“ဟမ်လူဘယ်ရောက်သွားတာလဲဟ”
လောထျန်း အံ့သြသွားပြီး လှည့်ပတ်ရှာဖွေသည့်တိုင်အောင် လက်မောင်းအရှင်၆ကို ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး။
သူ မနေနိုင်စွာ အသက်ပြင်းပြင်း ရှုလိုက်ရ၏။
“ဒီကောင်က.. အရည်အချင်းတော့ ရှိသားပဲ၊ ပြေးတာ အရမ်းမြန်တယ်။ ငါတွေ့တောင် မတွေ့လိုက်ရဘူး”
လောထျန်း စိတ်ထဲမှ အံသြစွာ တွေးလိုက်သည်။
ထိုအချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်နေလေရဲ့
မိစ္ဆာနတ်ဘုရားနန်းတော်က မိစ္ဆာတွေရော.. ဝေ့လင်ယွီတို့ အုပ်စုရော၊ တစ်ယောက်မကျန် လောထျန်းကို အလွန်ဆွံ့အမှင်သက်နေသော မျက်နှာများဖြင့်သာ ကြည့်နေနိုင်တော့သည်။
“အခု.. ဘာဖြစ်သွားတာလဲ”
မိစ္ဆာဂိုဏ်းသားတစ်ယောက်က ပြောလိုက်သည်။
“လက်မောင်းအရှင်၆က ရိုက်ချက်တစ်ခုတည်းနဲ့ သေသွားတာလား။ ငါ မြင်လိုက်ရတာ မှန်ရဲ့လား”
နောက်ထပ်မိစ္ဆာတစ်ယောက်၏ အံ့သြတကြီး ရေရွတ်သံပင်။
“မှန်တယ်၊ မင်းမြင်တာမမှားဘူး။ ငါလဲ မျက်လုံးသုံးလုံးနဲ့ ရှင်းရှင်းကြီးမြင်လိုက်ရတယ်။ လက်မောင်းအရှင်၆က တိုက်ချက်တစ်ခုတည်းနဲ့ အသတ်ခံလိုက်ရတာ.. ဒါတင်မကဘူး။ သူ့ရဲ့ဝိညာဥ်တောင် မကျန်အောင် အရှင်းခံလိုက်ရပြီ”
မျက်လုံးသုံးလုံးပါသော မိစ္ဆာနောက်တစ်ကောင်က တုန်ယင်စွာ ပြောလာခဲ့သည်။
ထိုစကားကြောင့် မိစ္ဆာဂိုဏ်းသားတွေအားလုံး ပင့်သက်ရှိုက်လိုက်ကြပြီး အနောက်ကို ဆုတ်လိုက်ကာ သူတို့နှင့်လောထျန်းကြားက အကွာအဝေးကို မသိမသာ တိုးမြင့်လိုက်ကြသည်။
တစ်ဖက်က ကံကြမ္မာအရှင်၇ နှင့် ကျို့ကုန်းတို့လဲ တပြိုင်နက်ထဲ ရပ်တန့်သွားကြ၏။
သူတို့အချင်းချင်း ကြည့်လိုက်ကြကာ ကြောက်ရွံ့မှုတစ်ချို့ ဝင်ရောက်လာတော့သည်။
“ဒါ.. ဘာတွေ ဖြစ်နေတာလဲ”
ကံကြမ္မာအရှင် ၇ ထိတ်လန့်သွားသည်။
အရင်တုန်းက ပဟွမ်တစ်ယောက် တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရခြင်းမှာ ရန်သူကိုအထင်သေးပြီး တိုက်ခိုက်ခွင့် ဦးစွာ ပေးခဲ့လို့ဟု သူတို့တွေ ယူဆခဲ့ကြသည်။
ဒါပေမဲ့အခု လက်မောင်းအရှင်၆က မတူဘူး..
သူက ဒီတိုက်ချက်မှာ အစွမ်းကုန်အသုံးပြုထားတာ ဖြစ်ပြီး ထိုစွမ်းအားကလည်း သူတို့တောင် တစ်ခါမှ မမြင်ဖူးတဲ့အထိ ကြောက်ဖို့ကောင်းသော စွမ်းအားမျိုးပင်။
ဒါပေမဲ့ သူ့ကိုလည်း တစ်ချက်ထဲနဲ့ သတ်ပစ်လိုက်ပြန်တာလား..
ဒါကြီးက ကြောက်ဖို့ကောင်းလွန်းလှသည်..
ကျို့ကုန်း ရုတ်တရက် သဘောပေါက်သွားပြီး ကံကြမ္မာအရှင်၇ကို စိတ်ထဲမှ ဆက်သွယ်လိုက်၏။
“ကံကြမ္မာအရှင်၇၊ ဒီကောင်ကမင်းကို သတိမထားမိသေးဘူး။ မြန်မြန်တိုက်လိုက်”
“အာ” ကံကြမ္မာအရှင်၇ ကြောင်သွားလေ၏။
မြန်မြန်တိုက်ခိုက်ရမယ်
အခုလား..
ဒါကသေလမ်းရှာနေတာပဲ မဟုတ်ဘူးလား..
ထိုအချိန်မှာကျို့ကုန်းက စိတ်လှုပ်ရှားစွာ ထပ်ပြောလိုက်သည်။
“မင်းရဲ့ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်ကို သုံးလိုက်.. ချောင်းတိုက်တာ အောင်မြင်သရွေ့ သူ့ကို မီးလောင်ပြာချနိုင်လိမ့်မယ်”
နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်က လောထျန်းမပြောနှင့်၊ မသေမျိုးဧကရာဇ်တစ်ပါးကိုတောင် မီးလောင်ပြာချနိုင်သည်
ကံကြမ္မာအရှင်၇ အသိစိတ်ကပ်သွားတော့၏။ သူ၏နှလုံးသားကို အားတင်းလိုက်ပြီးသည်နှင့် လက်တစ်ဖက်ဆန့်ထုတ်ကာ ခေါင်းပေါ်က မီးတောက်ကို တိတ်တဆိတ် ယူလိုက်သည်။
ဝုန်း
ထိုလှုပ်ရှားမှုနှင့်တင် ကံကြမ္မာအရှင်၇၏ လက်ဖဝါးက အမည်းရောင်ပြောင်းသွားသလို သူ့အရောင်အဝါကလည်း မတည်ငြိမ်တော့ပေ။
ကံကြမ္မာအရှင်၇ ခပ်တိုးတိုး ညည်းလိုက်ပြီး မျက်နှာတစ်ခုလုံး ဖွေးသွားသည်။
သူ၏ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်ကို အပြည့်မထိန်းချုပ်နိုင်သေးသောကြောင့် တန်ပြန် အစွမ်းသက်ရောက် ခံလိုက်ရတာ သေချာပါသည်။
သို့ပေမဲ့ ဒီလိုအရေးကြီးအခြေအနေမှာ သေးငယ်သော တန်ပြန်အစွမ်းကို လျစ်လျူရှုထားလို့ ရပါ၏။
ဝူး
ချက်ချင်းပဲ ထိုမီးတောက်ကို လောထျန်း၏ ဦးတည်ရာဘက်ကို ပစ်ချလိုက်တော့သည်.. လောထျန်း သိသွားမှာစိုး၍ ဖြစ်စဥ်တစ်ခုလုံးမှာ သူ အသံတစ်ချက်တောင် မထွက်ရဲခဲ့ချေ။
အကုန်လုံးစောင့်ကြည့်နေသည့် ကြားမှာပဲ မီးလုံးက လောထျန်းဆီ ရောက်လာတော့သည်.. ထိုအချိန်မှာ လောထျန်းက လက်မောင်းအရှင်၆ကို လှည့်ပတ်ရှာဖွေလို့ ကောင်းနေတုန်းပင်။
“ဟီးဟီး၊ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်က အရာအားလုံးကို.ပြာချပစ်တယ်။ အဲ့ဒါက သူ့ကိုသာ ထိသွားသရွေ့ ငါတို့နိုင်ပြီပဲ”
လောထျန်း ရှောင်လိုက်မှာ စိုး၍ ကံကြမ္မာအရှင်၇ တစ်ယောက် မျက်တောင်မခတ်စတမ်း ကြည့်နေလေ၏။
သို့သော် ကံကောင်းစွာပဲ.. အရမ်းမမြန်သော အရှိန်ဖြင့် မီးလုံးက လောထျန်း၏တည့်တည့်ကို သတိမထားမိခင်မှာ စိုက်ရောက်သွားခဲ့သည်။
လောထျန်းကိုယ်ပေါ် မီးစွဲသွားသည်နှင့် တပြိုင်နက် စတင် လောင်ကျွမ်းလာတော့၏။
ကံကြမ္မာအရှင်၇ တစ်ယောက် စိတ်သက်သာစွာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးမှ ကျယ်ကျယ်လောင်လောင် ရယ်မောလေတော့သည်။
“ဟားဟားဟား လူသားမျိုးနွယ်မှာ မင်းလို ဉာဏ်ကြီးရှင်မျိုးရှိနေမယ် ငါမထင်ခဲ့ဘူး။ ငါမင်းကို အရင်က အထင်သေးခဲ့မိတယ်.. မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မိစ္ဆာမျိုးနွယ်ဝင် ဖြစ်ခဲ့ရင်တောင် ထိပ်သီးစာရင်း ဝင်မှာပဲ။ ဒါပေမဲ့ သနားဖို့ကောင်းတာက အခု အရာအားလုံး ပြီးဆုံးသွားပြီ”
သူ ရယ်မောနေရင်းမှ ပြောလိုက်လေ၏။
“ဟမ်”
ထိုအသံကြားလိုက်မှသာ လောထျန်းက ရှုတ်ထွေးနေသော မျက်နှာဖြင့် လှည့်ကြည့်လာသည်။
“မင်းကျုပ်ကို စကားပြောနေတာလား”
သူ မျက်မှောင်ကြုတ်ဖြင့် မေးလိုက်သည်။
ကံကြမ္မာအရှင်၇ ခဏလောက် ကြောင်သွားပြီးမှ ခေါင်းညိတ်ပြလိုက်၏။
“အေးလေ”
လောထျန်း မျက်မှောင်ကြုတ်ဖြင့် ဆက်မေးသည်။
“အားလုံးပြီးသွားပြီလို့ မင်း ပြောလိုက်တာလား”
ကံကြမ္မာအရှင်၇က ရယ်မောကာ ပြန်ဖြေလာ၏။
“ဒါပေါ့.. မင်းငါ့ကိုမယုံရင် ကိုယ့်ပုခုံးကိုယ် ပြန်ကြည့်လိုက်လေ”
လောထျန်း အံ့သြပြီး ပုခုံးကိုငုံ့ကြည့်လိုက်မှသာ သူ့ကိုယ်မှာ စွဲနေသော နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်ကို ရှာတွေ့တော့သည်။
ကံကြမ္မာအရှင်၇က ဂုဏ်ယူစွာ ပြောလိုက်၏။
“ဒီ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်က မိစ္ဆာမျိုးနွယ်ရဲ့ ကျွမ်းကျင်ပညာရှင် ဖန်တီးထားတဲ့ ထိပ်သီးအဆင့် သိုင်းတစ်ခုပဲ။ ဧကရာဇ်မီးတောက်က ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုရင် အရာအားလုံးကို လောင်ကျွမ်းပစ်ပြီး ဘယ်လိုမှငြိမ်းသတ်လို့ ရမှာမဟုတ်ဘူး။ မင်းရဲ့အရေပြားပေါ် မီးစလေး နဲနဲစွဲသွားရင်တောင်မှ မသေမျိုးဧကရာဇ်.ဖြစ်နေရင်တောင် မင်းသေရလိမ့်မယ်”
“မင်း.. မင်းက သန်မာပေမဲ့ အလွန်ဆုံးရှိ မသေမျိုးဧကရာဇ်တစ်ပိုင်း အဆင့်လောက်ရှိမှာပေါ့။ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်ဆီမှာ လောင်ကျွမ်းခံရရင် မင်း ဘယ်လိုမှ”
ကံကြမ္မာအရှင်၇က အထင်သေးစွာ ပြောဆိုနေခဲ့သည်။
ထိုအချိန်မှာပဲ လောထျန်းက ပုခုံးပေါ်က နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်ဆိုသော အရာကို မျက်မှောင်ကြုတ်ဖြင့် ကြည့်လိုက်ရင်း လက်တစ်ဖက်ဖြင့် အသာအယာ ပုတ်လိုက်လေသည်။
ဘုတ်
ချက်ချင်း မီးငြိမ်းသွားပြီး အနက်ရောင်မီးခိုးငွေ့တစ်ချို့ပင် လှိုက်တက်လာ၏။
“ဟမ်၊ ဒါဘာမီးအမျိုးအစားလဲ၊ ငါ့အကာအကွယ်အရောင်အဝါ နဲနဲတောင် လောင်ကျွမ်းသွားတယ်.. အင်း တော်တော် သန်မာတာပဲဟ”
လောထျန်း မနေနိုင်စွာ ချီးကျူးလိုက်ပါသည်။
တစ်ဖက်က ကံကြမ္မာအရှင်၇ ကတော့ ထိုမြင်ကွင်းကို ဦးနှောက်မပါတော့တဲ့သူလိုမျိုး ဆွံ့အစွာ ကြည့်နေခဲ့သည်။
ဒါဘာအခြေအနေကြီးလဲ..
သူ့ရဲ့ နဂါးဧကရာဇ်မီးတောက်ခုနှစ်သွယ်က တစ်ချက်ပုတ်လိုက်ရုံနဲ့ငြိမ်းသွားတာလား
ဒါကသူ့ရဲ့ အသန်မာဆုံး သတ်ဖြတ်ခြင်းအကွက်လေ
ဒါကို တစ်ဖက်လူက ဘာမှမတုံ့ပြန်လိုက်ရဘဲ ပုခုံးတစ်ချက်ပုံရုံနဲ့ ပြီးသွားတယ်လား..
မဟုတ်ဘူး..
သူ အိပ်မက်မက်နေတာပဲ ဖြစ်ရမည်..
ကံကြမ္မာအရှင်၇ တစ်ယောက် ကိုယ့်ပါးကိုယ် ရိုက်ချလိုက်လေသည်။
ဖြန်း
ကျယ်လောင်သော အသံတစ်ချက်အပြီးမှာ သူအနည်းငယ် မူဝေးသွားသလိုပင် ခံစားလိုက်ရ၏။
ဒါကနာကျင်တာပဲ.. ဒါဆို သူ အိပ်မက်မက် နေတာ မဟုတ်ဘူးပေါ့..
ကံကြမ္မာအရှင်၇ အလွန်ကြောက်ရွံ့သွားတော့သည်။
ထိုအချိန်မှာပဲ လောထျန်းက ကံကြမ္မာအရှင်၇ကို ခေါင်းလှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ဖြင့် မေးလိုက်လေသည်။
“အစောက မီးကို မင်း ပစ်လိုက်တာမလား”
ကံကြမ္မာအရှင်၇ တုန်ယင်သွားပြီး ငြင်းဆိုချင်ခဲ့သည်.. သို့သော် အရာအားလုံး နောက်ကျသွားလေပြီ။
လောထျန်းက ကံကြမ္မာအရှင်၇ အရှေ့ကို ချက်ချင်း ရောက်လာခဲ့၏။
“မင်းက မီးနဲ့ကစားရတာ ကြိုက်တယ်ပေါ့လေ၊ မင်းကငါ့ကို မီးနဲ့ပစ်ပေါက်ခဲ့တာဆိုတော့ ငါလဲမင်းကို ပြန်ပေးမယ်”
လောထျန်း လက်တစ်ဖက်ကို လှုပ်ရှားလိုက်၏။
ချက်ချင်းပဲ သူ၏အသိစိတ်ပင်လယ်ထဲကနေ မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအရာက မသေမျိုးဧကရာဇ် အမွေအနှစ်ထဲက မီးသိုင်းဖြင့် ဖန်တီးထားသော မီးတောက်ဖြစ်ပြီး လောထျန်းအသိစိတ် ပင်လယ်ထဲမှာ အားဖြည့်ခံထားရ၍ နဲနဲလောက် ထုတ်ဖော်လိုက်ရင်တောင်မှ အလွန်ကြောက်ဖို့ကောင်းသော ဖိအားကို ဖြစ်ပေါ်စေလေသည်။
လောထျန်းက အေးစက်စွာ ကြည့်လိုက်ပြီး မီးလုံးကို ကံကြမ္မာအရှင်၇ ၏ တည့်တည့်ကို ပစ်လိုက်ပါတော့သည်။
“မင်း.. မင်းငါ့ကိုတကယ်ကြီး မီးနဲ့တိုက်ခိုက်တာလား”
ကံကြမ္မာအရှင်၇ အနည်းငယ်.မျက်မှောင်ကြုတ်သွားပြီးမှ သူ့ရင်ထဲ ပျော်ရွှင်ခြင်းတွေ စီးဝင်လာတော့သည်။
လောထျန်း၏ လက်သီးနှင့် ဓားချက်ကို သူအစောပိုင်းက မြင်ဖူးထားပြီးပြီ.. လောထျန်းသာ သူ့ကို တိုက်ရိုက် တိုက်ခိုက်ပါက.. သူ ရှင်သန်နိုင်စရာ အကြောင်းမရှိဘူး။
ဒါပေမဲ့ လောထျန်းက မီးကိုသာ အသုံးပြုခဲ့လေသည်.. ဒါဆိုရင် ထိုမီးကို သူရင်ဆိုင်နိုင်လောက်သည်။
ပြောရရင် သူက မီးကျင့်ကြံသူတစ်ယောက်ပဲ.. မီးကျင့်ကြံသူတွေထဲကမှ ထိပ်သီးမီးကျင့်ကြံသူတစ်ယောက်လေ။
ထိုအတွေးကြောင့် ကံကြမ္မာအရှင်၇ ချက်ချင်းပဲ အတွင်းစွမ်းအားတွေစုဝေးကာ မီးတောက်ကို.တားဆီးဖို့ ကြိုးစားလိုက်သည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ
လောထျန်း၏ မီးတောက်နှင့် ထိတွေ့သည်နှင့် လျင်မြန်စွာလောင်ကျွမ်းသွားသော ခန္ဓာကိုယ်နှင့် ဝိညာဥ်ကြောင့် ကံကြမ္မာအရှင်၇ တစ်ယောက် အံ့သြရုံသာ တတ်နိုင်တော့သည်။
“ဒါ.. ဒါ ဘာမီးအမျိုးအစားကြီးလဲ။ ငါမသေချင်..ငါမသေချင်သေး..”
ကံကြမ္မာအရှင်၇ ကြောက်ရွံ့စွာ အော်ဟစ်နေခဲ့သည်။
သို့ပေမဲ့ စကားသံမဆုံးခင်မှာပဲ ပြာအဖြစ် ပြောင်းလဲသွားခဲ့လေ၏။
***