးရိုးကားယား.လက်တစ်ဖက်မြှောက်ကာ မျက်လုံးပိတ်လိုက်သည်။ အဆုံးအစမဲ့နယ်ပယ်အတွက် ရရှိထားသော ကောင်းကင်ဘုံဓားသိုင်းကို ပြန်စဥ်းစားရင်း တိုက်ကွက်တစ်ခု ဖန်တီးလိုက်၏။
“ကောင်းကင်ဘုံဓားသိုင်း ပထမပုံစံ
ဖြန်း
ဒလဟော စီးဝင်လာသော ရေစီးကြောင်း တစ်ခုလိုမျိုး ကြောက်မက်ဖွယ် ဓားစွမ်းအင်က လက်မောင်းအရှင်၆ ရှိရာ အပြေးရောက်သွားသည်။
လောထျန်း၏ ဓားစွမ်းအင်ကို ရင်ဆိုင်လိုက်ရသည်နှင့် ဓားအရှင်၆၏ ဧရာမ ဓားအရိပ်က အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားလေသည်။
“ဘာ”
လက်မောင်းအရှင်၆ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြနေလေရာ၊ တုံ့ပြန်ချိန်ကို မရခဲ့လိုက်ပေ။
အွတ်
မရပ်တန့်သေးသော လောထျန်း၏ ဓားစွမ်းအင်က နောက်ဆုံးမှာ သူ့ကိုပါ ရိုက်ခတ်လာသည်။
ထို့နောက်..
သူ့ဝိညာဥ်ကွဲကြေသွားလေပြီ။
“ဟမ်၊ ငါ့တိုက်ကွက်က မမှန်သေးဘူးပဲ။ အေးကွာ..သေချာမကျင့်ရသေးတော့ အမှားတွေ ပါနေတာ”
လောထျန်း မျက်မှောင်ကြုတ်ပြီး လက်ထဲက ဓားကို စိုက်ကြည့်ကာ ပြောလိုက်သည်။
တကယ်လဲ စဥ်းစားကြည့်လိုက်လျှင် အဆုံးအစမဲ့နယ်ပယ်အတွက် ကောင်းကင်ဘုံဓားသိုင်းကို ရရှိပြီးကတည်းက သူလေချာ မလေ့ကျင့်ရသေးဘူး။
အခုမှသာ သူ ပထမဆုံးလေ့ကျင့်ဖူးတာ ဖြစ်သည်။ သို့သော် ပထမအကြိမ်လေ့ကျင့်မှုက သူ့ကို မကျေနပ်စေဘူး..
သူ ခန့်မှန်းထားတာထက် ဆယ်ဆလောက် နိမ့်နေသေးသည်..
“နောက်တစ်ခေါက် လုပ်ရအောင်.. နောက်တစ်ခေါက်ကျ သေချာပေါက် အဆင်ပြေလိမ့်မယ်”
လောထျန်း ခေါင်းမော့ကာ လက်မောင်းအရှင်၆ကို ကြည့်ပြီး ပြောလိုက်သည်။
သို့သော် သူ့မျက်စိရှေ့က မြင်ကွင်းက ဗလာဖြစ်နေလေ၏။
ဘယ်လိုဝိညာဥ်.. ဘယ်လိုလက်မောင်းအရှင်၆ကိုမှ မတွေ့ရတော့ဘူး။
ဘာမှကို မကျန်တော့တာပင်..
“ဟမ်၊ လူရော”
လောထျန်း အံ့သြသွားပြီး ခေါင်းလှည့်ရှာတော့သည်။
“သူ အရမ်းမြန်ပြီး ငါ့နောက်မှာ ပုန်းနေတာများလား”
သို့သော် သူ အနောက်လှည့်ကြည့်လိုက်ချိန်တွင် ကြောက်ရွံ့နေသော မျက်နှာနှင့် ဝေ့လင်ယွီမှအပ တစ်ခြားဘယ်သူမှ မရှိနေခဲ့ဘူး။
တကယ်ကို ဘာမှမရှိတော့တာပင်။
***